← Chapters

အခန်း ၁၅၉

Vol. 16 Ch. 159

အခန်း ၁၅၉

Vol. 16 Ch. 159

အခန်း (၁၅၉) ခြိမ်းခြောက်ခြင်းနှင့် သွေးဆောင်ခြင်း

​လုလျိုသည် တတိယအမဲလိုက်အဖွဲ့ကို ဦးဆောင်ကာ ခရီးသွားဘတ်စ်ကား၏ အခြားတစ်ဖက်သို့ တိတ်တဆိတ် ရောက်ရှိလာခဲ့သည်။

​အရာအားလုံး အဆင်ပြေချောမွေ့စေရန်အတွက် ဖန်ဟွေ့က လျှို့ဝှက်စွာ လှုပ်ရှားရာတွင် ကျွမ်းကျင်သော စူပါပါဝါရှင် နှစ်ဦးကိုပါ အထူးတလည် စေလွှတ်လိုက်၏။

​“ဘုရားသခင်တောင် ငါတို့ဘက်က ရှိနေတာပဲ...” ကပ္ပတိန်က စိတ်ကျေနပ်စွာ တွေးလိုက်၏။ ဘတ်စ်ကား၏ တစ်ဖက်ခြမ်းက ပုံမှန်မဟုတ်ဘဲ တိတ်ဆိတ်နေပြီး လှည့်လည်သွားလာနေသော ဇွန်ဘီ တစ်ကောင်မျှ မရှိသည်ကို သူ သတိပြုမိလိုက်လေသည်။

​ဒါက ရွှေရောင် အခွင့်အရေးပဲ...

​သို့သော် ဤအရာက ကျန်းယဲ့ တမင်တကာ စီစဉ်ထားခြင်း ဖြစ်ကြောင်း သူတို့ လုံးဝ မသိရှိကြချေ။

​ဇွန်ဘီများကို ဤနေရာသို့ မလာရန် သတိပေးထားပြီး ဖြစ်၏။

​ယခုအချိန်တွင် ဤလုံခြုံရေးဇုန်ကို ဆယ်မျက်နှာ အခြေစိုက်စခန်းမှ လူများက ရွှေရောင် အခွင့်အရေးတစ်ခုဟု မြင်နေခဲ့ကြသည်။

​ယွမ်ကွမ်သည် လုံခြုံရေးဇုန်၏ အစွန်းတွင် ရပ်ကာ သူ၏ ခါးပတ်ကို ဖြေလျော့လိုက်ဟန် ပြုလုပ်ရင်း “ဒီသောက်ကျိုးနည်း ဗိုက်ကလည်း” ဟု တီးတိုးရေရွတ်နေလေသည်။

​သူက လုံးဝ သတိမထားမိဟန် ရှိသော်လည်း အမှန်တကယ်တွင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံး တင်းမာနေခဲ့သည်။

​လုလျိုနှင့် သူ၏လူများက လုံခြုံရေးဇုန်အတွင်းသို့ တိတ်တဆိတ် ဝင်ရောက်လာခဲ့သည်။

​သူတို့ ခြေချလိုက်သည်နှင့် တပြိုင်နက် ကျန်းယဲ့၏ မျက်ခုံးအနည်းငယ် ပင့်သွားရသည်။

​ဘတ်စ်ကား၏ အကြွင်းမဲ့ အကာအကွယ်အတွင်းတွင် မည်သည့် လှုပ်ရှားမှုကိုမဆို သူ၏ အာရုံခံနိုင်စွမ်းမှ လွတ်မြောက်သွားမည် မဟုတ်သော်လည်း သူသည် ဘာမှမဖြစ်ခဲ့သကဲ့သို့ ကျန်းခိုင်နှင့် အခြားသူများကို ဆက်လက် စကားပြောနေဆဲပင်။

​“မလှုပ်နဲ့...”

