← Chapters

အခန်း ၁၆၅

Vol. 17 Ch. 165

အခန်း ၁၆၅

Vol. 17 Ch. 165

အခန်း (၁၆၅) လောဘ၏ နောက်ဆက်တွဲတန်ဖိုး

​ကျန်းယဲ့က လှောင်ပြုံးဖြင့် သူတို့ကို မော့ကြည့်လိုက်၏။ “မင်းတို့ အားလုံး အရမ်းစောပြီး စိတ်လှုပ်ရှားနေကြတာ မဟုတ်ဘူးလား”

​ထိုလူခြောက်ဦး၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားကြသော်လည်း သူတို့တွင် အလွန် ခိုင်မာသော စိတ်ဓာတ်များ ရှိကြပြီး သူတို့၏ နစ်နာမှုများကို အသံကုန် အော်ဟစ်လိုက်ကြသည်။

​“ကျွန်တော်တို့ အပြစ်ကင်းပါတယ်။ ကျွန်တော်တို့ ဘာမှ မဖွက်ထားပါဘူး...”

​“မစ္စတာကျန်း... ခင်ဗျား မှားနေပြီ။ ကျွန်တော်တို့မှာ ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှ လုံးဝ မရှိပါဘူး...”

​“ခင်ဗျားက ကျွန်တော်တို့ကို အရမ်းကောင်းပြီး လုံခြုံစိတ်ချရတဲ့ နေထိုင်စရာ နေရာတစ်ခု ပေးထားတာ။ ကျွန်တော်တို့က ခင်ဗျားကို ဘယ်လိုလုပ် သစ္စာဖောက်နိုင်မှာလဲ.. ”

​ကျန်းယဲ့သည် တိတ်ဆိတ်နေပြီး သူ၏ မျက်လုံးများက တည်ငြိမ်နေကာ သူတို့ကို ဖောက်ထွင်း၍ သူတို့၏ စိတ်နှလုံးထဲအထိ မြင်နိုင်သည့်အလား သူတို့ကိုသာ စိုက်ကြည့်နေချေသည်။

​အသက်ရှူကျပ်မတတ် ဖိအားတစ်ခုက လေထုထဲတွင် ပြည့်နှက်နေခဲ့သည်။

​“ငါ မင်းတို့ကို နောက်ဆုံး အခွင့်အရေး တစ်ကြိမ် ပေးမယ်” ကျန်းယဲ့က တည်ငြိမ်စွာ ပြောလိုက်၏။ “ငါ သုံးအထိ ရေမယ်။ အဲဒီနောက်မှာတော့... ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးကြပေတော့....”

​စကားတွေ ဘယ်လောက်ပြောပြော ထိုလူခြောက်ဦးမှာ မတုန်မလှုပ် ရှိနေပြီး နောက်ဆုံးအချိန်အထိ ငြင်းဆိုရန် ဆုံးဖြတ်ထားကြ၏။

​သူတို့သည် ကျန်းယဲ့တွင် ခိုင်လုံသော သက်သေ မပြနိုင်ဟု သေချာနေကြခြင်း ဖြစ်နိုင်သလို သူ တကယ်တမ်း အရေးယူရဲမည် မဟုတ်ဟု လောင်းကြေးထပ်နေကြခြင်းလည်း ဖြစ်နိုင်ပေသည်။

​အသက်ရှင်ကျန်ရစ်သူများက ကျန်းယဲ့နှင့်အတူ လွန်ခဲ့သော ရက်အနည်းငယ်က အချိန်ဖြုန်းပြီးနောက် သူသည် သွေးဆာနေသော သူတစ်ဦး မဟုတ်ကြောင်း သဘောပေါက်လာကြပြီး ဤနားလည်မှုက သူတို့၏ မိမိကိုယ်ကိုယ် ကျေနပ်မှုကို ပိုမို ကြီးထွားလာစေခဲ့သည်။

​ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူတို့သည် ကျန်းယဲ့၏ အောက်ခြေစည်းကို စမ်းသပ်နေကြခြင်းပင်။

​ကျန်းယဲ့၏ အကြည့်က အသက်ရှင်ကျန်ရစ်သူ လေးဦးပေါ်သို့ ဖြည်းညှင်းစွာ ဝေ့ဝဲသွားပြီး သူ၏ မျက်လုံးများတွင် လှိုင်းဂယက်တစ်ခု ပေါ်လာလေသည်။

​စိတ်ပျက်တယ်လို့တော့ မဆိုလိုပါဘူး.... ဒါပေမဲ့ စိတ်မသက်မသာ ဖြစ်ရတယ်...

