အခန်း ၁၆၃
Vol. 17 Ch. 163
အခန်း (၁၆၃) စွပ်စွဲမှုများ
“သေစမ်း....” လောချန်းယဲ့၏ ရက်စက်သော မျက်နှာက လက်မအနည်းငယ်သာ ကွာဝေးတော့လေသည်။
သို့သော် သေချာပေါက် ထိမှန်မည်ဟု ထင်ရသော ဤတိုက်ခိုက်မှုက နောက်တစ်စက္ကန့်တွင် ကျရှုံးသွား၏။
တိုက်ခိုက်မှု အားလုံးက လေထဲတွင် ထူးဆန်းစွာ ရပ်တန့်သွားကြသည်။
ဒူးဆစ်ဓားက လည်ပင်းနှင့် တစ်လက်မခန့်သာ ကွာဝေးသော်လည်း ရှေ့သို့ ထပ်မသွားနိုင်တော့ချေ။ လျှပ်စီးတန်းက သူ၏ခေါင်းအထက် သုံးလက်မခန့်တွင် အသံတိတ် ပျောက်ကွယ်သွား၏။ သံမဏိအပ်ကမူ သူ၏ရှေ့တွင် ရပ်တန့်နေပြီး ၎င်း၏ ထိပ်ဖျားမှာ အနည်းငယ် တုန်ခါနေခဲ့သည်။
ကျန်းယဲ့သည် မျက်တောင်ပင် မခတ်ဘဲ တိုးညင်းစွာ သက်ပြင်းချလိုက်၏။ “ဟူး... မင်းတို့က ဘာလို့ လက်မခံကျသေးတာလဲ... ”
သူတို့ကို စွမ်းရည်တွေကို ပြသပြီးပြီပဲ... ဒါတောင် သူတို့က သင်ခန်းစာ မယူသေးဘဲ သူ့ကို သတ်နိုင်ဖို့ အခွင့်အရေး ရှိတယ်လို့ ထင်နေကြတုန်းပင်။
ခေါင်းဆောင်ဆယ်ဦးစလုံးသည် တိုက်ခိုက်မည့် အနေအထားဖြင့် ရပ်တန့်နေကြပြီး သူတို့၏ ရက်စက်သော မျက်နှာအမူအရာများမှာ ကြောက်ရွံ့မှုများဖြင့် တဖြည်းဖြည်း အစားထိုးခံလိုက်ရလေသည်။
ယခုအခါ သူတို့၏ စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိ၏။
‘ပြီးပြီ... အားလုံး ပြီးဆုံးသွားပြီ...’
နောက်တစ်စက္ကန့်တွင် ခေါင်းဆောင် ဆယ်ဦးသည် ရုတ်တရက် မြေကြီးပေါ်မှ မြောက်တက်သွားကြပြီး ကြိုးဆွဲရုပ်များကဲ့သို့ လေထဲတွင် လွှင့်ပျံနေကာ သူတို့၏ ကြွက်သားများမှာ ထိန်းမရသိမ်းမရ တုန်ခါနေခဲ့ကြသည်။
ဆယ်မျက်နှာအခြေစိုက်စခန်းမှ စူပါပါဝါရှင်များက ဤမြင်ကွင်းကို ထိတ်လန့်တကြား ကြည့်နေကြသော်လည်း မည်သူမျှ ရှေ့ထွက်ကာ မကယ်ရဲကြချေ။
လောချန်းယဲ့သည် ကျန်းယဲ့၏ အေးစက်သော အကြည့်ကို ခံစားလိုက်ရပြီး အမြန် အော်ဟစ်လိုက်၏။ “နေဦး... ကျွန်တော့်မှာ တန်ဖိုးရှိတာတွေ ရှိတယ်။ ကျွန်တော့်ဆီမှာ ခရစ်စတယ်စွမ်းအင်တုံးတွေနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ အများကြီး ရှိတယ်။ အဲဒါတွေကို ဘယ်မှာ ဖွက်ထားလဲဆိုတာ ကျွန်တော် တစ်ယောက်တည်းပဲ သိတာ။ ကျွန်တော် လမ်းမပြရင် အဲဒီနေရာကို ဘယ်သူမှ သိမှာ မဟုတ်ဘူး။ ကျွန်တော့်ကို အသက်ရှင်ခွင့်ပေးရင် အဲဒါတွေအကုန်လုံးကို ပေးပါ့မယ်...”
