အခန်း ၁၃၉
Vol. 14 Ch. 139
အခန်း (၁၃၉) ထူးဆန်းသော ပေါင်းစပ်မှု
ဘတ်စ်ကားက ရှေ့သို့ ဆက်လက် မောင်းနှင်သွားသော်လည်း ရှေ့ရှိ လမ်းမှာ ရုတ်တရက် အဆုံးသတ်သွားလေသည်။
တံတားတစ်စင်းလုံး အလယ်မှ ကျိုးကျနေပြီး ဆယ်မီတာကျော် ကျယ်ဝန်းသော လွှသွားပုံစံ ဟာလာဟင်းလင်း ပြတ်လပ်မှုကြီးတစ်ခု ပေါ်လွင်နေကာ အောက်ဘက်ရှိ မြစ်ရေက အမည်းရောင် နောက်ကျိနေသော ရေစီးကြောင်းများဖြင့် လှိုင်းထန်နေခဲ့သည်။
“တံတားကျိုးနေတယ်...” ကျန်းခိုင်က ရှေ့ရှိ ပြိုကျနေသော တံတားကို စိုက်ကြည့်ရင်း အော်ဟစ်လိုက်၏။ “ငါတို့ ဘယ်လိုလုပ်ကြမလဲ”
ကားပေါ်ရှိ လူများက ရှေ့ဆုံးသို့ စုရုံးရောက်ရှိလာကြပြီး ကျိုးကျနေသော တံတားကို ကြည့်နေခဲ့ကြသည်။
သို့သော် သူတို့ ကျန်းယဲ့ကို မမေးမြန်းရသေးမီမှာပင် ဘတ်စ်ကားမှာ အရှိန်လျှော့မည့် အရိပ်အယောင် မပြဘဲ ပြတ်တောက်နေသော နေရာဆီသို့ တည်ငြိမ်စွာ ဆက်လက် မောင်းနှင်သွားသည်ကို မြင်လိုက်ရလေသည်။
ဘီးများ လေထဲသို့ ရောက်လုနီးပါးအချိန်တွင် အဖြူရောင် ရွှေရောင်လင်းလက်နေသော အလင်းတန်း ပုံစံများက ကျိုးကျနေသော တံတားမျက်နှာပြင်ပေါ်တွင် ရုတ်တရက် ထွက်ပေါ်လာပြီး အသက်ဝင်နေသော အရည်သတ္တုတစ်ခုကဲ့သို့ လျင်မြန်စွာ ပြန့်ထွက်သွားကာ လေဟာပြင်ထဲတွင် အလင်းတံတား တစ်စင်းကို တည်ဆောက်လိုက်၏။
“ဒါ...”
ထိုမြင်ကွင်းမှာ အလွန်တုန်လှုပ်ဖွယ် ကောင်းလှသဖြင့် လူတိုင်း မသိစိတ်မှ အလိုအလျောက် အသက်အောင့်ထားလိုက်ကြပြီး သူတို့၏ မျက်လုံးများတွင် အံ့သြမှုများ ပြည့်နှက်နေသွားရသည်။
ဘတ်စ်ကားက အလင်းတံတားပေါ်သို့ တည်ငြိမ်စွာ မောင်းနှင်သွားပြီး ဘီးများနှင့် အလင်းရောင် ထိတွေ့မိသည့် အခိုက်အတန့်တွင် ရေပြင်တွင် ဂယက်ထသကဲ့သို့ အဝိုင်းပုံစံ လှိုင်းဂယက်များ ပြန့်ထွက်သွားခဲ့သည်။
ဖောက်ထွင်းမြင်ရသော တံတားမျက်နှာပြင်မှတစ်ဆင့် အောက်ဘက်မြစ်ထဲတွင် ကူးခတ်နေသော ဧရာမ အရိပ်မည်းများကို ရှင်းလင်းစွာ မြင်တွေ့နိုင်ချေသည်။ မျိုးဗီဇပြောင်းသတ္တဝါများက တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး ဂဏာမငြိမ် လှုပ်ရှားနေကြသော်လည်း အနားသို့ မကပ်ရဲကြချေ။
လုချင်ဟယ်က ပြတင်းပေါက်မှန်နှင့် မျက်နှာကို ကပ်ထားပြီး သူ၏ မျက်လုံးများမှာ ပြူးကျယ်နေခဲ့သည်။ “ငါတို့သာ ဒီနည်းပညာကို ပြန်သယ်သွားနိုင်ရင် လုံးဝကို ပြိုင်ဘက်ကင်း ဖြစ်သွားမှာပဲ...”
