အခန်း ၁၅၄
Vol. 16 Ch. 154
အခန်း (၁၅၄) ပွဲကြည့်ခြင်း
ပတ်ဝန်းကျင်ရှိ အသက်ရှင်ကျန်ရစ်သူများအားလုံး တိတ်ဆိတ်သွားကြပြီး ကျန်းယဲ့၏ တုံ့ပြန်မှုကို စိုးရိမ်တကြီး စောင့်ဆိုင်းနေခဲ့ကြသည်။
လီယန်လေးသည်လည် သူ့မိခင်၏ အဝတ်အစားများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူ၏ မျက်နှာတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေလေသည်။
သူ၏ မိဘများက ဆယ်မျက်နှာ အခြေစိုက်စခန်း၏ လိုက်လံဖမ်းဆီးခြင်းမှ လွတ်မြောက်ရန် ကြိုးစားရင်း ဇွန်ဘီများ၏ ဝိုင်းရံခြင်းကို ခံခဲ့ရပြီး နောက်ဆုံးတွင် ဘော့စ်ဝူနှင့် သူ၏အဖွဲ့ လက်ထဲသို့ ကျရောက်ကာ သူတို့၏ ငါးစာ ဖြစ်လာခဲ့ရသည်။
ကျန်းယဲ့သည် ရွှေအိုရောင် သိုးပေါင်ကင် တစ်ဖတ်ကို ဖြည်းညှင်းစွာ လှီးဖြတ်လိုက်ပြီးနောက် ရုတ်တရက် ရယ်မောလိုက်၏။ “သူတို့ ခေါင်းဆောင်က အဆင့်ခြောက်နား နီးနေပြီလား။ အတော်ပဲ... အဆင့်ခြောက် စွမ်းရည်ပိုင်ရှင်က ဘယ်လိုပုံစံလဲ ဆိုတာ ငါ တစ်ခါမှ မမြင်ဖူးသေးဘူး...”
ဤစကားလုံးများကို ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း အသက်ရှင်ကျန်ရစ်သူ အားလုံး၏ ကျောရိုးတစ်လျှောက် ကြက်သီးများ ထသွားစေလေသည်။
ထိပ်ပြောင်ပြောင်နှင့် ဗလကောင်းကောင်း အမျိုးသားသည် သူကို နောက်တစ်ကြိမ် နားချရန် ပါးစပ်ဟလိုက်သော်လည်း ကျစ်ဆံမြီး မိန်းကလေး၏ နောက်သို့ ဆွဲခြင်းကို ခံလိုက်ရ၏။
ကျန်းယဲ့ ဤသို့ပြောလိုက်ချိန်တွင် လီဇယ်ခိုင် အပါအဝင် သူ့ဘေးရှိ လူငါးဦးက ကြောက်မက်ဖွယ်ကောင်းသော ဆယ်မျက်နှာအခြေစိုက်စခန်းကို ရင်ဆိုင်ရမည်မဟုတ်ဘဲ အသတ်ခံရမည့် သိုးအုပ်တစ်အုပ်ကို ရင်ဆိုင်ရမည့်အလား မျက်တောင်ပင် မခတ်ဘဲ အသားကင်များကိုသာ အာရုံစိုက်နေကြကြောင်းကို သူမ သေချာစွာ သတိပြုမိလိုက်ပေသည်။
ညလေသည် ရုတ်တရက် ပြင်းထန်လာပြီး မီးပုံမှာ ပြင်းထန်စွာ တုန်ခါသွားကာ ကျန်းယဲ့၏ မျက်နှာပေါ်တွင် တဖျပ်ဖျပ် လင်းလက်နေသော အလင်းနှင့် အရိပ်များကို ကျဆင်းနေစေလေသည်။
သူသည် ကိုက်ထားသော သိုးရိုးများကို မီးထဲသို့ ပေါ့ပေါ့ပါးပါး ပစ်ထည့်လိုက်ရာ မီးပွားများ လွင့်စဉ်သွားပြီးနောက် အသက်ရှင်ကျန်ရစ်သူများကို ကြည့်ကာ တည်ငြိမ်စွာ ကြေညာလိုက်၏။ “မနက်ဖြန် ကျွန်တော်တို့ ပုံမှန်အတိုင်း ထွက်ခွာမယ်... ”
