အခန်း ၁၄၄
Vol. 15 Ch. 144
အခန်း (၁၄၄) ထူးဆန်းသော နှစ်ထပ်ခရီးသွားဘတ်စ်ကား
နှစ်ထပ်ခရီးသွားဘတ်စ်ကားသည် လူသူကင်းမဲ့နေသော အဝေးပြေးလမ်းမကြီးပေါ်တွင် နှစ်ရက်တိုင်တိုင် မောင်းနှင်လာခဲ့သည်။
ပြတင်းပေါက် အပြင်ဘက်ရှိ ရှုခင်းများက ပြိုကျပျက်စီးနေသော မြို့ပြမှသည် လူသူကင်းမဲ့သော ကျေးလက်ဒေသသို့ တဖြည်းဖြည်း ပြောင်းလဲသွားသော်လည်း အခြား အသက်ရှင်ကျန်ရစ်သူများ၏ အရိပ်အယောင်ကို လုံးဝ မတွေ့ရချေ။
“မနေ့က ကျွန်တော်တို့ ဖြတ်လာတဲ့ မြို့က တော်တော် ထူးဆန်းတယ်နော်...” လုချင်ဟယ်က ကားပြတင်းပေါက်ကို မှီကာ ပြောလိုက်ရာ သူ၏အသံက ကားအတွင်း၌ ပဲ့တင်ထပ်သွားခဲ့သည်။ “ဒီလောက်ကြီးတဲ့ မြို့ကြီးမှာ အသက်ရှင်နေတဲ့လူ တစ်ယောက်မှ မတွေ့ရဘူး....”
ကျန်းခိုင်သည် ပိုက်ကိုကိုက်ကာ ရေခဲစိမ်ထားသော ကိုလာကို စုပ်သောက်ရင်း ဝင်ပြောလိုက်၏။ “အသက်ရှင်နေတဲ့လူတွေကို မပြောနဲ့.... ဇွန်ဘီတွေတောင် တခြားနေရာတွေထက် နည်းနေသေးတယ်။ ထူးထူးဆန်းဆန်းကို တိတ်ဆိတ်နေတာပဲ...”
ရှန်ကျီရှားသည်လည်း လွန်ခဲ့သည့် နှစ်ရက်အတွင်း ရိုက်ကူးထားသော ဓာတ်ပုံများကို လှန်ကြည့်ရင်း ပြောလိုက်ပြန်သည်။ “လမ်းဘေးက ဆိုင်တွေထဲမှာ ပစ္စည်းတွေ တော်တော်များများ ကျန်နေသေးတာ သတိထားမိကြလား။ လုယက်သွားမယ့် အသက်ရှင်ကျန်ရစ်သူတွေ မရှိတာက သိသိသာသာကို ပုံမှန်မဟုတ်ဘူး...”
“ဒါ သေချာပေါက် ပုံမှန်မဟုတ်ဘူး” ဦးလေးလီက သဘောတူညီစွာ ခေါင်းညိတ်လိုက်၏။
ကမ္ဘာပျက်ခေတ် ရှင်သန်ရေးဂိမ်းများကို ကစားသည့် ဝါရင့်ကစားသမားတစ်ဦးအနေဖြင့် လုချင်ဟယ်က ယုတ္တိတန်သော ခန့်မှန်းချက်တစ်ခုကို ပြုလုပ်လိုက်ချေသည်။ “အဲဒီမြို့ထဲမှာ ကြောက်စရာကောင်းတဲ့ ဘော့စ်တစ်ကောင် သေချာပေါက် ရှိနေရမယ်... ဒါကြောင့် ဒီလိုဖြစ်နေတာ။ မဟုတ်ရင် အဓိပ္ပာယ်မရှိဘူး..”
