← Chapters

အခန်း ၁၃၇

Vol. 14 Ch. 137

အခန်း ၁၃၇

Vol. 14 Ch. 137

အခန်း (၁၃၇) ကမ္ဘာပျက်ကပ်- စွန့်ပြစ်နယ်မြေမှ ကြိုဆိုပါ၏

​“တောင်းပန်ပါတယ်ဗျာ... ကျွန်တော့်နာမည် ကျိုးရှင်းကျီပါ။ ခြေလှမ်းလှမ်းရတာ နည်းနည်းခက်ခဲနေလို့... အားလုံးက နားလည်ပေးဖို့ မျှော်လင့်ပါတယ်”

​ကျိုးရှင်းကျီက တိုးညှင်းစွာ ပြောလိုက်၏။

​ကားအတွင်း၌ ခေတ္တမျှ တိတ်ဆိတ်သွားလေသည်။

​အချို့က အံ့သြနေပုံရပြီး အချို့က ကိုယ်ချင်းစာသည့် အကြည့်များဖြင့် ကြည့်နေခဲ့ကြသည်။ သူတို့အဖွဲ့ထဲတွင် လှုပ်ရှားသွားလာရန် ခက်ခဲနေသည့် အဖွဲ့ဝင်တစ်ဦး ပါလာမည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ချေ။

​ကျန်းခိုင်က တစ်ခုခုပြောရန် ပြင်လိုက်ပြီး သူ၏ ခေါင်းကို ကုတ်လိုက်သော်လည်း ကျန်းယဲ့က ရှေ့သို့ လှမ်းလာပြီး ပြုံးကာ ပြောလိုက်၏။

​“မစိုးရိမ်ပါနဲ့... ”

​သူက ကျိုးရှင်းကျီ၏ ပခုံးကို ပုတ်ကာ ပေါ့ပေါ့ပါးပါး လေသံဖြင့် ပြောလိုက်လေသည်။

​“ဒီခရီးစဉ်က ဘတ်စ်ကားပေါ်ကနေပဲ ရှုခင်းတွေကို ကြည့်ရမှာပါ။ ခင်ဗျားအနေနဲ့ သက်သောင့်သက်သာ ထိုင်တာဖြစ်ဖြစ်၊ လှဲနေတာဖြစ်ဖြစ် လုပ်ပြီး ကမ္ဘာပျက်ပြီးနောက်ပိုင်းက ရှုခင်းအားလုံးကို ကြည့်လို့ရပါတယ်... ”

​သူသည် လူအုပ်ကြီးဘက်သို့ လှည့်ကာ မျက်စိတစ်ဖက်မှိတ်ပြရင်း ပြောလိုက်၏။

​“ဒါ့အပြင် ဒီကားက အနိုင်ယူလို့မရတဲ့ လုံခြုံရေးအိမ်ပဲ။ ဇွန်ဘီတွေမှမဟုတ်ဘူး... သူ့အပေါ် မိုးပျံကျောက်တွေ ကျလာရင်တောင် ခံနိုင်ရည် ရှိပါတယ်...”

​ထိုစကားများက ကားအတွင်းရှိ တင်းမာနေသော လေထုကို ချက်ချင်း ပြေလျော့သွားစေလေသည်။

​လုချင်ဟယ်က လေချွန်လိုက်၏။ “မိုက်တယ်ဟေ့... ဒါဆို အိမ်မှာထက်တောင် ပိုလုံခြုံနေသေးတယ် မဟုတ်လား...”

​ကျန်းခိုင်က ရှေ့သို့ ကိုင်းလာပြီး သူ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေချေသည်။

​“ဒါရိုက်တာကျန်း... ကျွန်တော်တို့ရဲ့ ဒီတစ်ခါအဖွဲ့က တကယ့်ကို အံ့မခန်းပဲနော်။ ဒါဆို ဒီတစ်ခေါက် ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားလို့ ရပြီပေါ့...”

​ရှန်ကျီရှားက အနည်းငယ် ပြုံးလိုက်ပြီး ကျိုးရှင်းကျီ၏ဘေးသို့ လျှောက်သွားကာ ထိုင်လိုက်၏။

​“အချိန်ကိုက်ပဲ။ ကျွန်မ ကော်ဖီတချို့ ယူလာတယ်။ လမ်းကျရင် အတူတူ သောက်လို့ရတာပေါ့....”