မီးပုံ ငြိမ်းသွားချိန်တွင် သိုးတစ်ကောင်လုံး ကင်ထားသည့် အရိုးစုမှာ ပြာများကြားတွင် ပြန့်ကျဲနေပြီး အသားစအချို့ ကပ်နေသေးပေသည်။
အသက်ရှင်ကျန်ရစ်သူများသည် သူတို့၏ သိုးသားဝေစုများကို ကိုင်ကာ ဖြည်းညှင်းစွာ ဝါးစားနေကြပြီး ဤကြာရှည်စွာ ပျောက်ဆုံးနေခဲ့သော အရသာကို ထာဝရ မှတ်သားထားချင်သည့်အလား ဖြစ်နေခဲ့ကြသည်။
ထိပ်ပြောင်ပြောင်နှင့် ဗလကောင်းကောင်း အမျိုးသားက မြေကြီးပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ သူ၏ ကြမ်းတမ်းသော လက်ချောင်းများဖြင့် ဘီယာဘူးကို ပွတ်သပ်နေ၏။
“ဒီအရသာက...” သူက အရက်ကို တစ်ကျိုက်သောက်လိုက်ပြီး သူ၏ အသံမှာ ရုတ်တရက် စို့နင်သွားရသည်။ “ငါ့ဇာတိမြို့က ညဈေးတန်းက အရသာနဲ့ တစ်ပုံစံတည်းပဲ..”
ကျစ်ဆံမြီးနှင့် အမျိုးသမီးသည် ဘာမှမပြောဘဲ သူမ၏ လက်ထဲရှိ ရွှေရောင် သိုးနံရိုးကင်ကို ငေးမောကြည့်နေချေသည်။
အသား၏ မျက်နှာပြင်ပေါ်တွင် ခဲနေသော အဆီများက သူမ၏ ဝေဝါးနေသော အရိပ်ကို ထင်ဟပ်နေခဲ့သည်။
ဝေဝါးမှုကြားတွင် လွန်ခဲ့သော သုံးနှစ်က စတိုင်ကျသော မြို့ပြ ရုံးဝန်ထမ်းတစ်ဦးဖြစ်သည့် မိမိဟာ စနေတနင်္ဂနွေများတွင် သူငယ်ချင်းများနှင့်အတူ အသားကင်ဆိုင်တွင် အရက်သောက်ကာ စကားစမြည် ပြောဆိုနေသည်ကို သူမ မြင်ယောင်လာ၏။
လီယန်လေးသည် သူ၏ မိခင်၏ ရင်ခွင်ထဲတွင် ကွေးကွေးလေး အိပ်ပျော်နေပြီး သူ၏ လက်သေးသေးလေးထဲတွင် သိုးနံရိုးတစ်ဝက်ကို ဆုပ်ကိုင်ထားခဲ့သည်။
အမျိုးသမီးငယ်သည် ကလေး၏ ပါးစပ်ထောင့်ရှိ အဆီများကို ညင်သာစွာ သုတ်ပေးလိုက်ပြီး ဆုတ်ယုတ်နေသော လကို မော့ကြည့်လိုက်လေသည်။
သူမ၏ ခင်ပွန်းက သူမကို သိုးတစ်ကောင်လုံး ကင်စားရန် ပထမဆုံးအကြိမ် ခေါ်သွားခဲ့စဉ်က ဤကဲ့သို့ လသာသော ညတစ်ည ဖြစ်ခဲ့ကြောင်း သူမ မှတ်မိချေသည်။
ထိုစဉ်က သိုးနံရိုးများကို ကြက်သွန်ဖြူထောင်းနှင့် ကြက်သွန်မြိတ်များဖြင့် ကျွေးမွေးခဲ့သော်လည်း ယခုအခါ ဆားနှင့် ဇီရာလေးကိုပင် ဇိမ်ခံပစ္စည်းအဖြစ် သတ်မှတ်နေရပြီ ဖြစ်၏။
“ဖောက်....”