သို့သော် ဤအရာမှာ မဖြစ်နိုင်ကြောင်းကို လူတိုင်း သိကြပေသည်။
ဘတ်စ်ကားက ပြတ်တောက်နေသော အပိုင်းကို ဖြတ်ကျော်ကာ တစ်ဖက်ကမ်းသို့ ရောက်ရှိသွားသောအခါ အလင်းတံတားမှာ နံနက်ခင်း မြူနှင်းများကဲ့သို့ တိတ်ဆိတ်စွာ ပျောက်ကွယ်သွား၏။
အနောက်ဘက်မှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ လူတိုင်း လှည့်ကြည့်လိုက်ရာ တံတားပေါ်တွင် ယိမ်းယိုင်နေသော ဇွန်ဘီအချို့ကို မြင်လိုက်ကြရသည်။
သူတို့က အလင်းတံတားပေါ်သို့ ခြေချလိုက်သည်နှင့် တပြိုင်နက် မြစ်ထဲသို့ ပြုတ်ကျသွားပြီး ရေအောက်ရှိ အရိပ်မည်းများ၏ ချက်ချင်း ဆုတ်ဖြဲခံလိုက်ရ၏။
မြို့ထဲသို့ ဝင်ရောက်လာသည်နှင့်အမျှ မြင်ကွင်းမှာ ပို၍ ထိတ်လန့်ဖွယ် ကောင်းလာချေသည်။
ဤနေရာရှိ အဆောက်အအုံများက ဧရာမသတ္တဝါကြီးတစ်ကောင်၏ ဝင်တိုက်ခြင်းကို ခံထားရသကဲ့သို့ ဖြစ်နေပြီး လမ်းများပေါ်တွင် အချင်းမီတာအတော်ကြာ ကျယ်ဝန်းသော ချိုင့်ခွက်များ ပြည့်နှက်နေခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသည်မှာ ထိုချိုင့်ခွက်များ၏ အစွန်းတစ်ဝိုက်ရှိ ကွန်ကရစ်များက ပြင်းထန်သော အက်ဆစ်ဖြင့် စားခံထားရသကဲ့သို့ ပုံမှန်မဟုတ်သော အရည်ပျော်နေသည့် အခြေအနေတွင် ရှိနေခြင်းပင်။
ကျန်းယဲ့နှင့် သူ၏အဖွဲ့သားများ မသိရှိလိုက်သည်မှာ သူတို့၏ ခရီးသွားဘတ်စ်ကား တံတားကို ဖြတ်ကျော်လာသည့် မြင်ကွင်းကို မြို့တစ်ဖက်ခြမ်းရှိ မိုးမျှော်တိုက်တစ်ခုမှ အသက်ရှင်ကျန်ရစ်သူ အဖွဲ့ဝင်များက မျက်မြင်ကိုယ်တွေ့ မြင်တွေ့သွားခြင်းပင်....။
ဤအချိန်တွင် လူငါးဦးပါဝင်သော အသက်ရှင်ကျန်ရစ်သူ အဖွဲ့ငယ်တစ်ခုက ကျိုးပဲ့နေသော ပြင်သစ်စတိုင် ပြတင်းပေါက်ရှေ့တွင် စုရုံးနေခဲ့ကြသည်။
“ဘော့စ်... ဟိုဘက်ကို ကြည့်လိုက်” စနိုက်ပါသမား ဝမ်လဲ့က အသံကို ရုတ်တရက် နှိမ့်လိုက်ပြီး အဝေးရှိ ကျိုးပျက်နေသော တံတားဆီသို့ တုန်ယင်နေသော လက်ချောင်းဖြင့် လက်ညှိုးထိုးပြလိုက်၏။
သူ၏ မှန်ပြောင်းက အလင်းတံတားပေါ်မှ ဖြတ်သန်း မောင်းနှင်သွားသော ခရီးသွားဘတ်စ်ကား၏ မယုံနိုင်စရာ အခိုက်အတန့်ကို ရှင်းလင်းစွာ ဖမ်းယူထားလေသည်။
အဖွဲ့ခေါင်းဆောင် ချန်ယန်က မှန်ပြောင်းကို ကောက်ယူလိုက်၏။ “ဘာတွေကများ မင်းကို ဒီလို အော်ဟစ်စေရတာလဲကွာ...”
