အခန်း ၁၅၃
Vol. 16 Ch. 153
အခန်း (၁၅၃) အခြေစိုက်စခန်း
လီယန်လေးသည် ရယ်မောလိုက်ပြီး သူ၏ မျက်နှာလေးမှာ စိတ်လှုပ်ရှားမှုကြောင့် နီရဲနေခဲ့သည်။ “မေမေ... ငှက်ကြီးက သားတို့အနားကို မလာရဲဘူး....”
လူငယ်မိခင်သည် ကလေး၏ ဆံပင်များကို ပွတ်သပ်ပေးလိုက်ရာ သူမ၏ မျက်နှာပေါ်တွင် မသိစိတ်မှ အလိုအလျောက် အပြုံးတစ်ခု ပျံ့နှံ့သွားလေသည်။
သူမသည် အံ့မခန်း ဘတ်စ်ကားကို ငုံ့ကြည့်လိုက်ပြီး သူမ၏ ရင်ထဲတွင် ယခင်က တစ်ခါမှ မခံစားဖူးသော လုံခြုံရေး ခံစားချက်တစ်ခု ပြည့်လျှံလာရသည်။
ကောင်းကင်၏ အရှင်သခင်ပင် အနားမကပ်ရဲသော ဤခိုလှုံရာက မည်သို့သော နေရာဖြစ်နေသည်နည်း။
ဝင်စနေမင်းက ကောင်းကင်တစ်ဝက်ကို အနီရောင် ဆေးခြယ်ထားချိန်တွင် ခရီးသွားဘတ်စ်ကားက စွန့်ပစ်ထားသော ဝန်ဆောင်မှု ဧရိယာတစ်ခု၏ ရှေ့တွင် ဖြည်းညှင်းစွာ ရပ်တန့်သွား၏။
ကားခေါင်မိုးပေါ်ရှိ အသက်ရှင်ကျန်ရစ်သူများက သွက်လက်စွာ ဆင်းလာကြပြီး သူတို့ တစ်ဦးစီတိုင်းသည် ခွန်အားများ ပြည့်ဝနေကာ ခရီးဝေးသွားရသည့် ပင်ပန်းနွမ်းနယ်မှု လက္ခဏာ တစ်စုံတစ်ရာမျှ မပြသကြချေ။
တစ်နေ့တာလုံးတွင် သူတို့ဟာ ခရီးသွားဧည့်သည်များကဲ့သို့ ကားခေါင်မိုးပေါ်တွင် သက်သောင့်သက်သာ ထိုင်ကာ တစ်ချိန်က ရင်းနှီးခဲ့သော်လည်း ယခုအခါ စိမ်းသက်နေသော ဤပြိုကျပျက်စီးနေသည့် ကမ္ဘာကြီးကို ပြင်ပလူတစ်ဦး၏ ရှုထောင့်မှ ပထမဆုံးအကြိမ် လေ့လာကြည့်ရှုခဲ့ကြသည်။
ထိပ်ပြောင်ပြောင်နှင့် ဗလကောင်းကောင်း အမျိုးသားက အကြောဆန့်လိုက်ပြီး အဝေးရှိ ပြိုကျနေသော ခုံးကျော်တံတားကို စိုက်ကြည့်လိုက်၏။ ထို့နောက် သူက ရုတ်တရက် သက်ပြင်းချလိုက်လေသည်။ “အရင်ကဆိုရင် နေ့တိုင်း ဇွန်ဘီတွေ လိုက်ဖမ်းတာကို ခံရတော့ ဒီနေရာမှာ ဒီလို ဆွဲဆောင်မှုရှိတယ်ဆိုတာကို တစ်ခါမှ သတိမထားမိခဲ့ဘူး။ အဲဒါကို ဘယ်လိုခေါ်လဲ.... ကမ္ဘာပျက်ခေတ်ရဲ့ အလှတရားလား...”
“သွားစမ်းပါ...” ကျစ်ဆံမြီး မိန်းကလေးက သရော်လိုက်ပြီး သူ့ကို ရိုက်လိုက်၏။ “မနေ့ကတင် ဇွန်ဘီတွေဆီကနေ ထိတ်လန့်တကြား ထွက်ပြေးခဲ့ရတာကို... ဒီနေ့ ဘာနေ့လဲဆိုတာ မသိဘူးလား။ အခုကျမှ အနုပညာဆန်ချင်ယောင် လာဆောင်နေတယ်ပေါ့...”