ကျန်းခိုင်သည် နောက်ထပ် ဘီယာတစ်ဘူးကို ဖွင့်လိုက်ရာ ပူဖောင်းများ တက်လာသော အသံက တိတ်ဆိတ်မှုကြားတွင် အထူးပင် ကြည်လင်နေခဲ့သည်။
ဦးလေးလီက လူတိုင်းကို ဘီယာတစ်ဘူးစီ ပေးလိုက်ရာ ပုံမှန်အားဖြင့် အရက်မသောက်တတ်သူများပင် လက်ခံလိုက်ကြ၏။
အလူမီနီယမ် ဘူးများ အချင်းချင်း ထိခိုက်မိသည့် ကြည်လင်သော အသံများက တိတ်ဆိတ်သော ယဇ်ပူဇော်မှုတစ်ခုကဲ့သို့ အကြိမ်ကြိမ် ပဲ့တင်ထပ်သွား၏။
ရေစွမ်းရည်ပိုင်ရှင်က ရုတ်တရက် သီချင်းဟောင်း တစ်ပုဒ်ကို တိုးညင်းစွာ ညည်းတွားလိုက်ရာ သူ၏ အက်ကွဲနေသော အသံက အပျက်အစီးများကြားတွင် ပျံ့လွင့်သွားလေသည်။
အချို့လူများက ညင်သာစွာ လက်ခုပ်တီးလိုက်ကြပြီး အချို့က မျက်လုံးများကို မှိတ်ကာ လိုက်ပါ ညည်းတွားလိုက်ကြသည်။
သီချင်းသံ ထွက်ပေါ်လာချိန်တွင် မီးပုံ၏ နောက်ဆုံး ပြာပူများ မြင့်တက်လာသော်လည်း ညလေထဲတွင် လျင်မြန်စွာ ငြိမ်းသက်သွား၏။
ထိပ်ပြောင်ပြောင်နှင့် ဗလကောင်းကောင်း အမျိုးသားသည် ဘီယာဘူးခွံကို ခြေမွပစ်လိုက်ရာ သတ္တု လိမ်ကောက်သွားသောအသံက ဤတိုတောင်းသော ထင်ယောင်ထင်မှားဖြစ်မှုကို အဆုံးသတ်လိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။
ထို့နောက် သူသည် အဝေးမှ အမှောင်ထုထဲတွင် လှည့်လည်သွားလာနေသော ဇွန်ဘီအရိပ်များကို စိုက်ကြည့်လိုက်ပြီးနောက် သူ၏ မျက်နှာကို ရုတ်တရက် ခပ်ကြမ်းကြမ်း ပွတ်သပ်လိုက်၏။ “သောက်ကျိုးနည်း...”
သူ ဘာကြောင့် ကျိန်ဆဲသလဲဆိုတာကို ဘယ်သူကမှ မမေးကြချေ။
လူတိုင်းက နေရာများကို တိတ်တဆိတ် ရှင်းလင်းကြပြီး အရိုးများကို သိမ်းဆည်းကာ သူတို့၏ ဆီပေနေသော လက်ချောင်းများကို သန့်ရှင်းအောင် သုတ်လိုက်ကြသည်။
နောက်ဆုံး မီးပွားလေး ငြိမ်းသွားချိန်တွင် အသက်ရှင်ကျန်ရစ်သူများဟာ နှစ်ယောက်တစ်စု သုံးယောက်တစ်စုဖြင့် အိပ်ရာဝင်ကြပြီး သူတို့၏ ပါးလွှာသော အဝတ်အစားများဖြင့် ကိုယ့်ကိုယ်ကိုယ် တင်းကျပ်စွာ ထုပ်ပိုးထားလိုက်ကြသည်။
ညလေသည် ကျိုးပျက်နေသော နံရံများနှင့် အပျက်အစီးများကို ဖြတ်သန်းတိုက်ခတ်သွားပြီး ဝမ်းနည်းဖွယ် အသံတစ်ခုကို ဖန်တီးနေချေသည်။
ဘတ်စ်ကား၏ အရိပ်က စုရုံနေသော လူအုပ်ပေါ်သို့ ကျရောက်နေပြီး ဘယ်တော့မှ ပြန်မရနိုင်တော့သော အတိတ်အားလုံးကို ဂုဏ်ပြုသည့် တိတ်ဆိတ်သော သင်္ချိုင်းမှတ်တိုင်တစ်ခုကဲ့သို့ ဖြစ်နေပေသည်။