သူ၏ စကားကို ကားပေါ်ရှိ လူအများစုက သဘောတူလိုက်ကြသည်။
လီချင်က သူမ၏ ရင်ဘတ်ကိုပုတ်ကာ ကြောက်ရွံ့မှုနှင့် စိတ်သက်သာရာရမှု ရောထွေးနေသော ခံစားချက်ဖြင့် ပြောလိုက်ချေသည်။ “ကံကောင်းလို့ ကျွန်မတို့ဆီမှာ ဧည့်လမ်းညွှန်ကျန်းနဲ့ ဒီအံ့မခန်း ခရီးသွားဘတ်စ်ကား ရှိနေလို့ပေါ့... မဟုတ်ရင် ကျွန်မရဲ့ အသက်အန္တရာယ် ရှိနိုင်တယ်...”
ကျန်းခိုင်က ပြုံးကာ နောက်ပြောင်လိုက်၏။ “ကျွန်တော်တို့လို အတွေ့အကြုံမရှိတဲ့သူတွေက ဘယ်မြို့ကိုမှ သွားစရာ မလိုပါဘူး။ ဘာလို့ဆို ဘယ်မြို့ကိုသွားသွား မြန်မြန်ထွက်သွားရမှာပဲ......”
ကားပေါ်ရှိ လူနှစ်ဆယ့်တစ်ဦးက စကားစမြည် ပြောဆိုနေကြသည် သို့မဟုတ် အပြင်ဘက် ကမ္ဘာကြီးကို ကြည့်ရှုနေကြလေသည်။
ဘတ်စ်ကားသည် နောက်ဆုံး မြို့ပြဧရိယာမှ ထွက်ခွာလာချိန်တွင် နေ့လယ်ခင်း နေရောင်ခြည်က တိမ်တိုက်များကို ဖောက်ထွက်ကာ ဖြာကျနေခဲ့သည်။
ရုတ်တရက် ရှေ့တွင် ဧရာမကန်ကြီးတစ်ခု ပေါ်လာပြီး ၎င်း၏ မြစိမ်းရောင်ရေပြင်မှာ မှန်တစ်ချပ်ကဲ့သို့ ငြိမ်သက်နေကာ မီးခိုးရောင် ကောင်းကင်ကြီးကို ထင်ဟပ်နေစေခဲ့သည်။
လှိုင်းဂယက်များ မရှိ၊ ရေပျော်ငှက်များ မရှိသကဲ့သို့ လေတိုက်ခတ်သည့် အရိပ်အယောင်ပင် လုံးဝ မရှိချေ။
တိတ်ဆိတ်မှုကသာ ကြီးစိုးထားခဲ့သည်။
ဝမ်ပင်းက ရှေ့ကို ကြည့်လိုက်ရာ ရေကန်ကို မြင်လိုက်ရပြီး သူ၏ ရင်ထဲသို့ စိုးရိမ်ပူပန်မှုတစ်ခု ဝင်ရောက်လာလေသည်။ “ဒီကန်ရေက အရမ်း သန့်ရှင်းနေတယ်...”
အမှန်ပင် မျိုးဗီဇပြောင်းအပင်များ ဖုံးလွှမ်းနေသော လမ်းတစ်လျှောက်ရှိ ပတ်ဝန်းကျင်များနှင့် မတူဘဲ ကန်ဘေးတွင် ဘာမျှမရှိဘဲ သာမန်မျိုးဗီဇပြောင်း အင်းဆက်များကိုပင် မည်သည့်နေရာတွင်မျှ မတွေ့ရပေ။
ကန်စပ်ရှိ သဲများနှင့် ကျောက်ခဲများမှာ တစ်စုံတစ်ရာဖြင့် ဆေးကြောခံထားရသကဲ့သို့ သဘာဝမကျသော မီးခိုးဖြူရောင် ဖြစ်နေခဲ့သည်။
ခရီးသွားဘတ်စ်ကားသည် ကန်နှင့် နီးကပ်လာသည်နှင့်အမျှ အတွင်းမှ စကားပြောသံများဟာ တဖြည်းဖြည်း တိတ်ဆိတ်သွားကြသည်။
ပြတင်းပေါက် အပြင်ဘက်ရှိ မြင်ကွင်းကြောင့် လူတိုင်း၏ အာရုံတို့က ဖမ်းစားခံလိုက်ရကြသည်။
