← Chapters

အခန်း ၁၆၄

Vol. 17 Ch. 164

အခန်း ၁၆၄

Vol. 17 Ch. 164

အခန်း (၁၆၄) ခွေးအချင်းချင်း ကိုက်ခြင်း

​ကျန်းယဲ့က လက်ကို ညင်သာစွာ မြှောက်လိုက်ရာ လူတိုင်းက ချက်ချင်း တိတ်ဆိတ်သွားကြသည်။

​ကျန်းယဲ့ မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး အမျိုးသမီး စူပါပါဝါရှင်ထံသို့ လျှောက်သွားလိုက်၏။ “သူတို့က မင်းတို့ကို အဆိပ်ခတ်ပြီး ထိန်းချုပ်ထားတာလား...”

​အမျိုးသမီး စူပါပါဝါရှင်မှာ တုန်ယင်သွားသော်လည်း နာခံစွာဖြင့် ခေါင်းညိတ်လိုက်၏။ “ဟုတ်... ဟုတ်ပါတယ်။ အဆင့်သုံးနဲ့အထက် စူပါပါဝါရှင်တွေ အကုန်လုံး အဆိပ်ခတ်ခံရပါတယ်...”

​သူမက အသက်ပြင်းပြင်း ရှူလိုက်ပြီး အသေးစိတ် ရှင်းပြလိုက်လေသည်။ “စူပါပါဝါရှင် တစ်ယောက်က အဆင့်သုံး အထွတ်အထိပ်ကို ရောက်သွားပြီဆိုတာနဲ့ သူတို့က နည်းလမ်းအမျိုးမျိုး သုံးပြီး တိတ်တဆိတ် အဆိပ်ခတ်ကြတယ်။ လက်နက်ချမလား.. သေမလားပေါ့.... ကျွန်မတို့ အဆင့်လေး စူပါပါဝါရှင်တွေက သူတို့ပေးတဲ့ ဖြေဆေးကို လစဉ် သောက်ရတယ်... မဟုတ်ရင် အဆိပ်မိပြီး သေသွားလိမ့်မယ်”

​“ဒီအဆိပ်က ကျွန်မတို့ ခရစ်စတယ်စွမ်းအင်တုံးတွေကို စုပ်ယူတဲ့ နေရာမှာလည်း ဟန့်တားတယ်။ ကျွန်မ... ကျွန်မတို့ ဘယ်တော့မှ ထပ်ပြီး တိုးတက်လာနိုင်တော့မှာ မဟုတ်ဘူးလို့ သံသယရှိတယ်” အမျိုးသမီး စူပါပါဝါရှင်က သူမ၏ စိတ်ထဲတွင် ကိန်းအောင်းနေသော သံသယကို ထုတ်ဖော်ပြောဆိုလိုက်၏။

​ထိုစကားကို ကြားသောအခါ အခြေစိုက်စခန်းရှိ အခြား စွမ်းရည်ပိုင်ရှင်များ အားလုံး၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြလေသည်။

​ဤသံသယသည် သူမတစ်ယောက်တည်း ဖြစ်နေခြင်း မဟုတ်ချေ။ အခြားသူများလည်း ဤအရာကို ဝေဝါးစွာ ခံစားနေရသော်လည်း တိုးတက်ရန် ပိုမို ခက်ခဲလာသည်နှင့်အမျှ သူတို့ သေချာ မသိနိုင်ခဲ့ကြချေ။

​ကျန်းယဲ့က စနစ်ကို မေးလိုက်၏။

​“စနစ် သူတို့ဆီမှာ ဘာအဆိပ်တွေ ရှိနေလဲဆိုတာ စစ်ဆေးကြည့်စမ်း...”

