← Chapters

အခန်း ၁၆၂

Vol. 17 Ch. 162

အခန်း ၁၆၂

Vol. 17 Ch. 162

အခန်း (၁၆၂) နောက်ဆုံးတိုက်ခိုက်မှု

​ပြာကျသွားလောက်ပြီဖြစ်သော ဝမ်ပင်းကို စူးစိုက်ကြည့်နေစဉ် အဓိက ခေါင်းဆောင်၏ သူငယ်အိမ်များ ရုတ်တရက် ကျုံ့ဝင်သွားရသည်။

​ထိုအချိန်တွင် ဝမ်ပင်းသည် အပွန်းအပဲ့ပင်မရှိဘဲ မတ်တပ်ရပ်နေပြီး သူ၏ လက်ထဲရှိ သေနတ်က အဓိက ခေါင်းဆောင်ထံသို့ တည်ငြိမ်စွာ ချိန်ရွယ်ထားချေသည်။

​“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..” အဓိက ခေါင်းဆောင်၏ အသံမှာ ပြောင်းလဲသွား၏။

​‘ဒါက လုံးဝ ပုံမှန်မဟုတ်ဘူး...’

​သူသည် မသိစိတ်မှ အလိုအလျောက် သူ၏ စူပါပါဝါကို အသက်သွင်းရန် ကြိုးစားလိုက်သော်လည်း ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များမှာ ပင်လယ်ထဲသို့ ကျောက်ခဲတစ်လုံး နစ်မြုပ်သွားသကဲ့သို့ လုံးဝ အသုံးပြု၍ မရတော့ကြောင်း တွေ့ရှိလိုက်ရသဖြင့် အလွန် ထိတ်လန့်သွားရသည်။

​အခြား ခေါင်းဆောင်များ၏ မျက်နှာများမှာလည်း အရောင်ပြောင်းသွားကြလေသည်။

​ရှယန်၏ အမာရွတ်မှာ တွန့်လိမ်သွားပြီး လိန်လေ့၏ လက်ချောင်းထိပ်များရှိ လျှပ်စီးအလင်းမှာ နှစ်ချက်ခန့် တဖျပ်ဖျပ် လင်းလက်သွားပြီးနောက် လုံးဝ ငြိမ်းသွားကာ ဖန်ဟွေ့၏ မျက်နှာမှာလည် ပြာနှမ်းသွားခဲ့သည်။

​“စူပါပါဝါတွေ သုံးလို့ မရတော့ဘူးလား...” ဆဋ္ဌမ ခေါင်းဆောင်၏ အသံမှာ တုန်ယင်နေချေသည်။

​အဓိက ခေါင်းဆောင်က လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး သူ၏ပတ်ဝန်းကျင်ရှိ သက်တော်စောင့်များကို ချက်ချင်း မျက်စိတစ်ဖက် မှိတ်ပြလိုက်၏။

​တစ်ပြိုင်နက် အထက်တန်းလွှာ စစ်သား တစ်ဒါဇင်ကျော်က သူတို့၏ သေနတ်များကို တစ်ပြိုင်နက်တည်း ဆွဲထုတ်လိုက်ကြပြီး မှောင်မိုက်နေသော သေနတ်ပြောင်းဝအားလုံးက ကျန်းယဲ့ဆီသို့ ချိန်ရွယ်သွားကြသည်။

​ဤဖြစ်စဉ်တစ်ခုလုံးမှာ သုံးစက္ကန့်အတွင်းမှာပင် ဖြစ်ပျက်သွားခဲ့ခြင်းပင်။

​“ဒိုင်း ဒိုင်း ဒိုင်း.....”

