အခန်း ၁၆၀
Vol. 16 Ch. 160
အခန်း (၁၆၀) ဟန်ဆောင် မေ့လဲခြင်း
ထိုစကားကို ကြားပြီးနောက် ယွမ်ကွမ်ဟာ စိတ်သက်သာရာ ရဟန်ဆောင်ကာ ထိုဆေးကို ဂရုတစိုက် သိမ်းဆည်းလိုက်၏။
အမှန်တကယ်တွင် ဤဆေးမှာ လုလျို ပြောပြခဲ့သည်ထက် များစွာ ပို၍ အန္တရာယ်များချေသည်။
၎င်းမှာ ဖန်ဟွေ့၏ စူပါပါဝါရှင်တစ်ဦးက လျှို့ဝှက်စွာ တီထွင်ထားသော အာရုံကြော အဆိပ်တစ်မျိုး ဖြစ်၏။ ၎င်းက အဆင့်ခြောက် စူပါပါဝါရှင်များကိုပင် ခေတ္တမျှ လေဖြတ်သွားစေနိုင်လေသည်။
၎င်းမှာ ဖန်ဟွေ့၏ လျှို့ဝှက်လက်နက်ဖြစ်ပြီး အခြား ခေါင်းဆောင်များပင်လျှင် ထိုဆေးရှိကြောင်း မသိရှိကြချေ။
ဖန်ဟွေ့သည် အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး အသံကို နှိမ့်၍ ပြောလိုက်၏။ “အချိန် နောက်ကျနေပြီ။ သူတို့ သံသယ မဝင်ခင် မြန်မြန် ပြန်သွားတော့...”
ယွမ်ကွမ် အကြိမ်ကြိမ် ခေါင်းညိတ်ကာ လှည့်ထွက်သွားခဲ့သည်။
ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သူ နောက်သို့ လှည့်ကြည့်လိုက်ရာ ဖန်ဟွေ့နှင့် အခြားသူများမှာ အမှောင်ထုထဲတွင် ပျောက်ကွယ်သွားပြီ ဖြစ်၏။
သူသည် သူ၏ အိပ်ကပ်ထဲရှိ ဆေးကို ထိကြည့်လိုက်ရာ သူ၏ နှုတ်ခမ်းထောင့်တွင် မသိမသာ ပြုံးယောင်သန်းသွားလေသည်။
ညသည် ရင်ပြင်ကို ဖုံးလွှမ်းသွားချိန်တွင် ယွမ်ကွမ်သည် စိတ်သက်သာရာ ရနေသော အပြုံးတစ်ခုနှင့်အတူ စခန်းသို့ လျှောက်လှမ်း ပြန်လာခဲ့သည်။
အဝေးရှိ အရိပ်များထဲတွင် ရှယန်နှင့် လိန်လေ့တို့၏ လူများက ပြန်ရောက်လာသော ထိပ်ပြောင်ပြောင် အမျိုးသားကို သတိပြုမိကြသော်လည်း မည်သူမျှ မလှုပ်ရှားကြချေ။
ဤအဖွဲ့များမှာ သည်းခံခြင်း၏ အရေးပါမှုကို နားလည်သော အတွေ့အကြုံရင့် အမဲလိုက်သမားများ ဖြစ်ကြ၏။
“အို.. ပျင်းတဲ့သူတွေက အချိန်ကုန်တာပဲနော်... မင်း ဘယ်လောက်တောင် ကြာနေတာလဲ...” ကျစ်ဆံမြီး မိန်းကလေးက သူ့ကို စောင်းကြည့်ကာ နောက်ပြောင်လိုက်၏။
ယွမ်ကွမ်က ရယ်မောကာ ပြောလိုက်လေသည်။ “ဗိုက်က မကောင်းလို့ ခဏ ထိုင်နေရတာပါ...”
