← Chapters

အခန်း ၁၄၀

Vol. 14 Ch. 140

အခန်း ၁၄၀

Vol. 14 Ch. 140

အခန်း (၁၄၀) ခရစ်စတယ်စွမ်းအင်တုံး အရောင်းအဝယ်

​လင်းရှောင်ယွီက ဆာလောင်လွန်း၍ မြည်နေသော ဗိုက်ကို ဖိကိုင်ကာ တီးတိုးရေရွတ်လိုက်၏။

​“ဒါပေမဲ့ သူတို့က အန္တရာယ်ပေးမယ့်ပုံ မပေါ်ပါဘူး.. ”

​သူမ၏ အလိုအလျောက်သိစိတ်က ဤလူများက အပေါ်ယံမြင်ရသလောက် မရိုးရှင်းကြောင်း ပြောနေချေသည်။

​“အဲဒါက အကြောက်စရာအကောင်းဆုံးပဲ... ” ချန်ယန်သည် ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်၏။ “တွေးကြည့်လေ... မျိုးဗီဇပြောင်းသတ္တဝါတွေနဲ့ လုယက်သူတွေ ပြည့်နှက်နေတဲ့ နေရာမှာ သူတို့က ဒီလောက် ဗြောင်ကျကျ ဘာဘီကျူး ကင်စားရဲတယ်။ သူတို့က လုံးဝကို အရူးတွေ ဖြစ်ရမယ်... ဒါမှမဟုတ် အန္တရာယ်ကို လုံးဝ ဂရုမစိုက်ရလောက်အောင်ကို အရမ်းစွမ်းအားကြီးနေတာ ဖြစ်ရမယ်”

​ထိုစကားကို ကြားသောအခါ အဖွဲ့သားများ အားလုံးက အဓိပ္ပာယ်ရှိသည်ဟု သဘောတူလိုက်ကြ၏။

​“ငါတို့ သွားကြဦးမလား...” ဝမ်လဲ့ စကားပြောပြီးသည်နှင့် တပြိုင်နက် သူ၏ ဗိုက်မှ ကျယ်လောင်စွာ မြည်လာခဲ့သည်။

​အခြားသူများလည်း ထိုမျှ သက်သာမှု မရှိလှချေ။

​သူတို့ ငါးဦးစလုံးက စွမ်းအားများ နိုးထလာသည့် အစွမ်းထက်သူများ ဖြစ်ကြောင်း ထင်ရှားသဖြင့် ဤကမ္ဘာပျက်ခေတ်တွင် ဤမျှ သနားစရာကောင်းသော အခြေအနေမျိုးသို့ ရောက်မသွားသင့်ချေ။

​သူတို့သည် အမှန်တရားကို မမြင်ဘဲ အသင်းဖော်ဟုခေါ်သူများကို မှားယွင်းစွာ ယုံကြည်မိခဲ့ရာမှ နောက်ကျောဓားထိုးခံခဲ့ရပြီး အဖွဲ့တစ်ခုလုံးနီးပါး သုတ်သင်ခံရလုမတတ် ဖြစ်ခဲ့ရခြင်းပင်။

​မူလက လူနှစ်ဆယ် ပါဝင်သော အဖွဲ့က ယခုအခါ သေဘေးမှ လွတ်မြောက်လာသူ ငါးဦးသာ ကျန်ရှိတော့ပေသည်။

​အပျက်အစီးများကြားတွင် တစ်နေ့ခင်းလုံး ရှာဖွေပြီးနောက်တွင် သူတို့က ထောက်ပံ့ရေးပစ္စည်း အလွန်နည်းပါးစွာသာ ရှာဖွေတွေ့ရှိခဲ့ကြသည်။

​‘ဒီအတိုင်းသာ ဆက်သွားနေရင် ငါတို့ကို ဇွန်ဘီတွေ လာမစားခင်မှာတင် ငါတို့က ငတ်သေသွားလောက်တယ်’ ဟု တွေးမိလိုက်ကြသည်။

​ချန်ယန်က အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချလိုက်လေသည်။

​“ငါတို့ သွားမယ်... ဒါပေမဲ့ မှတ်ထား... ငါတို့ နှိမ့်ချရမယ်။ ဒီအုပ်စုမှာ ငါတို့ စိတ်ကူးတောင် မယဉ်နိုင်တဲ့ လျှို့ဝှက်လက်နက်တွေ သေချာပေါက် ရှိနေလောက်တယ်...”

