← Chapters

အခန်း ၁၃၆

Vol. 14 Ch. 136

အခန်း ၁၃၆

Vol. 14 Ch. 136

အခန်း (၁၃၆) စုဝေးမိတ်ဆက်ခြင်း

​“သောက်ကျိုးနည်း...” သူက ရုတ်တရက် ခုန်ထရပ်လိုက်ရာ သူ၏ လှုပ်ရှားမှုကြောင့် စားပွဲပေါ်ရှိ အချိုရည်ခွက်မှာ ကြမ်းပြင်ပေါ်သို့ ‘ဘုတ်’ ခနဲ ပြုတ်ကျသွားခဲ့သည်။

​အတန်းတစ်တန်းလုံးနှင့် ပရော်ဖက်ဆာတို့က တညီတညွတ်တည်း လှည့်ကြည့်လိုက်ကြရာ လုချင်ဟယ်၏ ခန္ဓာကိုယ်မှ စူးရှတောက်ပသော အဖြူရောင် အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာသည်ကို အချိန်ကိုက် မြင်တွေ့လိုက်ရ၏။

​သူက အလင်းရောင်ထဲတွင် သူ၏ဖုန်းကို မြှောက်ထားပြီး အလွန်အမင်း စိတ်လှုပ်ရှားမှုကြောင့် သူ၏အသံမှာ တုန်ယင်နေချေသည်။

​“ငါ လုနိုင်ခဲ့ပြီ...”

​နောက်တစ်စက္ကန့်တွင် ဒါဇင်ပေါင်းများစွာသော မျက်လုံးများ၏ စောင့်ကြည့်မှုအောက်၌ လုချင်ဟယ်၏ ပုံရိပ်က ခဲဖျက်ဖြင့် ဖျက်ပစ်လိုက်သည့်အလား လေထဲတွင် ပျောက်ကွယ်သွားတော့သည်။

​ဟောပြောပွဲခန်းမကြီး တစ်ခုလုံး သုံးစက္ကန့်ခန့် တိတ်ဆိတ်သွား၏။

​“အား...”

​အော်ဟစ်သံများကြောင့် အမိုးပင် ပွင့်ထွက်သွားမတတ် ဖြစ်သွားချေသည်။

​ရှေ့ဆုံးတန်းမှ မိန်းကလေးအချို့သည် မယုံကြည်နိုင်စွာဖြင့် ပါးစပ်ကိုအုပ်ကာ အော်ဟစ်လိုက်ကြပြီး ယောကျ်ားလေးများမှာမူ လုချင်ဟယ် ပျောက်ကွယ်သွားသည့် နေရာသို့ အပြေးအလွှား သွားရောက်ခဲ့ကြသည်။

​“ဒါ တကယ်ကြီးပဲ။ တကယ်ကို အချိန်ခရီးသွားတာပဲ...” မျက်မှန်တပ်ထားသော ကောင်လေးတစ်ယောက်က စကားလုံးများပင် ဗလုံးဗထွေးဖြစ်ကာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။ “D က လိမ်ပြောနေတာ မဟုတ်ဘူးဆိုတာ ငါ သိသားပဲ...”

​“လုချင်ဟယ်ကတော့ ကံအကောင်းကြီး ကောင်းသွားပြီဟေ့....” သူ၏ အခန်းဖော်က ရင်ဘတ်ကိုထုကာ နောင်တတရားဖြင့် အော်ပြောလိုက်၏။ “ငါလည်း လက်မှတ်လုဖို့ ကြိုးစားခဲ့သင့်တာ...”

​တရုတ်နိုင်ငံစံတော်ချိန် နံနက် ၉ နာရီတိတိတွင် နိုင်ငံတစ်ဝန်းရှိ နေရာအသီးသီး၌ အဖြူရောင် အလင်းတန်း ဆယ့်ခြောက်ခု ထွက်ပေါ်လာခဲ့ကြသည်။

​စစ်တပ်စခန်းတစ်ခု၌ ရုပ်ဖျက်စစ်ဝတ်စုံများ ဝတ်ဆင်ထားသော စစ်သားငါးဦးက လေ့ကျင့်ရေးကွင်းမှ တစ်ပြိုင်နက်တည်း ပျောက်ကွယ်သွားချေသည်။