ထို့နောက် သူက ကျန်းယဲ့တို့ စုရုံးနေကြသော မီးပုံဆီသို့ ပေါ့ပေါ့ပါးပါး လျှောက်သွားလိုက်သော်လည်း သူ၏ မျက်လုံးများကမူ ပတ်ဝန်းကျင်ကို အမြဲတမ်း စောင့်ကြည့်နေခဲ့သည်။
ဖန်ဟွေ့နှင့် အခြားသူများက အရိပ်ထဲတွင် ပုန်းကွယ်နေပြီး ယွမ်ကွမ်၏ လှုပ်ရှားမှုတိုင်းကို မျက်တောင်မခတ်ဘဲ စောင့်ကြည့်နေကြသည်မဟုတ်လော။
ယွမ်ကွမ်က ဖိနပ်ကြိုးကို စည်းရန် ဆောင့်ကြောင့်ထိုင်လိုက်သည်ကို မြင်သောအခါ သူတို့မှာ အသက်ရှူပင် ရပ်တန့်သွားကြရသည်။
၎င်းမှာ သူတို့ သဘောတူထားသော လှုပ်ရှားရမည့် အချက်ပြမှုပင်။
【ဒင်... အာရုံကြော အဆိပ် Nightmare-1ကို တွေ့ရှိသည်။】
စနစ်၏ အသိပေးချက်မှာ ကျန်းယဲ့၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။
【ပါဝင်ပစ္စည်းများ - မျိုးဗီဇပြောင်း ပန်းမြတ်လှထုတ်ယူမှုနှင့် အာရုံကြော အဆိပ်များ။ လုပ်ဆောင်ချက် - စက္ကန့် ၃၀ အတွင်း အသိစိတ် ပျောက်ဆုံးစေပြီး ကြွက်သားများ တုန်ခါမှု ဖြစ်ပေါ်စေသည်။ အသိစိတ် ပျောက်ဆုံးချိန် - ၄-၆ နာရီ။ ငွေ့ပျံမှု ပျက်ပြယ်ခြင်း - တစ်မိနစ်အတွင်း သက်ရောက်မှု ရှိပါသည်။】
ကျန်းယဲ့၏ နှုတ်ခမ်းများမှာ မသိမသာ တွန့်ကွေးသွားပြီး သူ၏ ဒူးခေါင်းကို လက်ချောင်းများဖြင့် ငါးချက် ခေါက်လိုက်၏။
လီဇယ်ခိုင်က အခြေအနေကို အရင်ဆုံး သဘောပေါက်သွားလေသည်။ ထို့နောက် သူက ရုတ်တရက် ရင်ဘတ်ကို ဖိကိုင်ကာ မြေကြီးပေါ်သို့ လဲကျသွားပြီး သူ၏ ကြွက်သားများမှာ ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။
၎င်းကို မြင်သောအခါ အခြားသူများလည်း ချက်ချင်း နားလည်သွားပြီး ထိုအတိုင်း လိုက်လုပ်ကြ၏။
“ဘာဖြစ်တာလဲ...” ကျန်းခိုင်က သရုပ်ဆောင်ကောင်းစွာဖြင့် လီဇယ်ခိုင်ကို ကူညီရန် ထရပ်လိုက်သော်လည်း သူကိုယ်တိုင် ယိုင်လဲသွားကာ မျက်လုံးများ လှန်ပြီး မြေကြီးပေါ်သို့ ပြုတ်ကျသွားကာ မည်သူ့ထက်မဆို ပို၍ ပြင်းထန်စွာ တုန်ခါပြလိုက်ချေသည်။
လုချင်ဟယ်ကမူ ပို၍ပင် လွန်ကဲနေပြီး သူ ကိုင်ထားသော အဆာပြေမုန့်များကို မြေကြီးပေါ်သို့ ပစ်ချကာ သတိလစ်သွားဟန် ပြုလုပ်လိုက်၏။
စက္ကန့်အနည်းငယ်အတွင်း စခန်းတစ်ခုလုံးမှာ ဖျက်ဆီးခံလိုက်ရလေသည်။
အဝေးမှ ဤမြင်ကွင်းကို မြင်လိုက်ရသော ဖန်ဟွေ့၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားရသည်။ “အောင်မြင်ပြီ....”