​[အာရုံကြော အဆိပ်တစ်ခုကို တွေ့ရှိရပါတယ်။ ၎င်းသည် မျိုးဗီဇပြောင်း ပန်းလှမြက်နှင့် မျိုးဗီဇပြောင်း အဆိပ်မှိုတို့မှ ထုတ်ယူထားသော အာရုံကြော အဆိပ်နှောတစ်မျိုး ဖြစ်ပါတယ်]

​[လုပ်ဆောင်ချက် - တစ်လလျှင် တစ်ကြိမ် ဖြစ်ပွားတတ်ပြီး ၎င်းကို ဖိနှိပ်ရန် သက်သာစေသော ဆေးကို အသုံးပြုရန် လိုအပ်ပါတယ်]

​“စနစ်... မင်း ဒါကို ဖြေရှင်းပေးနိုင်မလား” ကျန်းယဲ့က စိတ်ထဲတွင် မေးလိုက်၏။

​[ရပါတယ်။ ဖြေဆေးတစ်ပုလင်းအတွက် အဆင့်တစ် ခရစ်စတယ်စွမ်းအင်တုံးတစ်ခု လိုအပ်ပါတယ်]

​ကျန်းယဲ့သည် ရေရှည် ထိန်းချုပ်ခံထားရသော ဤစူပါပါဝါရှင်များကို ဝေ့ကြည့်လိုက်ပြီး ရုတ်တရက် မေးလိုက်၏။ “မင်းတို့ အဆိပ်ဖြေချင်လား...”

​မြင်ကွင်းမှာ ချက်ချင်း တိတ်ဆိတ်သွားပြီး လူတိုင်းက သူ့ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေခဲ့ကြသည်။

​“ရှင်... ရှင် ဒါကို ဖြေရှင်းပေးနိုင်လို့လား...” အမျိုးသမီး စူပါပါဝါရှင်၏ အသံမှာ တုန်ယင်နေချေသည်။

​ကျန်းယဲ့က စနစ်မှ ဖြေဆေးတစ်ပုလင်း ဝယ်ရန် ခရစ်စတယ်စွမ်းအင်တုံး တစ်ခုကို အသုံးပြုလိုက်၏။

​ထို့နောက် သူက လက်ဖဝါးကို ဖြန့်လိုက်ရာ မှိန်ဖျော့ဖျော့ အပြာရောင် အလင်းတန်းများ လင်းလက်နေသော ဆေးပုလင်းငယ်တစ်လုံး သူ၏ လက်ထဲတွင် ထွက်ပေါ်လာလေသည်။

​သူက ထိုဆေးကို အမျိုးသမီး စူပါပါဝါရှင်ထံ ပေါ့ပေါ့ပါးပါး ကမ်းပေးလိုက်၏။ “စမ်းကြည့်လိုက်...”

​အမျိုးသမီး စူပါပါဝါရှင်က ဆေးပုလင်းကို လက်ခံရန် တုံ့ဆိုင်းနေပြီး သူမ၏ ရင်ခုန်သံများ မြန်ဆန်နေသော်လည်း ကျန်းယဲ့၏ အာဏာရှိသော စွမ်းအားကြောင့် သူမ မလွန်ဆန်ရဲချေ။

​လူတိုင်း၏ တင်းမာနေသော အကြည့်များအောက်တွင် သူမက အသက်ပြင်းပြင်းရှူကာ ခေါင်းကို နောက်သို့မော့ပြီး ဆေးကို တစ်ကျိုက်တည်း သောက်ချလိုက်၏။

​“အု... ” နောက်ခဏ၌ သူမဟာ ရုတ်တရက် လည်ချောင်းကို ဖိကိုင်လိုက်ပြီး သူမ၏ မျက်နှာမှာ ပြာနှမ်းသွားရသည်။

​ထိုနေရာရှိ လူတိုင်း ကျောချမ်းသွားကြသော်လည်း သူမက ရုတ်တရက် ကုန်းကွေးသွားပြီး မင်ရည်ကဲ့သို့ မည်းနက်နေသော သွေးတစ်လုတ် အန်ချလိုက်သည်ကို မြင်လိုက်ရလေသည်။

​နောက်တစ်စက္ကန့်တွင် အမျိုးသမီး စူပါပါဝါရှင်က ခါးမတ်လိုက်ပြီး သူမ၏ ရင်ဘတ်ကို မယုံကြည်နိုင်စွာ စမ်းသပ်ကြည့်လိုက်၏။ “ပျောက်... ပျောက်သွားပြီ.... အဲဒီ တောက်လျှောက်နာကျင်နေတဲ့ ဒဏ်က တကယ် ပျောက်သွားပြီ..”