​အနောက်မှ မှောင်မိုက်သော ပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ကြမ်းတမ်းသော လက်ကြီးတစ်ခုက ယွမ်ကွမ်၏ ပါးစပ်ကို တင်းကျပ်စွာ ပိတ်လိုက်၏။

​တစ်ချိန်တည်းမှာပင် အေးစက်နေသော ဒူးဆစ်ဓားတစ်ခုက သူ၏ လည်ပင်းကို ထောက်ထားလေသည်။

​လုလျိုက သူ၏ အသံကို နှိမ့်ကာ ခြိမ်းခြောက်လိုက်၏။ “မင်း အသံထွက်ရဲရင် မင်း လည်ပင်းကို လှီးပစ်လိုက်မယ်...”

​ယွမ်ကွမ်က အလွန် ကြောက်ရွံ့နေဟန်ဖြင့် အရူးအမူး ခေါင်းညိတ်ပြလိုက်၏။

​သူ၏ သရုပ်ဆောင်မှုမှာ အပြစ်ကင်းစင်လွန်းနေလေသည်။ သူ၏ သူငယ်အိမ်များ ပြူးကျယ်လာပြီး သူ၏ နဖူးတွင် အေးစက်သော ချွေးသီးများ ထွက်ပေါ်လာခဲ့သည်။

​တတိယ အမဲလိုက်အဖွဲ့၏ အဖွဲ့ဝင်များက ရှေ့သို့ အမြန်တိုးလာပြီး ယွမ်ကွမ်၏ လက်ကောက်ဝတ်များကို အထူးပြုလုပ်ထားသော စူပါပါဝါ သံကြိုးများဖြင့် ချည်နှောင်လိုက်ကြသည်။

​ဤသံကြိုးများက စူပါပါဝါရှင်များ၏ စွမ်းရည်များကို ခေတ္တမျှ ဖိနှိပ်ထားနိုင်ပြီး အဆင့်မြင့် စူပါပါဝါရှင်များကို ကိုင်တွယ်ရန် အထူး ဒီဇိုင်းထုတ်ထားခြင်းပင်။

​“သွားကြစို့...” လုလျိုက လက်ဝှေ့ယမ်းလိုက်ရာ အဖွဲ့က ယွမ်ကွမ်ကို လုံခြုံရေးဇုန်မှ အဝေးသို့ ခေါ်ဆောင်သွားပြီး ဖန်ဟွေ့ ပုန်းကွယ်နေသော ရုံးအဆောက်အအုံဆီသို့ အမြန် ပြေးသွားခဲ့ကြသည်။

​အဝေးတွင် ပထမခေါင်းဆောင်၊ စတုတ္ထခေါင်းဆောင်၊ ဆဋ္ဌမခေါင်းဆောင်နှင့် အခြားသူသစ်များမှာမူ လှုပ်ရှားမှု မရှိကြချေ။

​သူတို့ တစ်ဦးစီတွင် ကိုယ်ပိုင် အစီအစဉ်များ ရှိကြ၏။

​သူတို့သည် ပဉ္စမညီနှင့် ဒုတိယ၊ တတိယညီတို့ အချင်းချင်း ရင်ဆိုင်မိပြီး နှစ်ဖက်စလုံး ပြင်းထန်စွာ ဒဏ်ရာရသွားစေရန် စောင့်ဆိုင်းနေခဲ့ကြသည်။

​ယွမ်ကွမ်ကို ဖန်ဟွေ့၏ ရှေ့တွင် ကြမ်းတမ်းစွာ ဖိချလိုက်ပြီး ဒူးထောက်စေလိုက်၏။

​ဖန်ဟွေ့က သူ၏ လက်ချောင်းများကြားတွင် တောက်ပနေသော ဒူးဆစ်ဓားကို ကစားရင်း သူ့ကို ငုံ့ကြည့်လိုက်လေသည်။

​“ပြောစမ်း...” ဖန်ဟွေ့က အေးစက်ပြီး နှေးကွေးသော လေသံဖြင့် ပြောလိုက်၏။ “မင်းတို့က ဘယ်သူတွေလဲ....”