ထို့နောက် မတ်တပ်ရပ်ကာ လက်ဝှေ့ယမ်းလိုက်၏။ “အားလုံး.. လှုပ်ရှားကြ”
အမှောင်ထုထဲတွင် လူဆယ်ဂဏန်းခန့်မှာ ဆာလောင်နေသော ဝံပုလွေများကဲ့သို့ စခန်းဆီသို့ ခုန်အုပ်လာခဒ့ကြသည်။
ဒုတိယ ခေါင်းဆောင် ရှယန်နှင့် တတိယ ခေါင်းဆောင် လိန်လေ့တို့သည်လည်း အမှောင်ထဲတွင် အချင်းချင်း အကဲခတ်ကြည့်လိုက်ကြ၏။ ဖန်ဟွေ့၏ လူများ စခန်းဆီသို့ ပြေးသွားသည်ကို မြင်သောအခါ သူတို့ မထိန်းနိုင်တော့ဘဲ တစ်ချိန်တည်းမှာပင် ပုန်းကွယ်ရာမှ ထွက်ပေါ်လာကြလေသည်။
“ပဉ္စမညီ... မင်းက တော်တော် မြန်တာပဲ” ရှယန်၏ ပုံရိပ်မှာ စျေးဝယ်စင်တာ၏ အပျက်အစီးများထဲမှ ထွက်ပေါ်လာပြီး သူ၏နောက်တွင် လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားသော လူနှစ်ဆယ်ကျော် ပါလာချေသည်။
နီးပါး တစ်ချိန်တည်းမှာပင် လိန်လေ့ကလည်း သူ၏ လူများနှင့်အတူ အခြားတစ်ဖက်မှ ထွက်ပေါ်လာခဲ့ကြသည်။ သူ၏ လက်ချောင်းထိပ်များတွင် အပြာရောင် လျှပ်စီးများ ကခုန်နေပြီး သူ၏ ရက်စက်သော အပြုံးတစ်ခုကို ပေါ်လွင်နေစေလေသည်။ “ဒီလောက် စိတ်လှုပ်ရှားစရာ ကောင်းတဲ့ပွဲကို ငါ ဘယ်လိုလုပ် လွတ်နိုင်ပါ့မလဲ....”
ဖန်ဟွေ့၏ မျက်နှာမှာ ချက်ချင်း ပြာနှမ်းသွားရသည်။ သူက ရုတ်တရက် ပေါ်လာသော အဖွဲ့နှစ်ဖွဲ့ကို မျက်လုံးမှေးကြည့်ကာ ရေခဲကဲ့သို့ အေးစက်သော အသံဖြင့် ပြောလိုက်၏။ “ဒုတိယအစ်ကို... တတိယအစ်ကို... မင်းတို့ ဒီမှာ ဘာလာလုပ်တာလဲ”
လိန်လေ့က ပခုံးတွန့်လိုက်ရာ သူ၏ သူငယ်အိမ်ထဲတွင် လျှပ်စီးများ လက်ခနဲ ဖြစ်သွားခဲ့သည်။ “ဖြတ်သွားတာပါ။ ဒီမှာ ဆူညံသံတွေ ကြားလို့ လာကြည့်တာလေ..”
ရှယန်က သူ၏ မျက်နှာပေါ်ရှိ အမာရွတ်မှာ မီးရောင်အောက်တွင် အထူးပင် ကြောက်မက်ဖွယ် ကောင်းနေပြီး ပြုံးလိုက်၏။ “ကျွန်တော်တို့က အမဲလိုက်နေရင်းနဲ့ မီးရောင်တွေ့လို့ လာကြည့်တာလေ။ ဘာလဲ.... ဒီနေရာကို တစ်ယောက်တည်း ပိုင်ဆိုင်ထားတာများလား...”
ဖန်ဟွေ့၏ နဖူးပေါ်ရှိ အကြောများမှာ ဖောင်းကြွလာပြီး သူတို့၏ စကားကို လုံးဝ မယုံကြည်ချေ။
သူသည် ဒေါသကို ချုပ်တည်းကာ သရော်လိုက်၏။ “တိုက်တိုက်ဆိုင်ဆိုင်ပါပဲ... ကျွန်တော်လည်း လူတွေနဲ့ အမဲလိုက်ဖို့ လာတာပါ..”
အင်အားစု သုံးစုမှာ စခန်း၏ အစွန်းတွင် တစ်ဖက်နှင့်တစ်ဖက် ရင်ဆိုင်နေကြပြီး လေထုမှာ တင်းမာနေခဲ့သည်။
လူတိုင်းမှာ မိမိတို့၏ အနေအထားကို တိတ်တဆိတ် ချိန်ညှိနေကြပြီး သူတို့၏ လက်ချောင်းထိပ်များတွင် စူပါပါဝါများ စုစည်းထားကာ မည်သည့်အချိန်မဆို လှုပ်ရှားရန် အသင့်ရှိနေကြလေသည်။
၎င်းကို မြင်သောအခါ အရိပ်ထဲတွင် ပုန်းကွယ်နေသော အခြား ခေါင်းဆောင်ခုနစ်ဦးမှာ ပိုမို သတိထားကာ ပုန်းကွယ်လိုက်ကြ၏။
အဓိက ခေါင်းဆောင်က မျက်လုံးကို မှေးကြည့်ကာ သူ၏ ယုံကြည်ရသော လက်ထောက်ကို တိုးညင်းစွာ ပြောလိုက်၏။ “မလောနဲ့... သူတို့ကို အချင်းချင်း တိုက်ခိုက်ခိုင်းပြီးမှ ငါတို့ အမြတ်ထုတ်ကြမယ်....”
