အခန်း ၁၄၂
Vol. 15 Ch. 142
အခန်း (၁၄၂) သူ မတ်တပ်ရပ်နိုင်သွားပြီ
ချန်ယန်သည် မှင်သက်သွားပြီး သူ၏ ညစ်ပတ်နေသော မျက်နှာပေါ်တွင် မယုံကြည်နိုင်သည့် အမူအရာတစ်ခု ပေါ်လာ၏။
ဤကမ္ဘာပျက်ခေတ်တွင် နှစ်ပေါင်းများစွာ အသက်ရှင်သန်လာခဲ့ရသဖြင့် သူသည် လိမ်လည်လှည့်ဖြားမှုများနှင့် သစ္စာဖောက်မှုများကို ယဉ်ပါးနေခဲ့ပြီဖြစ်ရာ ရုတ်တရက် ကြုံတွေ့လိုက်ရသော ဤကြင်နာမှုက သူ့ကို ကြောင်တောင်တောင် ဖြစ်သွားစေလေသည်။
အဖွဲ့တစ်ခုလုံး မှင်သက်သွားကြပြီး တစ်ခုခု မှားယွင်းနေသလားဟု မသိစိတ်မှ အလိုအလျောက် တွေးတောမိသွားကြရသည်။ သို့သော် ကျန်းခိုင်၏ ကြည်လင်ပြီး အပြစ်ကင်းသော မျက်လုံးများကို မြင်တွေ့လိုက်ရသောအခါ သူတို့၏ ကျဉ်းမြောင်းသော သံသယစိတ်များမှာ တိတ်ဆိတ်စွာ ပျောက်ကွယ်သွားရတော့သည်။
ဘီးတပ်ကုလားထိုင်ပေါ်ရှိ ကျိုးရှင်းကျီက ဤအခိုက်အတန့်အထိ အရောင်းအဝယ်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့၏။ နောက်ဆုံးတွင် သူက ညင်သာစွာ စကားပြောလာချေသည်။ “တောင်းပန်ပါတယ်... ခင်ဗျားတို့အဖွဲ့မှာ ကုသခြင်းစွမ်းရည်ရှိတဲ့သူများ ပါလားဗျ...”
ချန်ယန်၏ အဖွဲ့ မဖြေဆိုနိုင်မီမှာပင် သူက ဆက်ပြောလိုက်သော်လည်း သူ၏အသံမှာ တင်းမာနေပြီး သူ၏ စိုးရိမ်ပူပန်မှုကို ဖော်ပြနေခဲ့သည်။
“တကယ်လို့ ခင်ဗျားတို့ဆီမှာ ကုသခြင်းစွမ်းရည် ရှိတဲ့သူ ပါတယ်ဆိုရင်... ကျွန်တော့်ရဲ့ ခြေထောက်တွေကို တစ်ချက်လောက် ကြည့်ပေးလို့ ရနိုင်မလား....”
လူတိုင်း လှုပ်ရှားမှုများ ရပ်တန့်သွားကြပြီး သူတို့၏ အကြည့်များအားလုံးက သူ၏ အားပျော့နေသော ခြေထောက်များပေါ်သို့ ကျရောက်သွားချေသည်။
မီးရောင်က ကျိုးရှင်းကျီ၏ ဖြူဖျော့နေသော မျက်နှာပေါ်တွင် တဖျပ်ဖျပ် လင်းလက်နေပြီး သူ၏ မျက်လုံးများထဲရှိ ကာလကြာရှည် ဖိနှိပ်ထားခဲ့ရသော ဆန္ဒကို ထင်ဟပ်နေ၏။
လင်းရှောင်ယွီက ရှေ့သို့ထွက်လာခေသည်။ “ကျွန်မက ကုသခြင်းစွမ်းရည်ပိုင်ရှင်ပါ”
ကုသခြင်းစွမ်းရည် ပိုင်ရှင်ရှိကြောင်း ကြားလိုက်ရသဖြင့် ကျိုးရှင်းကျီသည် အလွန်ဝမ်းမြောက်သွားရသည်။ “တကယ်လို့ ခင်ဗျားက ကျွန်တော့်ခြေထောက်တွေကို ကုသပေးနိုင်မယ်ဆိုရင် ခင်ဗျားတို့ လိုအပ်တဲ့ ထောက်ပံ့ရေးပစ္စည်း ဘာမဆို ကျွန်တော် ပေးနိုင်ပါတယ်ယယယ”
လင်းရှောင်ယွီက ခေါင်းခါလိုက်လေသည်။ “မလောပါနဲ့ဦး။ ရှင့်ခြေထောက်တွေကို ကျွန်မ အရင်ကြည့်ပါရစေ...”