လူတိုင်း ရယ်မောလိုက်ကြပြီး လေထုမှာ အရင်ကထက် အများကြီး ပိုမို ပေါ့ပါးလာချေသည်။
“အစ်ကိုကျန်း... ကျွန်တော်တို့ ဒီနားတစ်ဝိုက်က ဇွန်ဘီတွေကို သွားပြီး အမဲလိုက်ကြမယ်နော်” ရေစွမ်းရည် ပိုင်ရှင်က လာရောက် ခွင့်တောင်းလိုက်ပြီး သူ၏ လေသံမှာ ရိုသေမှု ပါဝင်နေခဲ့သည်။
တစ်နေ့တာလုံး အတူတူ အချိန်ဖြုန်းပြီးနောက် အသက်ရှင်ကျန်ရစ်သူများက အလိုအလျောက်ပင် ကျန်းယဲ့ကို သူတို့၏ ခေါင်းဆောင်အဖြစ် သတ်မှတ်လာကြသည်။
ကျန်းယဲ့က ပေါ့ပေါ့ပါးပါး လက်ဝှေ့ယမ်းပြလိုက်ပြီး သူတို့ကို သူတို့ဘာသာ စီစဉ်ခွင့် ပြုလိုက်၏။
ဤအသက်ရှင်ကျန်ရစ်သူများက ဇွန်ဘီများကို အမဲလိုက်ရင်း ထွက်ပြေးသွားမလားဆိုသည်နှင့် ပတ်သက်လျှင်တော့ သူ လုံးဝ ဂရုမစိုက်ချေ။
ဘတ်စ်ကား၏ အံ့မခန်း စွမ်းအားကို မျက်မြင်တွေ့ပြီးနောက် ထွက်ပြေးရန် ရွေးချယ်သူများက အခြားနေရာတွင် ပိုမိုကောင်းမွန်သော ရွေးချယ်စရာများ ရှိနေသည်ဟုသာ ဆိုလိုခြင်းဖြစ်၏။
တစ်ဖက်လူက ပိုကောင်းတဲ့နေရာ သွားစရာရှိနေပြီဆိုတော့ သူတို့ကို ဆက်နေဖို့ ဘာကြောင့် အတင်းအကျပ် လုပ်နေမည်နည်း။
ဘာပဲဖြစ်ဖြစ် ဒီနေ့အတွက် ကာကွယ်ခက ရထားပြီးပြီဆိုတော့ ရှင်းသွားချေပြီ။
နောက်ခဏ၌ လူနှစ်ဆယ့်လေးဦးက အဖွဲ့ငယ်အချို့အဖြစ် လျင်မြန်စွာ ခွဲလိုက်ကြပြီး သူတို့၏ လှုပ်ရှားမှုများမှာ အံ့သြဖွယ်ကောင်းလောက်အောင် သွက်လက်နေခဲ့ကြသည်။
၎င်းမှာ ကားခေါင်မိုးပေါ်တွင် သူတို့ ဆွေးနွေးခဲ့ကြသော အစီအစဉ်တစ်ခု ဖြစ်၏။
အမြန်နှုန်းစွမ်းရည် ပိုင်ရှင်များက မိစ္ဆာများကို မျှားရန် တာဝန်ယူပြီး မီးနှင့် သတ္တုစွမ်းရည် ပိုင်ရှင်များက အဓိက တိုက်ခိုက်သူများ ဖြစ်ကြကာ မြေစွမ်းရည် ပိုင်ရှင်များက ယာယီအတားအဆီးများ တည်ဆောက်ရန် တာဝန်ယူကြပြီး အခြားသူများက လစ်လပ်နေသော နေရာများကို ဖြည့်ဆည်းပေးရန် တာဝန်ယူကြ၏။ လီယန်လေးပင်လျှင် သူ၏ ကိုယ်ပိုင် တာဝန်တစ်ခု ရှိနေချေသည်။
“ဒါကို မှတ်ထား...” ထိပ်ပြောင်ပြောင်နှင့် အမျိုးသားက အဖွဲ့ကို သတိပေးလိုက်၏။ “လူတိုင်းက ကားခအတွက် အရင်ဆုံး ငါးတုံး စုဆောင်းရမယ်... ကျန်တာတွေကတော့ ကိုယ့်စွမ်းရည်အပေါ် မူတည်တယ်”