​လီဇယ်ခိုင်နှင့် အခြားသူများ အားလုံးက တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိကြ၏။

​ဝါရင့် ကမ္ဘာပျက်ခေတ် ကစားသမားတစ်ဦး အနေဖြင့် လုချင်ဟယ်က မနေနိုင်ဘဲ သက်ပြင်းချလိုက်လေသည်။ “ကမ္ဘာပျက်ခေတ်မှာ တကယ်ကို နူးညံ့မှု ပြလို့ မရဘူးပဲ... ”

​မြင်လား။ သူတို့က သူတို့ရဲ့ ဘောင်းဘီနဲ့ မဆန့်အောင် ကြီးထွားလာပြီလေ....

(NT- လူပါးဝလာတာကို ပြောချင်တာပါ...)

​ကျန်းယဲ့သည် မျက်နှာအမူအရာ မပြောင်းလဲဘဲ စိတ်ထဲမှ တိုးညင်းစွာ သက်ပြင်းချလိုက်ပြီး စတင် ရေတွက်လိုက်​လေသည်။

​“တစ်...”

​ထိုလူခြောက်ဦးမှာ သူတို့ အပြစ်ကင်းကြောင်း ခေါင်းမာစွာ အခိုင်အမာ ပြောဆိုနေကြသော်လည်း အမျိုးသားတစ်ဦး၏ နဖူးပေါ်တွင် အေးစက်သော ချွေးသီးများ ထွက်ပေါ်လာပြီး သူ၏ ရင်ခုန်သံမှာ မြန်ဆန်လာချေသည်။

​“နှစ်...”

​ထိုအမျိုးသားသည် ကျန်းယဲ့၏ အေးစက်သော မျက်လုံးများနှင့် မတော်တဆ ဆုံတွေ့သွား၏။ သူ၏ သူငယ်အိမ်များ ပြင်းထန်စွာ ကျုံ့ဝင်သွားပြီး အသက်ရှူသံများ မြန်ဆန်လာကာ သူ မနည်း တောင့်ခံထားရကြောင်း ထင်ရှားနေလေသည်။

​“သုံး...”

​တတိယမြောက် အသံ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ကျန်းယဲ့ပ လည်ပင်းညှစ်သည့် လက်ဟန်ကို တစ်ပြိုင်နက်တည်း အသက်သွင်းလိုက်၏။

​ထိုအရေးကြီးသော အခိုက်အတန့်တွင် အသက်ရှင်ကျန်ရစ်သူက ရုတ်တရက် ပြိုလဲသွားပြီး အော်ဟစ်လိုက်၏။ “ကျွန်တော် ပြောပါ့မယ်... အကုန်ပြောပါ့မယ်... ကျွန်တော်တို့ ခရစ်စတယ်စွမ်းအင်တုံး အိတ်တစ်အိတ်ကို ကားထိုင်ခုံအောက်မှာ ဖွက်ထားတယ်.... ကျေးဇူးပြုပြီး ကျွန်တော့်ကို အသက်ရှင်ခွင့် ပေးပါ... ”

​သူ စကားပြောပြီးသည်နှင့် တပြိုင်နက် သူ၏အဖွဲ့မှ အခြားအဖွဲ့ဝင် နှစ်ဦးမှာလည်း ပြာနှမ်းသွားပြီး သူတို့၏ မျက်လုံးများတွင် နက်ရှိုင်းသော အမုန်းတရားများ လက်ခနဲ ဖြစ်သွားရသည်။

​သူတို့ထဲမှ တစ်ဦးက အံကြိတ်ကာ ကျိန်ဆဲလိုက်သည်။ “စောက်ရူး... ”

​အခြားတစ်ဦးက ရူးသွပ်စွာ အော်ဟစ်လိုက်ပြန်သည်။ “မင်းက အရင် စပြောတာလေ... အခုမှ လူကောင်း ဟန်ဆောင်မနေနဲ့..”

​ကျန်းယဲ့၏ မျက်လုံးများ အေးစက်သွားပြီး သူ၏ ညာလက်ကို လေထဲတွင် လက်သီးဆုပ်လိုက်၏။

​“ဂျွတ်...”