​ရှန်ဟိုင်း၏ ဘဏ္ဍာရေးဗဟိုချက်၊ လင်းနန်ရှိ ငါးဖမ်းရွာဆိပ်ခံတံတား၊ အနောက်ဘက်နယ်စပ်ရှိ မြို့ငယ်လေး... လက်မှတ်များကို အောင်မြင်စွာ လုယူနိုင်ခဲ့သော ကံထူးရှင် ဆယ့်တစ်ဦးက ရုံးခန်းထဲတွင်ဖြစ်စေ၊ ငါးဖမ်းလှေပေါ်တွင်ဖြစ်စေ၊ ကင်းစောင့်ဂိတ်တွင်ဖြစ်စေ သူတို့၏ လုပ်ဖော်ကိုင်ဖက်များ၊ မိသားစုဝင်များနှင့် ရဲဘော်ရဲဘက်များ၏ မျက်စိရှေ့တွင်ပင် ပျောက်ကွယ်သွားခဲ့ကြသည်။

​မျက်မြင်သက်သေအချို့မှာ အံ့သြတကြီး အော်ဟစ်ခဲ့ကြပြီး အချို့က ဓာတ်ပုံရိုက်ကြကာ အများစုကမူ သူတို့၏ ဖုန်းများကို ထုတ်၍ အရူးအမူး ဖုန်းခေါ်ဆိုလိုက်ကြ၏။

​လူမှုမီဒီယာများမှာ ချက်ချင်းပင် ပွက်လောရိုက်သွားပြီး #အချိန်ခရီးသွားခြင်း_အတည်ပြုပြီး ဟူသော ဟက်ရှ်တက်အောက်တွင် ဗီဒီယိုအသစ်များနှင့် အကြောင်းအရာအသစ် ထောင်ပေါင်းများစွာ ထွက်ပေါ်လာခဲ့သည်။

​ဟန်ကျိုးရှိ ရီယဲ့ခရီးသွားအေဂျင်စီ၏ ဒုတိယထပ် ဧည့်ခန်းဧရိယာ.....

​ကိုးနာရီတိတိအချိန်တွင် ပြတင်းပေါက် အပြင်ဘက်ရှိ နေရောင်ခြည်မှာ အနေတော် လင်းလက်နေချေသည်။

​ကျန်းယဲ့က ဧည့်ခန်းအလယ်တွင် ရပ်ကာ သူ၏ဖုန်းကို လက်ဖဝါးထဲတွင် ကိုင်ထား၏။ ဖန်သားပြင်ပေါ်တွင် [ကမ္ဘာပျက်ပြီးနောက်ပိုင်း စွန့်ပစ်နယ်မြေ - ဇွန်ဘီမြို့] ခရီးစဉ်အတွက် လက်မှတ်လုပွဲ၏ နောက်ပြန်ရေတွက်မှု မျက်နှာပြင်ကို ပြသထားဆဲ ဖြစ်သည်။

​ရုတ်တရက် မျက်နှာကြက်မှ ရွှေရောင်အလင်းတန်းတစ်ခု ကျဆင်းလာပြီး ရေကဲ့သို့ စီးဆင်းကာ သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားခဲ့သည်။

​အလင်းရောင်မှာ နွေးထွေးပြီး စူးရှတောက်ပနေကာ ဧည့်ခန်းတစ်ခုလုံးကို လင်းထိန်သွားစေလေသည်။

​သူသည် ဖုန်းကို ငုံ့ကြည့်လိုက်၏။ အချိန်ကိုက်ပင် ဖြစ်ပြီး သူ၏ နှုတ်ခမ်းများပေါ်တွင် အပြုံးဖျော့ဖျော့လေးတစ်ခု ထွက်ပေါ်လာ၏။

​“သွားရမယ့်အချိန် ရောက်ပြီပဲ...”