​“တကယ်လို့ သူတို့က အစားအစာ တစ်လုတ်လေးတောင် မျှဝေဖို့ ငြင်းဆန်ရင် ဘယ်လိုလုပ်မလဲ” လီရှောင်တောက်က မနေနိုင်ဘဲ မေးလိုက်၏။

​ချန်ယန်က ခါးသီးစွာ ပြုံးလိုက်ချေသည်။

​“အဲဒါဆိုရင်လည်း ငါတို့ ကံကြမ္မာကို လက်ခံရုံပဲ ရှိတော့တာပေါ့။ ဒီလို ပတ်ဝန်းကျင်မျိုးမှာ ဘာဘီကျူး ပါတီ လုပ်နိုင်တဲ့သူဆိုရင် ငါတို့ကို ပုရွက်ဆိတ်တစ်ကောင်လို အလွယ်လေး ခြေမွပစ်နိုင်တယ်...”

​သူတို့ တိတ်တဆိတ် အစီအစဉ်ဆွဲနေကြချိန်တွင် သူတို့၏ တည်နေရာမှာ ပေါက်ကြားနေပြီဖြစ်ကြောင်း သူတို့ လုံးဝ မသိရှိခဲ့ကြချေ။

​အမှောင်ထဲတွင် လီဇယ်ခိုင်က ကျန်းယဲ့ထံသို့ သတိဖြင့် ချဉ်းကပ်သွားပြီး သူ၏ အသံမှာ အလွန်တိုးညင်းနေခဲ့သည်။

​“နာရီလက်တံ ဆယ့်တစ်နာရီ ဦးတည်ရာ အပျက်အစီးတွေရဲ့ နောက်မှာ လူငါးယောက် ကျွန်တော်တို့ကို စောင့်ကြည့်နေတာ ကြာပြီ...”

​ထိုစကားကို ကြားသောအခါ ကျန်းယဲ့က အကင်စင်ပေါ်ရှိ အသားကင်များကို လှန်နေခဲ့သည်။ သူက ခေါင်းပင် မမော့ဘဲ အနည်းငယ် ခေါင်းညိတ်ပြလိုက်ရုံသာ ဖြစ်၏။

​“အင်း... ကျွန်တော် သတိထားမိတာ ကြာပြီ”

​သူ၏ အကြည့်များက အဆီများ ထွက်ကျနေသော အသားကင်ပေါ်တွင်သာ စူးစိုက်နေချေသည်။ ထို့နောက် သူက ဖြည်းညှင်းစွာနှင့် ရည်ရွယ်ချက်ရှိရှိ ပြောလိုက်၏။

​“သူတို့ ငါတို့ကို မတိုက်ခိုက်သရွေ့ အဆင်ပြေပါတယ်။ ဒါပေမဲ့ သူတို့က ငါတို့အပေါ် တစ်ခုခု ကြံစည်ရဲရင်တော့ အကြွင်းမဲ့ လုံခြုံရေးဇုန်ဆိုတာကို သူတို့ ခံစားကြည့်ရတာပေါ့...”