​နားကွဲမတတ် သေနတ်သံများက ညအမှောင်ကို ဖြတ်သန်း ထွက်ပေါ်လာချေသည်။

​သို့သော် နောက်တစ်စက္ကန့်တွင် ကျည်ဆန်များ အားလုံးက လေထဲတွင် ထူးဆန်းစွာ ရပ်တန့်သွားကြပြီး သူတို့၏ ထိပ်ဖူးများက ကျန်းယဲ့ထံသို့ တစ်လက်မမျှပင် ရှေ့မဆက်နိုင်တော့ချေ။

​ရှယန်သည် သူ ယခုလေးတင် ဆွဲထုတ်ထားသော ပစ္စတိုသေနတ်ကို လွတ်ကျလုမတတ် ဖြစ်သွားရသည်။

​လိန်လေ့၏ လက်မှာလည်း လေထဲတွင် တောင့်တင်းသွားပြီး ဖန်ဟွေ့၏ ခြေထောက်များမှာ ပျော့ခွေသွားကာ သူ၏ မျက်နှာတွင် တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်အလား ထိတ်လန့်နေသော အမူအရာ ပေါ်လွင်နေခဲ့သည်။

​‘သူတို့က တကယ်ကို ဘယ်သူတွေလဲ...’

​အဓိက ခေါင်းဆောင်၏ လည်စိမှာ ခက်ခဲစွာ လှုပ်ရှားသွားပြီး သူ၏ နဖူးတွင် အေးစက်သော ချွေးသီးများ ထွက်ပေါ်လာလေသည်။

​ကမ္ဘာပျက်ခေတ်တွင် သူ တိုက်ခိုက်လာခဲ့သော နှစ်များတစ်လျှောက် ဤမျှ အရိုးထဲအထိ စိမ့်ဝင်သွားသော အအေးဒဏ်ကို သူ ပထမဆုံးအကြိမ် ခံစားရခြင်းပင်။

​ကျန်းယဲ့က လက်ကို မြှောက်ကာ သူ့ရှေ့ရှိ ကျည်ဆန်များကို ပေါ့ပေါ့ပါးပါး ပွတ်သပ်လိုက်ရာ သတ္တု ကျည်ဆန်များက ခလွင်ဟူသော အသံနှင့်အတူ မြေကြီးပေါ်သို့ ပြုတ်ကျသွား၏။

​ရင်ပြင်တစ်ခုလုံး သေလုမတတ် တိတ်ဆိတ်သွားပြီး ယမ်းငွေ့နံ့များကို သယ်ဆောင်လာသော ညလေ၏ လေတိုက်ခတ်သံသာ ရှိတော့ပေသည်။

​ဆယ်မျက်နှာ အခြေစိုက်စခန်းမှ လူများဟာ နောက်ဆုံးတွင် သူတို့မှာ မုဆိုးများ မဟုတ်ဘဲ အချိန်အတော်ကြာကတည်းက ပစ်မှတ်ထားခံနေရသော သားကောင်များ ဖြစ်ကြောင်း သဘောပေါက်သွားကြရသည်။

​ဤမြင်ကွင်းကို ကြည့်နေသော အသက်ရှင်ကျန်ရစ်သူများတွင် ဖော်ပြရန် ခက်ခဲသော ရှုပ်ထွေးသည့် ခံစားချက်များ ရှိနေချေသည်။

​ဆယ်မျက်နှာအခြေစိုက်စခန်းက ခလုတ်တိုက်မိမည်ကို သူတို့ မျှော်လင့်ထားခဲ့သော်လည်း အထက်တန်း အရာရှိများအားလုံးကို ချေမှုန်းနိုင်လောက်အောင် ဤမျှ ကြီးမားသော ပျက်စီးမှုမျိုး ဖြစ်လာလိမ့်မည်ဟု သူတို့ လုံးဝ မမျှော်လင့်ထားခဲ့ကြချေ။

​“သူတို့ မနိုင်ပဲနေမှာကို ငါ စိုးရိမ်နေခဲ့တာ....” ကျစ်ဆံမြီး မိန်းကလေးက စိတ်ထဲတွင် တွေးလိုက်၏။ “ဒါပေမဲ့ သူတို့က အရာအားလုံးကို တံမြက်စည်းလှည်းသလို ရှင်းလင်းသွားတာပဲ... ”