“စိတ်မပူနဲ့... ” မျက်မှန်တပ်ထားသော လူငယ်သည် စိတ်အားထက်သန်စွာဖြင့် သူ၏ လက်များကို ပွတ်သပ်နေပြီ ဖြစ်သည်။ “ဒီနေ့ ငါ အနည်းဆုံး ဆယ်ကောင်တော့ အမဲလိုက်နိုင်မှာ သေချာတယ်။ ဒီည ကောင်းကောင်းလေး စားဖို့ စီစဉ်ထားတယ်... ”
အပို အစားအစာများအကြောင်း ပြောလိုက်ရုံနှင့် လူအများအပြားကို တံတွေးမျိုချသွားစေလေသည်။
ဝင်စနေမင်း၏ အလင်းရောင်အောက်တွင် အသက်ရှင်ကျန်ရစ်သူများ လူစုခွဲသွားကြသော်လည်း သူတို့အားလုံးက ဘတ်စ်ကားကို မြင်ရုံမျှ အကွာအဝေးတစ်ခုတွင်သာ နေခဲ့ကြသည်။
ငွေမီးခိုးရောင်ကားသည် နေဝင်ဆည်းဆာကို ပြတင်းပေါက်များမှ ထင်ဟပ်လျက် ခံတပ်တစ်ခုကဲ့သို့ ထိုနေရာတွင် တိတ်ဆိတ်စွာ ရှိနေချေသည်။
ဆည်းဆာအချိန် ရောက်လာသောအခါ လုံးဝ ကွဲပြားခြားနားသော မြင်ကွင်းနှစ်ခုက နေဝင်ချိန်အောက်တွင် ထူးဆန်းစွာ ပေါင်းစပ်သွားချေသည်။
တစ်ဖက်တွင် အသက်ရှင်ကျန်ရစ်သူများက နည်းဗျူဟာမြောက် အဖွဲ့ငယ်များ ဖွဲ့စည်းကာ အပျက်အစီးများကြားတွင် ဇွန်ဘီများကို ပြင်းထန်စွာ တိုက်ခိုက်နေသည့် သွေးထွက်သံယိုနှင့် ရက်စက်သော ရှင်သန်ရေး တိုက်ပွဲတစ်ခု ရှိနေ၏။
နားကွဲမတတ် ပေါက်ကွဲနေသော မီးလုံးများ၏ အသံမျ၊ သတ္တုများ ထိခိုက်မိသည့် အသံ၊ ဇွန်ဘီများ၏ အော်ဟစ်သံများနှင့် လူသားများ၏ အော်ဟစ်သံများ ရောယှက်ကာ ကမ္ဘာပျက်ခေတ်၏ တိုက်ပွဲဝင် သီချင်းတစ်ပုဒ်ကို ဖန်တီးနေချေသည်။
ထိပ်ပြောင်ပြောင်နှင့် အမျိုးသားသည် သူ၏ ဓားမကြီးကို ဝှေ့ယမ်းကာ ဇွန်ဘီတစ်ကောင်၏ ခေါင်းကို ခွဲပစ်လိုက်ရာ အမည်းရောင်သွေးများက သူ၏ ကြောက်မက်ဖွယ်ကောင်းသော ပြုံးနေသည့် မျက်နှာပေါ်သို့ စင်လာခဲ့သည်။
ရေစွမ်းရည်ပိုင်ရှင်က ဖိအားမြင့်ရေဓားတစ်ခုကို အသုံးပြုကာ ဇွန်ဘီများ၏ ခေါင်းများကို တိကျစွာ ရိတ်သိမ်းနေ၏။
သွက်လက်စွာ ရွေ့လျားပြီး ထောက်ပံ့မှု ပေးနေသော လီယန်လေးပင်လျှင် ရုတ်တရက် တိုက်ခိုက်မှုများ ပြုလုပ်ရန် တစ်ခါတစ်ရံတွင် သူ၏ အထူးစွမ်းရည်များကို ထုတ်လွှတ်ပေးနေပေသည်။
သို့သော် မီတာနှစ်ဆယ်ခန့် အကွာအဝေးတွင် လုံးဝ ကွဲပြားခြားနားသော မြင်ကွင်းတစ်ခု ရှိနေ၏။