“ကျွန်... ကျွန်တော်လည်း ပေးပါ့မယ်” ရှယန်၏ အမာရွတ်မှာ တွန့်လိမ်နေလေသည်။ “ကျွန်တော့်ဆီမှာလည်း ခရစ်စတယ်စွမ်းအင်တုံးတွေနဲ့ အစားအစာတွေ အများကြီး ရှိတယ်...”
လိန်လေ့က ရုန်းကန်ရင်း အော်ဟစ်လိုက်၏။ “ကျွန်တော့်ဆီမှာ အဆင့်ငါး မျိုးဗီဇပြောင်း သားရဲတွေရဲ့ ခရစ်စတယ်စွမ်းအင်တုံးတွေ ရှိတယ်။ ခင်ဗျား ကျွန်တော့်ကို လွှတ်ပေးရင် အဲဒါတွေ အကုန်လုံးကို ခင်ဗျားကို ပေးနိုင်တယ်....”
ဖန်ဟွေ့မှာ စိုးရိမ်မှုကြောင့် ချွေးများ ပြိုက်ပြိုက်ကျနေခဲ့သည်။ “သူတို့ ပြောတာတွေ အကုန်လုံး ကျွန်တော့်ဆီမှာလည်း ရှိတယ်။ ကျွန်တော့်ကို အသက်ရှင်ခွင့် ပေးပါ.... အရာအားလုံးကို ခင်ဗျားကို ပေးနိုင်ပါတယ်”
ကျန်းယဲ့သည် သူတို့၏ အသနားခံမှုများကို လျစ်လျူရှုကာ ခေါင်းဆောင်ဆယ်ဦး ခေါ်လာသော လက်အောက်ငယ်သားများဘက်သို့ အကြည့်ကို လှည့်လိုက်၏။
သူ၏ အကြည့်ကို ခံရသော စူပါပါဝါရှင်များ အားလုံး တစ်ပြိုင်နက်တည်း တုန်ယင်သွားကြပြီး ဤသေမင်းတမန်၏ အာရုံစိုက်မှုကို ခံရမည်ကို ကြောက်ရွံ့သဖြင့် လည်ပင်းများ ပုဝင်သွားကာ ခေါင်းများကို ငုံ့ထားကြလေသည်။
“အတန်း ဆယ်တန်း စီလိုက်” ကျန်းယဲ့က တည်ငြိမ်စွာ ပြောလိုက်၏။
မည်သူမျှ မတုံ့ဆိုင်းရဲကြဘဲ စူပါပါဝါရှင် နှစ်ရာနီးပါးခန့် ချက်ချင်း လှုပ်ရှားလိုက်ကြလေသည်။
အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး အမျိုးသားတစ်ဦးက တန်းစီနေသည့် အချိန်ကို အခွင့်ကောင်းယူကာ အနောက်ဘက်သို့ တမင်တကာ ရွှေ့သွားပြီး နောက်ဆုံးသို့ တိတ်ဆိတ်စွာ လျှောက်သွားလိုက်သည်။
ကျန်းယဲ့၏ အာရုံစိုက်မှုမှာ အခြားနေရာသို့ ရောက်နေသည်ကို မြင်သောအခါ သူက ရုတ်တရက် ခုန်ထွက်လိုက်ရာ သူ၏ ခြေထောက် ကြွက်သားများ ဖောင်းကားလာပြီး အံ့မခန်း အမြန်နှုန်းဖြင့် ထွက်ပြေးသွားလေသည်။
“ဝှစ်...”