သူမအနေဖြင့် သူ၏ ခြေထောက်ပြဿနာများကို ဖြေရှင်းပေးနိုင်ချင်မှ ဖြေရှင်းပေးနိုင်မည်မဟုတ်လော။
လင်းရှောင်ယွီက ဆောင့်ကြောင့်ထိုင်ကာ ဂရုတစိုက် စတင်စစ်ဆေးလိုက်၏။
သူမက ကျိုးရှင်းကျီ၏ ဒူးကို ညင်သာစွာ ပွတ်သပ်လိုက်ချိန်တွင် သူမ၏ လက်ချောင်းထိပ်များမှ အစိမ်းဖျော့ရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာလေသည်။
သူမ၏ သဘာဝလွန်စွမ်းရည်များက စမ်းသပ်စစ်ဆေးနေစဉ် အနည်းငယ် တွန့်ချိုးနေသော သူမ၏ မျက်ခုံးများမှာ တဖြည်းဖြည်း ပြေလျော့သွားခဲ့သည်။
ခဏအကြာတွင် သူမသည် သက်ပြင်းတစ်ချက် ချလိုက်၏။ “အာရုံကြောတွေက လုံးဝ သေဆုံးသွားတာ မဟုတ်ဘူး... ပြီးတော့ ကြွက်သား ဆုတ်ယုတ်မှုကလည်း အရမ်း မဆိုးရွားပါဘူး...”
သူမက ကျိုးရှင်းကျီကို မော့ကြည့်လိုက်ရာ သူမ၏ မျက်လုံးများတွင် ရှုပ်ထွေးမှု အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားခေသည်။ “ဒီလို ဒဏ်ရာအဆင့်မျိုးကို အဆင့်နှစ် ကုသခြင်းစွမ်းရည် ပိုင်ရှင်တစ်ယောက်က ကုသပေးနိုင်ပါတယ်...”
ဤအခြေအနေက သူမကို စိတ်မသက်မသာ ဖြစ်သွစေလေသည်။
ယုတ္တိတန်တန် တွေးကြည့်မည်ဆိုလျှင် ဤကဲ့သို့သော ဒဏ်ရာအဆင့်မျိုးပ သူတို့အဆင့်ရှိသည့် အဖွဲ့တစ်ဖွဲ့အတွက် ဘာမှမဟုတ်ချေ။
နောက်တစ်ခါ ထပ်တွေးကြည့်လျှင် သူတို့အဖွဲ့ထဲက ကုသခြင်းစွမ်းရည် ပိုင်ရှင်က တစ်ခုခု ဖြစ်သွားတာများလား...
သို့မဟုတ် သူတို့ဆီမှာ ကုသခြင်းစွမ်းရည် ပိုင်ရှင် လုံးဝ မရှိတာများလား။
သူမ၏ စကားများက လီဇယ်ခိုင်နှင့် သူ၏အဖွဲ့ကို အံ့အားသင့်သွားစေ၏။
‘တကယ်ပဲ ဒီလောက် ရိုးရှင်းတာလား...’
ကျိုးရှင်းကျီက ဘီးတပ်ကုလားထိုင်၏ လက်တင်ခုံများကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရာ သူ၏ လက်ဆစ်များပင် ဖြူဆွတ်နေလေသည်။ “တကယ်... တကယ်ပဲ ကုလို့ရတာလား...”