​လီယန်လေးသည် သူ၏ မိခင်၏ အဝတ်အစားများကို စိတ်လှုပ်ရှားစွာ ဆွဲယူလိုက်ပြီး သူ၏ မျက်လုံးများက ကြယ်များကဲ့သို့ တောက်ပနေချေသည်။ “မေမေ။ ဦးလေးကျန်းက အစောင့်အရှောက် စခန်းက အစွမ်းအထက်ဆုံး ဦးလေးထက်တောင် ဆယ်ဆလောက် ပိုစွမ်းတယ်..”

​ရေစွမ်းရည်ပိုင်ရှင်က သူ၏ လျှောကျနေသော မျက်မှန်ကို ပင့်တင်လိုက်ပြီး သူ၏ မျက်လုံးများတွင် သံသယများ ပြည့်နှက်နေချေသည်။ “လောချန်ယဲ့က အဓိက အဖွဲ့ဝင်ကို သတ်ဖို့ ရှင်းရှင်းလင်းလင်း ကြိုးစားခဲ့တာ... ဘယ်လိုလုပ် သူက ဘာဒဏ်ရာမှ မရတာလဲ...”

​ဤမေးခွန်းက ဆယ်မျက်နှာအခြေစိုက်စခန်းမှ လူများကို အံ့အားသင့်စေရုံသာမက အသက်ရှင်ကျန်ရစ်သူများကိုပါ ခေါင်းကုတ်သွားစေလေသည်။

​မဟုတ်လျှင် မြေခွေးတစ်ကောင်ကဲ့သို့ သတိထားတတ်သော လောချန်ယဲ့၏ သဘာဝအရ သူ ဘယ်လိုလုပ် ထောင်ချောက်ထဲကို ဒီလောက် အလွယ်တကူ ဝင်သွားနိုင်မည်နည်း။

​လူအုပ်ကြီးက ကျန်းယဲ့နှင့် သူ၏အဖွဲ့ကို ပို၍ပို၍ ရိုသေလေးစားစွာ ကြည့်လိုက်ကြပြီး သူတို့၏ နောက်သို့ လိုက်ပါရန် ဆန္ဒမှာ ပိုမို အားကောင်းလာလေသည်။

​ဖန်ဟွေ့၏ မျက်လုံးများက ဟိုဟိုဒီဒီ လှုပ်ရှားနေပြီး ရုတ်တရက် အသံကုန် အော်ဟစ်လိုက်၏။ “ပြေး...”

​ထိုအော်ဟစ်သံက မိုးခြိမ်းသံတစ်ခုကဲ့သို့ ဖြစ်သွားပြီး ပတ်ဝန်းကျင်ရှိ ဆယ်မျက်နှာအခြေစိုက်စခန်း၏ အဖွဲ့ဝင်များက မသိစိတ်မှ အလိုအလျောက် တုံ့ပြန်ကာ ထွက်ပြေးကြတော့သည်။

​ထိုအချိန်၌ ဖန်ဟွေ့၏ နှုတ်ခမ်းများပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာလေသည်။ ကမောက်ကမ ဖြစ်သွားသရွေ့ သူက အရှုပ်အထွေးကြားထဲကနေ ထွက်ပြေးဖို့ အခွင့်အရေး ရလိမ့်မည်။

​ရှယန်နှင့် လိန်လေ့တို့က အချင်းချင်း အကဲခတ်ကြည့်လိုက်ကြပြီး သူတို့၏ ခွန်အားများကို တိတ်တဆိတ် စုစည်းလိုက်ကြ၏။

​သူတို့၏ အစီအစဉ်မှာ ဖန်ဟွေ့နှင့် တစ်ပုံစံတည်းပင်။

​နောက်လိုက်တွေကို အရင်ဆုံး အာရုံလွှဲခိုင်းထားပြီးတော့မှ ဖောက်ထွက်ဖို့ အခွင့်အရေးကို ဆုပ်ကိုင်မယ်။

​သို့သော်လည်း......