မူလက ကန်ကို ဖြတ်သန်းတည်ဆောက်ထားသော တံတားမှာ ရိုးရိုးရှင်းရှင်း ကျိုးကျနေခြင်း မဟုတ်ဘဲ ဧရာမအင်အားကြီးတစ်ခုခုဖြင့် အလယ်မှ ဆွဲဖြဲခံထားရသကဲ့သို့ ဖြစ်နေပြီး တွန့်လိမ်နေသော သံမဏိချောင်းများက ကြောက်မက်ဖွယ်ကောင်းသော ခြေသည်းများကဲ့သို့ ကောင်းကင်သို့ ထိုးထွက်နေချေသည်။
တံတားတိုင်များတွင်လည်း ဧရာမအရာဝတ္ထုတစ်ခုခု၏ အကြိမ်ကြိမ် ကုတ်ခြစ်ခံထားရသကဲ့သို့ နက်ရှိုင်းသော ခြစ်ရာများဖြင့် ဖုံးလွှမ်းနေလေသည်။
“ကြည့်စမ်း။ ကန်ထဲမှာ လှေတစ်စင်း ရှိတယ်... ” ကျန်းခိုင်က အဖွဲ့ကို သတိပေးရန် မှန်ပြောင်းဖြင့် အဝေးသို့ လက်ညှိုးထိုးပြလိုက်၏။
လူတိုင်းက သူတို့၏ မှန်ပြောင်းများကို မြှောက်လိုက်ကြကာ ကျန်းခိုင် ညွှန်းပြရာသို့ ကြည့်လိုက်ကြသည်။
ငြိမ်သက်နေသော ကန်ရေပြင်ပေါ်တွင် အပျော်စီးသင်္ဘောငယ်နှစ်စင်းက မီတာ ၁၀၀ခန့် အကွာအဝေးတွင် မျောပါနေခဲ့သည်။
သင်္ဘောတစ်စင်းသည် မှိန်ဖျော့ဖျော့ မြေဝါရောင် အလင်းဝန်းတစ်ခုဖြင့် ဖုံးလွှမ်းနေပြီး ကုန်းပတ်ပေါ်တွင် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော ပုံရိပ်ဆယ်ခုခန့် လှုပ်ရှားနေသည်ကို ဝေဝါးဝါး မြင်တွေ့ရ၏။ အခြားသင်္ဘောတစ်စင်းပေါ်တွင်မူ တင်းကျပ်စွာ ချည်နှောင်ခံထားရသော ပုံရိပ်သုံးခုက နေရောင်အောက်တွင် အထူးပင် ထင်ရှားနေခဲ့သည်။
“အဲဒီ လူသုံးယောက်က...” လုချင်ဟယ်က သူ၏ မှန်ပြောင်းကို အာရုံစိုက်လိုက်ပြီးနောက် ရုတ်တရက် အံ့သြတကြီး အော်ဟစ်လိုက်၏။ “သောက်ကျိုးနည်း။ သူတို့ အချည်ခံထားရတာပဲဟ...”
လူငယ်စုံတွဲတစ်တွဲသည် သင်္ဘော၏ အနောက်ဘက် လက်ရန်းတွင် ကျောချင်းကပ် ချည်နှောင်ခံထားရပြီး သူတို့၏ ပါးစပ်များကို တိပ်ဖြင့် ပိတ်ထားကာ နဖူးပေါ်တွင် ခြောက်သွေ့နေသော သွေးများ ရှိနေသည်ကို တွေ့လိုက်ကြရ၏။
ပို၍ ရင်နာစရာကောင်းသည်မှာ ပိန်လှီသော ကလေးငယ်လေးက သင်္ဘောဦးတွင် တစ်ယောက်တည်း ချည်နှောင်ခံထားရပြီး ဖရိုဖရဲဖြစ်နေသော ဆံပင်များအောက်မှ သူ၏ ဖြူဖျော့ဖျော့ မျက်နှာလေး ပေါ်ထွက်နေခြင်းပင်။
“သူတို့ ဘာလုပ်နေကြတာလဲ...” ရှန်ကျီရှားက မေးလိုက်ပြီးသည်နှင့် တစ်ခုခုကို လျင်မြန်စွာ သဘောပေါက်သွားကာ အံ့သြတကြီး အော်ဟစ်လိုက်၏။ “ဒါ လူကို ယဇ်ပူဇော်နေတာလား... ဒါမှမဟုတ်...”