သူ၏ အသံမှာ ရုတ်တရက် ရပ်တန့်သွားပြီး မျက်မှန်အောက်ရှိ သူ၏ မျက်လုံးများမှာ တုန်လှုပ်မှုကြောင့် ပြူးကျယ်သွားရသည်။
အခြား အဖွဲ့ဝင်သုံးဦးသည်လည်း ပြတင်းပေါက်ဆီသို့ အပြေးအလွှား သွားလိုက်ကြရာ လမ်းမကြီးပေါ်တွင် ချောမွေ့စွာ ပြေးဆွဲနေသော အသစ်စက်စက် ခရီးသွားဘတ်စ်ကား တစ်စီးကို မြင်လိုက်ရလေသည်။
စွန့်ပစ်ထားသော ယာဉ်များနှင့် ပြိုကျနေသော လမ်းပိတ်ဆို့မှုများက ဘတ်စ်ကားနှင့် နီးကပ်လာသောအခါ မမြင်ရသော လက်တစ်ဖက်ဖြင့် ဖယ်ရှားခံလိုက်ရသည့်အလား အလိုအလျောက် လမ်းဖယ်ပေးနေခဲ့ကြသည်။
“ဒါ ယုံနိုင်စရာမရှိဘူး... ” ဆေးကုသပေးသူ လင်းရှောင်ယွီက ဤထူးဆန်းပြီး လွှမ်းမိုးနိုင်စွမ်းရှိသော မြင်ကွင်းကို အံ့သြတကြီး စိုက်ကြည့်နေခဲ့သည်။ “သူတို့ရဲ့ ကားက လမ်းကို သူ့ဘာသာ ရှင်းလင်းသွားတာလား...”
“သူတို့က အထူးစွမ်းရည်ရှိတဲ့သူတွေ ဖြစ်ရမယ်” ကျန်းမုန်က သူ၏ ခြောက်သွေ့နေသော နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်၏။ “လမ်းရှင်းဖို့အတွက် သတ္တုတွေကို ထိန်းချုပ်နိုင်တဲ့ အဖွဲ့တစ်ဖွဲ့ အရှေ့ဘက်ခရိုင်မှာ ရှိတယ်လို့ ကြားဖူးတယ်...”
လူတိုင်း၏ အကြည့်များက ဘတ်စ်ကား၏ ပြောင်လက်နေသော အပြင်ဘက်ပိုင်းပေါ်သို့ ကျရောက်သွားချေသည်။
သံချေးတက်နေခြင်း မရှိ၊ သွေးစွန်းနေခြင်း မရှိသည့်အပြင် ဖုန်မှုန့် အနည်းငယ်မျှသာ ရှိခေသည်။
ဤကမ္ဘာပျက်ပြီးနောက်ပိုင်း စွန့်ပစ်နယ်မြေတွင် သန့်ရှင်းနေခြင်းဆိုသည်မှာပင် အကြီးမားဆုံးသော ဇိမ်ခံပစ္စည်းတစ်ခု ဖြစ်၏။
“ထောက်ပံ့ရေးပစ္စည်းတွေ... ” အရပ်ပုပုနှင့် လီရှောင်တောက်က အက်ကွဲသော အသံဖြင့် ပြောလိုက်၏။ “သူတို့ကားထဲမှာ စားစရာတွေ သေချာပေါက် ရှိရမယ်...”
