အခန်း ၁၄၁
Vol. 15 Ch. 141
အခန်း (၁၄၁) နှစ်ဖက်စလုံးက အမြတ်ထွက်သည်ဟု ထင်နေကြခြင်း
ကျန်းယဲ့က ခရစ်စတယ်စွမ်းအင်တုံး ဆယ့်နှစ်ခုကို လက်ခံရရှိလိုက်သောအခါ စနစ်အသိပေးချက်တစ်ခုက သူ၏ မျက်စိရှေ့တွင် ရုတ်တရက် ပေါ်လာ၏။
[အဆင့် ၁ ခရစ်စတယ်စွမ်းအင်တုံး (စွမ်းအင်တန်ဖိုး - ၅၀)]
သူက မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီး သူ၏ လက်ချောင်းထိပ်များဖြင့် ခရစ်စတယ်စွမ်းအင်တုံး၏ ချောမွေ့သော မျက်နှာပြင်ကို ပွတ်သပ်လိုက်၏။
‘အဆင့် သတ်မှတ်ချက်စနစ်တွေလည်း ရှိသေးတာပဲ....’
စိတ်ထဲတွင် ရွေးချယ်စရာများကို လျင်မြန်စွာ ချိန်ဆပြီးနောက် ကျန်းယဲ့က မော့ကြည့်ကာ ချန်ယန်နှင့် အခြားလေးဦးကို ပြောလိုက်ခေသည်။
“ထမင်းဘူးတစ်ဘူးကို ခရစ်စတယ်စွမ်းအင်တုံး တစ်ခုနဲ့ လဲလှယ်ပါမယ်.... ”
‘ဟာ သောက်ကျိုးနည်း....’
လုချင်ဟယ်နှင့် အခြားသူများမှာ အလွန်အံ့သြသွားသဖြင့် စကားပင် မပြောနိုင်တော့ချေ။
‘ဒါရိုက်တာကျန်းက တကယ့်ကို ပါးနပ်တဲ့ စီးပွားရေးသမား တစ်ယောက်ပဲ...’
ဦးလေးလီက တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သော်လည်း ရှန်ကျီရှား၏ အကြည့်တစ်ချက်ကြောင့် ရပ်တန့်သွားရသည်။
ချန်ယန်၏ အဖွဲ့က တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းညိတ်လိုက်၏။
“သဘောတူတယ်...”
ကျန်းယဲ့က အနည်းငယ် ပြုံးလိုက်ပြီး သူ၏ ညာဘက်လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ အငွေ့တထောင်းထောင်း ထွက်နေသော ထမင်းဘူး ဆယ့်နှစ်ဘူးက ကြမ်းပြင်ပေါ်တွင် ချက်ချင်း ပေါ်လာခဲ့သည်။
ထမင်းဘူး တစ်ဘူးစီကို အလွှာနှစ်လွှာ ခွဲထားလေသည်။ အပေါ်လွှာတွင် ဝက်သားဟင်း၊ ကွန်ပေါင်းကြက်သားဟင်း၊ ရာသီပေါ် ဟင်းသီးဟင်းရွက်ကြော်နှင့် အချဉ်နှင့် အစပ် အာလူးကြော်တို့ ပါဝင်ပြီး အောက်လွှာတွင်မူ ဖန်ကဲ့သို့ ကြည်လင်နေပြီး ဖောင်းကားနေကာ ဆွဲဆောင်မှုရှိသော ရနံ့များ ထွက်ပေါ်နေသည့် ထမင်းဖြူများ ပြည့်နှက်နေ၏။
ချန်ယန်နှင့် အခြားလေးဦးတို့က မျက်လုံးပြူးကာ စိုက်ကြည့်နေကြပြီး တံတွေးကို ခက်ခဲစွာ မျိုချနေသဖြင့် သူတို့၏ လည်စိများမှာ နိမ့်ချည်မြင့်ချည် ဖြစ်နေချေသည်။
လင်းရှောင်ယွီ၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုကြောင့် မျက်ရည်များ ပြည့်လျှံလာရသည်။ ဤမျှ ကြီးကျယ်ခမ်းနားသော အစားအစာကို နောက်ဆုံးအကြိမ် ဘယ်တုန်းက မြင်တွေ့ခဲ့ရသည်ကို သူမ မမှတ်မိနိုင်တော့ချေ။
