အခန်း ၁၅၇
Vol. 16 Ch. 157
အခန်း (၁၅၇) ဆယ်မျက်နှာအခြေစိုက်စခန်း၏ လှုပ်ရှားမှု
ဤအဖြေသည် ကျန်းယဲ့အတွက် ထင်မှတ်မထားသော အရာဖြစ်သော်လည်း ပြန်လည်စဉ်းစားကြည့်သောအခါ အလွန် ယုတ္တိတန်နေပေသည်။
သူသည် သူ၏ရှေ့ရှိ ကြောက်မက်ဖွယ်ကောင်းသော ရုပ်ရည်ရှိသည့် အမျိုးသားကို သေချာစွာ အကဲခတ်ကြည့်လိုက်ရာ ထိုအမျိုးသား၏ မျက်လုံးများထဲရှိ တမ်းတမှုကို သတိပြုမိသွား၏။
အမှန်တကယ်တော့ ကျန်းယဲ့သည် သဘောတူယောင်ဆောင်ကာ သူ၏ ရည်မှန်းချက် အောင်မြင်သွားပြီးနောက် တစ်ဖက်လူ ဘာမှမတတ်နိုင်ဘဲ လှည့်ထွက်သွားရန် ရွေးချယ်နိုင်လေသည်။
သို့သော် ကျန်းယဲ့သည် ထိုသို့ မလုပ်ခဲ့ချေ။
ယွမ်ကွမ်၏ မျှော်လင့်ချက် ပြည့်နှက်နေသော အကြည့်ကို မြင်သောအခါ ကျန်းယဲ့က တိုက်ရိုက်ပင် ပြောလိုက်၏။ “ဒီခရီးသွား ဘတ်စ်ကားပေါ်မှာ ခရီးသည်တွေ ထပ်မတင်တော့ဘူး...”
ယွမ်ကွမ်၏ မျက်လုံးများထဲရှိ အလင်းရောင်မှာ မှေးမှိန်သွားရသည်။ သူသည် တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် သက်ပြင်းရှည်ကြီး တစ်ချက်သာ ချလိုက်၏။
သို့သော် မကြာမီမှာပင် သူက ပြုံးဖြီးဖြီးဖြင့် ပြောလိုက်ပြန်သည်။ “အစ်ကိုကျန်း... ခင်ဗျားက တကယ့်ကို ရိုးသားတဲ့သူပဲ... လူတွေကို မလိမ်ဘူး။ ကျွန်တော်တို့ သဘောထား တိုက်ဆိုင်ပါတယ်....”
နေဝင်ဆည်းဆာ၏ အလင်းရောင်က ယွမ်ကွမ်၏ ရှုပ်ထွေးနေသော မျက်နှာအမူအရာပေါ်သို့ ဖြာကျနေခဲ့သည်။ စိတ်ပျက်မှုများ ရှိနေသော်လည်း သူ၏ရှေ့ရှိ အမျိုးသားအပေါ် လေးစားမှုများက ပိုမို များပြားနေချေသည်။
ဤကမ္ဘာပျက်ခေတ်တွင် လူအများအပြားက လူတွေရဲ့ စိတ်နှလုံးကို ရရှိရန် လိမ်ညာတတ်ကြသော်လည်း ကျန်းယဲ့၏ ရှင်းလင်းပြတ်သားသော စည်းမျဉ်း ရှင်းပြမှုက စိတ်အေးချမ်းမှုကို ဖြစ်ပေါ်စေပေသည်။
ကျန်းယဲ့သည် ယွမ်ကွမ်ကို အလျင်စလို မလုပ်ခဲ့ေချေ။ ဤကဲ့သို့သော ကိစ္စရပ်များတွင် တစ်ဖက်လူ၏ လိုလားမှု ရှိရန် လိုအပ်၏။ မဟုတ်လျှင် ငါးစာ မဖြစ်နိုင်ချေ။
ယွမ်ကွမ်သည် ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။ “အစ်ကိုကျန်း... ကျွန်တော် ငါးစာအဖြစ် လုပ်ပေးဖို့ အဆင်ပြေပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ စည်းကမ်းချက်တစ်ခုရှိတယ်။ ကိစ္စပြီးသွားရင် အဆင့်လေးကို တက်လှမ်းနိုင်ဖို့ လုံလောက်တဲ့ ခရစ်စတယ်စွမ်းအင်တုံးတွေ ကျွန်တော့်ကို ပေးပါ... ”
ကျန်းယဲ့က အလွယ်တကူပင် ခေါင်းညိတ်လိုက်၏။ “သဘောတူတယ်...”