​ယွမ်ကွမ်က တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး ကျန်းယဲ့၏ ညွှန်ကြားချက်အတိုင်း သရုပ်ဆောင်လိုက်လေသည်။ “ကျွန်တော်တို့ ၂၄ ယောက်လုံးက သူတို့ စုဆောင်းထားတဲ့ အသေခံတပ်ဖွဲ့ဝင်တွေပါ။ လူ ၂၁ ယောက်ပါတဲ့ ပင်မအဖွဲ့ကတော့ တစ်ဝက်က အဆင့်လေး စူပါပါဝါရှင်တွေ.... နောက်တစ်ဝက်က အဆင့်ငါး စူပါပါဝါရှင်တွေပါ။ ခေါင်းဆောင် ကျန်းယဲ့ကတော့ အဆင့်ခြောက်ကို ထိုးဖောက်တော့မှာပါ...”

​ဖန်ဟွေးနှင့် လုလျို အချင်းချင်း အကဲခတ်ကြည့်လိုက်ကြ၏။

​ဤအင်အားအဆင့်က သူတို့၏ ခန့်မှန်းချက်အတွင်းတွင် ရှိနေပေသည်။

​စွမ်းအား တစ်စုံတစ်ရာ မရှိဘဲ ကမ္ဘာပျက်ခေတ်ကို ရှင်သန်နိုင်ပြီး ဤမျှ ကောင်းမွန်သော အခြေအနေကို ထိန်းသိမ်းထားနိုင်လျှင်သာ အံ့သြစရာ ကောင်းပေလိမ့်မည်။

​“ဆက်ပြော...” ဖန်ဟွေ့က သူ၏ ဒူးဆစ်ဓားဖြင့် ယွမ်ကွမ်၏ မေးစေ့ကို ပင့်မရင်း ပြောလိုက်၏။ “ဒီလူတွေမှာ ဘာထူးခြားတဲ့ စွမ်းရည်တွေ ရှိသေးလဲ...”

​“တော်တော် ထူးခြားတဲ့ စွမ်းရည် နှစ်ခု ရှိတယ်” ယွမ်ကွမ်က ရိုးသားစွာ ပြန်ဖြေလိုက်လေသည်။ “တစ်ခုက ထိတွေ့စရာမလိုဘဲ အရာဝတ္ထုတွေကို ရွှေ့နိုင်တဲ့စွမ်းရည်ဖြစ်ပြီး နောက်တစ်ခုကတော့ အရင်းအမြစ် အမြောက်အမြားကို သိုလှောင်ထားနိုင်တဲ့ နေရာလွတ်စွမ်းရည် ပိုင်ရှင်ပါ..”

​ဖန်ဟွေ့ မျက်လုံးမှေးလိုက်ပြီး သူ အစိုးရိမ်ဆုံး မေးခွန်းကို မေးလိုက်ပြန်သည်။ “ဘာလို့ ဇွန်ဘီတွေက အဲဒီကားအနားကို မကပ်ရဲတာလဲ။ ဒါ တမင်လုပ်ထားတာလား ဒါမှမဟုတ် ကားကိုယ်တိုင်မှာပဲ ထူးခြားတာ တစ်ခုခု ရှိနေတာလား”

​ယွမ်ကွမ်က ရုတ်တရက် စကားရပ်တန့်သွားပြီး သူ၏ မျက်လုံးများ လှုပ်ရှားသွားခဲ့သည်။ “ကျွန်တော်... ကျွန်တော်ပြောရင် မသတ်ဘူးလို့ အာမခံနိုင်မလား”

လုလျိုက ယွမ်ကွမ်၏ ဗိုက်ကို ကန်လိုက်၏။ “မင်းက ငါတို့ကို ညှိနှိုင်းဖို့ သတ္တိရှိနေတာပဲ... ”