​“ဘုတ်...”

​“ဘုတ်...”

​“ဘုတ်....”

​တုံးတိတိ အသံများ ဆက်တိုက် ထွက်ပေါ်လာပြီး ရှေ့ဆုံးမှ ပြေးသွားသူများက မမြင်ရသော နံရံတစ်ခုကို ဝင်တိုက်မိသကဲ့သို့ သူတို့၏ ပြေးနေသော ကိုယ်ဟန်အနေအထားများက ထိုနေရာတွင် ရပ်တန့်သွားကြသည်။

​ထွက်ပြေးသူ သုံးဆယ်ကျော်မှာ အချိန်အေးခဲသွားသကဲ့သို့ ဖြစ်နေချေသည်။ အချို့က ခြေတစ်ဖက် မြေကြီးပေါ်မှ ကြွနေပြီး အချို့က လက်မောင်းများကို လွှဲနေကာ အချို့က ထိတ်လန့်တကြား ပါးစပ်ဟနေကြပြီး သူတို့အားလုံးမှာ ထူးဆန်းသော သုံးဖက်မြင် ပုံရိပ်တစ်ခုကဲ့သို့ အေးခဲနေကြ၏။

​“ဒါ...” ဖန်ဟွေ့၏ အပြုံးမှာ မျက်နှာပေါ်တွင် အေးခဲသွားရသည်။

​ရှယန်၏ အမာရွတ်မှာလည်း ပြင်းထန်စွာ တုန်ခါသွားပြီး လိန်လေ့၏ သူငယ်အိမ်များ ရုတ်တရက် ကျုံ့ဝင်သွားကာ စိတ်ပျက်မှုနှင့် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခုက သူ၏ မျက်လုံးများတွင် လက်ခနဲ ဖြစ်သွားခဲ့သည်။

​အဓိက ခေါင်းဆောင် လောချန်ယဲ့မှာ ပြာနှမ်းနေပြီး သူ့ရင်ဘတ်အောက်ခြေမှ စွမ်းအားမဲ့မှု ခံစားချက်တစ်ခု ပြည့်လျှံလာကာ သူတို့ ဘာပဲလုပ်လုပ် အသုံးမဝင်တော့သည့်အလား ဖြစ်နေချေသည်။

​ထိုအခိုက်အတန့်တွင် သူတို့က ဤနယ်မြေအတွင်းသို့ ခြေချလိုက်သည့် အချိန်မှစ၍ သူတို့၏ အသက်များက ဤလူများ၏ လက်ထဲတွင် အပြည့်အဝ ရှိနေကြောင်းကို နောက်ဆုံးတွင် နားလည်သွားကြရသည်။

​ကျန်းယဲ့၏ ရယ်စရာကောင်းသော အကြည့်က လူအုပ်ပေါ်သို့ ဝေ့ဝဲသွားလေသည်။ “ဟက်... ပြေးလေ... ဘာလို့ အကုန်လုံး ရပ်သွားကြတာလဲ။ ပြေးရတာ ပင်ပန်းသွားပြီလား...”

​မြင်ကွင်းတွင် မည်သူမျှ မတုံ့ပြန်ကြချေ။

​လောချန်ယဲ့၏ အကြည့်က အဓိက အဖွဲ့ဝင် နှစ်ဆယ့်တစ်ဦးပေါ်သို့ လင်းယုန်ငှက်ကဲ့သို့ ဝေ့ဝဲသွားပြီး သူ၏ မျက်လုံးများက ခေတ္တမျှ ရပ်တန့်သွားခဲ့သည်။