ရင်ပြင်တွင် လီဇယ်ခိုင်က လူတိုင်းကို ညစာ ပြင်ဆင်ရန် ညွှန်ကြားနေခဲ့သည်။
“ဒီညတော့ ရိုးရိုးရှင်းရှင်းပဲ။ ဝက်အူချောင်းနဲ့ ပေါက်စီပဲ စားကြမယ်...”
ကျန်းခိုင်သည် နူးညံ့ပြီး ဖြူဖွေးနေသော ပေါက်စီကို ကိုင်ထားရင်း အနည်းငယ် စိတ်မသက်မသာ ဖြစ်နေမ်သည်။ “ဒီနေ့က နည်းနည်းလေး စုတ်ချာလွန်းမနေဘူးလား...”
နေ့တိုင်း အသားဟင်းတွေချည်း စားနေရတော့ ဒီလို ရိုးရှင်းတဲ့ ညစာမျိုးနဲ့ သိပ်မယဉ်ပါးတော့ချေ။
ကျန်းယဲ့နှင့် သူ၏အဖွဲ့က ဘာစီစဉ်နေသည်ကို ကျန်းခိုင် သိထားပြီး သူတို့ ဘာလုပ်နေသည်ကို အကြမ်းဖျင်း သဘောပေါက်နေခဲ့သည်။ သူသည် လုချင်ဟယ်၏ နားနားသို့ ကပ်ကာ တီးတိုးပြောလိုက်၏။ “ဒါရိုက်တာကျန်းက ဆယ်မျက်နှာအခြေစိုက်စခန်းက လူတွေကို ထောင်ချောက်ထဲ သွေးဆောင်ဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား။ ကျွန်တော်တို့က သူတို့ သွားရည်ကျအောင် ဟင်းပွဲကြီးတွေ တည်ခင်းပြရမှာလေ။ ဘာလို့ ဒါကို စားနေရတာလဲဗျ...”
လုချင်ဟယ်က ခေါင်းခါလိုက်၏။ “ကျွန်တော်လည်း မသိဘူးလေ...”
ရှန်ကျီရှားက သူမ၏ ပေါက်စီကို တစ်ကိုက် ကိုက်စားလိုက်ပြီး သူတို့နားသို့ ကပ်ကာ တီးတိုးပြောလိုက်၏။ “ဟေ့... အဲဒါတော့ နင်တို့ မှားသွားပြီ။ ငါတို့က ဟင်းပွဲကြီးတွေ စားနေရင် သူတို့က သံသယဝင်ပြီး ငါတို့ တစ်ခုခု ကြံစည်နေတယ်လို့ ထင်သွားမှာပေါ့။ ဒီလိုလုပ်တာက ငါတို့က အရမ်း ဆင်းရဲတဲ့ပုံလည်း မပေါ်သလို အရမ်းကြွားလုံးထုတ်နေတဲ့ပုံလည်း မပေါက်ဘူးလေ။ အဲဒါက ငါတို့ဆီမှာ အရင်းအမြစ်တွေ ရှိတယ်... ဒါပေမဲ့ အရမ်းလည်း မသန်မာဘူးလို့ သူတို့ကို ထင်သွားစေဖို့ အကောင်းဆုံး နည်းလမ်းပဲ.... ပြီးတော့ အဲဒါက သူတို့ကို လုယက်ဖို့ အကောင်းဆုံး အခြေအနေပဲလေ...”
ကျန်းခိုင်နှင့် လုချင်ဟယ်တို့သည် အချင်းချင်း အကဲခတ်ကြည့်လိုက်ကြပြီး တညီတညွတ်တည်း ပြုံးလိုက်ကြ၏။ “ထက်မြက်တာပဲ...”