​ကျိုးရှင်းကျီသည် ခေတ္တမျှ ရပ်တန့်သွားပြီး သူ၏ မျက်လုံးများတွင် ကျေးဇူးတင်သည့် အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားကာ ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။

​“ကျေးဇူးတင်ပါတယ်..”

​လူတိုင်း မိတ်ဆက်ပြီးသွားသည်ကို မြင်သောအခါ ကျန်းယဲ့က လူတိုင်းကို တိတ်တိတ်နေရန် အချက်ပြသည့်အနေဖြင့် လက်ခုပ်တီးလိုက်လေသည်။

​သူက ကား၏ ရှေ့ဘက်လမ်းလျှောက်လမ်းတွင် ရပ်ကာ ပြုံးလျက် သူ၏ အကြည့်များက ခရီးသွားဧည့်သည် တစ်ဦးစီတိုင်းအပေါ်သို့ ဝေ့ဝဲသွားခဲ့သည်။

​“ပထမဆုံးအနေနဲ့ ကမ္ဘာပျက်ပြီးနောက်ပိုင်း စွန့်ပစ်နယ်မြေနဲ့ ဇွန်ဘီမြို့သို့ ၇ ရက်ကြာ ခရီးစဉ်ကနေ ကြိုဆိုပါတယ်။ ကျွန်တော်ကတော့ ခင်ဗျားတို့ရဲ့ ဧည့်လမ်းညွှန် ကျန်းယဲ့ပါ... ကျန်ရှိတဲ့ ခရီးစဉ်တစ်လျှောက်လုံး ခင်ဗျားတို့နဲ့အတူ လိုက်ပါသွားမှာပါ”

​သူ၏ အသံမှာ ရှင်းလင်းပြတ်သားပြီး စိတ်အေးချမ်းစေလောက်အောင် တည်ငြိမ်နေခဲ့သည်။

​သူက ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် လက်ချောင်းတစ်ချောင်းကို မြှောက်ကာ သူ၏ လေသံက လေးနက်လာ၏။

​“ပထမအချက်... လုံခြုံရေးကိစ္စ”

​“ဒီခရီးစဉ်တစ်ခုလုံး ယာဉ်ပေါ်မှာပဲ ဖြစ်မှာပါ။ ရှုခင်းကြည့်ဖို့ ရပ်တန့်တဲ့အခါမှာတောင် ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေကို ယာဉ်ရဲ့ ဆယ်မီတာ ပတ်လည်အတွင်းမှာပဲ ကန့်သတ်ထားပါမယ်။ ဒီဧရိယာကို ကျော်လွန်သွားသူတိုင်း ကိုယ့်အသက်အန္တရာယ် ကိုယ့်တာဝန်ပါပဲ။ ကျွန်တော့်ကို ယုံပါ... ခင်ဗျားတို့ အပြင်ဘက်က ဇွန်ဘီတွေနဲ့ နီးနီးကပ်ကပ် မနေချင်ကြပါဘူး... ”

ထို့နောက် ​သူက ပြတင်းပေါက် အပြင်ဘက်ရှိ အကာအကွယ်ဒိုင်းကို လက်ညှိုးထိုးပြလိုက်၏။

​ကားအတွင်း၌ တိုးညင်းသော ရယ်သံအချို့ ထွက်ပေါ်လာသော်လည်း စကားလုံးများထဲရှိ လေးနက်မှုကို လူတိုင်း ကြားနိုင်ပြီး သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။

​“ဒုတိယအချက်... လူနေမှု အသုံးအဆောင်များ”

​ကျန်းယဲ့သည် လှည့်ကာ ကားအနောက်ဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။

​“ကားပေါ်မှာ ရေချိုးခန်း နှစ်ခန်း ရှိပါတယ်။ ၂၄ နာရီလုံး ရေနွေးရရှိနိုင်တာမို့ လွယ်လွယ်ကူကူ ရေချိုးလို့ ရပါတယ်”...