“ကိုယ်တိုင် ယူကြလေ...” ကျန်းယဲ့က တည်ငြိမ်စွာ ပြောလိုက်၏။
လူငါးဦးစလုံးသည် ထမင်းဘူးများဆီသို့ အပြေးအလွှား သွားရောက်ကာ ကောက်ယူပြီး အငမ်းမရ စားသောက်ကြလေတော့သည်။
ကျန်းမုန်က တူကိုပင် အသုံးမပြုတော့ဘဲ ဝက်သားကို လက်ဖြင့်ယူကာ ပါးစပ်ထဲသို့ သွတ်သွင်းနေခဲ့သည်။
ချန်ယန်ကမူ ထမင်းများကို ပါးစပ်ထဲသို့ အရူးအမူး ကော်ထည့်နေသဖြင့် သူ၏ မျက်နှာတစ်ပြင်လုံးတွင် ထမင်းစေ့များ ကပ်နေချေသည်။
အဆိုးရွားဆုံးမှာ ဝမ်လဲ့ပင်။ သူက ငိုရင်း စားသောက်နေရာ မျိုးဆက်ပေါင်းများစွာ အစာမစားရသေးသော ဆာလောင်နေသည့် သရဲတစ္ဆေတစ်ကောင်နှင့် တူနေလေသည်။
ကျန်းခိုင်နှင့် အခြားသူများမှာ ဆွံ့အသွားကြရသည်။
ရှန်ကျီရှားက တံတွေးကို ခက်ခဲစွာ မျိုချလိုက်၏။
“သူတို့ နောက်ဆုံး အစာစားခဲ့တာ ဘယ်လောက်တောင် ကြာပြီလဲ မသိဘူး...”
လုချင်ဟယ်က လေးနက်သော အသံဖြင့် ပြောလိုက်၏။
“ဒီကမ္ဘာပျက်ခေတ်မှာ ဒီလိုအစားအစာမျိုး စားရတာက အိပ်မက်တွေ တကယ်ဖြစ်လာတာနဲ့ အတူတူပဲ... ”
ထမင်းဘူး ဆယ့်နှစ်ဘူးစလုံး လုံးဝ ပြောင်သလင်းခါသွားပြီး ထမင်းတစ်စေ့မျှပင် မကျန်တော့ချေ။
ချန်ယန်နှင့် သူ၏ အသင်းဖော် လေးဦးတို့က ဖောင်းကားနေသော သူတို့၏ ဗိုက်များကို ကျေနပ်စွာ ပုတ်ကာ လေချဉ်တက်လိုက်ကြသော်လည်း သူတို့၏ အကြည့်များကမူ အကင်စင်ပေါ်ရှိ ရွှေရောင် တောက်ပနေသော ကြက်တောင်ပံများဆီသို့ မနေနိုင်ဘဲ ဝေ့ဝဲသွားကြရသည်။
“ကြက်တောင်ပံ စားချင်သေးလား... ” ကျန်းခိုင်က မွှေးကြိုင်နေသော ကြက်တောင်ပံကင် ငါးချောင်းကို စိတ်အားထက်သန်စွာ ကောက်ကိုင်လိုက်၏။ “ခရစ်စတယ်စွမ်းအင်တုံး တစ်ခုတည်းပေး...”
လေထုထဲတွင် ဇီရာနှင့် ပျားရည်၏ ချိုမြိန်သော ရနံ့များ ပြည့်နှက်နေပြီး ကြက်တောင်ပံကင်များ၏ မျက်နှာပြင်က ဆွဲဆောင်မှုရှိသော အဆီများဖြင့် တောက်ပနေချေသည်။
လင်းရှောင်ယွီက မသိစိတ်မှ အလိုအလျောက် တံတွေးမျိုချလိုက်ပြီး သူမ၏ လက်ချောင်းများမှာ အနည်းငယ် တွန့်လိမ်သွားသော်လည်း နောက်ဆုံးတွင် ချန်ယန်က ခေါင်းခါလိုက်၏။
“နေပါစေတော့... နောက်တစ်ခါမှပေါ့”
သူ၏ အသင်းဖော်များက တမ်းတသော အကြည့်များဖြင့် ကြည့်နေကြသော်လည်း သူတို့အားလုံး ခေါင်းခါလိုက်ကြလေသည်။
ကျန်းခိုင် မှင်သက်သွားရသည်။
“မဟုတ်သေးဘူးလေ... ခရစ်စတယ်စွမ်းအင်တုံး တစ်ခုကို ကြက်တောင်ပံ ငါးချောင်းဆိုတာ တန်တယ် မဟုတ်ဘူးလား”...