ဤစကားလုံးများက လူတိုင်း၏ ဗိုက်ကို ဓားဖြင့် ထိုးလိုက်သကဲ့သို့ ဖြစ်သွားပေသည်။
သူတို့ဟာ သုံးရက်တိုင်တိုင် ကောင်းမွန်သော အစားအစာ ဘာမှမရှာတွေ့ခဲ့ဘဲ ယနေ့နံနက်က နောက်ဆုံးကျန်ရှိနေသော ကျစ်လစ်သော ဘီစကွတ်တစ်ဝက်ကို ခွဲဝေစားသောက်ခဲ့ကြရသည်။
ဝမ်လဲ့၏ ဗိုက်မှ ကျယ်လောင်စွာ မြည်သံထွက်လာပြီး တိတ်ဆိတ်နေသော အပျက်အစီးများကြားတွင် အထူးတလည် ဆူညံနေချေသည်။
ညအမှောင် ကျဆင်းလာချိန်တွင် ဘတ်စ်ကားက စွန့်ပစ်ထားသော ဈေးဝယ်စင်တာတစ်ခု၏ ရင်ပြင်တွင် ရပ်တန့်သွားခဲ့သည်။
ပတ်ဝန်းကျင်မှာ တိတ်ဆိတ်ပြီး လူသူကင်းမဲ့နေကာ အဝေးမှ ဇွန်ဘီများ၏ ဟိန်းဟောက်သံများသာ တစ်ခါတစ်ရံ ပဲ့တင်ထပ်နေလေသည်။
“လာကြ... ဘာဘီကျူး ကင်ကြရအောင်”
ကျန်းခိုင်က ကျန်းယဲ့ထံမှ သယ်ဆောင်ရလွယ်ကူသော အကင်စင်တစ်ခုကို ဝယ်ယူလိုက်၏။ သတ္တုဘောင်က ‘ကလစ်’ဟူသော အသံနှင့်အတူ ပွင့်သွားလေသည်။ “ဒါရိုက်တာကျန်း... သိုးသားကင် အချောင်းနှစ်ဆယ်နဲ့ ကြက်တောင်ပံကင် ဆယ်ချောင်း ထပ်ပေးပါဦး....”
“ကျွန်တော်က ခရမ်းသီးကင်လိုချင်တယ်”
“ဘီယာ... အေးတာလေးဗျာ.. ”
မကြာမီမှာပင် လူနှစ်ဆယ်က အကင်စင်သုံးခု၏ ပတ်လည်တွင် အလုပ်ရှုပ်နေကြလေသည်။
မီးသွေးမီး၏ အနီရောင်အလင်းက လူတိုင်း၏ ပြုံးနေသော မျက်နှာများကို လင်းထိန်စေပြီး ဇီရာနှင့် ငရုတ်သီးမှုန့်၏ ရနံ့က ကမ္ဘာပျက်ခြင်းကြောင့် ဖြစ်ပေါ်လာသော မှိုင်းညို့မှုများကို ဖယ်ရှားပေးလိုက်၏။
မှိုကင်တစ်ချောင်းကို ကိုင်ထားရင်း လီချင်က နောက်ပြောင်လိုက်၏။ “နေ့လယ်က သွေးထွက်သံယိုတွေကို အများကြီး မြင်ခဲ့ရတာတောင် နင်တို့ အသားစားနိုင်သေးတယ်ပေါ့လေ...”