နောက်တစ်နေ့ အရုဏ်တက်ချိန်တွင် အသက်ရှင်ကျန်ရစ်သူများသည် နံနက်ခင်း မြူနှင်းများကြားတွင် ဇွန်ဘီများကို အမဲလိုက်နေကြပြီ ဖြစ်၏။
ဓားသွားများ၏ တလက်လက် တောက်ပမှုနှင့် သဘာဝလွန်စွမ်းအားများ၏ တောက်ပမှုတို့က မှုန်ဝါးနေသော အရုဏ်ဦးတွင် လင်းလက်နေခဲ့သည်။ နေ အပြည့်အဝ ထွက်လာမှသာ သူတို့ တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ပြီး ချွေးများကို သုတ်လိုက်ကြသည်။ ထိုအချိန်လောက်ဆိုလျှင် ကားအတွင်းရှိ လူများလည်း နိုးနေလောက်ချေပြီ။
ကျန်းယဲ့က ကားတံခါးကို ဖွင့်လိုက်သောအခါ အသက်ရှင်ကျန်ရစ်သူ နှစ်ဆယ့်လေးဦးက တန်းစီနေကြပြီဖြစ်ပြီး ဝမ်ပင်း၏ ဗန်းပေါ်တွင် ခရစ်စတယ်စွမ်းအင်တုံး ငါးတုံးစီကို သပ်ရပ်စွာ တင်ပေးလိုက်ကြ၏။
ထမင်းဘူး ရောင်းသည့်ဆိုင်မှာ ယနေ့တွင် များစွာ တိတ်ဆိတ်နေပြီး လာရောက်ဝယ်ယူသူ အနည်းငယ်သာ ရှိပေသည်။
“အမဲလိုက်ရတာ မကောင်းဘူးလား... ” ကျန်းခိုင်က အသားပေါက်စီကို စားရင်း အပြင်သို့ ခိုးကြည့်ကာ သိချင်စိတ်ဖြင့် မေးလိုက်၏။
ရေအေးသောက်ရင်း ကျစ်လစ်သော ဘီစကွတ်များကို ဝါးစားနေသည့် ထိပ်ပြောင်ပြောင်နှင့် အမျိုးသားက ထိုစကားကို ကြားသောအခါ ပြုံးဖြီးဖြီး လုပ်လိုက်လေသည်။ “နေ့တိုင်း ထမင်းဘူး ဝယ်စားလို့ ဘယ်ဖြစ်မလဲ။ ဒါက အရမ်း ဇိမ်ကျလွန်းတယ်....”
သူသည် သဘာဝကျသော အမူအရာဖြင့် ဤကိစ္စကို ပုံမှန်ကိစ္စတစ်ခုကဲ့သို့ ပြောလိုက်လေသည်။
ကျန်းခိုင် မှင်သက်သွားရသည်။
သူသည် သူ၏ လက်ထဲရှိ တစ်ဝက်စားထားသော အသားပေါက်စီကို ငုံ့ကြည့်လိုက်ပြီး ရုတ်တရက် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားချေသည်။
ယမန်နေ့က သူတို့ နှစ်ခြိုက်စွာ စားသုံးခဲ့သော သိုးကောင်လုံးကင်သည် ယနေ့နံနက်တွင် ခြောက်သွေ့ပြီး ကျစ်လစ်သော ဘီစကွတ်များအဖြစ် ပြောင်းလဲသွားသော်လည်း သူတို့က ဤဆန့်ကျင်ဘက် အခြေအနေကို မှတ်သားလောက်ဖွယ် တည်ငြိမ်မှုဖြင့် လက်ခံထားကြသည်။
“ရော့... ” ကျန်းခိုင်သည် ကျန်ရှိနေသော အသားပေါက်စီ နှစ်လုံးကို ထိပ်ပြောင်ပြောင်နှင့် အမျိုးသား၏ လက်ထဲသို့ ထိုးထည့်လိုက်၏။ “ငါတစ်ယောက်တည်း အကုန်စားလို့ မကုန်ဘူး...”