​သူ စကားမဆုံးမီမှာပင် ရွှေရောင်အလင်းတန်းက ရုတ်တရက် နောက်ဆုတ်သွားပြီး သူ၏ ပုံရိပ်မှာ အရုဏ်ဦး၏ ဝါးမျိုခြင်းကို ခံလိုက်ရသည့်အလား တစ်လက်မချင်း မှေးမှိန်သွားချေသည်။

​နောက်ဆုံးအခိုက်အတန့်တွင် သူက ဖုန်းကို ကိုင်ထားလျက် သူရပ်နေသည့် နေရာမှ အလင်းရောင်နှင့်အတူ ပါသွားခဲ့သည်။

​ဧည့်ခန်းက တိတ်ဆိတ်မှုဆီသို့ ပြန်လည်ရောက်ရှိသွားပြီး ပြတင်းပေါက်မှ ဝင်ရောက်လာသော လေညင်းလေးကြောင့် လိုက်ကာများ ညင်သာစွာ ယိမ်းနွဲ့နေသည်မှလွဲ၍ ဘာမှ မဖြစ်ခဲ့သည့်အလား ရှိနေပေသည်။

​မှောင်မိုက်နေသော အချိန်ဥမင်လိုဏ်ခေါင်းအတွင်း၌ နှစ်ထပ် ခရီးသွားဘတ်စ်ကားတစ်စီးက တိတ်ဆိတ်စွာ မျောလွင့်နေခဲ့သည်။

​ကျန်းယဲ့က ယာဉ်အတွင်း၌ ရပ်ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။ သူ့ရှေ့ရှိ ယာဉ်က အရင်က ၁၈ ယောက်စီး ကော့စတာမဟုတ်တော့ဘဲ အပြင်ဘက်တွင် ငွေမီးခိုးရောင်သုတ်ထားသော နှစ်ထပ် အိပ်စင်ပါ ခရီးသွားဘတ်စ်ကား တစ်စီး ဖြစ်နေလေသည်။

​အတွင်းပိုင်းမှာ ကျယ်ဝန်းပြီး နှစ်ထပ်တွင် အိပ်စင်စုစုပေါင်း ၂၄ ခု ပါဝင်ကာ တစ်ခုစီတိုင်းတွင် သီးသန့်နေရာတစ်ခု ဖန်တီးရန် ဆွဲဖွင့်၊ ဆွဲပိတ် ပြုလုပ်နိုင်သော လိုက်ကာတစ်ခုစီ တပ်ဆင်ထားခဲ့သည်။

​“မဆိုးဘူးပဲ... ” ကျန်းယဲ့ မျက်ခုံးပင့်လိုက်ပြီး သူ့ဘေးရှိ ထိုင်ခုံကို လှမ်းကိုင်ကြည့်လိုက်၏။

​သားရေထိုင်ခုံများမှာ ကိုင်ကြည့်ရသည်မှာ နူးညံ့ပြီး လမ်းလျှောက်လမ်းမှာ လူနှစ်ဦး ယှဉ်လျှောက်ရန် အလွယ်တကူ ကျယ်ဝန်းလေသည်။

​ယာဉ်၏ အနောက်ဘက်တွင် အိမ်သာနှစ်ခု ပါဝင်ပြီး တံခါးများပေါ်တွင် [လူရှိသည်] နှင့် [လူမရှိပါ] ဟူသော ညွှန်ပြမီးများ တပ်ဆင်ထားခဲ့သည်။

​အိပ်စင်တစ်ခုစီတိုင်းတွင် အားသွင်းပေါက်တစ်ခု၊ သိုလှောင်ရေး ဗီရိုငယ်တစ်ခုနှင့် ချိန်ညှိနိုင်သော စာဖတ်မီးတစ်ခုပင် ပါဝင်သေးပေသည်။

​ကျန်းယဲ့ ကျေနပ်စွာ ခေါင်းညိတ်လိုက်စဉ်မှာပင်။

​“ဝှစ် ဝှစ် ဝှစ်....”