မလှမ်းမကမ်းရှိ အပျက်အစီးများ၏ အရိပ်ထဲတွင် ပုန်းကွယ်နေသော ဆယ်မျက်နှာအခြေစိုက်စခန်း၏ တတိယ အမဲလိုက်အဖွဲ့ဝင်များက ရင်ပြင်ရှိ လူအုပ်ကို စူးစိုက်ကြည့်နေခဲ့ကြသည်။
နှင်းပွင့်ကဲ့သို့ ဖြူဖွေးနေသော ပေါက်စီများနှင့် ပြောင်လက်နေသော ဝက်အူချောင်းများကို မြင်သောအခါ သူတို့၏ မျက်လုံးများမှာ အံ့သြမှုကြောင့် ပြူးကျယ်သွားကြရသည်။
“ကပ္ပတိန်... သူတို့ ဂျုံမှုန့်ဖြူနဲ့ လုပ်ထားတဲ့ ပေါက်စီတွေ စားနေကြတာ.... မှိုတက်နေတဲ့ ဂျုံမှုန့်မည်းတွေ မဟုတ်ဘူး....” ဝါးလုံးကဲ့သို့ ပိန်လှီနေသော အဖွဲ့ဝင်တစ်ဦးက တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး သူ၏ အသံမှာ တုန်ယင်နေချေသည်။
“ပြီးတော့ ဝက်အူချောင်းတွေ။ ချီး.... ငါ အသားမစားရတာ ခြောက်လတောင် ရှိပြီကွာ....” အခြား အဖွဲ့ဝင်တစ်ဦးက သူ၏ လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားပြီး သူ၏ မျက်လုံးများမှာ မနာလိုမှုကြောင့် နီရဲနေလေသည်။
ကပ္ပတိန်က ကွဲအက်နေသော သူ၏ နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်ပြီး အပြေးအလွှား ထွက်သွားချင်စိတ်ကို ဖိနှိပ်ကာ တီးတိုးပြောလိုက်သည်။ “မလောနဲ့... အင်အားစုတွေ ရောက်လာရင် ဒါတွေ အကုန်လုံး ငါတို့ဟာ ဖြစ်လာမှာပဲ..”
အဖွဲ့ဝင်များသည် သူတို့၏ လောဘကို ခက်ခက်ခဲခဲ ဖိနှိပ်ထားကြသော်လည်း သူတို့၏ အကြည့်များက နူးညံ့သော ပေါက်စီများနှင့် ဝက်အူချောင်းများပေါ်တွင်သာ စူးစိုက်နေကြပြီး သူတို့၏ လည်စိများမှာ မသိစိတ်မှ အလိုအလျောက် နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့ကြသည်။
ညလေညင်းက ရင်ပြင်ကို ဖြတ်သန်းတိုက်ခတ်သွားပြီး ကျန်းယဲ့က ဘတ်စ်ကားဘေးတွင် ရပ်ကာ သူ၏ အကြည့်က အဝေးရှိ အမှောင်ထုကို ဝေ့ကြည့်နေလေသည်။
‘ငါးတွေက ငါးစာရဲ့ ရနံ့ကို ရနေပြီပဲ...’
မျောက်နှင့် ခွေးအိုကြီးတို့ပ ဆယ်မျက်နှာ အခြေစိုက်စခန်းသို့ အပြေးအလွှား ပြန်လာခဲ့ကြပြီး ပဉ္စမခေါင်းဆောင်၏ ယုံကြည်ရသူ လုလျိုကို မောဟိုက်စွာဖြင့် ရှာဖွေတွေ့ရှိခဲ့သည်။
ထို့နောက် သူတို့နှစ်ဦးက သူတို့မြင်တွေ့ခဲ့ရသော အံ့မခန်း ဘတ်စ်ကားအကြောင်းကို အလှည့်ကျ ရှင်းပြလိုက်ကြသည်။
“အစ်ကိုခြောက်... အဲဒီကားက အရမ်း အံ့သြဖို့ကောင်းတယ်” မျောက်က စိတ်လှုပ်ရှားစွာဖြင့် လက်ဟန်ခြေဟန် ပြုလုပ်လိုက်၏။ “စွန့်ပစ်ထားတဲ့ ကားတွေက အလိုအလျောက် လမ်းဖယ်ပေးတယ်... ပြီးတော့ တိုက်ခံရတဲ့ ဇွန်ဘီတွေတောင် သူ့နောက်ကို မလိုက်ဘူး...”