မလှမ်းမကမ်းတွင် လီချင်သည် တစ်ဝက်စားထားသော ဘဲဥနှင့် ဝက်သားစင်းကော ဆန်ပြုတ် ပန်းကန်ကို ကျစ်ဆံမြီး ညီအစ်မများထံသို့ ကမ်းပေးနေခဲ့သည်။
ကမ္ဘာပျက်ခေတ်၏ ရက်စက်မှုကို မျက်မြင်တွေ့ခဲ့ရပြီးနောက် လီချင်သည် အမျိုးသားများထက် အမျိုးသမီးများ ရှင်သန်ရန် အများကြီး ပိုခက်ခဲကြောင်း ကောင်းကောင်း သိထားပေသည်။
ရှန်ကျီရှားကလည်း အဖွဲ့ထဲရှိ အမျိုးသမီး အချို့အား အမျိုးသမီး သန့်ရှင်းရေးသုံး ပစ္စည်းများကို စာနာနားလည်မှုဖြင့် ပေးအပ်ခဲ့သည်။
ပေးကမ်းသူရော လက်ခံသူပါ သင့်လျော်သော အကွာအဝေးကို တိတ်တဆိတ် ထိန်းသိမ်းထားကြပြီး တစ်ဖက်လူကို အခွင့်အရေးယူသည်ဟု မခံစားရစေသလို တမင်သက်သက် ပေးကမ်းနေသည်ဟုလည်း မထင်ရစေချေ။
အသက်ရှင်ကျန်ရစ်သူများက ကားဘေးတွင် တိတ်ဆိတ်စွာ ဆောင့်ကြောင့်ထိုင်ကာ စားသောက်နေကြ၏။ အချို့က သူတို့၏ ပဲနို့ဝေစုကို စုပ်သောက်နေကြပြီး အချို့က လက်ဖက်ရည်စိမ်ထားသည့် ဥတစ်ဝက်ကို သူတို့၏ အဖော်များနှင့် မျှဝေရန် ထပ်ဝက်ခွဲနေခဲ့ကြသည်။
နံနက်ခင်း အလင်းရောင်က သူတို့၏ သွေးစွန်းပြီး ဖုန်မှုန့်များ ဖုံးလွှမ်းနေသော အဝတ်အစားများပေါ်သို့ ဖြာကျနေပြီး သူတို့၏ ပုံရိပ်များကို နူးညံ့သော ကောက်ကြောင်းတစ်ခု ဖန်တီးပေးနေခဲ့သည်။
လူတိုင်း နံနက်စာ စားပြီးနောက် ကျန်းယဲ့က “ကားပေါ်တက်ကြ” ဟု အတိုချုံး အမိန့်ပေးလိုက်၏။
အသက်ရှင်ကျန်ရစ်သူများက ကားခေါင်မိုးပေါ်သို့ သွက်လက်စွာ တက်သွားလိာက်ကြသည်။
နှစ်ထပ်ဘတ်စ်ကားသည် တက်လာသော နေမင်းဆီသို့ မောင်းနှင်သွားပြီး ကားခေါင်မိုးပေါ်ရှိ လူများက ရွှေရောင်နေရောင်ခြည်က ပြတ်တောက်နေသော တိမ်တိုက်များကို ဖောက်ထွင်းလာသည်ကို မျက်လုံးမှေးကြည့်နေခဲ့ကြသည်။
လေက သူတို့၏ ဖရိုဖရဲ ဖြစ်နေသော ဆံပင်များကို တိုက်ခတ်သွားပြီး ယမန်နေ့ညက မီးပုံ၏ နွေးထွေးမှုကို သယ်ဆောင်သွားလေသည်။
တစ်စုံတစ်ယောက်က သီချင်းတစ်ပုဒ်ကို တိုးညင်းစွာ စတင် ညည်းတွားလိုက်၏။ သံစဉ်မှာ လွဲချော်နေသော်လည်း လူတွေကို ရှင်းပြလို့မရအောင် စိတ်အေးချမ်းသွားစေသည်။
ကားသည် စွန့်ပစ်ထားသော သားသတ်ရုံတစ်ခုကို ဖြည်းညှင်းစွာ ဖြတ်သန်းသွားချိန်တွင် ရှေ့မှ နားကွဲမတတ် ဟိန်းဟောက်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထရပ်ကား အရွယ်အစားခန့်ရှိသော မျိုးဗီဇပြောင်း တောဝက် တစ်ဒါဇင်ခန့်က ရေပုံးခန့် တုတ်ခိုင်သော ဧရာမခေါင်းနှစ်လုံးပါ စပါးကြီးမြွေ နှစ်ကောင်နှင့် ပြင်းထန်စွာ တိုက်ခိုက်နေခဲ့ကြသည်။ ဤမြင်ကွင်းမှာ မော်ကွန်းဝင်သည်ဟုသာ ဖော်ပြနိုင်ပေသည်။
“လခွမ်း....” ကျန်းခိုင်သည် ကားပြတင်းပေါက်နှင့် ကပ်လျက် သူ၏ မျက်လုံးများ ပြူးကျယ်နေ၏။ “ဒါက ဇာတ်ကားတွေထဲကထက်တောင် ပိုစိတ်လှုပ်ရှားဖို့ ကောင်းသေးတယ်...”