“ဘာများ အရေးကြီးလို့လဲ...” လုချင်ဟယ်က ကြက်တောင်ပံများကို ပျားရည်သုတ်နေခဲ့သည်။ “အသားစားရင်း The Walking Dead ဇာတ်လမ်းတွဲရဲ့ 3Dဟိုလိုဂရမ်ပုံစံကို ကြည့်နေတယ်လို့ သဘောထားလိုက်ပေါ့... ”
သူ စကားပြောရင်း အသားကင်ကို ကြီးမားသော ကိုက်ရာတစ်ခု ယူလိုက်ပြီး သူ၏ မျက်လုံးများက ကျေနပ်မှုကြောင့် မှေးစင်းသွားရသည်။ “အင်း... ဒီအသားက အခုလေးတင် သတ်ထားတာ သေချာတယ်... ”
ကျိုးရှင်းကျီက ကျန်းယဲ့ထံမှ ငှားရမ်းထားသော ဘီးတပ်ကုလားထိုင်ကို အကင်စင်အနီးသို့ ရွေ့လိုက်ပြီး ရှန်ကျီရှား ကမ်းပေးသော ပြောင်းဖူးကင်ကို ယူကာ “ကျေးဇူးတင်ပါတယ်” ဟု ပြောလိုက်သည်။
သူက ညနေဆည်းဆာ၏ ဝါးမျိုခြင်းကို ခံထားရသော ပျက်စီးနေသည့် မြို့ကြီးကို မော့ကြည့်ကာ တိုးညင်းစွာ ပြောလိုက်၏။ “ဒီကမ္ဘာပျက်တဲ့ အချိန်မှာ ဒီလို အတွေ့အကြုံမျိုး ရနိုင်မယ်လို့ ကျွန်တော် တစ်ခါမှ မတွေးဖူးဘူး..”
ရှန်ကျီရှားက ယိမ်းနွဲ့နေသော ခုံတစ်ခုံပေါ်တွင် ထိုင်နေပြီး သူမ၏ လက်ချောင်းထိပ်များတွင် အသားကင် ဟင်းခတ်အမွှေးအကြိုင်များ၏ ရနံ့ စွဲကျန်နေဆဲပင်။
သူမက သူ့အကြည့်နောက်သို့ လိုက်ကာ အဝေးသို့ ကြည့်လိုက်ရာ မိုးမျှော်တိုက်များ၏ ကောက်ကြောင်းများက ဒီရေလှိုင်းတစ်ခုကဲ့သို့ အမှောင်ထုထဲတွင် နစ်မြုပ်နေပြီး တစ်ခါတစ်ရံ ကြောက်မက်ဖွယ် စိမ်းလန်းသော အလင်းရောင်များ လင်းလက်နေခဲ့သည်။
“အင်း ဟုတ်တယ်... ” သူမက အဆီများ ထွက်ကျနေသော အသားကင်တစ်ချောင်းကို ကိုက်လိုက်ပြီး အာမေဍိတ်သံဖြင့် ပြောလိုက်၏။ “ဇွန်ဘီတွေ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးမှာ အသားကင်တွေ စားရင်း ညရှုခင်းကို ခံစားရမယ်လို့ ဘယ်သူက ထင်မှာလဲ...”
ညလေညင်းလေး တိုက်ခတ်သွားပြီး အဝေးမှ ဟိန်းဟောက်သံ တိုးတိုးလေးကို သယ်ဆောင်လာချေသည်။
သူတို့ရှေ့ရှိ တဖျပ်ဖျပ်မြည်နေသော မီးသွေးမီးက သူတို့၏ မျက်နှာများပေါ်သို့ နွေးထွေးသော အလင်းရောင်များ ဖြာကျနေခဲ့သည်။
ကျန်းယဲ့က ကားကို မှီကာ အေးနေသော ဘီယာဘူးတစ်ဘူးကို ကိုင်ထားရင်း ခရီးသွားဧည့်သည်တစ်စု စွန့်ပစ်နယ်မြေတွင် ပါတီပွဲ ဆင်နွှဲနေသည်ကို ကြည့်ကာ သူ၏ နှုတ်ခမ်းများပေါ်တွင် အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်လာချေသည်။
‘ဇွန်ဘီအုပ်ကြားထဲမှာ ဘာဘီကျူး ကင်စားတာလား... တစ်ခြားသူတွေကို ပြောပြရင်တောင် ဘယ်သူမှ ယုံမှာ မဟုတ်ဘူး...’