“မတန်လို့ မဟုတ်ပါဘူး” ချန်ယန်က ခါးသီးစွာ ပြုံးလျက် ခေါင်းခါပြလိုက်၏။ “မပေးရက်လို့ပါ... ခရစ်စတယ်စွမ်းအင်တုံးတွေက အလွယ်တကူ ရနိုင်တဲ့အရာ မဟုတ်ဘူးလေ..”
ကျန်းမုန်က ဝင်ပြောလိုက်လေသည်။
“ဒီခရစ်စတယ်စွမ်းအင်တုံး ဆယ့်နှစ်ခုရဖို့အတွက် ငါတို့ ဇွန်ဘီအကောင်နှစ်ဆယ်ကျော် သတ်ခဲ့ရတာ။ တချို့ ဇွန်ဘီတွေရဲ့ ခေါင်းထဲမှာ အဲဒါ မပါဘူး။ အခု ဇွန်ဘီတွေက အရင်ကထက် သတ်ရ ပိုခက်လာတယ်”
ဤခရစ်စတယ်စွမ်းအင်တုံးများက ကမ္ဘာပျက်ခေတ်၏ ခိုင်မာသော ငွေကြေးသာမက စူပါပါဝါရှိသူများ၏ ဆင့်ကဲပြောင်းလဲမှုအတွက် အသက်သွေးကြောလည်း ဖြစ်လေသည်။
ဇွန်ဘီများက ဆင့်ကဲပြောင်းလဲနေပြီး ပိုမိုမြန်ဆန် ပိုမိုသန်မာလာကြ၏။
အကယ်၍ သူတို့သာ သူတို့၏ စွမ်းရည်များကို ပိုမိုမြန်ဆန်သော နှုန်းဖြင့် မမြှင့်တင်နိုင်ပါက ဖယ်ရှားခံရခြင်းကိုသာ ရင်ဆိုင်ရမည် ဖြစ်သည်။
အားကြီးသူက အားနည်းသူကို အနိုင်ကျင့်သည့် ဤစွန့်ပစ်နယ်မြေတွင် သင်က ပိုမို သန်မာလာရမည် သို့မဟုတ် သေဆုံးရမည်သာ။
သူတို့၏ စွမ်းရည်အဆင့်က သူတို့၏ ရှင်သန်နိုင်စွမ်း အခွင့်အရေးပင်။
မီးရောင်က လူငါးဦး၏ မျက်နှာများကို လင်းထိန်စေပြီး သူတို့၏ ကူကယ်ရာမဲ့နေမှုများကို ဖော်ပြနေခဲ့သည်။
ကြက်တောင်ပံများက ဆွဲဆောင်မှုရှိသော်လည်း အရည်အသွေးပိုင်းဆိုင်ရာ အမှန်တကယ် တိုးတက်မှုအတွက် နောက်တန်းသို့ ဖယ်ပေးရချေမည် ။
ကျန်းခိုင်က ကြက်တောင်ပံများကို ရှက်ရွံ့စွာ ပြန်ထားလိုက်ပြီး ခေါင်းကို ကုတ်ကာ ပြောလိုက်၏။
“ကောင်းပြီလေ...”
ထို့နောက် သူက ကျန်းယဲ့ဘက်သို့ လှည့်ကာ တီးတိုးပြောလိုက်၏။
“ဒါရိုက်တာကျန်း... သူတို့ရဲ့ သိမြင်မှုက ကျွန်တော်တို့ထက် အများကြီး ပိုမြင့်မားတယ်နော်...”
ကျန်းယဲ့က ကျန်းခိုင်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏။
“ကမ္ဘာပျက်ခေတ်မှာ ကြာကြာ အသက်ရှင်နိုင်တဲ့သူတွေက ဘာကို စွန့်လွှတ်ရမလဲ... ဘာကို ရယူရမလဲဆိုတာ သိကြတယ်”
“ကျွန်တော့်ဆီမှာ ချောကလက်တစ်ဗူးနဲ့ ကျစ်လစ်တဲ့ ဘီစကွတ်တစ်ဗူး ရှိတယ်” လီဇယ်ခိုင်က ရုတ်တရက် ပြောလာခဲ့သည်။ “ခရစ်စတယ်စွမ်းအင်တုံး ငါးခုပဲ လိုတယ်...”