​သူဟာ အကြွင်းမဲ့ လုံခြုံရေးဇုန်၏ စွမ်းအားကို တကယ် စမ်းသပ်ကြည့်ချင်နေခဲ့လေသည်။

​ဒါရိုက်တာကျန်းတွင် နည်းလမ်းများ ရှိကြောင်း သိထားသော်လည်း လီဇယ်ခိုင်က သတိလက်လွတ် မနေရဲချေ။

​သူ၏ ညာဘက်လက်က ခါးရှိ ပစ္စတိုသေနတ်ပေါ်သို့ မသိစိတ်မှ အလိုအလျောက် ရောက်ရှိသွားပြီး သူ၏ ရဲဘော်လေးဦးကို လှည့်ကြည့်လိုက်၏။

​သူတို့က အချင်းချင်း အကဲခတ်ကြည့်လိုက်ကြပြီး ပြီးပြည့်စုံသော နားလည်မှုဖြင့် တစ်ဦးစီ သတိအနေအထားတွင် ရှိနေခဲ့ကြသည်။

​ဝမ်ပင်းက သူ၏ ချေမှုန်းရေးရိုင်ဖယ်ကို ပေါ့ပေါ့ပါးပါး သုတ်နေခဲ့သည်။ ကျွမ်လော်က ခရီးသွားဧည့်သည်များကို ချက်ချင်း ကာကွယ်နိုင်ရန် သူ၏ နေရာကို ချိန်ညှိလိုက်၏။ ဝမ်ကန်းနှင့် ဖန်ကျောက်ဟယ်တို့က သောက်စားနေပုံရသော်လည်း အမှန်တကယ်တွင် သူတို့က အကောင်းဆုံး ပစ်ခတ်နိုင်မည့် ထောင့်ချိုးများကို ရယူထားပြီး ဖြစ်ချေသည်။

​ကျန်းယဲ့က လီဇယ်ခိုင်အား သိုးနံရိုးကင် တစ်ချောင်း ကမ်းပေးလိုက်သည်။

​“မြည်းကြည့်မလား။ ဇီရာမှုန့် ဖြူးထားတယ်...”

​လီဇယ်ခိုင် ပြန်မဖြေသည်ကို မြင်သောအခါ သူက တိုးညင်းစွာ ပြောလိုက်၏။

​“တကယ်လို့များ တိုက်ပွဲ ဖြစ်လာခဲ့ရင် ခင်ဗျားတို့ ငါးယောက်က တခြား ခရီးသွားဧည့်သည်တွေကို ကာကွယ်ပြီး ကားပေါ်တက်ဖို့ ကူညီပေးပါ။ ကျွန်တော့်အတွက်ကတော့ စိတ်မပူနဲ့...”

​လီဇယ်ခိုင်က အသားကင်ကို ယူလိုက်သော်လည်း မစားချေ။

​“ဒါရိုက်တာကျန်း... အဲဒီလူတွေဆီမှာ စူပါပါဝါတွေ ရှိကောင်း ရှိနိုင်တယ်... ”

​“ကျွန်တော် သိပါတယ်” ကျန်းယဲ့က ခေါင်းကို လှည့်လိုက်ပြီး သူ၏ အကြည့်များက အဝေးရှိ အပျက်အစီးများပေါ်သို့ ဓားတစ်လက်ကဲ့သို့ ဝေ့ဝဲသွားလေသည်။

​ဤကမ္ဘာပျက်ခေတ်တွင် အသက်ရှင်နိုင်သူများက သေချာပေါက် ကျွမ်းကျင်မှု အချို့ ရှိချေမည်။

​ထို့ကြောင့် စူပါပါဝါ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူတို့က အန္တရာယ်ရှိသော ပုဂ္ဂိုလ်များဖြစ်ပြီး အထင်သေး၍ မရပေ။

​အမှောင်ထဲတွင် ချန်ယန်က လက်ကိုမြှောက်ကာ ရှေ့ဆုံးမှ လျှောက်လာပြီး သူ၏နောက်ရှိ အဖွဲ့ဝင်များသည်လည်း သူတို့၏ လက်နက်များကို ကျောတွင် လွယ်ထားကာ အန္တရာယ်အကင်းဆုံး ပုံစံဖြင့် ဖြည်းညှင်းစွာ ချဉ်းကပ်လာခဲ့ကြသည်။