မျိုးဗီဇပြောင်း တောဝက်သည် သံမဏိအပ်များကဲ့သို့ ကြမ်းတမ်းသော အမွှေးများဖြင့် ဖုံးလွှမ်းနေပြီး ၎င်း၏ အစွယ်များမှာ မီတာဝက်ခန့် ရှည်လျားပေသည်။ ၎င်း ပြေးဝင်တိုက်ခိုက်လိုက်တိုင်း မြေကြီးပေါ်တွင် နက်ရှိုင်းသော မြောင်းကြီးများ ဖြစ်ပေါ်သွားစေခဲ့သည်။
ခေါင်းနှစ်လုံးပါ စပါးကြီးမြွေနှစ်ကောင်မှာ ပို၍ပင် ကြောက်မက်ဖွယ် ကောင်း၏။ သူတို့၏ ခေါင်းလေးလုံးက အဆိပ်များ ပန်းထုတ်နေပြီး သူတို့၏ တုတ်ခိုင်သော ခန္ဓာကိုယ်များက သံမဏိချောင်းများကိုပင် ကျိုးသွားစေနိုင်လေသည်။
ခရီးသည်များ၏ စိတ်လှုပ်ရှားနေသော အမူအရာကို မြင်သောအခါ အရည်အချင်းပြည့်မီသော ဧည့်လမ်းညွှန်တစ်ဦးဖြစ်သည့် ကျန်းယဲ့က ခရီးသွားဧည့်သည်များ၏ တောင်းဆိုချက်များကို သဘာဝကျကျ ဖြည့်ဆည်းပေးရမည် ဖြစ်၏။
သူသည် ကားကို ရပ်လိုက်ပြီး သူတို့ကို ပြောလိုက်သည်။ “ခင်ဗျားတို့ ကြည့်ချင်ရင် အပေါ်ကို တက်သွားကြ။ အဲဒါက အကောင်းဆုံး မြင်ကွင်းပဲ...”
သူ စကားပြောပြီးသည်နှင့် တပြိုင်နက် ကျန်းခိုင်နှင့် သူ၏အဖွဲ့က ကားခေါင်မိုးပေါ်သို့ တက်ရန် အပြေးအလွှား သွားလိုက်ကြသည်။
လုချင်ဟယ်သည် ဒရုန်းကို ကျွမ်းကျင်စွာ လွှတ်တင်လိုက်ပြီး တိုက်ပွဲမြေပြင်အပေါ်တွင် မျောလွင့်နေစေရန်နှင့် ရိုက်ကူးရန် ထိန်းချုပ်လိုက်ရင်း “ဒီဗီဒီယိုက တိုရင်ပေါ်မှာ သေချာပေါက် ပေါက်သွားမှာပဲ” ဟု တီးတိုးရေရွတ်နေလေသည်။
အသက်ရှင်ကျန်ရစ်သူများက အဖွဲ့၏ ထူးဆန်းသော လုပ်ရပ်များကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြ၏။
ထိပ်ပြောင်ပြောင်နှင့် အမျိုးသား၏ နှုတ်ခမ်းများ တွန့်ကွေးသွားရသည်။ “သူတို့က ဒါကို ဆပ်ကပ်ပွဲလို့ ထင်နေတာလား...”
အခန်း ၁၅၄ပြီး၏။