​ယွမ်ကွမ်သည် နာကျင်မှုကြောင့် ခွေကျသွားသော်လည်း သူ၏ ခေါင်းကို ခေါင်းမာစွာ မော့ထားဆဲပင်။ “ဒါဆို သတ်ပစ်လိုက်... ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးတော့ သေရမှာပဲလေ... ”

​ဖန်ဟွေ့က လုလျိုကို ရပ်တန့်ရန် လက်ဝှေ့ယမ်းလိုက်ပြီး အတုအယောင် အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “စိတ်မပူပါနဲ့... ငါတို့ ဆယ်မျက်နှာအခြေစိုက်စခန်းက အရည်အချင်းကို အလေးပေးတယ်။ အဆင့်သုံး စူပါပါဝါရှင်တစ်ယောက်အနေနဲ့ မင်းသာ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အသက်ရှင်နိုင်ရုံတင်မကဘဲ ငါတို့နဲ့အတူတူ ပူးပေါင်းလို့တောင် ရနိုင်တယ်...”

​ယွမ်ကွမ်သည် အတော်ကြာ တွန့်ဆုတ်နေဟန် ပြုလုပ်ပြီးနောက် “တကယ်တော့ ကျွန်တော်လည်း သဘောတရားကို သိပ်မသိဘူး။ သူတို့နဲ့ နေလာတာ ကြာပြီ... ဒါပေမဲ့ တစ်ခါမှ မပြောပြဘူး။ ဒါ သူတို့ အဖွဲ့ရဲ့ လျှို့ဝှက်ချက်လေ” ဟု တုန်လှုပ်စွာ ပြောလိုက်၏။

​“ဒါပေမဲ့ ကျွန်တော့်ရဲ့ လေ့လာချက်အရဆိုရင်တော့ လူတွေ ထိန်းချုပ်ထားတာ မဟုတ်တဲ့ပုံပါပဲ။ ဇွန်ဘီတွေရဲ့ အာရုံခံစားမှုကို ပိတ်ဆို့နိုင်တဲ့ ထူးခြားတဲ့ ကိရိယာတစ်ခု ကားပေါ်မှာ ရှိနေသလိုပဲ...”

​ဤ မရေမရာ ဖြစ်နေသော အဖြေက ဖန်ဟွေနှင့် အခြားသူများကို ပို၍ ယုံကြည်သွားစေခဲ့သည်။

​အသေးစိတ် လွန်ကဲသော ရှင်းပြချက်က သံသယဖြစ်ဖွယ် ကောင်းပေသည်။ မရေမရာ ပြောဆိုခြင်းကသာ အဖွဲ့ဝင်တစ်ဦး၏ စစ်မှန်သော ပြောဆိုချက်နှင့် ပိုတူနေခဲ့သည်။

​လုလျို၏ မျက်လုံးများတွင် လောဘ အရိပ်အယောင်များ တောက်ပလာချေသည်။ “ပဉ္စမသခင်... အဲဒါ တကယ်ပဲ ကားပေါ်က ကိရိယာဆိုရင်... ကျွန်တော်တို့သာ အဲဒါကို ပိုင်ဆိုင်လိုက်ရင် ကမ္ဘာပျက်ခေတ်မှာ မသွားနိုင်တဲ့ နေရာ ဘယ်မှာ ရှိတော့မလဲ...”