ထိုစကားကို ကြားသောအခါ ချန်ယန်က လီဇယ်ခိုင်ကို မော့ကြည့်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် စိတ်ဝင်စားမှု အရိပ်အယောင်တစ်ခု လက်ခနဲ ဖြစ်သွားရသည်။
ချောကလက်ဆိုသည်မှာ ကယ်လိုရီ မြင့်မားသော အသက်ကယ်ပစ္စည်း ဖြစ်၏။
ကျစ်လစ်သော ဘီစကွတ်များမှာ အချိန်ကြာမြင့်စွာ သိမ်းဆည်းထားနိုင်သော ခိုင်မာသည့် ငွေကြေးပင်။
ဤပစ္စည်း နှစ်မျိုးစလုံးက ကမ္ဘာပျက်ခေတ်တွင် အလွန် ဝယ်လိုအားများချေသည်။
“ပစ္စည်းတွေကို... ပစ္စည်းတွေကို အရင်ကြည့်လို့ ရမလား” လင်းရှောင်ယွီက အနည်းငယ် ရှက်ရွံ့စွာ မေးလိုက်၏။
လီဇယ်ခိုင်က ခေါင်းညိတ်ပြလိုက်ပြီး ကျန်းယဲ့ဆီသို့ လှည့်ကာ လျှောက်သွားလိုက်သည်။
သူက ကျန်းယဲ့ထံမှ ငွေရောင်သံဖြူဗူးတစ်ဗူးနှင့် စစ်ဘက်သုံး ကျစ်လစ်သော ဘီစကွတ်အထုပ်တစ်ထုပ်ကို ယူလိုက်လေသည်။
ချန်ယန်၏ အဖွဲ့အတွက်မူ ဤလုပ်ရပ်ကို ကျန်းယဲ့တွင် သိုလှောင်ရေး နေရာလွတ်စွမ်းရည်ရှိပြီး အသင်းဖော်များအားလုံး၏ ထောက်ပံ့ရေး ပစ္စည်းများကို ၎င်းအတွင်း၌ သိမ်းဆည်းထားသည်ဟု ရိုးရှင်းစွာ ယူဆလိုက်ကြ၏။
ဘာပဲဖြစ်ဖြစ် ဤအခြေအနေမျိုးမှာ ကမ္ဘာပျက်ခေတ် အဖွဲ့ငယ်လေးများကြားတွင် အလွန် အဖြစ်များသော ကိစ္စပင်။
လီဇယ်ခိုင်က အဖွဲ့ဝင်များရှေ့တွင် သံဖြူဗူးကို ဖွင့်ပြလိုက်၏။ အတွင်းတွင် သီးခြား ထုပ်ပိုးထားသော ချောကလက် သုံးဆယ့်ခြောက်ခု ပါဝင်ပြီး တစ်ခုစီတိုင်းက ဆွဲဆောင်မှုရှိသော အရောင်ဖြင့် တောက်ပနေခဲ့သည်။
ကျစ်လစ်သော ဘီစကွတ်များက စံချိန်မီ စစ်ဘက်သုံး ထုပ်ပိုးမှုဖြင့် လာပြီး ၁၀၀ ဂရမ် အထုပ်ငါးထုပ်ကို တင်းကျပ်စွာ ပိတ်ထားလေသည်။
လီဇယ်ခိုင် ပြောသော တစ်ဗူး၏ ပမာဏကို မြင်ပြီးနောက် လူငါးဦးအဖွဲ့၏ အသက်ရှူသံများ သိသိသာသာ မြန်ဆန်လာကြရသည်။
ကမ္ဘာပျက်ပြီးနောက်ပိုင်း ကုန်သွယ်ရေး ဈေးကွက်တွင် ဤကျစ်လစ်သော ဘီစကွတ် ငါးထုပ်တည်းနှင့်ပင် ခရစ်စတယ်စွမ်းအင်တုံး ငါးခု တန်ဖိုးရှိပြီး ချောကလက်ဗူးမှာ အလကားရသကဲ့သို့ ဖြစ်နေချေသည်။
“သဘောတူတယ်...” ချန်ယန်က ခရစ်စတယ်စွမ်းအင်တုံး ငါးခုကို ပြတ်သားစွာ ထုတ်ပေးလိုက်၏။