​သူမဟာ ကျန်းယဲ့ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ပြီး သူမ၏ မျက်လုံးများ နီရဲလာလေသည်။ “ဖြေနိုင်သွားပြီ... အဆိပ် တကယ် ပြေသွားပြီ”

​ထိုအာမေဍိတ်သံက ငြိမ်သက်နေသော ရေပြင်ထဲသို့ ကျောက်တုံးကြီးတစ်တုံး ပစ်ချလိုက်သကဲ့သို့ ဖြစ်သွားပြီး ဆယ်မျက်နှာအခြေစိုက်စခန်းမှ စူပါပါဝါရှင်များကို ချက်ချင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့သည်။

​စိတ်အားထက်သန်နေသော မျက်လုံးအစုံများက ကျန်းယဲ့ဆီသို့ လှည့်လာကြပြီး အချို့မှာ မသိစိတ်မှ အလိုအလျောက် ရှေ့သို့ပင် ခြေတစ်လှမ်း တိုးလာကြလေသည်။

​“ဖြေဆေး လိုချင်လား” ကျန်းယဲ့က လူတိုင်းကို ဝေ့ကြည့်လိုက်ပြီး သူ၏ အသံမှာ တည်ငြိမ်နေခဲ့သည်။ “လွယ်ပါတယ်။ သွားပြီး မင်းတို့ ဘော့စ် ဖွက်ထားတဲ့ အရာအားလုံးကို သွားယူကြ။ အစားအစာကလွဲပြီး ကျန်တာအကုန်လုံး ငါ လိုချင်တယ်...”

​သူသည် အသက်ရှင်ကျန်ရစ်သူ နှစ်ဆယ့်လေးဦးဘက်သို့ လှည့်ကာ ပြောလိုက်၏။ “အဖွဲ့တစ်ဖွဲ့ကို လူနှစ်ယောက်စီ လွှတ်လိုက်...”

​ယွမ်ကွမ်က ရုတ်တရက် ရှေ့သို့ ထွက်လာပြီး တီးတိုးပြောလိုက်၏။ “အစ်ကိုကျန်း... သူတို့ တစ်ခုခု လှည့်ကွက်သုံးမှာကို ကျွန်တော်တို့ သတိထားရမယ်။ အဲဒီ လူယုံတွေ အကုန်လုံးက စူပါပါဝါရှင်တွေချည်းပဲ... ကျွန်တော်တို့ သတိထားမှ ရမယ်”

​ကျန်းယဲ့၏ အကြည့်က ဘေးသို့ ပစ်ချထားသော အထူးပြုလုပ်ထားသည့် သံကြိုးများပေါ်သို့ ဝေ့ဝဲသွားလေသည်။ ၎င်းတို့မှာ လုလျိုနှင့် အခြားသူများက ဤစူပါပါဝါရှင်များကို ချည်နှောင်ရန် ပြင်ဆင်လာခဲ့သော ပစ္စည်းများပင်။

​သူ၏ လက်ချောင်းများ အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် တပြိုင်နက် သံကြိုး တစ်ဒါဇင်ကျော်က အလိုအလျောက် ပျံသန်းသွားပြီး လူယုံများ၏ လက်ကောက်ဝတ်များပေါ်တွင် ဂျောက်ဟူသော အသံနှင့်အတူ သော့ခတ်သွားခဲ့သည်။

​“အခု သွားလို့ရပြီ” ကျန်းယဲ့က လက်ဝှေ့ယမ်းလိုက်၏။ “သွားကြ...”