​စောင့်ကြည့်ခံနေရသော အခြေစိုက်စခန်း အဖွဲ့ဝင်နှင့် အသက်ရှင်ကျန်ရစ်သူတို့၏ လည်ပင်းများမှာ တစ်ပြိုင်နက်တည်း ထူးဆန်းသော ထောင့်ချိုးတစ်ခုဖြင့် တွန့်လိမ်သွားပြီး ပွဲချင်းပြီး သေဆုံးသွားကြသည်။

​ထိုအလောင်းနှစ်လောင်းက မြေကြီးပေါ်သို့ တုံးတိတိ အသံနှင့်အတူ ပျော့ခွေကျသွားခေသည်။

​နောက်ဆုံးအချိန်တွင် ဝန်ခံလိုက်သော အမျိုးသားသည် မြေကြီးပေါ်သို့ ပြိုလဲသွားပြီး သူ၏ ပေါင်ကြားမှာ စိုရွှဲနေပြီ ဖြစ်၏။ သူသည် ကျန်းယဲ့ကို ထိတ်လန့်တကြား ကြည့်လိုက်သော်လည်း ကျန်းယဲ့က သူ့ကို တစ်ချက်ပင် ထပ်မကြည့်တော့ကြောင်း တွေ့ရှိလိုက်ရသည်။

​ထို့နောက် ကျန်းယဲ့သည် ကျန်ရှိနေသော သုံးဦးဘက်သို့ သူ၏ အကြည့်ကို လှည့်လိုက်၏။

​ထိုလူသုံးဦးမှာ သူတို့၏ လည်ပင်း ပတ်လည်တွင် ပတ်ဝန်းကျင်မှ လေများကို စုပ်ယူလိုက်သကဲ့သို့ တင်းကျပ်မှုကို ချက်ချင်း ခံစားလိုက်ရပြီး အသက်ရှူရ အလွန် ခက်ခဲသွားရသည်။

​အစပိုင်းတွင် မျှော်လင့်ချက် တစ်စွန်းတစ်စ ရှိနေသေးသော အသက်ရှင်ကျန်ရစ်သူ နှစ်ဦးသည် နောက်ဆုံးတွင် အန္တရာယ်ကို သဘောပေါက်သွားပြီး ချက်ချင်း လက်နက်ချလိုက်ကြလေသည်။

​“အစ်ကိုကျန်း...” အသက်ရှင်ကျန်ရစ်သူ တစ်ဦးက ငိုကြွေးလိုက်ပြီး သူ၏ မျက်နှာမှာ နီရဲကာ မျက်ရည်များ နှပ်များဖြင့် ပေပွနေခဲ့သည်။ “ကျွန်တော် မှားသွားပါတယ်။ တကယ်ကို မှားသွားပါတယ်။ ကျေးဇူးပြုပြီး နောက်ထပ် အခွင့်အရေး တစ်ကြိမ် ပေးပါ...”

​အခြားနှစ်ဦးက အရူးအမူး ခေါင်းညိတ်ပြကြပြီး သူတို့၏ လည်ချောင်းထဲမှ အက်ကွဲသောအသံများ ထွက်ပေါ်နေကာ သူတို့၏ မျက်လုံးများမှာ သွေးများပြည့်နေပြီး ပြူးထွက်နေခဲ့ကြသည်။

​ဝမ်ပင်းက သင့်လျော်သော အချိန်တွင် ဝင်ပြောလိုက်၏။ “ပြောစရာရှိရင် ပြောလိုက်... သေခါနီးမှ နောင်တရမနေနဲ့”

​ဤစကားလုံးများက အသက်ကယ်ကြိုး တစ်ချောင်းကဲ့သို့ ဖြစ်သွားပြီး သူတို့သုံးဦးမှာ အပြေးအလွှား ဝန်ခံကြတော့သည်။

​“ကျွန်တော် ဖွက်ထားတယ်... ဖိနပ်ထဲမှာ ဖွက်ထားတယ်....” အမျိုးသားတစ်ဦးက သူ၏ စစ်ဖိနပ်အရှာ်ကို အရူးအမူး ပုတ်ပြလိုက်၏။

​“ကားထိုင်ခုံအောက်မှာ လျှို့ဝှက်အခန်းတစ်ခု ရှိတယ်...” အခြားတစ်ဦးက မလှမ်းမကမ်းရှိ အကြမ်းခံ ကားတစ်စီးကို လက်ညှိုးထိုးပြလိုက်ပြန်သည်။

အခြေစိုက်စခန်းအဖွဲ့ဝင်ကလည်း ပြောလိုက်လေသည်။ “ကျွန်တော့် အိပ်ခန်း ကြမ်းပြင်အောက်မှာ...”