ချန်ယန်က ခရစ်စတယ်စွမ်းအင်တုံးများကို လီဇယ်ခိုင်၏ လက်ထဲသို့ ထည့်ပေးလိုက်ပြီးနောက် ထောက်ပံ့ရေးပစ္စည်းများကို လွှဲပြောင်းယူလိုက်လေသည်။
သူ၏ အသင်းဖော်များက ချက်ချင်း ဝိုင်းရံလာကြပြီး ပစ္စည်းများကို ဂရုတစိုက် သိမ်းဆည်းလိုက်ကြ၏။
သူတို့ ချောကလက် အရသာကို မခံစားရသည်မှာ နှစ်ချီနေချေပြီ။
“ခြွေတာပြီး စားကြ...” ချန်ယန်က သူ၏ အသင်းဖော်များကို တီးတိုး သတိပေးလိုက်၏။ “ဒါက ငါတို့ အခြေစိုက်စခန်းကို ပြန်ရောက်တဲ့အထိ လုံလောက်တယ်...”
လီဇယ်ခိုင် ပစ္စည်းကို အောင်မြင်စွာ လဲလှယ်လိုက်သည်ကို မြင်ပြီးနောက် သူကိုယ်တိုင် ငြင်းပယ်ခံလိုက်ရသည်ကို တွေးမိကာ ကျန်းခိုင် လုံးဝ စိတ်ဓာတ်ကျသွားရလေသည်။
နောက်ခဏ၌ ရုတ်တရက် အတွေးတစ်ခု သူ့ခေါင်းထဲ ပေါ်လာပြီး သူ၏ ကျောပိုးအိတ်ထဲမှ တစ်ခုခုကို ချက်ချင်း ဆွဲထုတ်လိုက်ကာ သူ့တွင် အမဲသားခြောက်အချို့ရှိကြောင်း ပြောရန် ပြင်လိုက်သော်လည်း...
သူ စကားမပြောနိုင်မီမှာပင် ဖန်ကျောက်ဟယ်က အရင်ဆုံး ပြောလိုက်လေသည်။
“အမဲသားခြောက် ငါးထုပ်၊ တစ်ထုပ်ကို ခရစ်စတယ်စွမ်းအင်တုံး တစ်ခု... တစ်ထုပ်ကို ၂၅၀ ဂရမ် ပါတယ်”
ထိုစကားကြောင့် ချန်ယန်၏ မျက်လုံးများ တောက်ပသွားရသည်။
“ကျွန်တော် ယူမယ်... ”
ကျန်းခိုင် မယုံကြည်နိုင်စွာဖြင့် မျက်လုံးပြူးသွားရသည်။
‘ဟာ သောက်ကျိုးနည်း... ဒီလောက်တောင် အစွန်းရောက်ဖို့ လိုလို့လား’
သူက ချန်ယန်နှင့် သူ၏အဖွဲ့ကို လှမ်းပြောလိုက်၏။
“ကျွန်တော့်ဆီမှာလည်း အမဲသားခြောက် ရှိတယ်... လိုချင်သေးလား”
ချန်ယန်က ခေါင်းခါပြလိုက်လေသည်။
“ငါးထုပ်ဆို လုံလောက်ပါပြီ...”
ထိုစကားကို ကြားသောအခါ ကျန်းခိုင်ဟာ စကားဆက်မပြောတော့ဘဲ သူ၏ စိတ်ကူးကို အမြန်ပြောင်းကာ ဝက်အူချောင်း အထုပ်အချို့ကို အိတ်ထဲမှ ထုတ်ပေးလိုက်ပြန်သည်။
“တစ်ထုပ်ကို ဝက်အူချောင်း ဆယ်ချောင်း ပါတယ်.. ခရစ်စတယ်စွမ်းအင်တုံး တစ်ခုတည်းပဲ လိုတယ်”
လင်းရှောင်ယွီက ကျန်းခိုင်ကို ခရစ်စတယ်စွမ်းအင်တုံး တစ်ခု ကမ်းပေးလိုက်၏။
“တစ်ထုပ်ပဲ ပေးပါ”
“တစ်ထုပ်တည်းလား။ ဘာလို့ ပိုမဝယ်တာလဲ...”
