အခန်း ၁၆၆
Vol. 17 Ch. 166
အခန်း (၁၆၆) ဆယ်မျက်နှာ အခြေစိုက်စခန်း
သူတို့သည် သတိကြီးစွာဖြင့် ချဉ်းကပ်လာကြပြီး အချို့မှာ မီးမွှေးရန် တာဝန်ယူကာ အချို့မှာ သိုးသားများကို ပြင်ဆင်ကြလေသည်။ လေထုမှာ တဖြည်းဖြည်းနှင့် စည်ကားလာခဲ့သည်။
အခြေစိုက်စခန်းမှ လိုက်ပါလာသော အဖွဲ့ဝင်ခုနစ်ဦးသည် ဤမြင်ကွင်းကို အသက်ရှူပင် ရပ်မတတ် စောင့်ကြည့်နေကြပြီး တံတွေးများကို ခက်ခဲစွာ မျိုချနေကြသော်လည်း မည်သူမျှ ချဉ်းကပ်ရန် မဝံ့ရဲကြချေ။
ကျန်းယဲ့က သူတို့ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ “ဘာလဲ... မကြိုက်လို့လား”
ထိုခုနစ်ဦးမှာ အံ့သြဝမ်းသာ ဖြစ်သွားပြီး အလျင်အမြန် ခေါင်းခါလိုက်ကြ၏။ “မဟုတ်ပါဘူး.. မဟုတ်ပါဘူး..”
“ကြိုက်ပါတယ်... တကယ် ကြိုက်တာပါ...”
“ကျေးဇူးတင်ပါတယ် အစ်ကိုကျန်း...”
သူတို့သည် အသားကင်အဖွဲ့ထဲသို့ အလျင်အမြန် ဝင်ရောက်သွားကြပြီး သူတို့၏ မျက်နှာများမှာ မယုံနိုင်လောက်အောင် ပျော်ရွှင်မှုများဖြင့် တောက်ပနေခဲ့သည်။
အသားကင်ရနံ့မှာ လေထဲတွင် လျင်မြန်စွာ ပြည့်နှက်သွားပြီး ခဏလေးကမှ တည်ငြိမ်လေးနက်နေသော လေထုနှင့် ဆန့်ကျင်ဘက် ဖြစ်သွားလေသည်။
လူတိုင်း စားသောက်နေကြစဉ် ကျန်းယဲ့က ရုတ်တရက် အပြုံးတစ်ခုဖြင့် မေးလိုက်၏။ “ရေခဲမုန့် စားချင်တဲ့သူ ရှိလား...”
ကျန်းခိုင်က လက်ကို ချက်ချင်း မြှောက်လိုက်သည်။ “အစ်ကိုကျန်းက တည်ခင်းမှာလား...”
“ဟုတ်တာပေါ့” ကျန်းယဲ့က အလွယ်တကူပင် ခေါင်းညိတ်လိုက်၏။
ဒီနေ့ အမြတ်အများကြီး ရထားတာပဲ.... အားလုံးကို အကောင်းဆုံး ကျွေးမွေးပြီး အတူတူ ပျော်ရွှင်စွာ အောင်ပွဲခံသင့်တာပေါ့။
“ကျွန်တော် စားမယ်...”
“ကျွန်တော်လည်း တစ်ခု လိုချင်တယ်...”
“ချောကလက် အရသာ ရှိလား ..”
“ကျွန်မ ဒူးရင်းသီးအရသာ ရေခဲမုန့် စားချင်တယ်” ရှန်ကျီရှားက သူ၏ လက်ကို မြင့်မြင့်မြှောက်လိုက်၏။
ခရီးသွားဧည့်သည်များ ချက်ချင်း စည်ကားသွားပြီး တစ်ပြိုင်နက်တည်း အော်မှာကြလေသည်။
ကျန်းယဲ့သည် အသက်ရှင်ကျန်ရစ်သူများနှင့် အခြေစိုက်စခန်းမှ ခုနစ်ဦးကို ကြည့်လိုက်ရာ သူတို့က အားရကျေနပ်စွာ ခေါင်းညိတ်ပြလိုက်ကြ၏။
ထို့နောက် သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် တပြိုင်နက် ကျန်းယဲ့က အရသာအမျိုးမျိုးရှိသည့် ရေခဲမုန့်များကို လေထဲမှ ဖန်တီးပေးလိုက်လေသည်။
ဗနီလာ၊ ချောကလက်၊ စတော်ဘယ်ရီ၊ မတ်ချ နှင့် ရှန်ကျီရှားတို့ မိန်းကလေးအုပ်စု နှစ်သက်သည့် ဒူးရင်းသီး အရသာများပင်။
“အို ဘုရားသခင်... တကယ် ရေခဲမုန့်ပဲ..”