​ထိုသုံးဦး ဝန်ခံပြီးနောက် သူတို့၏ ဖိနပ်များနှင့် ကားထိုင်ခုံရှိ လျှို့ဝှက်အခန်းများတွင် ခိုးယူထားသော ခရစ်စတယ်စွမ်းအင်တုံးများကို အမှန်တကယ် ရှာတွေ့ခဲ့သည်။

​ထိုသုံးဦးမှာ ဘေးအန္တရာယ်မှ လွတ်ကင်းသွားပြီဟု ထင်မှတ်နေချိန်တွင် သူတို့၏ လည်ပင်းရှိ အသက်ရှူကျပ်သော ခံစားချက်မှာ ရုတ်တရက် ပိုမို ပြင်းထန်လာ၏။

​“အု... ”

​ထိုသုံးဦးမှာ နာကျင်စွာဖြင့် သူတို့၏ လည်ချောင်းများကို ကုတ်ခြစ်နေကြပြီး သူတို့၏ မျက်နှာများမှာ အနီရောင်မှ အပြာရောင်သို့ ပြောင်းသွားကာ မျက်လုံးများ ပြူးထွက်လာပြီး နောက်ဆုံးတွင် လူတိုင်း၏ မျက်စိရှေ့တွင်ပင် အသက်ရှူကျပ်၍ သေဆုံးသွားကြချေသည်။

​အလောင်းများ မြေကြီးပေါ်သို့ ပြုတ်ကျသွားသည့် တုံးတိတိအသံက ထိုနေရာရှိ လူတိုင်း၏ ကျောရိုးတစ်လျှောက် ကြက်သီးများ ထသွားစေခဲ့သည်။

​ကျန်ရှိနေသော အဖွဲ့ခုနစ်ဖွဲ့ထဲမှ အသက်ရှင်ကျန်ရစ်သူ အများအပြားမှာ သက်ပြင်းချလိုက်ကြလေသည်။

​ရှာဖွေစဉ်အတွင်း တူညီသော သွေးဆောင်မှုများကို ရင်ဆိုင်ခဲ့ရသဖြင့် သူတို့သည် စိတ်သက်သာရာရသော အကြည့်များ ဖလှယ်လိုက်ကြ၏။

​“အခြေစိုက်စခန်းက လူတွေက ခရစ်စတယ်စွမ်းအင်တုံးကို ငါ့လက်ထဲ အတင်းထိုးထည့်တုန်းက... ” အသက်ရှင်ကျန်ရစ်သူတစ်ဦးက သူ၏ အဖော်ကို တီးတိုးပြောလိုက်၏။ “ငါ လက်ခံလုနီးပါးလောက်ပဲ...”

​သူ၏ အဖော်က သူ့ပခုံးကို ပုတ်လိုက်လေသည်။ “ငါလည်း အဲလိုပဲ။ ဒါပေမဲ့ အစ်ကိုကျန်းရဲ့ နည်းလမ်းတွေကို တွေးကြည့်လိုက်တဲ့အခါ...”

​အမှန်တကယ်တော့ အဖွဲ့ခုနစ်ဖွဲ့စလုံးက အလားတူ စိန်ခေါ်မှုများကို ကြုံတွေ့ခဲ့ရ၏။

​အခြေစိုက်စခန်း အဖွဲ့ဝင်များက ထောက်ပံ့ရေး ပစ္စည်းများကို စုဆောင်းထားရန် နည်းလမ်းအမျိုးမျိုးဖြင့် သွေးဆောင်ခဲ့ကြလေသည်။

​အချို့က အကျိုးအမြတ်ကို တစ်ဝက်စီ ခွဲဝေပေးမည်ဟု ကတိပေးခဲ့ပြီး အချို့က ရာထူးတိုးပေးမည်၊ အဆင့်အတန်း မြင့်မားစေမည် စသည့် မက်လုံးများ ပေးခဲ့ကြသည်။