ကျန်းယဲ့သည် မြေကြီးပေါ်တွင် မျက်လုံးများကို မှိတ်ကာ သတိလစ်ဟန် ပြုလုပ်လျက် သူ၏ ပတ်ဝန်းကျင်ကို အာရုံခံနေ၏။
အခြား အဖွဲ့ခုနစ်ဖွဲ့မှာ လှုပ်ရှားမှု မရှိသေးကြောင်း တွေ့ရှိရသောအခါ သူ မနေနိုင်ဘဲ စိတ်ထဲမှ သက်ပြင်းချလိုက်လေသည်။
ဒီမြေခွေးအိုကြီးတွေက တစ်စုံတစ်ရာ မလုပ်ဘဲ အမြတ်ထုတ်ဖို့ ကြံစည်နေကြတာပဲ။
ကံမကောင်းစွာဖြင့် ဤအဖွဲ့သုံးဖွဲ့မှာလည်း အရူးများ မဟုတ်ကြချေ။
ဖန်ဟွေ့၏ မျက်နှာအမူအရာမှာ မရေမရာ ဖြစ်နေပြီး ရှယန်နှင့် လိန်လေ့တို့အကြားတွင် သူ၏ အကြည့်များမှာ ဝေ့ဝဲနေခဲ့သည်။
သူတို့နှစ်ဦးမှာ မည်သို့သော လူစားမျိုးလဲဆိုတာ သူ ကောင်းကောင်း သိပေသည်။
ရှယန်မှာ ရက်စက်ပြီး လိန်လေ့မှာ လှည့်စားတတ်ကာ ကောက်ကျစ်၏။ သူတို့သာ တကယ် တိုက်ခိုက်မိလျှင် သူ အနိုင်ရလိမ့်မည် မဟုတ်ချေ။
သူက အသက်ကို ပြင်းပြင်းရှူသွင်းကာ သူ၏ ဒေါသကို အတင်းအကျပ် ဖိနှိပ်လိုက်ပြီး အတုအယောင် အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “ကျွန်တော့်လူတွေဆီက ကြားရတာတော့ အဆီထူတဲ့ သိုးတွေကို တွေ့တယ်ဆိုလို့ လာလိုက်တာ။ ဒုတိယအစ်ကိုနဲ့ တတိယအစ်ကိုတို့နဲ့ ဒီမှာ ဆုံလိမ့်မယ်လို့ မထင်ထားဘူး။ မင်းတို့နှစ်ယောက် ရောက်နေပြီဆိုတော့ အတူတူ ဝေမျှစားကြရင်ကော ဘယ်လိုလဲ...”
ရှယန်က သရော်လိုက်ပြီး သူ၏ တုတ်ခိုင်သော လက်ချောင်းများဖြင့် ခါးရှိ ဓားရိုးကို ပွတ်သပ်ရင်း သူ့ကို ပြုံးကြည့်လိုက်သည်။ “ပဉ္စမညီ... ဒီလူတွေက သာမန် သိုးတွေမှ မဟုတ်တာ... ဟုတ်တယ်မလား။ ဇွန်ဘီတွေကိုတောင် ရှောင်ခိုင်းနိုင်တဲ့ ကားတစ်စီးက သာမန် မဟုတ်ဘူးလေကွာ.. ”
လိန်လေ့မှာ ပို၍ တိုက်ရိုက်ဆန်လေသည်။ သူ၏ အေးစက်သော အကြည့်က မြေကြီးပေါ်တွင် လဲကျနေသော ယွမ်ကွမ်ပေါ်သို့ ဝေ့ဝဲသွားပြီး သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ “ဘာလို့ ဟန်ဆောင်နေတာလဲ။ ဒီကလေးကို နိုးပြီး အမှန်တရားကို မေးကြည့်လိုက်တာက ပိုမြန်မှာ မဟုတ်ဘူးလား...”