​ဖန်ဟွေ၏ အသက်ရှူသံများက သိသိသာသာ မြန်ဆန်လာရသည်။

​သူ၏ ဘေးရှိ လက်အောက်ငယ်သားအားလုံး၏ မျက်လုံးများတွင်လည်း လောဘများ ပြည့်နှက်နေပြီး သူတို့၏ စိတ်ခံစားမှုမှာ ဖန်ဟွေ့ထက်ပင် ပိုမို စိတ်လှုပ်ရှားနေခဲ့ကြသည်။ သူတို့အားလုံးမှာ ကမ္ဘာပျက်ခေတ်၏ ဘုရင်များ ဖြစ်လာတော့မည့်အတိုင်းပင်။

​ရင်ပြင် အလယ်ရှိ ဘတ်စ်ကားကို ကြည့်နေသော ဖန်ဟွေ့၏ အကြည့်မှာ အဆီအသားတုံးကို ကြည့်နေသော ဆာလောင်နေသည့် ဝံပုလွေတစ်ကောင်နှင့် တူနေ၏။

​အကယ်၍ သူသာ ဤယာဉ်ကို ပိုင်ဆိုင်နိုင်ပါက သို့မဟုတ် ဇွန်ဘီများ၏ အာရုံခံစားမှုကို ပိတ်ဆို့နိုင်သည့် လျှို့ဝှက်ချက်ကို ရရှိနိုင်ပါက ဆယ်မျက်နှာအခြေစိုက်စခန်းတွင် သူ၏ နေရာမှာ တုန်လှုပ်စရာ မလိုတော့ချေ။

​လုလျိုက ယွမ်ကွမ်ကို အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်၏။ “ပဉ္စမသခင်... သူတို့အဖွဲ့မှာ အဆင့်လေးနဲ့အထက် စူပါပါဝါရှင်တွေ အကုန်ရှိနေပြီး အဆင့်ခြောက်နား နီးနေတဲ့ ခေါင်းဆောင် တစ်ယောက်လည်း ပါသေးတယ်။ ကျွန်တော်တို့သာ တိုက်ရိုက်ရင်ဆိုင်ရင် အနိုင်ရမှာ မဟုတ်ဘူး...”

​ဖန်ဟွေ့သည်လည်း ဤအချက်ကို သဘာဝအတိုင်း နားလည်ပြီး ထိုသို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ရမည်ကို ကြိုတင် ခန့်မှန်းထားပြီး ဖြစ်၏။

​ထို့နောက် သူက မျက်လုံးမှေးလိုက်ပြီး သူ၏ အကြည့်ကို ယွမ်ကွမ်ဆီသို့ ပြန်လှည့်ကာ တိုးညင်းစွာ မေးလိုက်၏။ “မင်း အသက်ရှင်ချင်လား...”

​ယွမ်ကွမ်က တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး မြန်မြန် ခေါင်းညိတ်လိုက်လေသည်။ “ဟုတ်ကဲ့... ကျွန်တော် အသက်ရှင်ချင်ပါတယ်!”

​“ကောင်းပြီ” ဖန်ဟွေး၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာပြီး သူက ခေါင်းညိတ်ကာ လက်မြှောက်လိုက်လေသည်။

နောက်ခဏ၌ လူတစ်ယောက်က သတ္တုသေတ္တာ တစ်ခုကို ချက်ချင်း ယူလာပေးလိုက်သည်။ ၎င်းကို ဖွင့်လိုက်သောအခါ မှိန်ဖျော့ဖျော့ အနီရောင် အလင်းတန်းများ လင်းလက်နေသော အချိန်ကိုက် ဗုံးတစ်လုံးကို တွေ့လိုက်ရ၏။

​ယွမ်ကွမ်၏ မျက်နှာမှာ ချက်ချင်း ပြာနှမ်းသွားလေသည်။ “ဒါက...”

​ဖန်ဟွေ့သည် ဗုံးကို ဖြည်းညှင်းစွာ ကောက်ယူလိုက်ပြီး ယွမ်ကွမ်၏ ရှေ့တွင် ဝှေ့ယမ်းပြလိုက်၏။ “မင်း ငါတို့ပြောတဲ့အတိုင်း လုပ်နေသရွေ့ မင်း အသက်ရှင်နိုင်တယ်။ ဒါပေမဲ့ မင်း တစ်ခုခု ထူးထူးခြားခြား လုပ်ဖို့ ကြိုးစားရင်တော့...”