​ဤမျှများပြားသော ခရစ်စတယ်စွမ်းအင်တုံးများကို မြင်သောအခါ မည်သူမဆို စိတ်လှုပ်ရှားသွားမည် ဖြစ်သော်လည်း အသိဉာဏ်က လောဘထက် ပိုမို လွှမ်းမိုးသွားခဲ့သည်။

​ကျန်းယဲ့သည် လှည့်ကွက်များစွာ ရှိသော သူတစ်ဦး ဖြစ်ကြောင်း အသိဉာဏ်က သူတို့ကို ပြောပြနေပြီး သူ့တွင် အရန်အစီအစဉ်များ ရှိမရှိကို မည်သူ သိနိုင်မည်နည်း။

​အချို့က အဓိကအဖွဲ့ဝင်များကို မလွှတ်ရန် သူ၏ ဆုံးဖြတ်ချက်မှာ သူတို့ကို စမ်းသပ်မှုတစ်ခု ဖြစ်နိုင်ကြောင်းပင် ခန့်မှန်းခဲ့ကြ၏။

​သူတို့သာ အောင်မြင်သွားပါက အဓိက အဖွဲ့ဝင်များ ဖြစ်လာရန် အခွင့်အရေး ရရှိနိုင်ပေမည်။

​အဓိက အဖွဲ့ဝင်တစ်ဦး ဖြစ်လာသည်နှင့် တပြိုင်နက် ယခု မြင်တွေ့နေရသည့် အရာထက် များစွာ ပိုမို ကြီးမားသော အကျိုးကျေးဇူးများကို ရရှိမည် ဖြစ်၏။

​လက်ငင်း အကျိုးအမြတ်များမှာ ကြီးမားပုံရသော်လည်း ရေရှည်တွင် အကြီးမားဆုံးသော အကျိုးကျေးဇူးများမှာ သေချာပေါက် သူတို့၏ အဓိက အဖွဲ့ဝင်များ ဖြစ်လာခြင်းမှ ရရှိမည် ဖြစ်သည်။

​အခြားအဖွဲ့ခုနစ်ဖွဲ့မှ အသက်ရှင်ကျန်ရစ်သူများသည်လည်း စဉ်းစားစရာအမျိုးမျိုး ရှိခဲ့ကြပြီး နောက်ဆုံးတွင် မကောင်းမှုတွင် မပါဝင်ရန် ရွေးချယ်ခဲ့ကြလေသည်။

​မြေကြီးပေါ်ရှိ အလောင်းငါးလောင်းကို ကြည့်ကာ လူတိုင်းမှာ သူတို့ မှန်ကန်သော ရွေးချယ်မှု ပြုလုပ်ခဲ့ခြင်းအတွက် မယုံနိုင်လောက်အောင် ကျေးဇူးတင်နေကြ၏။

​တုံ့ဆိုင်းနေခဲ့သူများမှာ ယခုအခါ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပြီး သူတို့ကိုယ်တိုင် ထိုနေရာတွင် လဲကျသွားလုနီးပါး ဖြစ်ခဲ့ကြောင်း သဘောပေါက်သွားကြရသည်။

​နောက်ခဏ၌ ကျန်းယဲ့၏ အကြည့်က လိန်လေ့၏ အဖွဲ့မှ သုံးဦးပေါ်သို့ ဖြည်းညှင်းစွာ ရွှေ့သွားလေသည်။ ထိုသုံးဦးမှာ ချက်ချင်း တုန်ယင်သွားပြီး သူတို့၏ နဖူးတွင် အေးစက်သော ချွေးသီးများ ထွက်ပေါ်လာကာ အသနားခံမှုများ အဆက်မပြတ် ပြုလုပ်ကြတော့သည်။

​“အစ်ကိုကျန်း... ကျွန်တော်တို့ကို ချမ်းသာပေးပါ... ကျွန်တော်တို့ မှားမှန်း တကယ် သိပါပြီ!”

​“အဲဒီ ခွေးကောင်က ကျွန်တော်တို့ကို လှည့်စားတာပါ...”

​“ကျွန်တော်တို့ နောက်ဘယ်တော့မှ မလုပ်တော့ပါဘူး...”