သူ၏အသံမှာ ထိန်းမရသိမ်းမရ တုန်ယင်နေ၏။
လင်းရှောင်ယွီက ခေါင်းညိတ်လိုက်၏။ “ရပါတယ်။ ဒါပေမဲ့ အနည်းဆုံး အဆင့်နှစ် ခရစ်စတယ်စွမ်းအင်တုံး သုံးခုရဲ့ စွမ်းအင်တော့ လိုအပ်တယ်”
“ကျွန်တော် အစားအစာတွေနဲ့ လဲလှယ်ပေးနိုင်ပါတယ်...” ကျိုးရှင်းကျီက စိတ်အားထက်သန်စွာ ထပ်ပြောလိုက်ခေသည်။ “အစားအစာတွေ အများကြီး အများကြီး ပေးနိုင်ပါတယ်”
လင်းရှောင်ယွီက ချန်ယန်ကို လှမ်းကြည့်လိုက်ရာ ချန်ယန်က ခရစ်စတယ်စွမ်းအင်တုံးသုံးခုကို တုံ့ဆိုင်းခြင်းမရှိဘဲ ထုတ်ပေးလိုက်ပေသည်။ “သူ့ကို အခုပဲ ကုသပေးလိုက်ပါ...”
လင်းရှောင်ယွီ၏ လက်ဖဝါးထဲတွင် အဆင့်နှစ် ခရစ်စတယ်စွမ်းအင်တုံး သုံးခု မျောလွင့်နေပြီး အစိမ်းဖျော့ရောင် ကုသခြင်းစွမ်းအင်များက ၎င်းတို့ကို ပိုးချည်မျှင်များကဲ့သို့ ရစ်ပတ်ထားခဲ့သည်။
သူမသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး စွမ်းအင်များကို ကျိုးရှင်းကျီ၏ ခြေထောက်များဆီသို့ ဖြည်းညှင်းစွာ စီးဆင်းစေလိုက်၏။
ကုသမှု လုပ်ငန်းစဉ် တိုးတက်လာသည်နှင့်အမျှ ခရစ်စတယ်စွမ်းအင်တုံးမှ အလင်းရောင်များမှာ တဖြည်းဖြည်း မှေးမှိန်လာပြီး လင်းရှောင်ယွီ၏ မျက်နှာမှာလည်း ပို၍ပို၍ ဖြူဖျော့လာလေသည်။
သူမ၏ နဖူးမှ ချွေးသီးချွေးပေါက်များ စိမ့်ထွက်လာပြီး သူမ၏ ပါးပြင်ပေါ်သို့ စီးကျလာခဲ့သည်။
သူမ၏ လက်ချောင်းထိပ်များက အနည်းငယ် တုန်ယင်နေသော်လည်း စွမ်းအင်စီးဆင်းမှုကို တည်ငြိမ်စွာ ထိန်းချုပ်ထားဆဲပင်။
“အင်း...”
ကျိုးရှင်းကျီက ရုတ်တရက် ညည်းညူလိုက်ပြီး ဘီးတပ်ကုလားထိုင်၏ လက်တင်ခုံများကို လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်၏။
အလွန်သေးငယ်သော လျှပ်စစ်စီးကြောင်းများပြားစွာက သူ၏ သွေးကြောများတစ်လျှောက် ဖြတ်သန်းစီးဆင်းသွားသကဲ့သို့ သူ၏ ဒူးဆစ်များတွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။
ဤနာကျင်မှုက ထူးဆန်းသလို ရင်းနှီးနေပြီး အာရုံကြောများ ပြန်လည်ကောင်းမွန်လာကြောင်း ပြသသည့် လက္ခဏာတစ်ခုပင်။
နောက်ဆုံး စွမ်းအင် အနည်းငယ် ကုန်ဆုံးသွားချိန်တွင် လင်းရှောင်ယွီက နောက်သို့ ခြေတစ်လှမ်း ယိမ်းယိုင်သွားသော်လည်း ချန်ယန်က အချိန်မီ ဖမ်းထိန်းပေးလိုက်လေသည်။
သူမက အားနည်းစွာ ပြုံးပြလိုက်၏။ “တစ်ချက်လောက် စမ်းကြည့်မလား”
ပတ်ဝန်းကျင်သည် လုံးဝ တိတ်ဆိတ်သွားချေသည်။
ကျိုးရှင်းကျီ၏ တုန်ယင်နေသော လက်များက လက်တင်ခုံများကို ဖြည်းညှင်းစွာ လွှတ်လိုက်ပြီး ဘီးတပ်ကုလားထိုင်၏ တစ်ဖက်တစ်ချက်စီကို ထောက်ကာ မတ်တပ်ရပ်ရန် ကြိုးစားနေသည်ကို လူတိုင်းက မသိစိတ်မှ အလိုအလျောက် အသက်အောင့်လျက် စောင့်ကြည့်နေခဲ့ကြသည်။
သူက ခြေထောက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး ကြမ်းပြင်နှင့် ထိတွေ့စေရန် ဂရုတစိုက် ချလိုက်၏။
သူ၏ ခန္ဓာကိုယ် အလေးချိန် တစ်ခုလုံး ခြေထောက်ပေါ်သို့ ကျရောက်သွားသည့် အခိုက်အတန့်တွင် သူ၏ မျက်လုံးများ၌ မျက်ရည်များ ချက်ချင်း ပြည့်လျှံလာပေသည်။
တစ်လှမ်း... နှစ်လှမ်း...
