← Chapters

အခန်း ၁၄၅

Vol. 15 Ch. 145

အခန်း ၁၄၅

Vol. 15 Ch. 145

အခန်း (၁၄၅) လူအမျိုးမျိုး စိတ်အထွေထွေ

​“ဘော့စ်... ကျွန်တော်တို့...” ပိန်လှီသော မျောက်၏ အသံမှာ တုန်ယင်နေ၏။

​ဘော့စ်ဝူက အသိစိတ် ပြန်ဝင်လာပြီး သူ၏ မျက်လုံးများတွင် ထိတ်လန့်မှုအရိပ်အယောင်တစ်ခု လက်ခနဲ ပေါ်လာခဲ့သည်။ “မတော်တရော် အတွေးတွေ တွေးနေတာကို ရပ်လိုက်စမ်း။ ဒီလူတွေက ငါတို့ ရန်စလို့ရတဲ့ သူတွေ မဟုတ်ဘူး...”

​ဦးလေးလီသည် ကန်ထဲရှိ လှေငယ်ပေါ်မှ လူသုံးဦးကို စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်၏။ “ဒါရိုက်တာကျန်း... ကပ္ပတိန်လီ... အဲဒီမိသားစု သုံးယောက်ကို ကယ်ဖို့ ကျွန်တော်တို့ တစ်ခုခု လုပ်ပေးလို့ ရမလား...”

​ကားအတွင်း၌ တိတ်ဆိတ်သွားပြီး လူတိုင်းက ကျန်းယဲ့နှင့် လီဇယ်ခိုင်တို့ကို ကြည့်လိုက်ကြ၏။

​လီဇယ်ခိုင်က သူ၏ ရဲဘော်လေးဦးနှင့် အချင်းချင်း အကဲခတ်ကြည့်လိုက်ပြီးနောက် လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။ “အကွာအဝေးက အရမ်းဝေးလွန်းတယ်... ပြီးတော့ တစ်ဖက်မှာလည်း စူပါပါဝါရှိတဲ့သူတွေ ရှိနေတယ်။ ကျွန်တော်တို့ ပေါ့ပေါ့ဆဆ လှုပ်ရှားလိုက်ရင် အရမ်း အန္တရာယ်များလိမ့်မယ်”

​မိသားစုသုံးဦးကို တင်ဆောင်ထားသော လှေငယ်က လက်ရှိတွင် ဘတ်စ်ကားမှ မီတာ ၂၀ ကျော်အကွာ ကန်ရေပြင်ပေါ်တွင် မျောပါနေပြီး ယာဉ်၏ အလိုအလျောက် မောင်းနှင်မှု လုံခြုံရေး အကာအကွယ်ပေးသည့် ဆယ်မီတာ အကွာအဝေးထက် များစွာ ကျော်လွန်နေလေသည်။

​အကယ်၍ သူတို့က အန္တရာယ်ကို စွန့်၍ ကယ်ဆယ်ရေးလုပ်မည်ဆိုပါက သူတို့ကို စောင့်ကြည့်နေသော စူပါစွမ်းအားရှင်တစ်စု၏ ပစ်ခတ်မှုအောက်သို့ ရောက်ရှိသွားမည့်အပြင် ကန်ထဲတွင် ကူးခတ်နေသော မျိုးဗီဇပြောင်းသတ္တဝါများကိုပါ ရင်ဆိုင်ရမည် ဖြစ်၏။

​သူတို့က အထက်တန်းလွှာ အထူးတပ်ဖွဲ့ဝင်များ ဖြစ်ကြသော်လည်း ရန်သူနှစ်စုကို တစ်ပြိုင်နက်တည်း ရင်ဆိုင်နိုင်မည်ဟု ထင်မှတ်လောက်အောင် မာနမကြီးကြချေ။ အထူးသဖြင့် တစ်ဖက်လူများ၏ အင်အားမှာ သိသိသာသာ ကြီးမားနေချိန်တွင်ပင်။