​သူသည် ခေတ္တရပ်လိုက်ပြီး သူ၏ နှုတ်ခမ်းများပေါ်တွင် အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်လာလေသည်။

​“ဒါပေမဲ့ ရေချိုးတာက ငါးမိနစ်ထက် မပိုရပါဘူး။ အားသွင်းပစ္စည်းတွေကတော့ ခင်ဗျားတို့ရဲ့ အိပ်စင်တွေဘေးမှာ ရှိပြီး၂၄ နာရီလုံး ရနိုင်ပါတယ်။ လျှပ်စစ်မီးအတွက် စိုးရိမ်စရာ မလိုပါဘူး...”

​“တတိယအချက်... ထောက်ပံ့ရေး ပြဿနာ”

​ကျန်းယဲ့က စနစ်၏ အွန်လိုင်းစတိုး ဖန်သားပြင်ကို တိုက်ရိုက်ခေါ်ထုတ်ကာ ခရီးသည်တစ်ဦးစီကို ပြသရင်း ပြောလိုက်၏။

​“ကျွန်တော့်ဆီမှာ အချိန်ပြည့်ဖွင့်တဲ့ ရွေ့လျားစူပါမားကတ် တစ်ခုရှိတယ်။ ဈေးနှုန်းမှန်ကန်ပြီး ကလေးလူကြီး မရွေး မလိမ်ညာပါဘူး... ”

​ကျန်းခိုင်က ချက်ချင်း လက်ထောင်လိုက်လေသည်။

​“ဒါရိုက်တာကျန်း... ဘီယာရော ရလား”

​“ရတယ်... အကန့်အသတ်မရှိဘူး။ ဒါပေမဲ့ မင်း အရက်မူးပြီး ဇွန်ဘီတွေ လိုက်ဖမ်းခံရရင်တော့ ငါ ဂရုစိုက်နေမှာ မဟုတ်ဘူးနော်” ကျန်းယဲ့က မျက်ခုံးပင့်လိုက်၏။

​ထိုစကားကြောင့် လူတိုင်း ရယ်မောသွားကြသည်။

​“နောက်ဆုံးအနေနဲ့...” ကျန်းယဲ့၏ အပြုံးက မှေးမှိန်သွားပြီး သူ၏ အကြည့်များက လေးနက်လာပြန်သည်။ “ဒါကို မှတ်ထားပါ..”

​“ဘာပဲမြင်မြင် ခွင့်ပြုချက်မရှိဘဲ ကားပေါ်က မဆင်းပါနဲ့...”

​“ဒီက ဒေသခံတွေက... သိပ်ပြီး ဖော်ရွေမှု မရှိကြဘူး”

​“ကဲ... အားလုံး ကိုယ့်အိပ်စင်ကို ပြန်သွားလို့ရပါပြီ။ ကျွန်တော်တို့ရဲ့ ဘတ်စ်ကားက ထွက်ခွာတော့မှာပါ”

​ကျန်းယဲ့သည် လက်ခုပ်တီးကာ တစ်ဖန် ပြုံးလိုက်၏။

​ထို့နောက် ကားအတွင်းမှ တိုးညင်းသော ဟိန်းသံက တဖြည်းဖြည်း ကျယ်လောင်လာပြီး နှစ်ထပ် ခရီးသွားဘတ်စ်ကားက အချိန်ဥမင်လိုဏ်ခေါင်းကို ဖြတ်သန်းကာ အရှိန်တင်လာလေသည်။

​ခရီးသွားဧည့်သည်များက ကားပြတင်းပေါက်များအနီးတွင် စုရုံးကာ အပြင်ဘက်ရှိ အဆုံးမဲ့ အမှောင်ထုကို ငေးကြည့်နေကြရာ စကြဝဠာ၏ ချောက်ကမ်းပါးထဲတွင် ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။

​ရုတ်တရက် တစ်စုံတစ်ယောက်က ရှေ့သို့ လက်ညှိုးထိုးပြကာ အော်ဟစ်လိုက်၏။

​“ကြည့်စမ်း.. အလင်းရောင်တစ်ခု ရှိတယ်”

​အဝေးမှ ဆန်စေ့ခန့်သာရှိသော သေးငယ်သည့် အဖြူရောင်အစက်လေးတစ်ခု ပေါ်ထွက်လာပြီး အကြွင်းမဲ့ အမှောင်ထုထဲတွင် ထင်ရှားစွာ မြင်နေခဲ့ရသည်။

​ကား၏ အမြန်နှုန်း တိုးလာသည်နှင့်အမျှ အလင်းစက်လေးမှာ လျင်မြန်စွာ ကြီးထွားလာပြီး ဆန်စေ့ခန့်မှ ပဲစေ့ခန့်သို့ ပြောင်းလဲသွားကာ ထို့နောက် ပဲစေ့ခန့်မှ မျက်စိကျိန်းမတတ် တောက်ပသော အဖြူရောင် နေမင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားချေသည်။

​“မြဲမြဲ ကိုင်ထားကြ...”