မည်သည့် အထောက်အပံ့မှ မပါဘဲ ကျိုးရှင်းကျီဟာ လူတိုင်း၏ရှေ့တွင် တည်ငြိမ်စွာ မတ်တပ်ရပ်နေပြီး သူ၏ တုန်ယင်နေသော ပါးပြင်ပေါ်သို့ မျက်ရည်များ ထိန်းမရသိမ်းမရ စီးကျလာခဲ့သည်။
သုံးနှစ်ကြာပြီးနောက် နောက်ဆုံးတွင် ကမ္ဘာမြေကြီး၏ ခိုင်မာသော အထိအတွေ့ကို သူ တစ်ဖန် ပြန်လည် ခံစားလိုက်ရချေပြီ။
“ကျွန်တော်... ကျွန်တော် အခု လမ်းလျှောက်လို့ ရပြီ” သူ၏အသံမှာ ရှိုက်သံများကြောင့် နင်နေပြီး ကြားရခက်နေခဲ့သည်။
ချက်ချင်းပင် လူတိုင်းက သူ့ကို ပျော်ရွှင်စွာ ဂုဏ်ပြုလိုက်ကြ၏။
ကျန်းခိုင်က အပြေးအလွှား လာပြီး သူ့ကို အားပါးတရ ဖက်လိုက်လေသည်။
“ကျေးဇူးတင်ပါတယ်” ကျိုးရှင်းကျီက အားနည်းနေသော လင်းရှောင်ယွီဘက်သို့ လှည့်ကာ ရိုသေစွာ ဦးညွှတ်လိုက်၏။ “ဒီကျေးဇူးကို ကျွန်တော် အမြဲတမ်း မှတ်ထားပါ့မယ်...”
ကျိုးရှင်းကျီက သူ၏ စိတ်လှုပ်ရှားနေသော ခံစားချက်များကို ငြိမ်သက်စေလိုက်ပြီး မျက်ထောင့်မှ မျက်ရည်များကို သုတ်ကာ ချန်ယန်နှင့် အခြားလေးဦးကို လေးနက်စွာ ကြည့်လိုက်ပြန်သည်။ “ခင်ဗျားတို့ ဘာတွေ လိုအပ်လဲ...”
လင်းရှောင်ယွီသည် သူမ၏ အသင်းဖော်များနှင့် အချင်းချင်း အကဲခတ်ကြည့်လိုက်ကြ၏။ “ကျွန်မတို့ ဆွေးနွေးလိုက်ကြဦးမယ်”
လူငါးဦးက ဘတ်စ်ကားအနီးရှိ နေရာတစ်ခုသို့ လျှောက်သွားချိန်တွင် လီရှောင်တောက်က သူ၏ အသံကို ချက်ချင်း နှိမ့်လိုက်ပြီး သူ၏ မျက်လုံးများ တောက်ပလာချေသည်။ “ဒီအခွင့်အရေးကို အသုံးချပြီး ငါတို့ ပိုမတောင်းသင့်ဘူးလား။ သူကိုယ်တိုင်က ဘယ်လောက်ပဲဖြစ်ဖြစ် တောင်းလို့ရတယ် ပြောထားတာပဲလေ”
ထိုစကားကို ကြားသောအခါ ကျန်းမုန်နှင့် ဝမ်လဲ့တို့က စိတ်ဝင်စားသည့် အမူအရာများ ပြသလာကြ၏။
သို့သော် ချန်ယန်က သူတို့ကို အေးစက်စွာ ကြည့်လိုက်ပြီး ပြောလိုက်၏။ “မိုက်မဲတဲ့ အလုပ်တွေ မလုပ်ကြနဲ့...”