လူဆုံ၏ မူလက ပျင်းရိနေသော အကြည့်များမှာ တဖြည်းဖြည်း စူးရှလာလေသည်။
သူသည် သူ၏ မေးစေ့ရှိ မုတ်ဆိတ်မွေးများကို ပွတ်သပ်လိုက်ပြီးနောက် ရုတ်တရက် လက်ကို မြှောက်ကာ စကားဖြတ်ပြောလိုက်၏။ “နေဦး... ဇွန်ဘီတွေက အဲဒီကားနောက်ကို မလိုက်ဘူးလို့ မင်းတို့ ပြောလိုက်တာလား..”
ခွေးအိုကြီးက အားပါးတရ ခေါင်းညိတ်လိုက်၏။ “အသေအချာပါပဲ။ အဲဒီ ဇွန်ဘီတွေက မျက်လုံးကန်းနေသလိုပဲ... ဘတ်စ်ကားကို လုံးဝ ဂရုမစိုက်ကြဘူး”
လုလျို၏ မျက်နှာအမူအရာမှာ လေးနက်သွားချေသည်။
‘အဲဒီလူစုက သာမန်လူတွေ မဟုတ်ဘူး... ပြီးတော့ အဲဒီကားက ပိုတောင် ထူးခြားနေသေးတယ်’
ထိုအဖွဲ့တွင် ရတနာများကို ဖွက်ထားကြောင်း လုလျို သိနိုင်ပြီး သူ့အနေဖြင့် စိတ်မဝင်စားဘဲ နေရန် မဖြစ်နိုင်သော်လည်း အသိဉာဏ်က လိုအင်ဆန္ဒထက် ပိုမို လွှမ်းမိုးနေခဲ့သည်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး သူ ဆုံးဖြတ်ချက် မချနိုင်ရာ ပဉ္စမသခင်ကို ရှာရပေမည်။
ခေါင်းဆောင်ငါးဦး၏ လျှို့ဝှက်ခန်းတွင် ဖန်ဟွေ့ကို မျောက်နှင့် ခွေးအိုကြီးတို့က သူတို့ မြင်တွေ့ကြားသိခဲ့ရသည်များကို စိုးရိမ်တကြီး ပြန်လည်ပြောပြနေခဲ့ကြသည်။
ဖန်ဟွေ့သည် သားရေထိုင်ခုံကို မှီလျက် သူ၏ ရှည်လျားသော လက်ချောင်းများဖြင့် လက်ထဲရှိ အဆင့်လေး ခရစ်စတယ်စွမ်းအင်တုံးကို ပွတ်သပ်နေခဲ့သည်။ ရုတ်တရက် သူက သရော်လိုက်ပြီး ပြတ်သားစွာ ပြောလိုက်၏။ “အဲဒီကားထဲမှာ ကျွမ်းကျင်သူ တစ်ယောက် ပါတယ်..”
လုလျိုက စမ်းသပ်သည့်အနေဖြင့် မေးလိုက်၏။ “အဲဒါက အတားအဆီးတွေကို ရှင်းလင်းနိုင်တဲ့ စွမ်းရည် တစ်မျိုးများ ဖြစ်နေမလား...”
ဖန်ဟွေ့က ခေါင်းခါလိုက်ပြီး သူ၏ မျက်လုံးများတွင် လောဘ အရိပ်အယောင်တစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။ “အဓိကက အတားအဆီးတွေ မဟုတ်ဘူး... ဇွန်ဘီတွေရဲ့ တုံ့ပြန်မှုပဲ”
သူသည် မတ်တပ်ရပ်ကာ ပြတင်းပေါက်ဆီသို့ လျှောက်သွားလိုက်လေသည်။ “ဇွန်ဘီတွေ လျစ်လျူရှုနိုင်တဲ့ ကားတစ်စီး။ ငါတို့သာ အဲဒီနည်းပညာကို ရလိုက်ရင်...”