သို့သော် သူ ခြေနှစ်လှမ်းသာ လှမ်းရသေးချိန်တွင် မမြင်ရသော လက်တစ်ဖက်က သူ၏ လည်ပင်းကို ဆွဲမလိုက်သည့်အလား သူ၏ ခန္ဓာကိုယ်က လေထဲတွင် ရုတ်တရက် ရပ်တန့်သွားလေသည်။
အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး အမျိုးသားက သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ထိန်းမရသိမ်းမရ လေထဲသို့ မြင့်တက်သွားသည်ကို ခံစားလိုက်ရပြီး သူ၏ မျက်နှာအမူအရာမှာ ရုတ်တရက် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
အမျိုးသားက သူ၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်လျှံလာကာ ထိတ်လန့်တကြား အသနားခံလိုက်၏။ “ကျွန်တော့်ကို... ကျွန်တော့်ကို မသတ်ပါနဲ့... ကျွန်တော်... ကျွန်တော် မှားသွားပါတယ်”
ကျန်းယဲ့၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေဆဲ ဖြစ်ပြီး မတုန်မလှုပ်သော မျက်လုံးများက ထိုအမျိုးသားကို စူးစိုက်ကြည့်ကာ ရေခဲကဲ့သို့ အေးစက်သော အသံဖြင့် ပြောလိုက်၏။ “ငါ မင်းတို့ကို ယဉ်ယဉ်ကျေးကျေး အရမ်းဆက်ဆံနေမိလို့လား... ”
ထိုစကားလုံးများ ပါးစပ်မှ ထွက်သွားသည်နှင့် တပြိုင်နက် သူတို့ ကြားလိုက်ရသည်မှာ.....
“ဖောက်... ”
လူတိုင်း၏ မျက်စိရှေ့တွင်ပင် သူ၏ ခေါင်းမှာ ခန္ဓာကိုယ်မှ ရုတ်တရက် ပြတ်ထွက်သွားပြီး သွေးများက ရေပန်းတစ်ခုကဲ့သို့ ပန်းထွက်လာကာ အနီးနားရှိ စူပါပါဝါရှင် အများအပြားကို အနီရောင် သွေးများဖြင့် စွန်းထင်းသွားစေလေသည်။
ဤမြင်ကွင်းကို မျက်မြင်တွေ့လိုက်ရသောအခါ အသက်ရှင်ကျန်ရစ်သူများမှာ ကျန်းယဲ့က သူတို့ကို တကယ်ပင် ကရုဏာထားခဲ့ကြောင်း ရုတ်တရက် သဘောပေါက်သွားကြရသည်။
လီဇယ်ခိုင်နှင့် အခြားလေးဦးမှာ မျက်နှာအမူအရာ ကင်းမဲ့နေကြသော်လည်း လီချင်းမှာမူ အော်မဟစ်မိစေရန် ပါးစပ်ကို တင်းကျပ်စွာ ပိတ်ထားလိုက်၏။
ကျန်းခိုင် မှင်သက်သွားပြီး လုချင်ဟယ်ကမူ လိမ့်ဆင်းသွားသော ခေါင်းကို စိုက်ကြည့်ကာ လုံးဝ ထုံထိုင်းသွားလေသည်။
ရင်ပြင်တစ်ခုလုံး သေလုမတတ် တိတ်ဆိတ်သွားပြီး အသက်ရှူသံများကိုပင် ရှင်းလင်းစွာ ကြားနိုင်လောက်အောင် ဖြစ်နေခဲ့သည်။
ကျန်းယဲ့သည် ဆောင်းရာသီမှ ပုစဉ်းရင်ကွဲများကဲ့သို့ တိတ်ဆိတ်နေသော ဆယ်မျက်နှာအခြေစိုက်စခန်း၏ အဖွဲ့ဝင်များကို ကြည့်ကာ ဖြည်းညှင်းစွာ ပြောလိုက်၏။ “အခု မင်းတို့ကို မေးစရာ မေးခွန်းတစ်ခု ရှိတယ်...”
သူ၏ အသံမှာ မကျယ်လောင်သော်လည်း လူတိုင်း ရှင်းလင်းစွာ ကြားနိုင်ပေသည်။ “မင်းတို့ ဘော့စ်က ခရစ်စတယ်စွမ်းအင်တုံးတွေကို ဘယ်မှာ ဖွက်ထားလဲဆိုတာ ဘယ်သူ သိလဲ။ သိတဲ့လူတွေ အသက်ရှင်နိုင်တယ်။ မသိတဲ့လူတွေကတော့...”