ဖန်ဟွေ့၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားရသည်။
ရှယန်နှင့် လိန်လေ့၏ လူယုံများက တစ်ပြိုင်နက်တည်း ရှေ့သို့ တိုးလာကြပြီး နှစ်ဖက်စလုံးမှ ချဉ်းကပ်လာခဲ့ကြသည်။
လုလျိုသည် မသိစိတ်မှ အလိုအလျောက် ဘေးသို့ တစ်လှမ်းတိုးလိုက်ပြီး သူတို့၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်၏။
သူတို့၏ ဆန့်ကျင်ဘက်ရှိ လူနှစ်ဦး၏ လက်ဖဝါးများမှ စူပါပါဝါ အလင်းများ ချက်ချင်း ထွက်ပေါ်လာလေသည်။
မီး၏ အနီရောင်အလင်းနှင့် လျှပ်စီး၏ ခရမ်းရောင် အလင်းများ ရောယှက်သွားပြီး လေထုထဲတွင် မီးလောင်နေသော အနံ့အသက်များဖြင့် ချက်ချင်း ပြည့်နှက်သွားရသည်။
လျှို့ဝှက်စွာ စောင့်ကြည့်နေသော အဖွဲ့ခုနစ်ဖွဲ့မှာလည်း ပျော်ရွှင်မှုများ ထွက်ပေါ်လာပြီး အချို့မှာ သူတို့ တစ်ဦးကိုတစ်ဦး တိုက်ခိုက်သည်ကို ကြည့်ရန် ရှေ့သို့ပင် တိုးလာခဲ့ကြသည်။
ကံမကောင်းစွာဖြင့်....
ဖန်ဟွေ့က လက်မြှောက်လိုက်ရာ လုလျိုက ချက်ချင်း နောက်ဆုတ်သွားလေသည်။ သူတို့၏ စူပါပါဝါ အလင်းများမှာလည်း တစ်ချိန်တည်းမှာပင် ငြိမ်းသွားကြ၏။ ထိုအဖွဲ့ ခုနစ်ဖွဲ့မှာ သူတို့၏ မျက်နှာပေါ်ရှိ အပြုံးများကိုပင် အပြည့်ဝ မထုတ်ဖော်နိုင်လိုက်ကြချေ။
နောက်ခဏ၌ ရှယန်၏ လူများက လုလျိုကို ကျော်ဖြတ်ကာ ယွမ်ကွမ်၏ ကော်လာကို ဆွဲယူပြီး သူ၏ မျက်နှာကို နှစ်ချက် ပြင်းပြင်းထန်ထန် ရိုက်ပစ်လိုက်လေသည်။
ယွမ်ကွမ်၏ ခေါင်းမှာ ရိုက်ချက်ကြောင့် ဘေးသို့ ယိမ်းယိုင်သွားရသည်။ သူ စိတ်ထဲတွင် ကျိန်ဆဲလိုက်ပြီး နိုးရမလားဟု တုံ့ဆိုင်းနေမိသည်။
လိန်လေ့က ဖန်ဟွေ့ကို စိုက်ကြည့်ကာ သူ၏ လေသံမှာ အေးစက်နေလေသည်။ “ပဉ္စမညီ... အခုလို အခြေအနေ ရောက်နေပြီဆိုတော့ တကယ့် ရည်ရွယ်ချက်ကို ဖုံးကွယ်မနေကြရအောင်။ ငါတို့ သုံးယောက် ပူးပေါင်းပြီး ဒီကားနဲ့ ပစ္စည်းတွေကို သိမ်းပိုက်တာက အချင်းချင်း တိုက်ခိုက်နေတာထက် ပိုမကောင်းဘူးလား..”
ဖန်ဟွေ့သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အံကြိတ်ကာ ခေါင်းညိတ်လိုက်ပြီး လုလျိုကို မျက်စိတစ်ဖက် မှိတ်ပြလိုက်၏။
လုလျို နားလည်သွားပြီး အိတ်ကပ်ထဲမှ အနက်ရောင် ဆေးလုံးတစ်လုံးကို ထုတ်ယူကာ ရှေ့သို့ လျှောက်သွားပြီး ယွမ်ကွမ်၏ မေးရိုးကို ဆွဲကာ အတင်းအကျပ် ထိုးကျွေးလိုက်လေသည်။
အခန်း ၁၆၀ပြီး၏။