သူက သူ၏ အသံကို သိသိသာသာ နှိမ့်လိုက်သည်။ “ဒီလူတွေကို အရူးတွေလို့ မင်းတို့ တကယ် ထင်နေကြတာလား....”
ထိုသုံးဦး တိတ်ဆိတ်နေဆဲဖြစ်သည်ကို မြင်သောအခါ ချန်ယန်က လေသံကို လျှော့ကာ ခွဲခြမ်းစိတ်ဖြာပြလိုက်၏။ “သူတို့က ဒီလောက်များပြားတဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို လွယ်လွယ်ကူကူ ထုတ်ပေးနိုင်တယ်။ ပြီးတော့ ကုသမှုစရိတ်အတွက်တောင် ဈေးမဆစ်ကြဘူး။ ဒါကြောင့် သူတို့ရဲ့ နောက်ခံက သေချာပေါက် မရိုးရှင်းဘူး”
သူက သူ၏ အသင်းဖော်များနှင့် စကားပြောကာ ရယ်မောနေသော ကျန်းခိုင်ကို လှမ်းကြည့်လိုက်ပြီး ပြောလိုက်ပြန်သည်။ “ဒီလို အမြတ်အစွန်း သေးသေးလေးကို လောဘတက်နေမယ့်အစား အချိတ်အဆက်ကောင်းတစ်ခု တည်ဆောက်ထားတာက ပိုကောင်းတယ်...”
လင်းရှောင်ယွီက သဘောတူညီစွာ ခေါင်းညိတ်လိုက်လေသည်။ “ခေါင်းဆောင်ပြောတာ မှန်တယ်။ အခု ပစ္စည်းတွေ အများကြီး ထပ်တောင်းတာထက် ဒီကျေးဇူးကြွေးကို တည်ဆောက်ထားတာက ပိုပြီး တန်ဖိုးရှိပါတယ်... ”
ထိုသုံးဦးက နားထောင်ပြီးနောက် သူတို့၏ လျှို့ဝှက်ရည်ရွယ်ချက်များကို စွန့်လွှတ်လိုက်ကြ၏။
ငါးမိနစ်အကြာတွင် ချန်ယန်က ထောက်ပံ့ရေးပစ္စည်းများ ပြည့်နှက်နေသော စာရင်းတစ်ခုကို ကျိုးရှင်းကျီအား ကမ်းပေးလိုက်သည်။
ကျိုးရှင်းကျီက ၎င်းကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှမပြောဘဲ သဘောတူညီစွာ ခေါင်းညိတ်လိုက်၏။
ဤထောက်ပံ့ရေးပစ္စည်းများက ခေတ်သစ်ကမ္ဘာတွင် ဝယ်ယူမည်ဆိုပါက စုစုပေါင်း ယွမ်ငါးထောင်ထက်ပင် ပိုမည်မဟုတ်ချေ။
၎င်းမှာ ပြန်လည် လမ်းလျှောက်နိုင်တော့မည့် သူ၏ ခြေထောက်များနှင့် နှိုင်းယှဉ်ပါက ဘာမှမဟုတ်ပေ။
“ဒါရိုက်တာကျန်း” ကျိုးရှင်းကျီက စာရင်းကို ကျန်းယဲ့ထံ ကမ်းပေးလိုက်၏။ “အကူအညီလေး လိုလို့ပါဗျာ”
ကျန်းယဲ့က စာရင်းကို ယူလိုက်ပြီး သူ၏ လက်ချောင်းများဖြင့် လေထဲတွင် ခပ်ဖွဖွ အကြိမ်အနည်းငယ် နှိပ်လိုက်လေသည်။