လီဇယ်ခိုင်သည် သူ၏ စနိုက်ပါ ရိုင်ဖယ်ကို ချိန်ရွယ်ထားပြီး မှန်ပြောင်းမှတစ်ဆင့် စောင့်ကြည့်နေပြီ ဖြစ်သည်။ “အလင်းဝန်းပါတဲ့ သင်္ဘောပေါ်မှာ လူတိုင်း လက်နက်တွေ ကိုင်ထားကြတယ်။ သူတို့က ကြီးမားတဲ့ အသက်ရှင်ကျန်ရစ်သူ အဖွဲ့အစည်းတစ်ခုခုက အဖွဲ့ဝင်တွေနဲ့ တူတယ်”
ကျိုးရှင်းကျီက မျက်မှောင်ကြုတ်လိုက်၏။ “အဲဒီကလေးက အသက်ငါးနှစ်ထက် ပိုမကြီးလောက်ဘူး။ သူတို့က အသက်ရှင်နေတဲ့ လူတစ်ယောက်ကို...”
“ငါးမျှားနေတာ...” လီဇယ်ခိုင်က အေးစက်စွာ ပြန်ဖြေလိုက်ပြီး သူ၏ အကြည့်များက ကန်ရေပြင်အောက်ရှိ ကြီးထွားလာသော အရိပ်မည်းပေါ်တွင် စူးစိုက်နေခဲ့သည်။ “မျိုးဗီဇပြောင်း သတ္တဝါတွေကို မျှားဖို့ အသက်ရှင်နေတဲ့ လူတွေကို သုံးနေတာပဲ...”
ကျန်းယဲ့က ခေါင်းခါလိုက်၏။ “အဲဒီလို မဟုတ်လောက်ဘူး။ ဒါက လမ်းကြေးပေးနေတာနဲ့ ပိုတူတယ်...”
ခရီးသွားဘတ်စ်ကားက မရပ်တန့်ဘဲ ကန်ဆီသို့ တည်ငြိမ်စွာ ဆက်လက် မောင်းနှင်သွားလေသည်။
ကားပေါ်ရှိ လူတိုင်းက ကန်အလယ်ရှိ လှေနှစ်စင်းကို အနီးကပ် စောင့်ကြည့်နေခဲ့ကြသည်။
ထိုအချိန်၌ မြေဝါရောင်အလင်းဝန်းဖြင့် ဖုံးလွှမ်းထားသော ကန်အလယ်ရှိ လှေတစ်စင်းပေါ်တွင် မျောက်တစ်ကောင်ကဲ့သို့ ပိန်လှီသော အမျိုးသားတစ်ဦးက ရုတ်တရက် မျက်စိမှေးကြည့်လိုက်၏။ “ဘော့စ်ဝူ... ထူးခြားမှုတစ်ခု ရှိတယ်”
ထို့နောက် သူက ကမ်းစပ်ကို လက်ညှိုးထိုးပြလိုက်၏။ “ကားတစ်စီး လာနေတယ်...”