​သူသည် ဗုံး၏ အချိန်တိုင်းကိရိယာကို လက်ချောင်းဖြင့် ခပ်ဖွဖွ နှိပ်လိုက်၏။ “ဒိုင်း....”

​ယွမ်ကွမ် တုန်ယင်သွားပြီး သူ၏ နဖူးတွင် အေးစက်သော ချွေးသီးများ ထွက်ပေါ်လာရသည်။

​၎င်းကို မြင်သောအခါ ဖန်ဟွေ့သည် သူ၏ လေသံကို လျှော့ချကာ သွေးဆောင်သည့် စကားလုံးများကို စတင် ပြောဆိုလိုက်၏။ “ကိစ္စပြီးရင် မင်း ငါတို့ ဆယ်မျက်နှာအခြေစိုက်စခန်းထဲကို တိုက်ရိုက် ဝင်လို့ရပြီ။ မင်း နောက်ထပ် အသေခံတပ်သား မလုပ်ရတော့ဘူး”

​ယွမ်ကွမ်က သူ၏ ခေါင်းကို ငုံ့လိုက်ပြီး ရုန်းကန်နေဟန်၊ တုံ့ဆိုင်းနေဟန် ပြုလုပ်လိုက်သော်လည်း နောက်ဆုံးတွင် အံကြိတ်ကာ ခေါင်းညိတ်လိုက်သည်။ “ကောင်းပါပြီ... ကျွန်တော် သဘောတူပါတယ်...”

​လုလျိုသည် သူ၏ အိတ်ကပ်ထဲမှ ခရမ်းဖျော့ရောင် အရည် ပါဝင်သော ဖန်ပြွန်တစ်ခုကို ထုတ်ယူကာ ယွမ်ကွမ်ထံ ကမ်းပေးလိုက်၏။ “စခန်းကို ရောက်တာနဲ့ ဒါကို ဖွင့်ဖို့ အခွင့်အရေး ရှာလိုက်....”

​ယွမ်ကွမ်သည် ဆေးကို ယူလိုက်ရာ သူ၏ လက်ချောင်းများ အနည်းငယ် တုန်ယင်နေခဲ့သည်။ “ဘာ... ဘာဆေးလဲ...”

​ဖန်ဟွေ့က မထီမဲ့မြင်ပြုသော မျက်လုံးများဖြင့် ခနဲ့လိုက်၏။

​‘ဒီကောင်က တကယ်ပဲ သေရမှာ ကြောက်တဲ့ ငကြောက်ပဲ....’

​လုလျိုက စိတ်မရှည်စွာဖြင့် ရှင်းပြလိုက်၏။ “စိတ်မပူနဲ့... ဒါက လူတွေကို မူးမေ့သွားစေတဲ့ ဆေးပဲ။ ဒါက ငါတို့ ဆယ်မျက်နှာအခြေစိုက်စခန်းက နောက်ဆုံး ထုတ်လုပ်ထားတဲ့ ဆေး...”

​သူက ခေတ္တရပ်ပြီးနောက် ထပ်ပြောလိုက်၏။ “ငါတို့က ဘတ်စ်ကားကိုပဲ လိုချင်တာ... သူတို့ရဲ့ စွမ်းရည်တွေကို မဟုတ်ဘူး။ သူတို့ထဲမှာ နေရာလွတ် စွမ်းရည်ရှင်တွေ ပါနေတာကို မမေ့နဲ့ဦး။ ငါတို့ လိုချင်တာက ထောက်ပံ့ရေး ပစ္စည်းတွေ.... လူသတ်ဖို့က အဓိက မဟုတ်ဘူး။ ဒါကြောင့် ဒီဆေးက မင်းကို သတ်မှာ မဟုတ်ဘူး... မင်းကို အိပ်ပျော်သွားစေရုံပဲ ရှိမှာ”

အခန်း ၁၅၉ပြီး၏။

All Chapters