​ဘတ်စ်ကား၏ အကြွင်းမဲ့ လုံခြုံရေးဇုန်မှ ထွက်ခွာသွားသည်နှင့် တပြိုင်နက် လူများကို ကယ်တင်နိုင်မည် မဟုတ်သည့်အပြင် ကန်အောက်ခြေရှိ ဆာလောင်နေသော မျိုးဗီဇပြောင်း မိစ္ဆာများ၏ အစားအစာပင် ဖြစ်သွားလိမ့်မည်။

​ထို့အပြင် အထက်လူကြီးများက ကျန်းယဲ့အား မည်သည့်ပေးဆပ်မှုနှင့်မဆို ကာကွယ်ရန် တင်းကျပ်သော အမိန့်ပေးထား၏။ စစ်တပ်၏ အမိန့်က အကြွင်းမဲ့ ဖြစ်သည်။

​လုချင်ဟယ်သည် ချည်နှောင်ခံထားရသော မိသားစု သုံးဦးကို လှမ်းကြည့်လိုက်၏။ သူတို့ကို သနားမိသော်လည်း ကားပေါ်ရှိ လူတိုင်းကို အခြေအနေအား တည်ငြိမ်စွာ ခွဲခြမ်းစိတ်ဖြာပြလိုက်လေသည်။ “အဲဒီ ပြန်ပေးဆွဲတဲ့သူတွေက အသက်ရှင်နေတဲ့ လူတွေကို ငါးစာအဖြစ် သုံးနေတာ သိသာတယ်။ တကယ်လို့ ကျွန်တော်တို့က သူတို့ကို ကယ်ဖို့ အလောတကြီး သွားလုပ်ရင် သူတို့ကို ကယ်နိုင်မှာ မဟုတ်တဲ့အပြင် ကိုယ့်ကိုယ်ကိုယ်ပါ ဒုက္ခတွင်းထဲ ဆွဲသွင်းသလို ဖြစ်သွားလိမ့်မယ်..”

​လီချင်သည် ပိန်လှီနေသော ကလေးငယ်ကို ကြည့်လိုက်၏။ “အဲဒီကလေးက အသက်ငါးနှစ်လောက်ပဲ ရှိသေးတဲ့ပုံပဲ... အဲဒါကို သူက အခုကတည်းက...”

​ကျန်းယဲ့က သက်ပြင်းချလိုက်​သည်။ “ခင်ဗျားတို့ရဲ့ ခံစားချက်ကို ကျွန်တော် နားလည်ပါတယ်... ဒါပေမဲ့ ကျွန်တော့်ရဲ့ စွမ်းရည်က ဘတ်စ်ကားရဲ့ ဆယ်မီတာ ပတ်လည်အတွင်းမှာပဲ အကန့်အသတ်ရှိတယ်”

​ထို့နောက် သူက အလိုအလျောက် မောင်းနှင်မှု စနစ်ကို လက်ညှိုးထိုးပြလိုက်၏။ “ပြီးတော့ ဒါက အလိုအလျောက် မောင်းနှင်တဲ့ ရှုခင်းကြည့် ယာဉ်တစ်စီးပဲ ။ ဒါကြောင့် မောင်းနှင်မယ့်လမ်းကြောင်းကို ကျွန်တော် ထိန်းချုပ်လို့ မရဘူးလေ”

​သူက ရပ်တန့်ခြင်းနှင့် ရှေ့သို့သွားခြင်းကိုသာ ထိန်းချုပ်နိုင်ပြီး လမ်းကြောင်းကို အလိုအလျောက် မောင်းနှင်သွားခြင်း ဖြစ်ပေသည်။

​ရှန်ကျီရှားသည်လည်း လူများကို ကယ်တင်ချင်ခဲ့သော်လည်း မည်သည့်အရာက ပို၍ အရေးကြီးကြောင်းကို သိပေသည်။ “ကျွန်မတို့ ကားပေါ်မှာ လူနှစ်ဆယ် ကျန်သေးတယ်... ပြီးတော့ ဒါရိုက်တာကျန်းက ကျွန်မတို့ အားလုံးရဲ့ လုံခြုံရေးအတွက် တာဝန်ရှိတယ်။ ကပ္ပတိန်လီတို့ကလည်း ကိုယ့်အသက်ကို စွန့်ပြီး သူတို့ကို သွားကယ်ဖို့ ရှင်တို့ မျှော်လင့်လို့ မရဘူးလေ... ဟုတ်တယ်မလား”