“ကျွန်တော် ဒါကို မစားရတာ သုံးနှစ်တောင် ရှိပြီ..”
“ဒီစတော်ဘယ်ရီ အရသာက တကယ့်ကို စစ်မှန်တာပဲ....”
အချို မကြိုက်သူများပင်လျှင် ၎င်းတို့ကို အလွန်အမင်း နှစ်သက်နေကြချေသည်။
ခေါင်းဆောင် ဆယ်ဦးနှင့် ချည်နှောင်ခံထားရသော အခြား အခြေစိုက်စခန်း အဖွဲ့ဝင်များက ဤမြင်ကွင်းကို အသက်ရှူပင် ရပ်မတတ် စောင့်ကြည့်နေကြပြီး အထူးသဖြင့် ရေခဲမုန့် ပေါ်လာချိန်တွင် အများအပြားမှာ မျက်လုံးပြူးကာ စိုက်ကြည့်နေကြရသည်။
“ဝါး... သူတို့ဆီမှာ ရေခဲမုန့်တောင် ရှိတယ်ဟ...” တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်ပြီး သူတို့၏ မျက်လုံးများတွင် မနာလိုမှုများ ပြည့်နှက်နေလေသည်။
လိန်လေ့၏ အဖွဲ့ကို ရှာဖွေခဲ့သော အသက်ရှင်ကျန်ရစ်သူ နှစ်ဦးမှာ လူတိုင်း စားသောက်နေသည်ကို ကြည့်ကာ နောင်တတရားများဖြင့် ပြည့်နှက်နေရသည်။
၎င်းကို မြင်သောအခါ အနီးတွင် ချည်နှောင်ခံထားရသော အခြေစိုက်စခန်း အဖွဲ့ဝင်များက သရော်လိုက်ကြ၏။
“ကိုယ့်အဖွဲ့ခေါင်းဆောင်ကို လှည့်စားဖို့ ကြိုးစားရဲတယ်။ တကယ့်ကို မိုက်မဲလိုက်တာ....”
“ဒါ မိုက်မဲတာ မဟုတ်ဘူး... သူတို့က အမြင်ကျဥ်းတာပဲ” အခြားသူတစ်ဦးက ဝင်ပြောလိုက်၏။ “ခရစ်စတယ်စွမ်းအင်တုံး နည်းနည်းအတွက်နဲ့ ကိုယ့်အနာဂတ်ကို ဖျက်ဆီးပစ်တာ.... ကျစ် ကျစ်”
ထိုလူနှစ်ဦးမှာ ရှက်ရွံ့မှုကြောင့် မျက်နှာနီရဲသွားပြီး သူတို့ကို ပြန်မချေပရဲဘဲ ခေါင်းငုံ့ထားလိုက်ကြသည်။
သူတို့ထဲမှ တစ်ဦးက ခိုးကြည့်လိုက်ရာ ကျန်းခိုင် ချောကလက် ရေခဲမုန့်ကို ပျော်ရွှင်စွာ လျှာဖြင့် ရက်နေသည်ကို မြင်လိုက်ရသဖြင့် သူ ပို၍ပင် ကြေကွဲသွားရသည်။
‘ငါသာ အဲဒီတုန်းက လောဘမတက်ခဲ့ရင် အခု အဲဒီမှာ ထိုင်ပြီး ရေခဲမုန့် စားနေနိုင်မှာ...ငါလည်း ဝေစု ရနေလောက်ပြီ...’