​ကားအတွင်း၌ အဖြူရောင် အလင်းတန်း နှစ်ဆယ်ခန့် ဆက်တိုက် လင်းလက်သွားပြီး ၎င်းတို့၏ စူးရှသော တောက်ပမှုဖြင့် ကားတစ်စီးလုံးကို လင်းထိန်သွားစေခဲ့သည်။

​အလင်းရောင် မှေးမှိန်သွားပြီးနောက် အိပ်စင်တစ်ခုစီ၏ ဘေးတွင် ပုံရိပ်နှစ်ဆယ် ပေါ်ထွက်လာကြသည်။ အချို့မှာ ကြောင်တောင်တောင် ဖြစ်နေကြပြီး အချို့မှာ စိတ်လှုပ်ရှားစွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရှုနေကြကာ အချို့မှာ အိပ်ရာပေါ်မှ ဆင်းရန်ပင် မစောင့်နိုင်တော့ချေ။

​ကျန်းယဲ့၏ အကြည့်များက ကားအတွင်းရှိ ရင်းနှီးမှုမရှိသော မျက်နှာဆယ့်ကိုးခုပေါ်သို့ ဝေ့ဝဲသွားပြီး နောက်ဆုံးတွင် ရင်းနှီးနေသော ပုံရိပ်တစ်ခုဖြစ်သည့် ကျန်းခိုင်ပေါ်တွင် ရပ်တန့်သွားခေသည်။

​သူ စကားပင် မပြောရသေးမီ ကျန်းခိုင်က သူ၏ အိပ်စင်ပေါ်မှ စိတ်လှုပ်ရှားစွာ ခုန်ဆင်းလာပြီး မျက်လုံးများ တောက်ပလျက် အသံကုန် အော်ဟစ်လိုက်၏။

​“ဒါရိုက်တာကျန်းရေ...”

​ထိုအသံမှာ ကျယ်လောင်လွန်းသဖြင့် ကားခေါင်မိုးကိုပင် ထိုးဖောက်သွားတော့မည့်အလား ထင်ရပြီး နောက်ဆုံးအသံမှာ ကာလကြာရှည် ကွဲကွာနေသော ဆွေမျိုးများနှင့် နောက်ဆုံးတွင် ပြန်လည်ဆုံတွေ့ရသည့်အလား ပုံကြီးချဲ့ထားသော တုန်ယင်မှုတစ်ခုပင် ပါဝင်နေချေသည်။

​ဤအော်သံက မှတ်သားလောက်ဖွယ် အကျိုးသက်ရောက်မှု ရှိခဲ့လေသည်။ ငေးမောနေဆဲဖြစ်သော အခြား ခရီးသွားဧည့်သည်များက ချက်ချင်းပင် အသိစိတ်ပြန်ဝင်လာကြပြီး ကျန်းယဲ့ကို လှည့်ကြည့်လိုက်ကြ၏။

​အချို့လူများမှာ မျက်လုံးပြူးကာ စိုက်ကြည့်နေကြပြီး အချို့မှာ မသိစိတ်မှ အလိုအလျောက် မတ်မတ်ထိုင်လိုက်ကြကာ လူငယ်အချို့မှာမူ စိတ်လှုပ်ရှားစွာဖြင့် အချင်းချင်း တီးတိုးပြောဆိုနေကြပြီ ဖြစ်သည်။

​“ဟာ သောက်ကျိုးနည်း... တကယ်ကြီး ဒါရိုက်တကျန်းပဲ”

​“အပြင်မှာက ဗီဒီယိုတွေထဲကထက် ပိုချောတယ်ဟေ့...”

​“မြန်မြန်... ဓာတ်ပုံရိုက်ထားမှ...”

​ကျန်းခိုင်က ပြေးလာပြီး ကျန်းယဲ့၏ လက်ကို ဆွဲကိုင်ကာ စိတ်အားထက်သန်စွာဖြင့် လှုပ်ယမ်းလိုက်၏။

​“ဒါရိုက်တာကျန်း... ကျွန်တော် နောက်ဆုံးတော့ ခင်ဗျားရဲ့ ခရီးသွားအဖွဲ့ထဲကို ပြန်ဝင်ခွင့်ရပြီဗျာ။ ကျွန်တော်တို့ရဲ့ ရေစက်ကို ကြည့်စမ်းပါဦး.. တကယ့်ကို အံ့သြစရာကောင်းတာပဲ”

​ကျန်းယဲ့က သူ့ကြောင့် အလွန်အမင်း လှုပ်ယမ်းခံလိုက်ရသဖြင့် ဟန်ချက်ပင် ပျက်သွားမတတ် ဖြစ်သွားရသည်။ သူက ကူကယ်ရာမဲ့စွာဖြင့် သူ၏လက်ကို ပြန်ရုပ်လိုက်ပြီး ချောင်းဟန့်လိုက်၏။

​“ကျန်းခိုင်... စိတ်အေးအေးထားပါဦး..”