နောက်ခဏ၌ အလင်းရောင်တစ်ချက် လက်သွားသည်နှင့်အတူ ဖောင်းကားနေသော စစ်ဘက်သုံး ကျောပိုးအိတ် ငါးလုံးက လေထဲမှ ပေါ်ထွက်လာပြီး ကြမ်းပြင်ပေါ်တွင် သပ်ရပ်စွာ စီရီနေခဲ့သည်။
ချန်ယန်၏ အဖွဲ့က ပစ္စည်းများကို ရေတွက်ရန် အမြန်ရှေ့တိုးလာကြ၏။
ကျောပိုးအိတ်ထဲတွင် သူတို့ လိုအပ်သော ထောက်ပံ့ရေးပစ္စည်းများသာမက ကျစ်လစ်သော ဘီစကွတ်များနှင့် အသားခြောက်အချို့ အပိုပါဝင်နေသည်ကို မြင်သောအခါ လင်းရှောင်ယွီသည် အံ့သြစွာ မော့ကြည့်လိုက်လေသည်။
ကျန်းယဲ့က အနည်းငယ် ပြုံးလိုက်၏။ “မိတ်ဆွေဖွဲ့တယ်လို့ပဲ သဘောထားလိုက်ပါ”
ကျန်းယဲ့က သူတို့အနေဖြင့် သူ၏ အမှတ်တံဆိပ်ကို ပိုမို အရောင်းမြှင့်တင်ရန် ကူညီပေးနိုင်မည်ဟု မျှော်လင့်နေဆဲပင်။
ဤခရစ်စတယ်စွမ်းအင်တုံးကို နောင်တွင် နေရာအများအပြား၌ အသုံးပြုရမည်ဟု သူ ခံစားနေရ၏။
ချန်ယန်က လေးနက်စွာ လက်ဆန့်တန်းလိုက်လေသည်။ “ဒီကျေးဇူးကို ကျွန်တော်တို့ အမြဲ မှတ်ထားပါ့မယ်...”
ဒီတစ်ခါ သူတို့နှင့် ဆုံတွေ့ရခြင်းမှာ မယုံနိုင်လောက်အောင် ကံကောင်းခြင်းပင်။ ခရစ်စတယ်စွမ်းအင်တုံး အနည်းငယ်မျှဖြင့် အသက်ကယ် ထောက်ပံ့ရေးပစ္စည်း အမြောက်အမြားကို လဲလှယ်နိုင်ခဲ့ကြသည်။
နှစ်ဖက်စလုံး ကျေနပ်သွားကြပြီး ဘယ်လိုပဲကြည့်ကြည့် အရောင်းအဝယ်မှာ တန်သည်ဟု ထင်ရပေသည်။
ဝမ်ပင်းက ရှေ့သို့တိုးလာပြီး ဖိတ်ခေါ်လိုက်၏။ “ငါတို့ တွေ့ဆုံကြပြီဆိုတော့ မင်းတို့ကို ဘာဘီကျူး ကင်ကျွေးမယ်လေ...”
ချန်ယန်နှင့် အခြားသူများ မှင်သက်ကာ တွန့်ဆုတ်နေစဉ်မှာပင် ကျွမ်လော်က အေးနေသော ဘီယာ ဒါဇင်ဝက်ကို ကျွမ်းကျင်စွာ ဖွင့်လိုက်ရာ ပုလင်းဖုံးများ ပွင့်ထွက်သွားသော အသံက ညအချိန်တွင် အထူးတလည် ကြည်လင်နေချေသည်။
ထို့နောက် သူက ဘီယာများကို ချန်ယန်နှင့် အခြားလေးဦးအား ကမ်းပေးလိုက်၏။ “ရော့ဗျာ.. ”
ဘေးတွင် ရပ်နေသော ဦးလေးလီက ရယ်မောလိုက်ပြီး အိတ်ကပ်ထဲမှ ကျုံဟွာစီးကရက်တစ်ဘူးကို ထုတ်ယူကာ ချန်ယန်၏ အဖွဲ့ကို တစ်ယောက်ချင်းစီ ကမ်းပေးလိုက်ပြန်သည်။ “တစ်လိပ်လောက် သောက်မလား... ”
အခန်း ၁၄၂ပြီး၏။