​အရှိန်တင်နေသော လေတိုးသံကြားမှ ကျန်းယဲ့၏ အသံ ထွက်ပေါ်လာခဲ့သည်။

​မျက်စိတစ်မှိတ်အတွင်း အဖြူရောင် အလင်းတန်းက ကားတစ်စီးလုံးကို လွှမ်းခြုံသွားပြီး လူတိုင်းက အလိုအလျောက် မျက်လုံးမှိတ်လိုက်ကြ၏။

​ပြင်းထန်သော အလင်းရောင်က မျက်ခွံများကို ထိုးဖောက်ဝင်ရောက်လာပြီး အမြင်အာရုံကို သွေးနီရောင်အဖြစ် ပြောင်းလဲသွားစေလေသည်။

​အချို့လူများက လက်ရန်းများကို မသိစိတ်မှ အလိုအလျောက် ဆုပ်ကိုင်လိုက်ကြပြီး အချို့က အသက်အောင့်ထားကြကာ အထူးတပ်ဖွဲ့ဝင် ငါးဦးပင်လျှင် သူတို့၏ ခန္ဓာကိုယ်များကို မသိစိတ်မှ အလိုအလျောက် တောင့်တင်းထားလိုက်ကြ၏။

​အလင်းရောင်က ဒီရေကဲ့သို့ နောက်ဆုတ်သွားသောအခါ တာယာများက မြေကြီးနှင့် ပွတ်တိုက်မိပြီး ‘ကျီ’ဟူသော အသံအနည်းငယ် ထွက်ပေါ်လာခဲ့သည်။

​ထို့နောက် ဘတ်စ်ကားက ချောမွေ့စွာ ရပ်တန့်သွားလေသည်။

​“ကျွန်တော်တို့ ရောက်ပါပြီ” ကျန်းယဲ့က ပြုံးလျက် ပြောလိုက်၏။

​လူတိုင်းက မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ကြပြီးနောက် အံ့သြတကြီးဖြင့် လေကို ရှူသွင်းလိုက်ကြလေသည်။

​ကားပြတင်းပေါက် အပြင်ဘက်တွင် မီးခိုးရောင်နှင့် မှိုင်းညို့နေသော ကမ္ဘာကြီးတစ်ခု ရှိနေခဲ့သည်။

​သွေးနီရောင်နွယ်ပင်များက ကောက်ကွေးနေသော လမ်းမီးတိုင်များကို ရစ်ပတ်ထားပြီး အဝေးမှ ပြိုကျပျက်စီးနေသော မိုးမျှော်တိုက်များက ဧရာမသားရဲကြီးတစ်ကောင်၏ ကိုက်ဖြတ်ခြင်းကို ခံထားရသကဲ့သို့ ဖြစ်နေ၏။

​ကတ္တရာလမ်း၏ အက်ကွဲကြောင်းများထဲတွင်တော့ တောက်ပသော ခရမ်းရောင်မှိုတစ်မျိုးက တွန့်လိမ်လှုပ်ရှားနေပြန်သည်။

​ထိတ်လန့်စရာအကောင်းဆုံးမှာ မီတာတစ်ရာအကွာတွင် စုတ်ပြတ်သတ်နေသော ပုံရိပ်အချို့က ရည်ရွယ်ချက်မရှိ လှည့်လည်သွားလာနေခြင်းပင်။

​ထို တွန့်လိမ်နေသော ဟန်ပန်များမှာ သေချာပေါက် လူမဟုတ်ခ​ျေ။

​“ခရီးသည်များခင်ဗျာ... ကြိုဆိုပါတယ်။ ကျွန်တော်တို့ ကမ္ဘာပျက်ပြီးနောက်ပိုင်း စွန့်ပစ်နယ်မြေ - ဇွန်ဘီမြို့ ခရီးသွားနယ်မြေကို ရောက်ရှိလာပါပြီ...”