​လူငါးဦးက သိမ်မွေ့သော ကိုယ်ဟန်အနေအထားဖြင့် အလယ်ဗဟိုရှိ ချောမောသော လူငယ်လေးကို ကာကွယ်ပေးနေကြောင်း သူ သေချာစွာ သတိပြုမိလိုက်၏။

​ဤအသေးစိတ် အချက်အလက်က လောချန်ယဲ့၏ အကြည့်ကို ရုတ်တရက် ပိုမို စူးရှသွားစေလေသည်။

​သူသည် တည်ငြိမ်နေပုံရသော ထိုလူငယ်လေးကို စူးစိုက်ကြည့်လိုက်ပြီး ရုတ်တရက် သူက သေစေနိုင်လောက်သော အမှားတစ်ခုကို လုပ်မိသွားပြီ ဖြစ်ကြောင်း သဘောပေါက်သွားရသည်။

​‘အပေါ်ယံကြည့်ရင် အားနည်းပုံရတဲ့ ဒီလူငယ်လေးက နေရာလွတ်စွမ်းရည်ပိုင်ရှင် တစ်ယောက်ထက် ပိုတာ သေချာတယ်...’

​‘ပတ်ဝန်းကျင်က ထူးဆန်းတဲ့ စွမ်းအင် အတက်အကျတွေရယ်... စူပါပါဝါတွေ ရုတ်တရက် ပျောက်သွားတာရယ်.... ပြီးတော့ လူငါးယောက်ရဲ့ မသိစိတ်က အလိုအလျောက် ကာကွယ်ပေးတဲ့ အနေအထားရယ်...’

​လက္ခဏာရပ်များ အားလုံးက ကြောက်မက်ဖွယ်ကောင်းသော ကောက်ချက်တစ်ခုဆီသို့ ညွှန်ပြနေ၏။ 'ငါတို့ရှေ့က ဒီလူငယ်လေးက ဒီပြဿနာတွေ အားလုံးရဲ့ နောက်ကွယ်က ကြိုးကိုင်သူ ဖြစ်ဖို့ အလားအလာ အရမ်းများတယ်...'

​ထိုသို့ တွေမိသည်နှင့် လောချန်ယဲ့၏ ကျောပြင်မှ အေးစက်သော ချွေးတစ်လွှာ စိမ့်ထွက်လာချေသည်။

​သူသည် အစပိုင်းတွင် တစ်ဖက်လူက သာမန် နေရာလွတ်စွမ်းရည်ပိုင်ရှင်တစ်ဦးသာ ဖြစ်မည်ဟု ထင်ခဲ့သော်လည်း ယခုအခါ ဤလူ ပိုင်ဆိုင်ထားသော စွမ်းရည်များက သူ၏ စိတ်ကူးထက် များစွာ ကျော်လွန်နေပုံရချေသည်။

​သူ၏ တည်ငြိမ်ပြီး အေးဆေးသော အမူအရာအရ အရာအားလုံးက သူ့ထိန်းချုပ်မှုအောက်တွင် ရှိနေသည့်အလား ဖြစ်နေလေသည်။

​ထိုအမိန့်ပေးနိုင်သော အရှိန်အဝါက လောချန်ယဲ့ကို ဆုံးဖြတ်ချက် တစ်ခုချရန် ယုံကြည်မှု ပေးလိုက်၏။

​‘ထွက်ပေါက်က ဒီမှာပဲ...’

​လောချန်ယဲ့က စိတ်ထဲတွင် တွေးလိုက်၏။

​ဤအဓိက ပုဂ္ဂိုလ်ကို ဖြေရှင်းလိုက်သည်နှင့် သူတို့၏ လှုပ်ရှားမှုများကို ကန့်သတ်ထားသော လက်ရှိ အကျပ်အတည်းနှင့် သူတို့၏ စူပါပါဝါများ ပျောက်ဆုံးသွားသော ပြဿနာသည်ပင် အလွယ်တကူ ပြေလည်သွားမည် ဖြစ်သည်။