​ကျန်းခိုင်က ရယ်မောလိုက်ပြီး နောက်ဆုံးတွင် သူ၏လက်မောင်းကို လှုပ်ယမ်းနေခြင်းမှ ရပ်တန့်လိုက်လေသည်။

​နောက်ခဏ၌ အရပ်ရှည်ရှည် ပုံရိပ်ငါးခုက လူအုပ်ထဲမှ ထွက်လာပြီး ကျန်းယဲ့ဆီသို့ လျှောက်လာခဲ့ကြသည်။

​သူတို့က ရုပ်ဖျက်စစ်ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး ကားကြမ်းပြင်နှင့် ထိခိုက်မိသော သူတို့၏ စစ်ဘွတ်ဖိနပ်များမှ ထွက်ပေါ်လာသည့် တည်ငြိမ်သော အသံက လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားသွားခဲ့သည်။

​အဖွဲ့၏ ရှေ့ဆုံးမှ အမျိုးသားက ပြတ်သားသော မျက်နှာနှင့် စူးရှသော မျက်လုံးများကို ပိုင်ဆိုင်ထား၏။ သူက ကျန်းယဲ့၏ရှေ့တွင် မတ်မတ်ရပ်ကာ စံပြ စစ်ဘက်ဆိုင်ရာ အလေးပြုမှုတစ်ခုကို ပြုလုပ်ရန် သူ၏လက်ကို မြှောက်လိုက်လေသည်။

​“မင်္ဂလာပါ ဒါရိုက်တာကျန်း... ကျွန်တော့်နာမည် လီဇယ်ခိုင်ပါ။ ဒီခရီးစဉ်အတွင်း တစ်ခုခု လိုအပ်တာရှိရင် အချိန်မရွေး ပြောနိုင်ပါတယ်...”

​ထို့နောက် ချက်ချင်းပင် သူ၏ဘေးရှိ လူလေးဦးသည်လည်း လျင်မြန်သော လှုပ်ရှားမှုများ၊ ပြတ်သားကြည်လင်သော အသံများဖြင့် တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ ထွက်လာခဲ့ကြသည်။

​“ဝမ်ပင်း”

​“ကျွမ်လော်”

​“ဝမ်ကန်း”

​“ဖန်ကျောက်ဟယ်...”

​လူငါးဦး၏ အသံများက ကားအတွင်း၌ ပဲ့တင်ထပ်သွားပြီး ငြင်းဆန်၍မရသော ခိုင်မာပြတ်သားမှုတစ်ခု ပါဝင်နေခဲ့သည်။

​ပတ်ဝန်းကျင်ရှိ ခရီးသွားဧည့်သည်များက မသိစိတ်မှ အလိုအလျောက် အသက်အောင့်ထားလိုက်ကြပြီး သူတို့၏ မျက်လုံးများတွင် အံ့သြမှုနှင့် စိတ်သက်သာရာရမှုတို့ ပြည့်နှက်နေလေသည်။

ဤလူများ ရှိနေခြင်းကြောင့် သူတို့၏ လုံခြုံရေး ခံစားချက်မှာ ချက်ချင်းပင် အမြင့်ဆုံးသို့ ရောက်ရှိသွားပေသည်။

​ကျန်းယဲ့က အနည်းငယ် ခေါင်းညိတ်လိုက်ပြီး သူ၏အကြည့်များက သူတို့၏ ပြတ်သားသော မျက်နှာများပေါ်သို့ ဝေ့ဝဲသွားကာ သူ၏ နှုတ်ခမ်းများပေါ်တွင် အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်လာခဲ့ရသည်။

​“အားလုံး ပင်ပန်းသွားပြီ... ”

​လီဇယ်ခိုင်က ရှေ့သို့တိုးလာပြီး အသံကိုနှိမ့်ကာ ပြောလိုက်၏။

​“အထက်လူကြီးတွေက ဒီခရီးစဉ်မှာ ခင်ဗျားရဲ့ လုံခြုံရေးကို အမြင့်ဆုံး ဦးစားပေးအဖြစ် သတ်မှတ်ထားဖို့ ညွှန်ကြားထားပါတယ်။ ကျွန်တော်တို့ ခင်ဗျားရဲ့ လုပ်ရပ်တွေအားလုံးကို ပူးပေါင်းဆောင်ရွက်သွားမှာပါ.... ”