​ကျန်းယဲ့က ယာဉ်၏ရှေ့တွင် ရပ်ကာ သူ၏ နှုတ်ခမ်းများပေါ်တွင် ရင်းနှီးနေသော အပြုံးတစ်ခုဖြင့် ပြောလိုက်၏။

​ကားပြတင်းပေါက်များက စိတ်လှုပ်ရှားနေသော မျက်နှာများဖြင့် ချက်ချင်း ပြည့်နှက်သွားရသည်။

​“သောက်ကျိုးနည်း... တကယ့် ဇွန်ဘီအစစ်တွေပဲ” လုချင်ဟယ်၏ မျက်နှာက မှန်နှင့် ကပ်လုမတတ် ဖြစ်နေပြီး သူက သူ၏ နည်းဗျူဟာသုံး ကျောပိုးအိတ်ထဲမှ မှန်ပြောင်းကိုပင် ထုတ်ယူထားပြီး ဖြစ်၏။ “ဟိုကောင်ကို ကြည့်စမ်း... သူ့ရဲ့ ဘယ်ဘက်မျက်လုံးက ပြုတ်ကျနေတာတောင် လမ်းလျှောက်နေတုန်းပဲ။ ဒါက ဂိမ်းထဲကထက် အများကြီး ပိုလက်တွေ့ကျတယ်ဟေ့...”

​ရှန်ကျီရှားက ပြတင်းပေါက်မှန်ကို တစ်ရှူးဖြင့် သုတ်လိုက်ပြီး ပိုမိုနီးကပ်စွာ လေ့လာရန် တိုးသွားလိုက်သည်။ “ကြွက်သားတစ်ရှူးတွေက သဘာဝမကျတဲ့ အပြာဖျော့ရောင် ဖြစ်နေပြီး အဆစ်တွေရဲ့ လှုပ်ရှားမှု ပမာဏက လူ့ခန္ဓာကိုယ်ရဲ့ ကန့်သတ်ချက်ထက် ကျော်လွန်နေတာ သိသာတယ်။ ဒါတောင် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်သေးတယ်...”

​“အမေရေ.... ” တက္ကသိုလ်ကျောင်းသူ အရွယ် မိန်းကလေးတစ်ဦးက သူမ၏ ပါးစပ်ကို အုပ်လိုက်၏။ “သူတို့... သူတို့အဝတ်အစားတွေပေါ်က သွေးတွေလား”

​လူတိုင်းက တကယ့် ဇွန်ဘီများကို မြင်ရ၍ စိတ်လှုပ်ရှားနေဆဲဖြစ်သော်လည်း ကျန်းယဲ့က သတိပေးရန် စကားပြောလိုက်၏။

​“အားလုံးပဲ... ခါးပတ်ပတ်ထားကြ။ ကျွန်တော်တို့ သွားကြမယ်..”

​သူ စကားပြောပြီးသည်နှင့် တပြိုင်နက် ခရီးသွားဘတ်စ်ကားက ချောမွေ့စွာ စတင်ထွက်ခွာသွားခဲ့သည်။

​ကားကိုယ်ထည်မှ အပြာရောင် အလင်းဖျော့ဖျော့လေး ထွက်ပေါ်လာပြီး ရှေ့ရှိ စွန့်ပစ်ထားသော ယာဉ်များနှင့် ကျောက်စရစ်ခဲများက မမြင်ရသော လက်တစ်ဖက်ဖြင့် ဖယ်ရှားခံလိုက်ရသည့်အလား အလိုအလျောက် လမ်းဖယ်ပေးနေလေသည်။

​“ဝိုး... ”

​အံ့သြတကြီး အော်ဟစ်သံများကြားတွင် ဘတ်စ်ကားသည် ၎င်း၏လမ်းကြောင်းကို ပိတ်ဆို့နေသော ဇွန်ဘီအချို့ကို တိုက်ရိုက် ကြိတ်ဖြတ်သွားချေသည်။