​သူတို့၏ ပုံရိပ်များက မီးပုံရောင်ကြောင့် တဖြည်းဖြည်း လင်းထိန်လာခဲ့သည်။

သူတို့၏ စုတ်ပြတ်သတ်နေသော အဝတ်အစားများမှာ သွေးများ ဖုံးလွှမ်းနေပြီး သူတို့၏ ချိုင့်ဝင်နေသော ပါးရိုးများနှင့် ကွဲအက်နေသော နှုတ်ခမ်းများက ဆာလောင်မွတ်သိပ်မှု၏ နှိပ်စက်ခြင်းကို တိတ်ဆိတ်စွာ ဖော်ပြနေခဲ့သည်။

​“လူတွေ လာနေတယ်...”

​လီဇယ်ခိုင်၏ သတိပေးချက် ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် အသက်ဝင်နေသော ဘာဘီကျူး ပါတီ၏ လေထုမှာ ချက်ချင်း အေးခဲသွားရသည်။

​မျက်လုံး အစုံနှစ်ဆယ်က အမှောင်ထဲမှ ထွက်ပေါ်လာသော ပုံရိပ်များကို စူးစိုက်ကြည့်နေကြ၏။

​လုချင်ဟယ်က တစ်ဝက်စားထားသော ကြက်တောင်ပံကို ပါးစပ်ထဲသို့ ထည့်လိုက်ချိန်တွင် ဝါးရန်ပင် မေ့သွားရသည်။

​ရှန်ကျီရှားက စိုးရိမ်တကြီးဖြင့် သူမ၏ လက်ထဲရှိ အချိုရည်ဘူးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်၏။

​ချန်ယန်က ဘတ်စ်ကားနှင့် ငါးမီတာအကွာတွင် ရပ်လိုက်လေသည်။ ထို့ထက် ပိုတိုးလာပါက ပဋိပက္ခတစ်ခု အလွယ်တကူ ဖြစ်ပွားနိုင်ပေသည်။

​ဤအကွာအဝေးမှာ အခြားသူများအနေဖြင့် သူတို့၏ လွတ်နေသော လက်များကို မြင်နိုင်ပြီး အလွန်အမင်း သံသယ မဖြစ်စေရန် အနေတော်ပင်။

​“ကျွန်တော်တို့ အန္တရာယ်ပေးဖို့ ရည်ရွယ်ချက် မရှိပါဘူး” ချန်ယန်က အသံကို နှိမ့်ကာ အန္တရာယ်ကင်းပုံရရန် ကြိုးစားရင်း ပြောလိုက်၏။ “ရနံ့တစ်ခု ရလိုက်လို့ပါ...”

​သူတို့ စကားပြောနေစဉ် လူငါးဦးစလုံး၏ ဗိုက်မှ ကျယ်လောင်သော မြည်သံများ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာရာ တိတ်ဆိတ်နေသော ညတွင် အထူးတလည် အနေရခက်စရာ ဖြစ်သွားရသည်။

​လင်းရှောင်ယွီသည် မျက်နှာနီရဲသွားပြီး ဖြည့်စွက်ပြောလိုက်၏။

​“ကျွန်မတို့ ကောင်းကောင်းမွန်မွန် စားစရာ ဘာမှမတွေ့တာ သုံးရက်ရှိပြီ..”

​ကျန်းခိုင်နှင့် သူ၏အဖွဲ့က တစ်ယောက်ကိုတစ်ယောက် ကြောင်တောင်တောင် ကြည့်လိုက်ကြ၏။

​ထို့နောက် ကျန်းခိုင်က ကျန်းယဲ့ကို တိတ်တဆိတ် တွန်းလိုက်လေသည်။

​“ဒါရိုက်တာကျန်း... သူတို့ တကယ်ကို ဆာနေတဲ့ပုံပဲ”