​မကြာမီမှာပင် အဖွဲ့ဆယ်ဖွဲ့ ထွက်ခွာရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

​အဖွဲ့တစ်ဖွဲ့စီတွင် အသက်ရှင်ကျန်ရစ်သူ နှစ်ဦးက သံကြိုးခတ်ခံထားရသော လူယုံတစ်ဦးကို ခေါ်ဆောင်ကာ ဆယ်မျက်နှာအခြေစိုက်စခန်းမှ ချန်ရစ်ခဲ့သော အကြမ်းခံ ကားများပေါ်သို့ တက်သွားခဲ့ကြသည်။

​အင်ဂျင်သံ ဟိန်းထွက်လာမှုနှင့်အတူ ကားတန်းက ဖုန်လုံးကြီးများ ထောင်းထောင်းထလျက် အရပ်မျက်နှာ အသီးသီးသို့ အရှိန်ဖြင့် ထွက်ခွာသွားကြခေသည်။

​လေထဲတွင် တွဲလောင်းဖြစ်နေသော ခေါင်းဆောင်ဆယ်ဦး၏ မျက်နှာများမှာ ပြာနှမ်းနေခဲ့သည်။ နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သော သူတို့၏ စည်းစိမ်များ လုံးဝ လုယက်ခံရတော့မည် ဖြစ်၏။

​လီဇယ်ခိုင်နှင့် သူ၏အဖော်လေးဦးမှာ နှစ်ဖက်စလုံးကို စောင့်ကြည့်ရန် မူလက လိုက်သွားချင်ခဲ့သော်လည်း ကျန်းယဲ့က သူတို့ကို တားဆီးလိုက်၏။

​ဒါက အရမ်း အန္တရာယ်များတယ်...

​စူပါပါဝါများ ကြီးစိုးနေသော ဤကမ္ဘာတွင် သူတို့က ကျွမ်းကျင်မှု ရှိသော်လည်း ဤသဘာဝလွန် စွမ်းအားများကို ယှဉ်ပြိုင်နိုင်စွမ်း မရှိကြချေ။

​သူတို့ကို အန္တရာယ် ရင်ဆိုင်ခိုင်းမည့်အစား အကျိုးအမြတ်အချို့ကို ဆုံးရှုံးခံရန် ကျန်းယဲ့က ရွေးချယ်လိုက်၏။

​နှစ်နာရီကြာပြီးနောက် ကားတန်း ဆယ်တန်းက တစ်ခုပြီးတစ်ခု ပြန်လည်ရောက်ရှိလာခဲ့ကြသည်။

​မြင့်တက်လာသော ဖုန်မှုန့်များကြားတွင် အဖွဲ့များက ကားများပေါ်မှ လေးလံသော သေတ္တာများကို တစ်လုံးပြီးတစ်လုံး ချနေကြ၏။

​လောချန်းယဲ့၊ ရှယန်နှင့် ဖန်ဟွေ့တို့ ရတနာများ ဖွက်ထားသော နေရာများကို ရှာဖွေရသော အဖွဲ့များက သေတ္တာကြီး နှစ်လုံး သုံးလုံးစီကို ခက်ခက်ခဲခဲ သယ်ဆောင်လာကြပြီး ဝင်စနေမင်း၏ အလင်းရောင်အောက်တွင် သတ္တုသေတ္တာများမှာ အေးစက်စွာ တလက်လက် တောက်ပနေချေသည်။

​ကျန်းယဲ့က ပြုံးကာ လီဇယ်ခိုင်ကို ညွှန်ကြားလိုက်၏။ “ခေါင်းဆောင်တွေ ဆန္ဒအလျောက် ဝန်ခံထားတဲ့စာရင်းကို ထုတ်ပြီး သေချာ တိုက်ပြီး စစ်ဆေးကြည့်လိုက်....”

​သူ စကားပြောပြီးသည်နှင့် တပြိုင်နက် လိန်လေ့၏ ရတနာ ဖွက်ထားသော နေရာကို ရှာဖွေရန် တာဝန်ယူခဲ့ရသော အမျိုးသားသုံးဦး၏ မျက်နှာအမူအရာများမှာ သိသိသာသာ အေးခဲသွားကြသည်။

​ထိုသုံးဦး၏ နဖူးပေါ်တွင် သေးငယ်သော ချွေးသီးလေးများ ထွက်ပေါ်လာပြီး သူတို့၏ မျက်လုံးများမှာ မရေမရာ တဖျပ်ဖျပ် လှုပ်ရှားနေလေသည်။

​ကျန်းယဲ့သည် လူတိုင်း၏ တုံ့ပြန်မှုများကို အကဲခတ်မိသော်လည်း သတိမထားမိဟန် ပြုလိုက်၏။ ထို့နောက် သူက ညင်သာစွာ ပြောလိုက်သည်။ “ဒီခရီးကို သွားပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် လွတ်သွားတာ တစ်ခုခု ရှိရင် အခု ထောက်ပြလို့ ရသေးတယ်နော်...”