​ထင်မှတ်မထားဘဲ ကျန်းယဲ့က သူ့ကို မသတ်ဘဲ လက်ဝှေ့ယမ်းကာ ပြောလိုက်၏။ “သူ့တို့ကို အရင် ချည်ထားလိုက်”

​လီဇယ်ခိုင်က ချက်ချင်း ရှေ့သို့ တိုးလာပြီး သူ၏ လူများကို ဦးဆောင်ကာ ထိုသုံးဦးကို အထူးပြုလုပ်ထားသော ကြိုးများဖြင့် တင်းကျပ်စွာ ချည်နှောင်လိုက်သည်။

​ထိုသုံးဦးမှာ အံ့သြဝမ်းသာ ဖြစ်သွားသော်လည်း မည်သို့သော ပြစ်ဒဏ် စောင့်ကြိုနေမည်ကို မသိရသဖြင့် စိတ်မသက်မသာ ဖြစ်နေကြရသည်။

​လီချင်း၊ ဦးလေးလီနှင့် အခြား ခရီးသွားဧည့်သည် အချို့က မြေကြီးပေါ်ရှိ အသက်မဲ့နေသော အလောင်းငါးလောင်းကို ကြည့်ကာ စကားပြောရန် တုံ့ဆိုင်းနေကြချေသည်။

​သို့သော် နောက်ဆုံးတွင် သူတို့ အားလုံး သက်ပြင်းတစ်ချက်သာ ချလိုက်ကြ၏။

​လေထဲတွင် ခေါင်းဆောင်ဆယ်ဦးမှာ မမြင်ရသော စွမ်းအားတစ်ခုဖြင့် ချည်နှောင်ခံထားရဆဲ ဖြစ်ပြီး အောက်တွင် ဖြစ်ပျက်နေသမျှကို အတင်းအကျပ် ကြည့်ရှုနေခဲ့ရသည်။

​အခြေစိုက်စခန်း အဖွဲ့ဝင်များကို စုရုံးကာ ချည်နှောင်ထားပြီး အသတ်ခံရမည့် သိုးပေါက်လေးများကဲ့သို့ ကျုံ့ကျုံ့လေး နေနေကြလေသည်။

​ရုတ်တရက် ကျန်းယဲ့က ကျန်းခိုင်နှင့် အခြား ခရီးသွားဧည့်သည် နှစ်ဆယ်၊ အသက်ရှင်ကျန်ရစ်သူ ဆယ့်ရှစ်ဦးတို့ဘက်သို့ လှည့်ကာ ပေါ့ပေါ့ပါးပါး လေသံဖြင့် မေးလိုက်၏။ “ဗိုက်ဆာနေပြီလား။ စားစရာ ကောင်းကောင်း တစ်ခုခု စားချင်လား.... ”

​အသက်ရှင်ကျန်ရစ်သူများမှာ ခေတ္တမျှ မှင်သက်သွားပြီး အချင်းချင်း နားမလည်စွာ ကြည့်လိုက်ကြကာ မည်သို့ တုံ့ပြန်ရမည်ကို တုံ့ဆိုင်းနေခဲ့ကြသည်။

​သူ၏ နည်းလမ်းများက သူတို့အပေါ် ကြောက်ရွံ့မှုများ သွတ်သွင်းလိုက်ပြီ ဖြစ်ကြောင်း ကျန်းယဲ့ သိထားပေသည်။

​နောက်ထပ် ရှင်းပြချက် တစ်စုံတစ်ရာ မပေးတော့ဘဲ သူက လက်ဝှေ့ယမ်းလိုက်ရာ ဆူဖြိုးနေသော သိုးနှစ်ကောင်မှာ လေထဲမှ ရုတ်တရက် ထွက်ပေါ်လာပြီး နောက်တွင် ဟော့ပေါ့ ပါဝင်ပစ္စည်း အစုံအလင်၊ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ၊ အသားလွှာများနှင့် ဟင်းခတ်အမွှေးအကြိုင် အမျိုးမျိုး ပါဝင်လာခဲ့သည်။

​“ဘာရပ်နေကြတာလဲ” ကျန်းယဲ့က အော်လိုက်၏။ “လာ... သိုးတစ်ကောင်လုံး ကင်ဖို့ ကူညီကြ”

​ထိုအခါမှ အသက်ရှင်ကျန်ရစ်သူများမှာ အိပ်မက်မှ နိုးလာသကဲ့သို့ ဖြစ်သွားပြီး သူတို့၏ မျက်လုံးများထဲရှိ ကြောက်ရွံ့မှုမှာ တဖြည်းဖြည်း အံ့သြမှုဖြင့် အစားထိုးခံလိုက်ကြရသည်။

​အခန်း ၁၆၅ပြီး၏။

All Chapters