ဘော့စ်ဝူဟုခေါ်သော ခန္ဓာကိုယ်တောင်တင်းသည့် လူက လှည့်ကြည့်လိုက်ရာ အမာရွတ်များ ဖုံးလွှမ်းနေသော မျက်နှာတစ်ခု ပေါ်ထွက်လာခဲ့သည်။
သူသည် လူများကို တိတ်တိတ်နေရန် လက်ဟန်ပြလိုက်ပြီး ကမ်းစပ်ကို မျက်လုံးမှေးကြည့်လိုက်၏။
အသစ်စက်စက်နှင့် မျက်စိကျိန်းမတတ် သန့်ရှင်းနေသော နှစ်ထပ်ခရီးသွားဘတ်စ်ကားတစ်စီးက ကန်ဘေးရှိ လမ်းတစ်လျှောက် ချောမွေ့စွာ မောင်းနှင်လာနေခဲ့သည်။
အပျက်အစီးများနှင့် သွေးကွက်များ ပြည့်နှက်နေသော ကမ္ဘာပျက်ခေတ်တွင် ဤယာဉ်က အခြားအချိန်နှင့် ဟင်းလင်းပြင်မှ ခရီးသွားလာခဲ့သော အရာဝတ္ထုတစ်ခုကဲ့သို့ ဖြစ်နေ၏။
“အသစ်တိုင်း သန့်ရှင်းနေတဲ့ ကားပါလား”
သင်္ဘောပေါ်ရှိ လူတိုင်း အံ့သြသွားကြ၏။
တစ်ချိန်တည်းမှာပင် အခြားသင်္ဘောပေါ်တွင် ချည်နှောင်ခံထားရသော လူသုံးဦးသည်လည်း မျှော်လင့်ချက်ကို တွေ့ရှိသွားကြရသည်။
လူငယ်က သူ၏ ခန္ဓာကိုယ်ကို အသည်းအသန် လိမ်ဖယ်လိုက်ပြီး တိပ်ဖြင့် ပိတ်ထားသော သူ၏ ပါးစပ်မှ “အူးအူး” ဟူသော မပီမသ အသံများ ထွက်ပေါ်လာခဲ့သည်။
အမျိုးသမီးသည် သူမ၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလျက် ဘတ်စ်ကားဆီသို့ ရုန်းကန်နေပြီး ပိန်လှီသော ကလေးငယ်လေးသည်လည်း ပြူးကျယ်ကြည်လင်သော မျက်လုံးများဖြင့် မှော်ဆန်သော ဘတ်စ်ကားကို စူးစိုက်ကြည့်နေကာ သူ၏ အကြည့်များတွင် အသက်ရှင်လိုသော ဆန္ဒများ ပြည့်နှက်နေချေသည်။
“ဘော့စ်... ငါတို့ အဲဒါကို ကြားဖြတ်တားဆီးလိုက်ရမလား” ပိန်လှီသော မျောက်က သူ၏ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပြီး သူ၏ မျက်လုံးများတွင် လောဘများ တောက်ပနေလေသည်။ “အဲဒီကားထဲမှာ ပစ္စည်းကောင်းတွေ သေချာပေါက် ရှိရမယ်...”
ဘော့စ်ဝူက သူ၏ မုတ်ဆိတ်မွေးများကို ပွတ်သပ်ကာ ရက်စက်သော လေသံဖြင့် ပြောလိုက်၏။ “အရင် စောင့်ကြည့်ရအောင်။ ငါတို့ ကန်ကိုဖြတ်ပြီး ဟိုဘက်ကမ်းကို ရောက်မှ လှုပ်ရှားလည်း နောက်မကျပါဘူး”
ဘော့စ်ဝူက မျက်လုံးကို မှေးလိုက်ပြီး လူများကို တိတ်တိတ်နေရန်နှင့် ရန်သူကို မသတိမပေးရန် လက်ဟန်ပြလိုက်သည်။
မျက်လုံး အစုံနှစ်ဆယ်က ကမ်းစပ်ရှိ ပုံမှန်မဟုတ်ဘဲ အသစ်စက်စက်ဖြစ်နေသော နှစ်ထပ်ခရီးသွားဘတ်စ်ကားပေါ်တွင် စူးစိုက်နေကြပြီး ယာဉ်ပေါ်ရှိ လူများ ဆင်းလာမည့်အချိန်ကို စောင့်ဆိုင်းနေကြ၏။
“သူတို့ ကားပေါ်က ဆင်းလာတဲ့အထိ စောင့်ကြည့်... ပြီးရင် လူဘယ်နှစ်ယောက်ရှိလဲဆိုတာ စစ်ဆေး” ဘော့စ်ဝူ က ညွှန်ကြားလိုက်၏။
ပိန်လှီသော မျောက်က ကွဲအက်နေသော သူ၏ နှုတ်ခမ်းကို လျှာဖြင့် သပ်ကာ တီးတိုးပြောလိုက်၏။ “တကယ်လို့ လူသိပ်မများဘူးဆိုရင်တော့... ဟီးဟီး”
ဘော့စ်ဝူက သူ့ကို စကားဖြတ်ပြောလိုက်ပြီး သူ၏ လက်ချောင်းများက ခါးရှိ ပစ္စတိုသေနတ်ကို မသိစိတ်မှ အလိုအလျောက် ပွတ်သပ်နေမိသည်။ “ဒီလိုကားမျိုးကို မောင်းနိုင်တဲ့သူတိုင်းက အလွယ်တကူ အနိုင်ကျင့်လို့ ရတဲ့သူတွေ မဟုတ်ဘူး။ အလောတကြီး ကောက်ချက်မချနဲ့....”