​အရိုးများ ကျိုးကြေသွားသည့် စက်ဆုပ်ဖွယ်ကောင်းသော အသံများနှင့်အတူ ဇွန်ဘီများက အဝတ်စုတ်အရုပ်များကဲ့သို့ ကားအောက်သို့ ဆွဲသွင်းခံလိုက်ရပြီးနောက် အနောက်ဘက်မှ လိမ့်ထွက်လာလေသည်။

​ပို၍ ထူးဆန်းသည်မှာ ဤအပိုင်းပိုင်း ပြတ်တောက်သွားသော ခန္ဓာကိုယ်များက မြေကြီးပေါ်တွင် အကြိမ်အနည်းငယ် တွန့်လိမ်သွားပြီးနောက် ဖြည်းညှင်းစွာ ပြန်လည် ပေါင်းစပ်သွားကာ သူတို့၏ စုတ်ပြတ်သတ်နေသော ခန္ဓာကိုယ်များကို ဆွဲငင်လျက် ဆက်လက် လှည့်လည်သွားလာနေခြင်းပင်။

​“ဘယ်လိုလုပ်... ဘယ်လိုလုပ် သူတို့က အသက်ရှင်နေသေးတာလဲ” မျက်မှန်တပ်ထားသော ကောင်လေးတစ်ယောက်က အလွန်အမင်း တုန်လှုပ်သွားသဖြင့် သူ၏ မျက်မှန်ပင် စောင်းသွားရသည်။

​ဝါရင့် ကမ္ဘာပျက်ပြီးနောက်ပိုင်း ရှင်သန်ရေးဂိမ်း ကစားသူတစ်ဦးအနေဖြင့် လုချင်ဟယ်က သူ့ပတ်ဝန်းကျင်ရှိ လူများကို ရှင်းပြလိုက်၏။ “ဇွန်ဘီရဲ့ အသက်အန္တရာယ်ရှိတဲ့ အစိတ်အပိုင်းက သူ့ရဲ့ ဦးခေါင်းပဲ။ တခြားအစိတ်အပိုင်းတွေကို ထိခိုက်တာက သူ့ရဲ့ လှုပ်ရှားနိုင်စွမ်းကိုပဲ သက်ရောက်မှု ရှိလိမ့်မယ်။ ငါတို့ရဲ့ ခရီးသွားဘတ်စ်ကားက သူတို့ကို ကြိတ်ဖြတ်သွားတာတောင် ဘယ်လိုလုပ် ဒီလိုဖြစ်နေတာလဲ ဆိုတာကတော့ တခြား ဇာတ်လမ်းတစ်ပုဒ်ဖြစ်ရမယ်”

​ရှန်ကျီရှားက ဝင်ပြောလိုက်၏။ “ဒါဆို သူတို့ကို သတ်ဖို့က ငါတို့ လုပ်ရမှာ သူတို့ရဲ့ ဦးနှောက်ကို ဖျက်ဆီးပစ်ဖို့ပဲပေါ့...”

​“မှန်တယ်...” လုချင်ဟယ်က ခေါင်းညိတ်လိုက်၏။

​ဘတ်စ်ကားက ဆက်လက် ထွက်ခွာသွားပြီး လမ်းလျှောက်နေသော အလောင်းများကို တစ်ကောင်ပြီးတစ်ကောင် ကြိတ်ဖြတ်သွားခဲ့သည်။

​ဇွန်ဘီများက ခရီးသွားဘတ်စ်ကား ရှိနေခြင်းကို လုံးဝ မသိရှိပုံရလေသည်။ ၎င်းတို့ကို ကြိတ်ဖြတ်သွားသည့်တိုင် ယာဉ်၏ တည်ရှိမှုကို မသိရှိကြချေ။

​ကားက ၎င်းတို့ကို ကြိတ်ဖြတ်သွားချိန်တွင် ပုပ်ဟက်နေသော အသားများနှင့် အမည်းရောင် သွေးအချို့က အကာအကွယ်ဒိုင်းပေါ်တွင် ကျန်ရစ်ခဲ့သော်လည်း အလိုအလျောက် သန့်ရှင်းရေးစနစ်ဖြင့် လျင်မြန်စွာ ဖယ်ရှားခံလိုက်ရသည်။

အခန်း ၁၃၇ပြီး၏။

All Chapters