ကျန်းယဲ့နှင့် သူ၏အဖွဲ့က မီးပုံပတ်လည်တွင် စုရုံးကာ ကင်စင်ပေါ်ရှိ သိုးကောင်လုံးကင်ကို အေးအေးဆေးဆေး လှန်ပေးနေကြလေသည်။
ရွှေရောင်အဆီများက မီးသွေးမီးပေါ်သို့ ကျဆင်းလာပြီး ‘ရှဲ’ဟူသော အသံနှင့်အတူ ဇီရာနှင့် ငရုတ်သီးမှုန့်တို့ ရောနှောနေသော ရနံ့များ ထွက်ပေါ်လာကာ လေညင်းနှင့်အတူ ပျံ့လွင့်သွားခဲ့သည်။
လီချင်သည် သိုးပေါင်ကို ပျားရည်သုတ်နေပြီး ရှန်ကျီရှားက အနူးညံ့ဆုံးအသားများကို ဓားငယ်ဖြင့် လှီးဖြတ်နေကာ လုချင်ဟယ်က ဓာတ်ပုံရိုက်ရန် အကောင်းဆုံး ထောင့်ကို ရှာဖွေရင်း သူ၏ ဖုန်းကို ကိုင်ထား၏။
“ကျစ် ကျစ်... ကျွန်တော်တို့ရဲ့ လိုက်လျောညီထွေ ဖြစ်အောင် နေနိုင်စွမ်းက အရမ်း အားကောင်းလွန်းတယ်” ကျန်းခိုင်က သိုးနံရိုးကို ကိုက်စားရင်း ဗလုံးဗထွေး ပြောလိုက်၏။ “သူတို့ ခေါင်းကွဲပြီး အရည်တွေ ပန်းထွက်နေတာကို ကြည့်ရင်းတောင် ကျွန်တော်တို့က ဒီမှာ ဒီလောက် အရသာခံပြီး စားနိုင်သေးတယ်....”
ကျိုးရှင်းကျီသည် လီဇယ်ခိုင် ကမ်းပေးသော အသားကင်ကို ယူလိုက်၏။ “ဒါက အကျင့်ဖြစ်သွားတဲ့ ကိစ္စပါပဲ။ ဇွန်ဘီတွေ လူစားနေတာကို ပထမဆုံး မြင်တုန်းကဆိုရင် လူတိုင်း အရူးအမူး အန်နေကြတာ။ အခုကျတော့...”
ဝမ်ပင်းကလည်း အကင်စင်ပေါ်သို့ ငရုတ်သီးမှုန့် အနည်းငယ် ဖြူးလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်လေသည်။ “သူတို့ ဇွန်ဘီတွေကို သတ်နေတာကို ကြည့်ရတာက အခုတော့ ဂိမ်း တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေရသလိုပဲ...”
ထိုအချိန်တွင် အဝေးမှ အောင်ပွဲခံသံတစ်ခု ထွက်ပေါ်လာ၏။
အသက်ရှင်ကျန်ရစ်သူများက အဆင့် ၃ ဇွန်ဘီတစ်ကောင်ကို အောင်မြင်စွာ ဝိုင်းဝန်း သတ်ဖြတ်နိုင်ခဲ့ပြီး ၎င်းထံမှ အဆင့် ၃ အပြာရောင် ခရစ်စတယ်စွမ်းအင်တုံး တစ်ခု ကျလာခဲ့သည်။
အောင်ပွဲခံသံများပင် မငြိမ်သက်သေးမီ သိုးကင်၏ ရနံ့က ပျံ့လွင့်လာပြီး အားရပါးရ ရှုရှိုက်လိုက်ကြသည်။
“အရမ်း မနာလိုဖြစ်တာပဲ... သူတို့က ဒီည သိုးတစ်ကောင်လုံး ကင်စားနေကြတယ်...”
“အရမ်းမွှေးတာပဲကွာ~~ အား....”
“မြန်မြန်... မြန်မြန်... နောက်ထပ် နှစ်ကောင် ထပ်သတ်။ ဒီည အသားကင် နည်းနည်းလောက် စားရနိုင်တယ်...”