သူက တမင်တကာ စကားကို ရပ်လိုက်သော်လည်း စာကြောင်း၏ ဒုတိယတစ်ဝက် အဓိပ္ပာယ်ကို လူတိုင်း နားလည်ကြလေသည်။
စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်သွားပြီးနောက် ပိန်ပိန်ပါးပါး လူငယ်လေး တစ်ဦးက တုန်ရီနေသော လက်ကို မြှောက်လိုက်၏။ “ကျွန်တော်... ခေါင်းဆောင်လောရဲ့ ရတနာတွေ ဘယ်မှာလဲဆိုတာကို သိပါတယ်။ သူက မြေအောက်ဓာတ်ခွဲခန်းရဲ့ မြေအောက်ခန်းမှာ လျှို့ဝှက်ခန်းတစ်ခု ဆောက်ထားတယ်...”
“မင်း...” လောချန်းယဲ့၏ မျက်လုံးများက ဒေါသကြောင့် ပြူးကျယ်သွားရသည်။ “မင်း သစ္စာဖောက် တိရစ္ဆာန်... ”
“ကျွန်မလည်း အဲဒါကို သိတယ်...” အမျိုးသမီး စူပါပါဝါရှင်တစ်ဦးက ရုတ်တရက် မတ်တပ်ရပ်လိုက်၏။ “ရှယန်က ခိုးလာတဲ့ ထောက်ပံ့ရေး ပစ္စည်းတွေ အကုန်လုံးကို သူ့ညီနဲ့အတူ ဖွက်ထားတာ...”
ရှယန်၏ အမာရွတ်များမှာ ကြောက်မက်ဖွယ်ကောင်းအောင် တွန့်လိမ်သွားရသည်။ “ခွေးမ... အဲဒီတုန်းက မင်းကို ဇွန်ဘီတွေဆီ ကျွေးပစ်လိုက်ရမှာ...”
မြင်ကွင်းမှာ ချက်ချင်းပင် ကမောက်ကမ ဖြစ်သွားလေသည်။
အခြေစိုက်စခန်း၏ အဖွဲ့ဝင်အမျအပြားက သတင်းအချက်အလက်များကို ထုတ်ဖော်ရန် ရှေ့သို့ ထွက်လာကြ၏။
“လိန်လေ့ရဲ့ ခရစ်စတယ်စွမ်းအင်တုံးတွေ အကုန်လုံးကို သူ့ရဲ့ တတိယမြောက် မယားငယ်အိမ်မှာ ဖွက်ထားတာ...”
“ဖန်ဟွေ့က သူ့ရဲ့ စံအိမ်အောက်မှာ လျှို့ဝှက်လမ်းကြောင်း တစ်ခု တူးထားပြီး အဲဒီကနေ သူ ထောက်ပံ့ရေး ပစ္စည်းတွေ ဖွက်ထားတဲ့ နေရာကို ရောက်နိုင်တယ်...”
“ဆဋ္ဌမ ခေါင်းဆောင်ရဲ့ ရတနာတွေကိုလည်း ဘေးအိမ်က နေအိမ်ရဲ့ လျှို့ဝှက်အခန်းထဲမှာ ဖွက်ထားတာ”
ခေါင်းဆောင်ဆယ်ဦးမှာ ဒေါသကြောင့် တုန်ယင်နေကြပြီး ကျိန်ဆဲလိုက်ကြလေသည်။ “သစ္စာဖောက်တွေ... ကျေးဇူးကန်းတဲ့ ကောင်တွေ..”