​လောချန်ယဲ့သည် ယဉ်ကျေးမှုမပြိုကွဲမီက ရှုပ်ထွေးသော စီးပွားရေးလောကကို ဖြတ်သန်းခဲ့ရသည်ဖြစ်စေ၊ ဤကမ္ဘာပျက်ခေတ်တွင် သွေးထွက်သံယို တိုက်ပွဲများ ဆင်နွှဲခဲ့ရသည်ဖြစ်စေ သူသည် ဘယ်သောအခါမှ အသတ်ခံမည့် သိုးပေါက်လေး တစ်ကောင် မဟုတ်ခဲ့ချေ။

​သူ့ကို ခြိမ်းခြောက်ရန် ကြိုးစားသူများက နောက်ဆုံးတွင် တောကန္တာရထဲမှ ခြောက်သွေ့နေသော အရိုးများသာ ဖြစ်သွားခဲ့ရသည်။

​လက်ရှိ အခြေအနေအရဆိုလျှင် ဤလူငယ်လေးက သူ့ကို အလွယ်တကူ လွှတ်ပေးမည် မဟုတ်ကြောင်း ပြောစရာပင် မလိုချေ။

​အခြားသူများအတွက် မျှော်လင့်ချက် အနည်းငယ် ရှိနိုင်သော်လည်း ဆယ်မျက်နှာအခြေစိုက်စခန်း၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် သူ့ကို အသက်ရှင်ခွင့် ပေးမည့် နည်းလမ်း လုံးဝ မရှိပေ။

​အကယ်၍ သူတို့ နေရာပြောင်းသွားပြီး သူက တစ်ဖက်လူနေရာတွင်သာ ရှိနေပါက အဆင့်ခြောက်ကို ထိုးဖောက်တော့မည့် စူပါပါဝါရှင်တစ်ဦးကို အနာဂတ်တွင် သေစေနိုင်သော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာစေရန် ဘယ်တော့မှ အသက်ရှင်ခွင့် ပေးမည် မဟုတ်ချေ။

​ထို့ကြောင့် ယနေ့ တိုက်ပွဲက သေမေင်းတမန် တိုက်ပွဲတစ်ခု ဖြစ်လာရန် ဖန်တီးထားပြီး ဖြစ်၏။

​‘သူ သေရင်သေ... မဟုတ်ရင်... ငါ သေရလိမ့်မယ်..’

​ဤအတွေးများက သူ့စိတ်ထဲတွင် မျက်စိတစ်မှိတ်အတွင်း ဖြတ်ပြေးသွားပြီးနောက် ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်သ၏။

​လောချန်ယဲ့သည် ဒူးတစ်ဖက် ထောက်ကာ ပြတ်သားစွာ ပြောလိုက်၏။ သူ၏ အသံမှာ အက်ကွဲနေသော်လည်း ဟိန်းထွက်နေချေသည်။ “ကျွန်တော် လောချန်ယဲ့က ဆယ်မျက်နှာအခြေစိုက်စခန်းကို ဦးဆောင်ပြီး လက်နက်ချဖို့ လိုလားပါတယ်။ ဒီကနေ့ကစပြီး ခင်ဗျားက ကျွန်တော်တို့ရဲ့ ခေါင်းဆောင်သစ် ဖြစ်လာပါလိမ့်မယ်...”

​ထိုစကားကို ကြားသောအခါ အခြား ခေါင်းဆောင်များ၏ ကျောရိုးတစ်လျှောက် ကြက်သီးများ ထသွားရသည်။

​ရှယန်က အရင်ဆုံး နားလည်သွားပြီး ဒူးထောက်ကာ ပြောလိုက်၏။ “ကျွန်တော် ရှယန်လည်း လက်ခံပါတယ်...”