​ကျန်းခိုင်က ခေါင်းညိတ်လိုက်၏။ “ဒီမှာ သေသွားရင် တကယ် သေသွားတာပဲ။ အသက်ပြန်ရှင်လာနိုင်မယ့် နည်းလမ်းမှ မရှိတာ။ ကျွန်တော်တို့က အားလပ်ရက် အပန်းဖြေဖို့ လာတာလေ... သေဖို့ လာတာမှ မဟုတ်တာ”

​လုချင်ဟယ်ကလည်း တွန့်ဆုတ်နေပုံရသော အခြား ခရီးသွားဧည့်သည်များကို သတိပေးလိုက်၏။ “တစ်ယောက်ယောက်ကို ကယ်တင်ဖို့ဆိုတာ ကိုယ့်ရဲ့ လုံခြုံရေးကို အရင်ဆုံး သေချာအောင် လုပ်ရတယ်။ မဟုတ်ရင် လူတစ်ယောက်ကို ကယ်လိုက်လို့ ကိုယ်သေသွားရင် ကြီးမြတ်တယ်လို့ သတ်မှတ်ခံရနိုင်ပေမဲ့ ကိုယ့်ရဲ့ မိဘတွေ၊ ဇနီးသည်နဲ့ သားသမီးတွေကို ဘယ်လို မျက်နှာပြမလဲ...”

​ကျိုးရှင်းကျီသည် ယခုလေးတင် ပြန်လည်ကောင်းမွန်လာသော သူ၏ ခြေထောက်များကို ကြည့်ကာ စကားပြောရန် တုံ့ဆိုင်းသွားခဲ့သည်။ သူသည် အခြားသူများထက် လူ့အသက်များကို ပို၍ ကယ်တင်ချင်ခဲ့သော်လည်း ပေါ့ပေါ့ဆဆ လှုပ်ရှားခြင်း၏ အန္တရာယ်များကိုလည်း သူ ပို၍ ကောင်းစွာ သိရှိထားချေသည်။

​လူတိုင်း တိတ်ဆိတ်သွားချိန်တွင် ကန်ရေပြင်ပေါ်၌ ပုံမှန်မဟုတ်သော လှိုင်းဂယက်များ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ရေအောက်တွင် ရေစီးကြောင်းတစ်ခု လျင်မြန်စွာ ရွေ့လျားနေပြီး အလင်းတံတားဆီသို့ ချဉ်းကပ်လာ၏။

​လှေငယ်နှစ်စင်းပေါ်ရှိ လေထုမှာလည်း ရုတ်တရက် တင်းမာလာလေသည်။ “'လမ်းကြေးပေးဖို့ ပြင်ထားကြ....” ဘော့စ်ဝူက ပြင်းထန်စွာ အော်ဟစ်လိုက်ရာ လှေပေါ်ရှိ လူဆယ်ဦးက သူတို့၏ စူပါပါဝါများကို ချက်ချင်း အသက်သွင်းလိုက်ကြပြီး မြေဝါရောင် အလင်းဝန်းမှာ ရုတ်တရက် ပိုမို တောက်ပလာလေသည်။

​ထိုအချိန်၌ ချည်နှောင်ခံထားရသော လူသုံးဦးကလည်း မျှော်လင့်ချက်မဲ့စွာဖြင့် မျက်လုံးများကို မှိတ်ထားလိုက်ကြပြီး ကန်ထဲသို့ ပစ်ချခံရမည့် သူတို့၏ ကံကြမ္မာကို စောင့်ဆိုင်းနေခဲ့ကြသည်။

​သို့သော် နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့သည့် အရာက လူတိုင်းကို တုန်လှုပ်သွားစေလေသည်။ ဧရာမအရိပ်မည်းကြီးက ခရီးသွားဘတ်စ်ကားမှ ငါးမီတာအကွာတွင် ရုတ်တရက် ရပ်တန့်သွား၏။