တစ်ချိန်တည်းမှာပင် ပုံမှန်အားဖြင့် မျက်နှာချိုသွေးတတ်သော လက်အောက်ငယ်သားများက ရုတ်တရက် စကားများလာကြပြီး နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သော နာကြည်းမှု အားလုံးကို ဖွင့်ထုတ်လိုက်ကြ၏။
“ချီးကို သစ္စာဖောက် ဟုတ်လား။ မင်းတို့ တိရစ္ဆာန်တွေက အဲဒီလို ပြောရဲသေးတယ်ပေါ့...” မျက်နှာတွင် အမာရွတ်ရှိသော ဗလတောင့်တောင့် အမျိုးသားတစ်ဦးက ရှယန်ကို လက်ညှိုးထိုးကာ ဟိန်းဟောက်လိုက်၏။ “လွန်ခဲ့တဲ့ သုံးနှစ်က ငါ့မိန်းမကို လုဖို့အတွက် မင်းက ငါ့ကို ဇွန်ဘီအုပ်ထဲကို တမင် ပစ်ထည့်ခဲ့တာလေ... ငါသာ စူပါပါဝါ မနိုးထလာခဲ့ရင် အစောကြီးကတည်းက သေနေလောက်ပြီ.... မင်းက အပြစ်အနာအဆာ ကင်းကင်းနဲ့ လုပ်ခဲ့တယ်လို့ ထင်နေတာလား။ ငါ အစကတည်းက သိတယ်ကွ။ ငါက မင်းထက် အဆင့်နိမ့်မနေဘူးဆိုရင် မင်းကို အစောကြီးကတည်းက သတ်ပစ်ပြီးပြီ...”
“လိန်လေ့... တဏှာရူးကောင်... ” မိန်းကလေးငယ်တစ်ဦးက အော်ဟစ်လိုက်ပြီး သူမ၏ မျက်လုံးများမှာ နီရဲနေချေသည်။ “ရှင့်ရဲ့ လျှပ်စီးကြောင်းနဲ့ အပြစ်မဲ့တဲ့ လူဘယ်နှစ်ယောက်ကို ညှဉ်းပန်းနှိပ်စက်ပြီး သတ်ပစ်ခဲ့လဲ။ ကျွန်မအစ်မလည်း ရှင့်ကြောင့် သေခဲ့ရတာ... ကျွန်မ ရှင့်ကို သတ်ပြီး အချိန်တိုင်း သူ့အတွက် ကလဲ့စားချေချင်နေတာ...”
“လောချန်းယဲ့.... ” ဆံပင်များ ဖြူနေပြီး ရင့်ရော်နေသော မျက်နှာရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက စွပ်စွဲလိုက်၏။ “မင်းရဲ့ လက်နက်သစ်ကို စမ်းသပ်ဖို့အတွက် အရပ်သားရပ်ကွက်တစ်ခုလုံးကို စမ်းသပ်ခံအဖြစ် သုံးခဲ့တာလေ... ငါ့မြေးလေးက အသက်ရှစ်နှစ်ပဲ ရှိသေးတယ်... ဒုတိယ ခေါင်းဆောင်ဆီ ဝင်လိုက်ရင် သူ့အင်အားကို သုံးပြီး မင်းကို ရှင်းလင်းနိုင်မယ်လို့ ငါ ထင်ခဲ့တာ... ဒါပေမဲ့ ဒီအရမ်း ရိုင်းစိုင်းပြီး ဦးနှောက်မရှိတဲ့လူက တကယ်တော့ လူကြောက်ကြီး ဖြစ်နေမယ်လို့ မထင်ထားခဲ့ဘူး...”
ဖန်ဟွေ့၏ ယုံကြည်ရသော လက်ထောက်တစ်ဦးက တိုက်ရိုက်ပင် တံတွေးထွေးလိုက်၏။ “ဖန်ဟွေ့.... မင်း အပြင်ထွက်ပြီး အမဲလိုက်တိုင်း မင်းက တကယ်တော့ လူတွေကို ဖမ်းပြီး အရန်အစားအစာအဖြစ် သုံးနေတာပဲ... မင်းက သူတို့အသားတွေကို အမဲခြောက်လုပ်ပြီး ရောင်းတယ်... မင်းရဲ့ တိရစ္ဆာန်လို အပြုအမူတွေကို ငါတို့ မသိဘူးလို့ မထင်နဲ့ကွ... ”
ကျိန်ဆဲသံများ၊ ငိုကြွေးသံများနှင့် စွပ်စွဲမှုများက နိမ့်ချည်မြင့်ချည် ထွက်ပေါ်နေခဲ့သည်။
အချို့က ခေါင်းဆောင်များက လက်အောက်ငယ်သားများကို မည်သို့ အလွဲသုံးစားလုပ်ကြောင်း ထုတ်ဖော်ကြပြီး အချို့က သူတို့၏ ဆွေမျိုးများက သူတို့လက်ချက်ဖြင့် မည်သို့ အသတ်ခံခဲ့ရကြောင်း ငိုကြွေးကြကာ အခြားသူများက ခေါင်းဆောင်များကြားရှိ ညစ်ပတ်သော အရောင်းအဝယ်များကို ဖော်ထုတ်လိုက်ကြသည်။
“သတ္တမ ခေါင်းဆောင်နဲ့ နဝမ ခေါင်းဆောင်ရဲ့ မိန်းမက ဖောက်ပြန်နေကြတာ... ”
“ခေါင်းဆောင်ငါးဦးက လူတိုင်းရဲ့ ထောက်ပံ့ရေး ပစ္စည်းတွေကို တိတ်တဆိတ် ဖြတ်ယူထားတာ...”