လုလျို ချက်ချင်း သဘောပေါက်သွားပြီး အသံကို နှိမ့်ကာ ပြောလိုက်၏။ “ပဉ္စမသခင်... ကျွန်တော်တို့သာ ဒီကားကို ခိုးယူနိုင်ခဲ့ရင် ကမ္ဘာပျက်ခေတ်မှာ ကျွန်တော်တို့ လိုချင်တာ လုပ်လို့ရပြီ မဟုတ်ဘူးလား...”
ဖန်ဟွေ့၏ နှုတ်ခမ်းထောင့်တွင် ရက်စက်သော အပြုံးတစ်ခု တွန့်ကွေးသွားလေသည်။
သူသည် လှည့်ကာ မျောက်နှင့် ခွေးအိုကြီးကို စူးစိုက်ကြည့်လိုက်၏။ “ဒီအကြောင်းကို ဘယ်သူ သိသေးလဲ...”
သူတို့နှစ်ဦးမှာ စိုက်ကြည့်ခံရခြင်းကြောင့် ကျောရိုးတစ်လျှောက် ကြက်သီးများ ထသွားပြီး အမြန် ခေါင်းခါပြလိုက်ကြသည်။ “ကျွန်တော်တို့ အဖွဲ့ထဲက လူတွေနဲ့ အစ်ကိုခြောက်ပဲသိတာပါ”
“အရမ်း ကောင်းတယ်..” ဖန်ဟွေ့က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး သူတို့ကို ခရစ်စတယ်စွမ်းအင်တုံး တစ်ခုစီ ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်၏။ “ဒါတွေ ယူထား... ပြီးတော့ မင်းတို့ ပါးစပ်ကို ပိတ်ထားဖို့ မှတ်ထား...”
သူ၏ အေးစက်သော အကြည့်က ထိုလူနှစ်ဦးပေါ်သို့ ဝေ့ဝဲသွားရာ သူတို့မှာ နောက်ဆုတ်သွားကြပြီး အကြိမ်ကြိမ် ခေါင်းညိတ်ပြလိုက်ကြ၏။
ထိုလူနှစ်ဦး ထွက်သွားပြီးနောက် လုလျိုက အနားသို့ ကပ်ကာ တီးတိုးပြောလိုက်၏။ “ပဉ္စမသခင်... ဒီအကြောင်းကို အခြား ခေါင်းဆောင်တွေကို ပြောပြသင့်တယ် မဟုတ်ဘူးလား”
ဖန်ဟွေးက နှာခေါင်းရှုံ့လိုက်ပြီး သူ၏ လေသံတွင် မထီမဲ့မြင်ပြုမှုနှင့် မကျေနပ်မှု အနည်းငယ် ပါဝင်နေချေသည်။ “ဟက်... သူတို့ကို ပြောပြရမယ်...”
သူသည် လုလျိုကို လှည့်ကြည့်လိုက်ရာ သူ၏ မျက်လုံးများမှာ နက်ရှိုင်းပြီး ခန့်မှန်းရခက်နေခဲ့သည်။ “ငါတို့ ကားကို ရသွားတာနဲ့ ငါက ဆယ်မျက်နှာအခြေစိုက်စခန်းရဲ့ တစ်ဦးတည်းသော ဆုံးဖြတ်ချက်ချသူ ဖြစ်လာလိမ့်မယ်...”
လုလျို၏ မျက်လုံးများတွင် ပါးနပ်မှု အရိပ်အယောင်တစ်ခု လက်ခနဲ ဖြစ်သွားပြီးနောက် သူက ချက်ချင်းပင် မျက်နှာချိုသွေးကာ ပြုံးလိုက်၏။ “ဒါဆိုရင် ကျွန်တော် လူတွေကို ချက်ချင်း သွားပြင်ဆင်လိုက်ရမလား...”