​စစ်သားငါးဦးက သူတို့၏ တိုတောင်းပြီး အားကောင်းသော မိတ်ဆက်မှုများကို အဆုံးသတ်လိုက်ပြီးနောက် ကားအတွင်းရှိ လေထုမှာ အတော်လေး သက်သောင့်သက်သာ ဖြစ်သွားချေသည်။

​၎င်းကိုမြင်သောအခါ အခြား ခရီးသွားဧည့်သည်များကလည်း ကျန်းယဲ့နှင့် အခြားသူများကို မိတ်ဆက်ရန် ရှေ့သို့ ထွက်လာလိုက်ကြသည်။

​လုချင်ဟယ်က ပြုံးဖြီးဖြီးဖြင့် သူ၏လက်ကို မြှောက်လိုက်၏။

​“ကျွန်တော်ကတော့ ပေ့ချန်တက္ကသိုလ်က ကျောင်းသား လုချင်ဟယ်ပါ။ ကမ္ဘာပျက်ပြီးနောက်ပိုင်း ရှင်သန်ရေးဂိမ်းတွေကို အရူးအမူး ကစားတဲ့သူပေါ့...”

​ထို့နောက် သူက ဖောင်းကားနေသော သူ၏ နည်းဗျူဟာသုံး ကျောပိုးအိတ်ကို ပုတ်လိုက်၏။

​“ပစ္စည်းတွေ အပြည့်အစုံ ပါပါတယ်... လိုအပ်တာရှိရင် ပြောကြပါ”

​ချက်ချင်းပင် ရှန်ကျီရှားက ကျက်သရေရှိစွာ မတ်တပ်ရပ်လာပြီး အနည်းငယ် ခေါင်းညိတ်ပြလိုက်၏။

​“ကျွန်မကတော့ ရှန်ကျီရှားပါ။ ကျန်းမြို့က ရင်းနှီးမြှုပ်နှံမှု ဘဏ်ဝန်ထမ်းတစ်ယောက်ပါ”

​သူမ၏ လေသံမှာ တည်ငြိမ်နေသော်လည်း မျက်လုံးထဲရှိ သိချင်စိတ်ကိုမူ ဖုံးကွယ်မထားနိုင်ချေ။

​“ဒီလို ခရီးစဉ်မျိုးမှာ ပါဝင်တာ ဒါ ပထမဆုံးအကြိမ်မို့လို့ လူတိုင်းကို ဝန်ထုတ်ဝန်ပိုး မဖြစ်စေဖို့ မျှော်လင့်ပါတယ်... ”

​လူဆယ့်ကိုးဦးက တစ်ယောက်ပြီးတစ်ယောက် အတိုချုံး မိတ်ဆက်ခဲ့ကြ၏။ စိတ်လှုပ်ရှားနေသော တက္ကသိုလ်ကျောင်းသားများ၊ တည်ငြိမ်သော ရုံးဝန်ထမ်းများနှင့် ကိုယ့်ကိုယ်ကိုယ် ကမ္ဘာပျက်ပြီးနောက်ပိုင်း ရှင်သန်ရေး ဝါသနာရှင်ဟု ခေါ်ဆိုသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးပင် ပါဝင်လေသည်။

​နောက်ဆုံးတွင် လူတိုင်း၏ အကြည့်များက ထောင့်ရှိ အိပ်စင်ပေါ်သို့ ကျရောက်သွားကြသည်။

​ကျိုးရှင်းကျီက ထိုနေရာတွင် တိတ်ဆိတ်စွာ ထိုင်နေပြီး သူ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေသော်လည်း အားနာနေသည့် အရိပ်အယောင်တစ်ခု ပါဝင်နေလေသည်။

​ကျန်းယဲ့၏ စူးရှသော အကြည့်များက သူ၏ ခြေထောက်များပေါ်သို့ ကျရောက်သွားခဲ့သည်။

အခန်း ၁၃၆ပြီး၏။

All Chapters