​ကြည်လင်နေသော ကန်ရေပြင်မှတစ်ဆင့် ဧရာမ စပါးကြီးမြွေနှင့်တူသော သတ္တဝါကြီးတစ်ကောင် စိုးရိမ်တကြီးဖြင့် ဟိုဟိုဒီဒီ သွားလာနေသည်ကို ဝေဝါးဝါး မြင်တွေ့ရသော်လည်း ရွှေရောင်အလင်းတံတားဆီသို့ တစ်လှမ်းမျှပင် မချဉ်းကပ်ရဲချေ။

​ဘော့စ်ဝူ၏ မျက်လုံးများတွင် အလင်းရောင် တစ်ချက် လက်သွားပြီး သူ ချက်ချင်း နားလည်သွား၏။ “အဲဒီကားက ရေကန်သခင်ကို ခြောက်လှန့်နိုင်စွမ်း ရှိတယ်။ မြန်မြန်... သူတို့နောက်ကို လိုက်ကြ”

​သူသည် သူ၏ မြေစွမ်းရည်ကို ချက်ချင်း အသက်သွင်းလိုက်ရာ လှေငယ်၏ ပတ်လည်ရှိ ရေစီးကြောင်းမှာ စတင် အရှိန်မြန်လာလေသည်။

​သို့သော် ပိန်လှီသော မျောက်က တုံ့ဆိုင်းနေခဲ့သည်။ “ဘော့စ်... ကျွန်တော်တို့ အရမ်းနီးသွားရင်ကော...”

​“အကွာအဝေးကို ထိန်းထား” ဘော့စ်ဝူက လေးနက်သော အသံဖြင့် ပြောလိုက်၏။ “ဆယ်မီတာ အကွာအဝေးက အဲဒီဧရာမစပါးကြီးမြွေကြီး အနားမကပ်လာအောင် တားဆီးဖို့ လုံလောက်တယ်... ပြီးတော့ အဲဒီကားပေါ်က လူတွေအတွက်လည်း နားလည်မှုလွဲတာမျိုး မဖြစ်စေဘူး...”

​အခြား အဖွဲ့ဝင်များမှာ ချက်ချင်း နားလည်သွားကြ၏။ လေစွမ်းရည်ပိုင်ရှင်များက လေစီးကြောင်းများကို ထိန်းချုပ်ကာ သင်္ဘောများကို တွန်းပို့ကြပြီး ရေစွမ်းရည်ပိုင်ရှင်များက ရေစီးကြောင်းကို ထိန်းချုပ်လိုက်ကြသည်။

​ကြိုးများဖြင့် ဆွဲခေါ်ခံနေရသော အခြားလှေငယ်တစ်စင်းပေါ်တွင် လူငယ်ဟာ ရုတ်တရက် မျက်လုံးများကို ဖွင့်ကြည့်လိုက်၏။ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူသည် သူ၏ ခန္ဓာကိုယ်ကို အရူးအမူး လိမ်ဖယ်လာပြီး တိပ်ဖြင့် ပိတ်ထားသော သူ၏ ပါးစပ်မှ “အူးအူး” ဟူသော အကူအညီတောင်းသံများ ထွက်ပေါ်လာလေသည်။

​ကားပြတင်းပေါက်မှ အပြင်သို့ ကြည့်ရင်း ဦးလေးလီက အံ့သြတကြီး အော်ဟစ်လိုက်၏။ “အဲဒီ မိစ္ဆာက ငါတို့အနားကို မကပ်ရဲဘူးကွ...”

​လီဇယ်ခိုင်နှင့် အခြားသူများက ဘော့စ်ဝူနှင့် သူ၏အဖွဲ့ကို စောင့်ကြည့်နေကြပြီး သူတို့က ကမ်းစပ်ဆီသို့ အသည်းအသန် လှော်ခတ်နေကြသည်ကို သတိပြုမိသွားကြသည်။

​လုချင်ဟယ်က တောက်ခေါက်လိုက်၏။ “သူတို့ ပါးနပ်သားပဲ။ ပဋိပက္ခမဖြစ်အောင် လုံခြုံတဲ့ အကွာအဝေးတစ်ခုကို ထိန်းသိမ်းထားရင်းနဲ့ ငါတို့ကို အသုံးချသွားတာပဲ..”