“ကောင်းပြီ” ဖန်ဟွေ့က တည်ငြိမ်စွာ ညွှန်ကြားလိုက်သည်။ “ငါတို့ မလှုပ်ရှားခင် အဲဒီကားပေါ်က လူတိုင်းရဲ့ နောက်ခံကို အရင်စုံစမ်းရမယ်... ”
“ပဉ္စမသခင်က တကယ်ကို တွေးခေါ်မြော်မြင်တတ်တာပဲ...” လုလျိုက မျက်တောင်မခတ်ဘဲ ဖားယားလိုက်၏။ “ကျွန်တော် အခုပဲ သွားပြီး စီစဉ်လိုက်ပါ့မယ်...”
တစ်နာရီအကြာတွင် ဖန်ဟွေ့သည် စိုးရိမ်နေသေးသဖြင့် အထက်တန်းလွှာ စူပါပါဝါရှင် အယောက် ၂၀ ကျော်ကို ဦးဆောင်ကာ ညအမှောင်ကို အကာအကွယ်ယူ၍ အခြေစိုက်စခန်း၏ ဘေးတံခါးမှတစ်ဆင့် တိတ်တဆိတ် အသုတ်လိုက် ထွက်ခွာလာခဲ့သည်။
သူတို့ဟာ အခြားသူများ မသတိထားမိဘဲ ထွက်ခွာနိုင်မည်ဟု ထင်ကာ သူတို့လူများ ထိန်းချုပ်ထားသော တံခါးမှ တမင်တကာ ထွက်ခွာသွားကြခြင်း ဖြစ်၏။
သို့သော် အခြေစိုက်စခန်း၏ အမြင့်ဆုံး ကင်းစင်ပေါ်တွင် ပိန်သွယ်သွယ် ပုံရိပ်တစ်ခုက မျက်လုံးမှေးကာ အရာအားလုံးကို ကြည့်ရှုနေချေသည်။
သူက စကားပြောစက်ကို အမြန်ထုတ်ကာ အသံကို နှိမ့်၍ ပြောလိုက်၏။ “တတိယသခင်... ပဉ္စမသခင်က လုလျိုနဲ့ ကျွမ်းကျင်တဲ့ လူအယောက် ၂၀ ကျော်ကို ခေါ်သွားပြီ။ သူတို့ တစ်ခုခု ကြီးကြီးမားမား ကြံစည်နေပုံရတယ်...”
တစ်ချိန်တည်းမှာပင် အဝတ်အစား ဟိုတစ်ကွက် ဒီတစ်ကွက် ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ပြတင်းပေါက်ကို ပျင်းရိစွာ မှီလျက် ဖန်ဟွေ့၏ လူများ အမှောင်ထုထဲသို့ ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေလေသည်။
အပြုံးဖျော့ဖျော့လေးတစ်ခုနှင့်အတူ သူမက လှည့်ကာ အခြေစိုက်စခန်း ဗဟိုရှိ အဆောက်အအုံဆီသို့ လျှောက်သွားလိုက်သည်။
ထို့နောက် သူမဟာ တင်းကျပ်စွာ ပိတ်ထားသော တံခါးတစ်ခုရှေ့သို့ ရောက်ရှိလာပြီး ခပ်ဖွဖွ သုံးချက် ခေါက်လိုက်၏။
“ဒုတိယသခင်... ပဉ္စမအစ်ကို လှုပ်ရှားနေပြီ”
ဒုတိယ ခေါင်းဆောင် ရှယန်သည် လေ့ကျင့်ရေးခန်းတွင် တရားထိုင်နေစဉ် ထိုသတင်းကို ကြားသောအခါ ရုတ်တရက် မျက်လုံးဖွင့်လာခဲ့သည်။
သူသည် မျက်နှာပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော အမာရွတ်တစ်ခုရှိသည့် ဗလနောင့်တောင့် အမျိုးသားတစ်ဦးဖြစ်ပြီး မှိန်ဖျော့သော အလင်းရောင်အောက်တွင် အထူးပင် ထိတ်လန့်ဖွယ် ကောင်းနေချေသည်။
အခန်း ၁၅၇ပြီး၏။