ကျန်းယဲ့သည် ဟိုဘက်မှ ဆူညံသံများကို ကြားသောအခါ ပြုံးကာ ခေါင်းခါလိုက်ပြီး သိုးပေါ်သို့ ဟင်းခတ်အမွှေးအကြိုင် အနည်းငယ် ထပ်ဖြူးလိုက်၏။
မီးပုံ၏ အလင်းရောင်အောက်တွင် ကမ္ဘာနှစ်ခုက ရှင်းလင်းစွာ ကွဲပြားနေသော်လည်း အံ့သြဖွယ်ကောင်းသော နည်းလမ်းဖြင့် အတူတကွ တည်ရှိနေကြလေသည်။
တစ်ဖက်တွင် ကမ္ဘာပျက်ခေတ်၏ ရက်စက်ကြမ်းကြုတ်သော ရှင်သန်ရေး စည်းမျဉ်းများ ရှိနေပြီး အခြားတစ်ဖက်တွင်မူ ဇိမ်ကျကျနီးပါး ငြိမ်းချမ်းမှုနှင့် ပျော်ရွှင်မှု ရှိနေခဲ့သည်။
အမဲလိုက်ခြင်းက နေဝင်ဆည်းဆာအချိန်တွင် ပြီးဆုံးသွားပြီး အသက်ရှင်ကျန်ရစ်သူများက တစ်ယောက်ပြီးတစ်ယောက် ပြန်လာကြရာ သူတို့၏ မျက်နှာများတွင် ပင်ပန်းနွမ်းနယ်မှုများ ရှိနေသော်လည်း ကျေနပ်နေကြ၏။
ထို့နောက် သူတို့ဟာ ညစာဝယ်ရန် တန်းစီနေခဲ့ကြသည်။
ဤတစ်ကြိမ်တွင် ကျန်းယဲ့က မည်သည့်အရာကိုမျှ မိတ်ဆက်ပေးရန် မလိုတော့ဘဲ လူတိုင်းက ဘာစားရမည်ကို ကြိုတင် စီစဉ်ထားပြီး ဖြစ်၏။
ဒီညမှာတော့ မထင်မှတ်ဘဲ လူငယ်မိခင်နှင့် သားအပါအဝင် အသက်ရှင်ကျန်ရစ်သူ အားလုံးက ထမင်းဘူး ဝယ်စားကြလေသည်။
ဒီနေ့က သူတို့အတွက် နေ့ကောင်းတစ်နေ့ ဖြစ်ခဲ့တာ သေချာပေသည်။
အသက်ရှင်ကျန်ရစ်သူများက အရင်ကလို အငမ်းမရ စားသောက်ခြင်း မပြုတော့ဘဲ အရသာများကို ခံစားကာ အစားအစာက ပေးစွမ်းသော ပျော်ရွှင်မှုကို ခံစားနေခဲ့ကြသည်။
ထမင်းဘူးကို စားပြီးနောက် ထိပ်ပြောင်ပြောင်နှင့် အမျိုးသားက ကြမ်းတမ်းသော သူ၏ လက်များဖြင့် ပါးစပ်မှ အဆီများကို သုတ်လိုက်ပြီး ခေတ္တမျှ တုံ့ဆိုင်းနေကာ ကျန်းယဲ့ဆီသို့ လျှောက်သွားလိုက်၏။
သူ၏ ကြွက်သားထစ်ထစ်နှင့် ခန္ဓာကိုယ်က မီးပုံဘေးတွင် အရိပ်တစ်ခု ကျဆင်းနေစေပြီး သူ၏ လေသံက ပုံမှန်မဟုတ်ဘဲ သတိထားနေလေသည်။ “အစ်ကိုကျန်း... မနက်ဖြန် ကျွန်တော်တို့ H မြို့ဘက်ကို သွားမှာလား... ”
ကျန်းယဲ့သည် ကင်စင်ပေါ်ရှိ သိုးကို လှန်ပေးနေရင်း မော့ကြည့်ကာ မေးလိုက်၏။ “ဘာလို့လဲ။ ပြဿနာရှိလို့လား”
ထိပ်ပြောင်ပြောင်နှင့် အမျိုးသားက သူ၏ ပြောင်လက်နေသော ခေါင်းကို ကိုင်ကာ ခေတ္တစဉ်းစားပြီးနောက် ပြောလိုက်၏။ “H မြို့က ရှေ့နားလေးမှာပဲ ရှိတယ်။ အဲဒီမှာ ဆယ်မျက်နှာ အခြေစိုက်စခန်းတစ်ခု ရှိတယ်... ”
ထိုနာမည်ကို ပြောလိုက်ချိန်တွင် သူ၏ အသံမှာ မသိစိတ်မှ အလိုအလျောက် တိုးသွားခဲ့သည်။ “အဲဒီ အခြေစိုက်စခန်းက ခေါင်းဆောင် ဆယ်ယောက်လုံးက အဆင့်ငါး စွမ်းရည်ပိုင်ရှင်တွေချည်းပဲ... ပြီးတော့ ထိပ်ဆုံးက ခေါင်းဆောင်က အဆင့်ခြောက် တံခါးဝကိုတောင် ရောက်နေပြီလို့ ကြားတယ်။ အဆင့်ငါး ဇွန်ဘီအုပ်စုတောင် သူတို့ကို အလွယ်တကူ မရန်စရဲဘူး...”