“အဓိက ခေါင်းဆောင်ရဲ့ စမ်းသပ်စခန်းမှာ အသက်ရှင်နေတဲ့ လူရာပေါင်းများစွာ ရှိတယ်....”
ကျန်းယဲ့သည် ဤခွေးအချင်းချင်း ကိုက်နေသော ပြဇာတ်ကို စိတ်မဝင်စားစွာဖြင့် ကြည့်နေခဲ့သည်။
ခေါင်းဆောင်ဆယ်ဦး၏ မျက်နှာများမှာ ပိုမို မှုန်ကုပ်လာကြသည်။ ပုံမှန်အားဖြင့် သူတို့၏ အမိန့်များကို မေးခွန်းမထုတ်ဘဲ နာခံလေ့ရှိသော ဤလက်အောက်ငယ်သားများက ဤမျှများပြားသော လျှို့ဝှက်ချက်များကို သိရှိထားပြီး ဤမျှများပြားသော နာကြည်းမှုများကို သိမ်းဆည်းထားမည်ဟု သူတို့ အိပ်မက်ပင် မမက်ဖူးကြချေ။
လောချန်းယဲ့က ရုတ်တရက် အရူးအမူး ရယ်မောလိုက်၏။ “ကောင်းတယ်... အရမ်း ကောင်းတယ်... မင်းတို့ ခွေးကောင်တွေက အစကတည်းက မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေခဲ့တာပဲ မဟုတ်လား”
“ဟက်... မကောင်းတဲ့ ရည်ရွယ်ချက် ရှိနေတာ ဟုတ်လား...” အမျိုးသမီး စူပါပါဝါရှင် တစ်ဦးက သရော်လိုက်၏။ “ရှင်တို့သာ ကျွန်မတို့ကို ထိန်းချုပ်ဖို့ အဆိပ် မသုံးခဲ့ရင် ရှင်တို့အတွက် ဘယ်သူက အသက်စွန့်ရဲမှာလဲ.. ”
“ဒါပေါ့... ” အခြား ဗလတောင့်တောင့် အမျိုးသားတစ်ဦးက ဝင်ပြောလေသည်။ “ထောက်ပံ့ရေး ပစ္စည်းတွေ ဝေငှတိုင်း သူတို့က အများဆုံး ယူသွားတာပဲ။ ငါတို့က အသက်စွန့်ရတယ်... ဟက်.... ဒါပေမဲ့ ကောင်းကောင်းတောင် မစားရဘူး....”
မြင်ကွင်းမှာ ပိုမို ကမောက်ကမဖြစ်လာပြီး ဆယ်မျက်နှာအခြေစိုက်စခန်းကို ဖုံးကွယ်ထားသော သဖန်းရွက်မှာ လုံးဝ ဆွဲခွာခံလိုက်ရလေသည်။
ထိုညစ်ပတ်သော အရောင်းအဝယ်များ၊ ရက်စက်သော စမ်းသပ်မှုများနှင့် မသမာသော လုပ်ရပ်များ အားလုံး ဖော်ထုတ်ခံလိုက်ရ၏။
အခန်း ၁၆၃ပြီး၏။