​ကန်ရေပြင်အောက်တွင် ဧရာမ အရိပ်မည်းကြီးက နာကြည်းစွာဖြင့် ကူးခတ်နေခဲ့သည်။ လှေငယ်ပေါ်ရှိ လူများကိုသာ စားသောက်လိုသော်လည်း ရွှေရောင် တံတားကို ဖြတ်ကျော်ရန် လိုအပ်နေပေသည်။ သို့သော် ရွှေရောင်တံတားက ၎င်း၏ လမ်းကြောင်းတွင် ရပ်တည်နေပြီး ရှေ့ဆက်မသွားနိုင်အောင် တားဆီးထား၏။

​တစ်ခါတစ်ရံတွင် ၎င်းက အလင်းတံတားလွှမ်းမိုးမှု၏ အစွန်းကို စမ်းသပ်ရန် ပိုမို နီးကပ်စွာ ချဉ်းကပ်ကြည့်သော်လည်း ရွှေရောင်အလင်းတံတားကို ကြောက်ရွံ့သတိထားကာ နောက်ဆုတ်သွားတတ်သည်။

​ခရီးသွားဘတ်စ်ကားက ကန်ဘေးသို့ ဖြည်းညှင်းစွာ မောင်းနှင်သွားပြီး ဘီးများ ရေထဲမှ ထွက်ခွာသွားသည့် အခိုက်အတန့်တွင် ရွှေရောင်အလင်းတံတားမှာ အရိပ်အယောင်မျှမကျန် ပျောက်ကွယ်သွားခေသည်။

​အနောက်ဘက် မလှမ်းမကမ်းတွင် လှေငယ် နှစ်စင်းသည်လည်း တစ်စင်းပြီးတစ်စင်း ဆိုက်ကပ်လာခဲ့ကြသည်။

​မှန်ပြောင်းမှတစ်ဆင့် စူးစိုက်ကြည့်နေသော ဦးလေးလီက ရုတ်တရက် “အယ်” ဟု တိုးညင်းစွာ ရေရွတ်လိုက်၏။ “သူတို့ အဲဒီ မိသားစုသုံးယောက်ကို ကြိုးဖြည်ပေးလိုက်ပြီ...”

​ထိုစကားကို ကြားသောအခါ လူတိုင်းက လှမ်းကြည့်လိုက်ကြရာ ဘော့စ်ဝူနှင့် သူ၏အဖွဲ့က ကြိုးများကို အမြန်ဖြည်ပေးကာ လူငယ်စုံတွဲနှင့် ကလေးကို ကမ်းပေါ်သို့ တွန်းတင်ပေးလိုက်သည်ကို မြင်တွေ့လိုက်ရ၏။

ထို့နောက် အဖွဲ့က မိသားစုသုံးဦးနှင့်အတူ ဆန့်ကျင်ဘက် လမ်းကြောင်းသို့ လျင်မြန်စွာ လျှောက်သွားကြပြီး နောက်သို့ပင် ပြန်မကြည့်ကြချေ။

​“ဟက်... ” ကျန်းခိုင်က သရော်လိုက်၏။ “ကျေးဇူးတင်စကား တစ်ခွန်းတောင် မရှိဘူးပဲ....”

​ကျွမ်လော်က ရယ်မောကာ ပြောလိုက်လေသည်။ “ကျွန်တော်တို့က ရေကန်မိစ္ဆာတွေကိုတောင် ခြောက်လှန့်နိုင်စွမ်း ရှိမှန်းမြင်တော့ သူတို့က ပုန်းဖို့တောင် အချိန်မရတာ.... ကျွန်တော်တို့အနားကို လာပြီး ကပ်ဖို့ဆိုတာ ဝေလာဝေးပေါ့”

​ရှန်ကျီရှားက ကော်ဖီကို ကျက်သရေရှိစွာ တစ်ကျိုက် သောက်လိုက်၏။ “သူတို့ အမြင်မှာ ကျွန်မတို့က ရေကန်မိစ္ဆာထက် ပိုအန္တရာယ်များနေတာကိုး...”