ထို့နောက် ကျန်းယဲ့က စနစ်၏ နေရာလွတ်ထဲမှ ကင်မရာငယ်တစ်ခုကို ထုတ်ယူကာ မြင်ကွင်းကို ရိုက်ကူးထားလိုက်၏။
ထိုအချိန်၌ မီတာတစ်ရာအကွာရှိ အပျက်အစီးများ၏ အရိပ်ထဲမှ ဆာလောင်နေသော မျက်လုံးငါးစုံက ဤဘက်သို့ စူးစိုက်ကြည့်နေကြလေသည်။
ကျန်းမုန်က အကင်စင်ပေါ်ရှိ အစားအစာများကို စိုက်ကြည့်ရင်း တံတွေးကို ခက်ခဲစွာ မျိုချလိုက်၏။ “သူတို့ ကင်နေကြတယ်”
မီးသွေးမီးပေါ်သို့ ကျဆင်းလာသော အသားကင်မှ အဆီများ၏ ‘ရှဲ’ ဟူသော အသံ....
ထိုရနံ့က ချိတ်တစ်ခုကဲ့သို့ လူငါးဦး၏ နှာခေါင်းထဲသို့ ဖောက်ဝင်သွားပြီး သူတို့၏ အချိန်ကြာမြင့်စွာ ငြိမ်သက်နေခဲ့သော အရသာခံအာရုံများကို နိုးထလာစေခဲ့သည်။
လင်းရှောင်ယွီ၏ ဗိုက်မှ ကျယ်လောင်သော ကန့်ကွက်သံတစ်ခု ထွက်ပေါ်လာပြီး သူမ၏ ပါးစပ်မှ တံတွေးများ မရပ်မနား ထွက်လာချေသည်။
“ဘော့စ်... ငါတို့ အဲဒီကို သွားသင့်လား” ဝမ်လဲ့က တံတွေးကို ခက်ခဲစွာ မျိုချရင်း မေးလိုက်၏။
ချန်ယန်က ချက်ချင်း မဖြေချေ။
သူက မျက်လုံးများကို မှေးကြည့်ကာ မီးရောင်အောက်ရှိ ထူးဆန်းသော အုပ်စုကို သေချာစွာ အကဲခတ်ကြည့်လိုက်သည်။
ကြွက်သားတောင့်တင်းသော အမျိုးသားငါးဦးမှာ စစ်တပ်နောက်ခံမှလာကြောင်း ထင်ရှားပြီး သူတို့၏ အကြည့်များက ပတ်ဝန်းကျင်ကို အချိန်နှင့်အမျှ ဝေ့ကြည့်နေကြရာ သူတို့ကို ကြောက်မက်ဖွယ် ပြိုင်ဘက်များအဖြစ် ပုံပေါ်နေစေခဲ့သည်။
သို့သော် ထိုလူငယ်များက သူတို့၏ ဘီယာများကို ကျယ်လောင်စွာ ခွက်ချင်းတိုက်နေကြပြီး ဘီယာဗိုက်နှင့် လူလတ်ပိုင်းအချို့ကလည်း အသားကင်များကို ပျော်ရွှင်စွာ လှန်နေကြ၏။ ၎င်းက ဘယ်လိုပဲကြည့်ကြည့် သူတို့က လုံးဝ အရူးများကဲ့သို့ပင်။
အဆိုးရွားဆုံးအချက်မှာ ဘီးတပ်ကုလားထိုင်ပေါ်ရှိ လူငယ်နှင့် သပ်ရပ်စွာ ဝတ်ဆင်ထားသော မြို့ပြ ရုံးဝန်ထမ်း အမျိုးသမီး ဖြစ်၏။
တစ်ယောက်က ဘီးတပ်ကုလားထိုင်ပေါ်မှာ... နောက်တစ်ယောက်က ဒေါက်မြင့်ဖိနပ် စီးထားတယ်....
ဒီပေါင်းစပ်မှုက လုံးဝကို ထူးဆန်းလွန်းနေပေသည်။
“တစ်ခုခုတော့ မှားနေပြီ... ” ချန်ယန်က တီးတိုးရေရွတ်လိုက်၏။ “ဒီပေါင်းစပ်မှုက ကမ္ဘာပျက်ပြီးနောက်ပိုင်းမှာ အခုအချိန်အထိ ဘယ်လိုလုပ် အသက်ရှင်နေနိုင်မှာလဲ...”
အခန်း ၁၃၉ပြီး၏။