​ကျန်းခိုင်သည် လက်ပိုက်ကာ လူအုပ်ကို ပြုံးကာ ကြည့်လိုက်၏။ “မျှော်လင့်ချက်တွေ သိပ်မထားနဲ့။ အစ်ကိုကျန်းက စွမ်းရည်သစ်တစ်ခုခုကို ပြသတိုင်း ကျေနပ်သွားအောင် သွေးနည်းနည်းတော့ ထွက်အောင် လုပ်လေ့ရှိတယ်။ မင်းတို့ထဲက ဘယ်သူမှ စမ်းသပ်ချင်မှာ မဟုတ်ဘူးလို့ ထင်တယ်...”

​ဤစကားမှာ ကုလားအုတ်ကျောကို ချိုးပစ်လိုက်သော နောက်ဆုံး ကောက်ရိုးတစ်မျှင်ကဲ့သို့ ဖြစ်သွားရသည်။

​အုပ်စုထဲမှ အသက်ရှင်ကျန်ရစ်သူတစ်ဦးက ရုတ်တရက် ဒူးထောက်ချလိုက်ပြီး တစ်ကိုယ်လုံး တုန်ယင်လျက် “သူတို့က ကျွန်တော့်ကို အတင်းအကျပ် လုပ်ခိုင်းတာပါ.. ” ဟု အော်လိုက်လေသည်။

​၎င်းကို မြင်သောအခါ အခြား အသက်ရှင်ကျန်ရစ်သူ တစ်ဦးက အမြန် ဒူးထောက်လိုက်ပြီး သူ၏ အဖော်ကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်၏။ “ယီးပဲ... မင်းက အရင် စပြောတာလေ...”

​သူတို့နှစ်ဦး အပြန်အလှန် ငြင်းခုံကြတော့သည်။

​“မင်းက အဲဒီ ခရစ်စတယ်စွမ်းအင်တုံး သေတ္တာကို လောဘတက်တာ....”

​“အဓိပ္ပာယ်မရှိတာ.... မင်းက အဲဒီ အဆင့်မြင့် ခရစ်စတယ်စွမ်းအင်တုံးတွေကို ကိုယ်ကျိုးအတွက် သိမ်းထားချင်တာ...”

​“မင်းက ငါ့တို့ကို ဖြားယောင်းသွေးဆောင်တာလေ...” သူတို့နှစ်ဦး ရုတ်တရက် လိန်လေ့၏ လူယုံကို တစ်ပြိုင်နက်တည်း လက်ညှိုးထိုးလိုက်ကြ၏။

​သံကြိုးခတ်ခံထားရပြီး မျက်နှာပြာနှမ်းနေသော လူယုံသည် သူတို့ကို ပါးစပ်ပိတ်ထားရန် အရူးအမူး လက်ဟန်ခြေဟန် ပြလိုက်လေသည်။

​သို့သော် ဤအချိန်တွင် အသက်ရှင်သန်ရေးအတွက် သူတို့နှစ်ဦးက အခြားမည်သည့်အရာကိုမျှ ဂရုမစိုက်တော့ဘဲ အချင်းချင်း အပြစ်ဖော်ရန်သာ အလျင်စလို ဖြစ်နေခဲ့ကြသည်။

​“မစ္စတာကျန်း ဘယ်တော့မှ သိမှာ မဟုတ်ဘူးလို့ သူက ပြောတယ်.... ”

​“ကိစ္စပြီးရင် ကျွန်တော်တို့ကို ရာခိုင်နှုန်း ၇၀ ပေးမယ်လို့လဲ သူက ကတိပေးထားပါတယ်.. ”