​“ကျွန်တော် လိန်လေ့က ခွေးတစ်ကောင်၊ မြင်းတစ်ကောင်လို ခင်ဗျားကို အလုပ်အကျွေးပြုဖို့ လိုလားပါတယ်” လိန်လေ့က ခေါင်းငုံ့လိုက်စဉ် သူ၏ မျက်လုံးများတွင် ရက်စက်မှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာပေသည်။

​ခေါင်းဆောင်ဆယ်ဦးစလုံး တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်လိုက်ကြပြီး အပေါ်ယံတွင် ရိုသေဟန် ပြုနေကြသော်လည်း သူတို့၏ အနေအထားများကို တိတ်တဆိတ် ချိန်ညှိနေခဲ့ကြသည်။

​ဤအချင်းချင်း နားလည်မှုမှာ မရေမတွက်နိုင်သော တိုက်ပွဲများနှင့် လေ့ကျင့်ရေးများမှတစ်ဆင့် သူတို့ ပျိုးထောင်လာခဲ့သော အရာတစ်ခု ဖြစ်၏။ စကားတစ်ခွန်းမျှ ပြောစရာမလိုဘဲ ဘာလုပ်ရမည်ကို လူတိုင်း နားလည်ကြလေသည်။

​ပြီးတော့ သူတို့က ဒါကိုသုံးပြီး လူတွေကို တစ်သုတ်ပြီးတစ်သုတ် ရှင်းလင်းခဲ့ကြခြင်းပင်။

​လီဇယ်ခိုင် မျက်မှောင်ကြုတ်လိုက်ပြီး ရှေ့သို့ တိုးမည် အပြုတွင်...

​“သတိထား... ” ဝမ်ပင်း၏ သတိပေးချက်က နှုတ်ခမ်းဖျားမှ ထွက်သွားရုံ ရှိသေးချိန်တွင် ရုတ်တရက် အပြောင်းအလဲ တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

​လူဆယ်ဦး ရုတ်တရက် တစ်ပြိုင်နက်တည်း ခုန်ထလာခဲ့ကြသည်။

​လောချန်ယဲ့က အဆိပ်သုတ်ထားသော ဒူးဆစ်ဓားကို အင်္ကျီလက်ထဲမှ ဆွဲထုတ်ကာ ကျန်းယဲ့၏ လည်ပင်းကို တိုက်ရိုက် ချိန်ရွယ်လိုက်၏။ ရှယန်၏ ကြွက်သားများက ဖောင်းကားလာပြီး သူ၏ အိုးခွက်အရွယ်အစားခန့်ရှိသော လက်သီးဖြင့် ကျန်းယဲ့၏ ရင်ဘတ်ဆီသို့ ပြင်းထန်စွာ ထိုးချလိုက်လေသည်။

လိန်လေ့က လက်ဝါးရိုက်ချက်ဖြင့် ခေါင်းထိပ်ကို တိုက်ခိုက်လိုက်သည်။ ဖန်ဟွေ့က သံမဏိအပ် သုံးချောင်းကို ပစ်လွှတ်လိုက်ရာ နှစ်ချောင်းက မျက်လုံးများကို ချိန်ရွယ်ထားပြီး တစ်ချောင်းက မျက်ခုံးနှစ်ခုကြားကို ချိန်ရွယ်ထားချေသည်။

​အဆင့်ငါး အင်အားကြီးသူဆယ်ဦး၏ သေစေနိုင်သော တိုက်ခိုက်မှုများက တစ်မီတာပင် မပြည့်သော အကွာအဝေးတွင် တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်လာခဲ့ကြသည်။

​သူတို့၏ အမြင်တွင် ဤလူငယ်လေးက မသိနိုင်သော စွမ်းအားတစ်ခုကို ထိန်းချုပ်ထားနိုင်လျှင်ပင် ဤမျှ တိုတောင်းသော အချိန်အတွင်း တုံ့ပြန်နိုင်လိမ့်မည် မဟုတ်ချေ။

အခန်း ၁၆၂ပြီး၏။

All Chapters