သူတို့က ကျန်းယဲ့နှင့် သူ၏အဖွဲ့ကို စူးစိုက်ကြည့်နေကြပြီး တစ်ဖက်လူများ ဟိုဘက်ကမ်းသို့ ရောက်ရှိသွားပါက သူတို့၏ အောင်မြင်နိုင်ခြေကို တွက်ချက်နေကြလေသည်။
တစ်ချိန်တည်းမှာပင် သူတို့က ကန်၏ ပတ်ဝန်းကျင်ကိုလည်း သတိထား စောင့်ကြည့်နေခဲ့ရသည်။
သို့သော် နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့သည့် အရာက လူတိုင်းကို ထိုနေရာတွင် အေးခဲသွားစေ၏။
ဘတ်စ်ကားသည် ကန်ဆီသို့ တိုက်ရိုက် မောင်းနှင်သွားခဲ့သည်။
“သူတို့ ရူးနေတာလား” ပိန်လှီသော မျောက်၏ မျက်လုံးများ ပြူးကျယ်သွားရသည်။
သူ စကားပြောပြီးသည်နှင့် တပြိုင်နက် ရွှေရောင်ဖျော့ဖျော့ အလင်းတံတားတစ်စင်းက ကန်ပေါ်တွင် ရုတ်တရက် ပေါ်ထွက်လာ၏။
ဘော့စ်ဝူနှင့် သူ၏ အဖွဲ့ဝင်များ၏ သူငယ်အိမ်များ ရုတ်တရက် ကျုံ့ဝင်သွားကြသည်။
ဧရာမယာဉ်ကြီးက အလင်းတံတားပေါ်သို့ တည်ငြိမ်စွာ မောင်းနှင်သွားပြီး တာယာများနှင့် ကန်ရေပြင် ထိတွေ့မိသည့် အခိုက်အတန့်တွင် ရွှေရောင်လှိုင်းဂယက်များက ကြာပန်းများကဲ့သို့ ဖူးပွင့်လာသည်ကို အဖွဲ့က စောင့်ကြည့်နေခဲ့ကြသည်။
အလင်းတံတားတစ်ခုလုံးက နူးညံ့ပြီး လျှို့ဝှက်ဆန်းကြယ်သော အလင်းဝန်းကို ထုတ်လွှတ်နေပြီး မှိုင်းညို့နေသော ကမ္ဘာပျက်ကောင်းကင်အောက်တွင် အထူးပင် တောက်ပနေပုံရပေသည်။
“ဒါ... ဒါ မဖြစ်နိုင်ဘူး” ဘော့စ်ဝူက တီးတိုးရေရွတ်လိုက်၏။
ချည်နှောင်ခံထားရသော လူသုံးဦးဟာလည်း ရုန်းကန်ခြင်းကို ရပ်တန့်လိုက်ပြီး အံ့သြဖွယ်ကောင်းသော မြင်ကွင်းကို ကြောင်တောင်တောင် စိုက်ကြည့်နေကြလေသည်။
အခန်း ၁၄၄ပြီး၏။