​ကျန်းယဲ့က အသားကင်များကို ချလိုက်ပြီး ဖိတ်ခေါ်မထားသော ဧည့်သည်တစ်စုကို အကဲခတ်ကြည့်လိုက်၏။

​ချန်ယန်၏ အကြည့်များက လူအုပ်ကြီးကို လျင်မြန်စွာ ဝေ့ကြည့်သွားပြီး နောက်ဆုံးတွင် ကျန်းယဲ့ပေါ်သို့ ကျရောက်သွားလေသည်။

​ဤတည်ငြိမ်သော လူငယ်က အဖွဲ့၏ ဗဟိုချက်ဖြစ်ကြောင်း ထင်ရှားနေခဲ့သည်။

​သူက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ရှေ့သို့တိုးကာ အက်ကွဲသော်လည်း ရိုးသားသော အသံဖြင့် ပြောလိုက်၏။

​“အစ်ကို... ကျွန်တော်တို့ တကယ် အန္တရာယ်ပေးဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ဆာလွန်းလို့ သည်းမခံနိုင်တော့လို့ပါ..”

​သူက သူ၏ ဟာလာဟင်းလင်း ဖြစ်နေသော ဗိုက်ကို ပုတ်ကာ ခါးသီးစွာ ပြုံးလျက် ပြောလိုက်ချေသည်။

​“ဒီကျိန်စာသင့်နေတဲ့ နေရာမှာ ရှာလို့ရနိုင်တဲ့ ထောက်ပံ့ရေးပစ္စည်း အားလုံးက လုယက်ခံရပြီးပြီလေ”

​သူ၏ အနောက်ရှိ အသင်းဖော်များက ခေါင်းညိတ်လိုက်ကြပြီး သူတို့၏ မျက်လုံးများတွင် ပင်ပန်းနွမ်းနယ်မှုနှင့် တမ်းတမှုများ ပြည့်နှက်နေခဲ့ကြသည်။

​လင်းရှောင်ယွီက အကင်စင်ပေါ်ရှိ အဆီများ ထွက်ကျနေသော အသားကင်များကို မနေနိုင်ဘဲ ခိုးကြည့်လိုက်ပြီး သူမ၏ လည်စိမှာ နိမ့်ချည်မြင့်ချည် ဖြစ်သွားရသည်။

​“ခင်ဗျားတို့ရဲ့ အစားအစာကို ကျွန်တော်တို့ အလကား မယူပါဘူး” ချန်ယန်က ခါးမှ ညစ်ပတ်နေသော အဝတ်အိတ်တစ်လုံးကို ယူကာ မှိန်ဖျော့ဖျော့ လင်းလက်နေသော ခရစ်စတယ်အချို့ကို လောင်းချလိုက်၏။ “ခရစ်စတယ်စွမ်းအင်တုံးတွေနဲ့ ကျွန်တော်တို့ လဲလှယ်လို့ရပါတယ်...”

​“ခရစ်စတယ်စွမ်းအင်တုံး ဟုတ်လား...”

​လုချင်ဟယ်နှင့် ဦးလေးလီတို့က အချင်းချင်း အကဲခတ်ကြည့်လိုက်ကြပြီးနောက် သူ၏ လက်ထဲရှိ အဝတ်အိတ်ကို လှည့်ကြည့်လိုက်ရာ သူတို့၏ မျက်နှာများတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေခဲ့သည်။

​အခြားသူများမှာမူ ထိုစကားလုံးကို မရင်းနှီးကြောင်း ထင်ရှားစွာဖြင့် ကြောင်တောင်တောင် ဖြစ်နေကြ၏။

​ကျန်းယဲ့က တည်ငြိမ်နေသော်လည်း သူ၏ မျက်လုံးများတွင် စိတ်ဝင်စားမှု အရိပ်အယောင်တစ်ခု လက်ခနဲ ဖြစ်သွားရသည်။