​“ပြီးတော့ အဲဒီ အဆင့်မြင့် ခရစ်စတယ်စွမ်းအင်တုံး သေတ္တာကို သူက ကားအောက်က လျှို့ဝှက်အခန်းထဲမှာ ဖွက်ထားတာပါ.. ”

​လုချင်ဟယ်နှင့် အခြား ခရီးသွားဧည့်သည်များက ထိုလူသုံးဦးကို အေးစက်သော မျက်လုံးများဖြင့် ကြည့်နေကြပြီး အထူးသဖြင့် ထိုအသက်ရှင်ကျန်ရစ်သူ နှစ်ဦးကို သူတို့၏ မျက်လုံးများတွင် ရွံရှာမှုများ ပြည့်နှက်နေလေသည်။

​သူတို့ တုန်ယင်ကာ သူတို့၏ စီရင်ချက်ကို စောင့်ဆိုင်းနေစဉ် ကျန်းယဲ့၏ အကြည့်က ထိုလူသုံးဦးပေါ်သို့ ဝေ့ဝဲသွားပြီးနောက် အခြား အဖွဲ့ကိုးဖွဲ့ပေါ်သို့ ကျရောက်သွားကာ သူ၏ မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။ “အရမ်း ကောင်းတယ်။ မင်းတို့ အားလုံး ရိုးသားကြပြီး ငါ့ယုံကြည်မှုကို သစ္စာမဖောက်ကြဘူး...”

​ထိုအဖွဲ့ကိုးဖွဲ့မှာ တည်ငြိမ်နေကြပြီး သူတို့၏ မျက်နှာများတွင် မည်သည့် အားနည်းချက်မျှ မပေါ်လွင်ချေ။

​အဖွဲ့နှစ်ဖွဲ့မှ လူခြောက်ဦးက ဤစကားကို ကြားပြီးနောက် သူတို့၏ တင်းမာနေသော ရင်ခုန်သံများ ရုတ်တရက် တည်ငြိမ်သွားသည်ကို ခံစားလိုက်ရ၏။

သူတို့၏ မျက်လုံးများတွင် စိတ်သက်သာရာရမှု အရိပ်အယောင်တစ်ခု လက်ခနဲ ဖြစ်သွားပြီး အချို့မှာ ကျန်းယဲ့ကို မထီမဲ့မြင်ပြုမှု တစ်စွန်းတစ်စ ပြသလျက် သူတို့၏ နှုတ်ခမ်းထောင့်များကိုပင် အနည်းငယ် ကွေးညွတ်လိုက်ကြ၏။

​ကျန်းယဲ့ကို အောင်မြင်စွာ လှည့်စားနိုင်ခဲ့ပြီဟု သူတို့ ထင်ခဲ့ကြသော်လည်း ကျန်းယဲ့၏ အကြွင်းမဲ့ ထိန်းချုပ်မှုအောက်တွင် သူတို့၏ ရင်ခုန်သံများက သူတို့ကို သစ္စာဖောက်သွားပြီဖြစ်ကြောင်း သူတို့ လုံးဝ မသိရှိခဲ့ကြချေ။

​“ဝှစ်...”

​မျက်စိတစ်မှိတ်အတွင်း ထိုလူခြောက်ဦးက ရုတ်တရက် လေထဲသို့ မြောက်တက်သွားကြပြီး သူတို့၏ ခန္ဓာကိုယ်များက ထိန်းမရသိမ်းမရ လေထဲတွင် တွဲလောင်းဖြစ်သွားကြသည်။

​သူတို့၏ မျက်နှာများမှာ ချက်ချင်း ပြာနှမ်းသွားပြီး ခြေလက်များကို အချည်းနှီး ရုန်းကန်နေခဲ့ကြသည်။

​အခြား အသက်ရှင်ကျန်ရစ်သူများ၊ ခရီးသွားဧည့်သည်များနှင့် အခြေစိုက်စခန်း အဖွဲ့ဝင်များ အားလုံးက မှင်သက်သွားကြပြီး ကျန်းယဲ့နှင့် ထိုလူခြောက်ဦးကို ရှုပ်ထွေးစွာ ကြည့်နေကြလေသည်။

အခန်း ၁၆၄ပြီး၏။

All Chapters