ကျစ်ဆံမြီး မိန်းကလေးကလည်း ဝင်ပြောလေသည်။ “ဆယ်မျက်နှာ အခြေစိုက်စခန်းက လူတွေ အကုန်လုံးက ရက်စက်ပြီး ကောက်ကျစ်ကြတယ်... ပြီးတော့...”
ထိုစကားကို ကြားသောအခါ လီဇယ်ခိုင်နှင့် သူ၏အဖွဲ့သည် စိတ်ဝင်စားသော အကြည့်များဖြင့် သူ့ကို လှည့်ကြည့်လိုက်ကြ၏။
ကျစ်ဆံမြီး မိန်းကလေးက အံကြိတ်ကာ ပြော၏။ “သူတို့က အမျိုးသမီးတွေနဲ့ ကလေးတွေကို အရန်အစားအစာအဖြစ် ထားတယ်... သက်ကြီးရွယ်အိုတွေကို အသက်ရှင်နေတဲ့ ငါးစာအဖြစ် သုံးတယ်... ပြီးတော့ တစ်ယောက်တည်း သွားလာနေတဲ့ စူပါပါဝါရှင်တွေဆိုရင် သူတို့ဆီက သွေးကိုဖောက်ပြီး စူပါပါဝါရှင် ဆေးရည် ထုတ်ယူတယ်...”
ကျစ်ဆံမြီး မိန်းကလေး ပြောသည်ကို နားထောင်ပြီးနောက် ကျန်းခိုင်နှင့် အခြားသူများ၏ မျက်လုံးများ ပြူးကျယ်သွားကြရသည်။ ဤအသက်ရှင်ကျန်ရစ်သူများကိုယ်တိုင်က ရက်စက်သည်ဟု ပြောရလောက်အောင် ဖြစ်နေသည်ဆိုလျှင် ထိုလူများက တကယ့်ကို တစ်ခုခုပဲ ဖြစ်ရပေမည်။
ထိပ်ပြောင်ပြောင်နှင့် အမျိုးသားက ပြောင်လက်ပြီး သန့်ရှင်းနေသော ဘတ်စ်ကားကို စိုးရိမ်တကြီး ကြည့်လိုက်၏။ “အစ်ကိုကျန်း... ဒီကားက အရမ်းကို ထင်ရှားနေတယ်။ ဆယ်မျက်နှာအခြေစိုက်စခန်းက လူတွေသာ တွေ့သွားရင် သေချာပေါက် ခိုးဖို့ ကြိုးစားကြလိမ့်မယ်..”
ကျန်းယဲ့က သူ့ကို ကြည့်လိုက်လေသည်။ “အဲဒီတော့”
“ကွေ့ပတ်သွားကြရအောင်” ထိပ်ပြောင်ပြောင်နှင့် အမျိုးသားက အကြံပြုလိုက်၏။ “အနောက်ဘက် မိုင်သုံးဆယ်အကွာမှာ စွန့်ပစ်ထားတဲ့ ဥမင်လိုဏ်ခေါင်း တစ်ခု ရှိတယ်။ လမ်းက သွားရခက်ပေမဲ့ အဲဒီကနေသွားရင် H မြို့ကို ရှောင်သွားလို့ ရနိုင်တယ်”
အခန်း ၁၅၃ပြီး၏။