​ထို့နော်က သူမက အနောက်သို့ အကြိမ်ကြိမ် လှည့်ကြည့်နေသော ဘော့စ်ဝူအဖွဲ့ထဲမှ ပိန်လှီသော မျောက်ကို လက်ညှိုးထိုးပြလိုက်၏။ “ကြည့်စမ်း.. အဲဒီလူဆို ကြောက်လွန်းလို့ လည်ပင်းတောင် ပုဝင်နေပြီ”

​ကားအတွင်း၌ ချက်ချင်းပင် ဆွေးနွေးပြောဆိုသံများ ထွက်ပေါ်လာချေသည်။

​“သူတို့ ပြေးတာ အရမ်းမြန်လွန်းတယ်... ” လီချင်သည် သူမ၏ ခေါင်းအုံးကို ဖက်ထားရင်း မျက်မှောင်ကြုတ်လိုက်လေသည်။ “အနည်းဆုံးတော့ ကျွန်မတို့က သွယ်ဝိုက်တဲ့နည်းနဲ့ သူတို့အသက်ကို ကယ်ခဲ့တာပဲလေ...”

​ကျိုးရှင်းကျီက တိုးညင်းစွာ ပြောလိုက်၏။ “အရင်းအမြစ်တွေ ရှားပါးတဲ့ ကမ္ဘာမှာ ကြင်နာမှုဆိုတာ ဇိမ်ခံပစ္စည်းတစ်ခုလို ဖြစ်နေတတ်တယ်...”

​“ဒါတင် မကဘူး” လုချင်ဟယ် သူ၏ မျက်မှန်ကို ပင့်တင်လိုက်ရာ မျက်မှန်မှန်ဘီလူးများမှ အေးစက်သော အလင်းရောင်တစ်ခု ထင်ဟပ်သွားခဲ့သည်။ “အဲဒီ ကလေးကို သတိထားမိလိုက်ကြလား။ သူ့ကို ကြိုးဖြည်ပေးလိုက်တဲ့ အချိန်မှာ သူ့ရဲ့ ပထမဆုံး တုံ့ပြန်မှုက သူ့မိဘတွေကို ကာကွယ်ဖို့ပဲ။ သူ့ရဲ့ မျက်လုံးတွေက တောရိုင်းတိရစ္ဆာန်လေးတစ်ကောင်လို သတိထားနေတယ်။ ဒီလို ပတ်ဝန်းကျင်မျိုးမှာ ကြီးပြင်းလာရတဲ့ ကလေးတွေက အပြစ်ကင်းစင်မှုဆိုတာ မရှိတော့ဘူး”

​လီချင်က သံသယဖြစ်နေပြီး မယုံကြည်နိုင်စွာဖြင့် မေးလိုက်၏။ “ငါးနှစ် ခြောက်နှစ်အရွယ် ကလေးတစ်ယောက်က ဘာများ မကောင်းတဲ့ ရည်ရွယ်ချက် ရှိနိုင်မှာမို့လို့လဲဗျာ... ”

​လုချင်ဟယ်သည် ဤကိစ္စနှင့် ပတ်သက်၍ ထပ်မံ ရှင်းပြလိုခြင်း မရှိတော့ဘဲ ဤသို့သာ ပြောလိုက်၏။ “ကျွန်တော်တို့က ငြိမ်းချမ်းတဲ့ခေတ်မှာ နေထိုင်ကြတာမို့ ကမ္ဘာပျက်ခေတ်မှာ ရှင်သန်ရတဲ့ ရက်စက်မှုကို နားလည်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ခင်ဗျားမှာ ကိုယ်တိုင် မျက်မြင်တွေ့ရမယ့် အခွင့်အရေးရှိလာရင် ခင်ဗျား နားလည်သွားပါလိမ့်မယ်”

​လီဇယ်ခိုင်နှင့် အခြားသူများက သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြပြီး ကျန်သူများမှာမူ စဉ်းစားနေသည့် အမူအရာများ ရှိနေခဲ့ကြလေသည်။

​ပြတင်းပေါက် အပြင်ဘက်တွင် အချင်းချင်း ဖေးမထားသော မိသားစုသုံးဦးက ဘော့စ်ဝူနှင့် သူ၏အဖွဲ့နောက်သို့ လိုက်ပါသွားကာ မိုးကုပ်စက်ဝိုင်းအလွန်သို့ ပျောက်ကွယ်သွားကြသည်။

အခန်း ၁၄၅ပြီး၏။

All Chapters