လင်းရှောင်ယွီက အားနာစွာဖြင့် ခေါင်းခါပြလိုက်လေသည်။
“ခရစ်စတယ်စွမ်းအင်တုံး သိပ်မကျန်တော့လို့ပါ...”
လုချင်ဟယ်က အခွင့်အရေးကို အရယူကာ ဝင်ပြောလိုက်၏။
“သောက်ရေသန့်။ တစ်လီတာဘူး... ခရစ်စတယ်စွမ်းအင်တုံး တစ်ခုပဲ”
ချန်ယန်က ခေါင်းခါလိုက်၏။
“ကျွန်တော်တို့ဆီမှာ ရေစွမ်းရည်သုံးနိုင်တဲ့သူ ရှိတယ်... ဒါကြောင့် ရေအတွက် မလိုပါဘူး”
ထိုအခါ မြင်ကွင်းမှာ ကမောက်ကမ ဖြစ်သွားပြီး လူတိုင်းက သူတို့တွင် ရှိသော ထောက်ပံ့ရေး ပစ္စည်းများအကြောင်းကို အော်ဟစ်ပြောဆိုလာခဲ့ကြသည်။
“ကျွန်တော့်ဆီမှာ စစ်ဘက်သုံး စည်သွပ်ဘူးတွေ ရှိတယ်...”
“ကျွန်တော့်ဆီမှာ သေနတ်တစ်လက် ရှိတယ်...”
...
ထောက်ပံ့ရေးပစ္စည်းများကို ပြောပြလာတိုင်း ချန်ယန်အဖွဲ့၏ မျက်လုံးများက အနည်းငယ်စီ ပို၍ တောက်ပလာသော်လည်း ပိန်လှီနေသော ခရစ်စတယ်စွမ်းအင်တုံးအိတ်ကို စမ်းကြည့်ပြီးနောက် နောက်ဆုံးတွင် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါပြလိုက်ကြရသည်။
ဤစုတ်ပြတ်သတ်နေသော အဖွဲ့ငယ်လေးမှာ တကယ့်ကို ဆင်းရဲကြောင်း ကျန်းခိုင်နှင့် သူ၏အဖွဲ့က ထိုအခါမှ သဘောပေါက်သွားကြလေသည်။
သူတို့ ယခု စွန့်လွှတ်လိုက်ရသော်လည်း မည်သူကမျှ စိတ်ပျက်အားငယ်နေသည့် လက္ခဏာ မပြကြချေ။
ဤကမ္ဘာပျက်ခေတ်တွင် သူတို့ ရှေ့ဆက်သွားရမည့် ခရီးစဉ် ခုနစ်ရက်ကျန်ရှိနေသေးပြီး အခြား အသက်ရှင်ကျန်ရစ်သူ အဖွဲ့များနှင့် အရောင်းအဝယ် လုပ်ရန် အခွင့်အရေးများ အများအပြား ရှိဦးမည်ဖြစ်၏။
ချန်ယန်အဖွဲ့၏ စုတ်ပြတ်သတ်နေသော အဝတ်အစားများနှင့် ရှုပ်ယှက်ခတ်နေသော ဒဏ်ရာများကို ကြည့်ရင်း ကျန်းခိုင်က စိတ်ထဲတွင် သက်ပြင်းချလိုက်လေသည်။
“ရော့... ဒါ ယူလိုက်”
သူက ရုတ်တရက် လက်ကို ဝှေ့ယမ်းကာ ဝက်အူချောင်းနှစ်ထုပ်ကို ကျန်းမုန်၏ လက်ထဲသို့ ထိုးထည့်လိုက်ပြီး ပြောလိုက်သည်။
“ဒါ မင်းတို့အတွက်ပဲ...”
အခြားသူ၏ အံ့အားသင့်နေသော အကြည့်အောက်တွင် သူက ခေါင်းကို ကုတ်ကာ ရှင်းပြလိုက်ဆလသည်။
“ဇွန်ဘီတွေကို တိုက်ခိုက်နေရတဲ့ မင်းတို့ကို ကြည့်ရတာ သနားလို့ပါကွာ...”
အခန်း ၁၄၁ပြီး၏။