​ခရစ်စတယ်စွမ်းအင်တုံးဆိုသည်မှာ ကမ္ဘာပျက်ခေတ်၏ ခိုင်မာသော ငွေကြေးဖြစ်ပြီး စူပါပါဝါရှိသူများအတွက် စွမ်းအားအရင်းအမြစ် ဖြစ်ကြောင်း သူ သေချာပေါက် သိထားအေသည်။

​လီဇယ်ခိုင်က သတိဖြင့် ချဉ်းကပ်လာပြီး ကျန်းယဲ့၏ နားနားကပ်ကာ တီးတိုးပြောလိုက်၏။

​“လဲလှယ်ဖို့ တန်ပါတယ်။ သုတေသနလုပ်ဖို့ ပြန်သယ်သွားရင် တကယ့်ကို တန်ဖိုးရှိမှာပါ...”

​သူတို့ နေထိုင်သော ကမ္ဘာတွင် အသုံးပြု၍ ရနိုင်၊ မရနိုင်ကို မသိရသော်လည်းပေါ့.....

​ကျန်းယဲ့က သူ၏ အသင်းဖော်များကို အကဲခတ်ကြည့်လိုက်ရာ အများစုမှာ သိချင်စိတ်ပြင်းပြနေကြသည် သို့မဟုတ် သဘောတူညီနေကြသည်ကို တွေ့လိုက်ရ၏။ ထို့နောက် သူက ချန်ယန်ကို ခေါင်းညိတ်ပြကာ ပြောလိုက်လေသည်။

​“ကောင်းပြီလေ”

​ချန်ယန်နှင့် အခြားလေးဦးတို့က သက်ပြင်းချလိုက်ကြပြီး တင်းမာနေသော သူတို့၏ ပခုံးများ ပြေလျော့သွားကြရသည်။

​ကျန်းမုန်က ဝါကြင့်ကြင့် သွားများကို ဖော်ကာ မနေနိုင်ဘဲ ပြုံးဖြီးဖြီး လုပ်လိုက်၏။

​“ကျေးဇူးတင်ပါတယ်” ချန်ယန်က ခရစ်စတယ်စွမ်းအင်တုံးများကို ကမ်းပေးလိုက်သည်။ “ဒီခရစ်စတယ်စွမ်းအင်တုံးတွေကို အစားအစာ ဘယ်လောက်နဲ့ လဲလှယ်လို့ ရနိုင်မလဲ မသိဘူး...”

​ချန်ယန်က သူ၏ ရိုးသားမှုကို ပြသရန်အတွက် အခွင့်အရေးကို လွှဲပြောင်းပေးလိုက်ခြင်းပင်။

​ကျန်းယဲ့က အဝတ်အိတ်ကို ဖွင့်ကာ အတွင်းရှိ ခရစ်စတယ်စွမ်းအင်တုံးများကို လောင်းချလိုက်၏။

​ဆန့်တန်းထားသော လက်ဖဝါးထဲတွင် ခရစ်စတယ်စွမ်းအင်တုံးဆယ့်နှစ်ခု ရှိနေပြီး ၎င်းတို့၏ အရောင်ခြောက်မျိုးက အလင်းရောင်အောက်တွင် တလက်လက် တောက်ပနေခဲ့သည်။

​မီးတောက်ကဲ့သို့ အနီရောင်၊ တက်ကြွသော အစိမ်းရောင်၊ နက်ရှိုင်းသော အပြာရောင်၊ တောက်ပသော အဝါရောင်၊ မျက်စိကျိန်းမတတ် ရွှေရောင်နှင့် စင်ကြယ်သော အဖြူရောင်... ခရစ်စတယ်စွမ်းအင်တုံး တစ်ခုစီတိုင်းက မီးရောင်အောက်တွင် ပုံမှန်မဟုတ်သော တောက်ပမှုဖြင့် လင်းလက်နေပြီး အတွင်းတွင် ထူးခြားသော စွမ်းအင်အငွေ့အသက်များကို ထုတ်လွှတ်နေပုံရလေသည်။

အခန်း ၁၄၀ပြီး၏။

All Chapters