ကျန်းယဲ့သည် သူ၏ ဗနီလာ ရေခဲမုန့်ကို ဖြည်းညှင်းစွာ အရသာခံရင်း ကုလားထိုင်ပေါ်တွင် မှီထိုင်နေကာ အလွန် ကျေနပ်နေချေသည်။
ထိုညတွင် ချည်နှောင်ခံထားရပြီး လှုပ်ရှား၍ မရသူများမှလွဲ၍ လူတိုင်း ပျော်ရွှင်ခဲ့ကြသည်။
သိုးကင်၏ ရနံ့၊ ဟော့ပေါ့၏ ပွက်ပွက်ဆူနေသော အသံနှင့် ရေခဲမုန့်၏ အချိုဓာတ်တို့က ဤကမ္ဘာပျက်ခေတ်၏ ညကို ယခင်ကကဲ့သို့ နွေးထွေးပြီး အသက်ဝင်သော အရိပ်အယောင်တစ်ခု ပေးစွမ်းလိုက်လေသည်။
နောက်တစ်ရက် နံနက်တွင် နေရောင်ခြည်၏ ပထမဆုံး အလင်းတန်းများ ရင်ပြင်ပေါ်သို့ ကျရောက်လာချိန်တွင် ကျန်းယဲ့က ချည်နှောင်ခံထားရသော အခြေစိုက်စခန်း အဖွဲ့ဝင်များအုပ်စုဆီသို့ လျှောက်သွားကာ ပြတ်သားစွာ မေးလိုက်၏။ “မင်းတို့ ဖြေဆေး လိုချင်လား...”
“လိုချင်ပါတယ်...”
“ကျေးဇူးပြုပြီး မစ္စတာကျန်း... ကျွန်တော့်ကို ကယ်ပါ...”
“ကျွန်တော်တို့ ဘာမဆို လုပ်ဖို့ အသင့်ပါ...”
အသနားခံသံများ နိမ့်ချည်မြင့်ချည် ထွက်ပေါ်လာပြီး အသက်ရှင်လိုသော ပြင်းပြသည့် ဆန္ဒများမှာ လူတိုင်း၏ မျက်လုံးများတွင် တောက်ပနေချေသည်။
ကျန်းယဲ့က ခေါင်းညိတ်လိုက်၏။ “မင်းတို့ အသက်ရှင်ချင်ပြီး နောက်ထပ် ဘယ်သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာမှ မနေချင်ဘူးဆိုရင် လွယ်ပါတယ်။ လာမယ့် နှစ်ရက်အတွင်းမှာ မင်းတို့ ငါ့အတွက် အလုပ်တချို့ လုပ်ပေးရမယ်။ ကောင်းကောင်း ပြုမူတဲ့သူတွေကို နှစ်ရက်နေရင် ဖြေဆေး ပေးမယ်”
သူက ခေတ္တရပ်လိုက်ပြီး သူ၏ အကြည့်မှာ ရုတ်တရက် အေးစက်သွားလေသည်။ “မင်းတို့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ရှိနိုင်ပေမဲ့ ငါ့ရှေ့မှာတော့ ဘာမှ မလုပ်ကြနဲ့။ မဟုတ်ရင်....”
သူသည် အဝေးရှိ အေးစက်နေသော အလောင်းငါးလောင်းကို လက်ညှိုးထိုးပြလိုက်၏။ “အဲဒါ မင်းတို့ရဲ့ ကံကြမ္မာပဲ...”
အခြေစိုက်စခန်း အဖွဲ့ဝင်များ အားလုံး အလိုအလျောက် တုန်ယင်သွားပြီး အချင်းချင်း ထပ်ခါတလဲလဲ အာမခံချက် ပေးလိုက်ကြသည်။
“မလုပ်ပါဘူး.. မလုပ်ပါဘူး..”
“ကျွန်တော် သေချာပေါက် ကောင်းကောင်း နေပါ့မယ်...”
“မစ္စတာကျန်းက အရှေ့သွားခိုင်းရင် အနောက် ဘယ်တော့မှ မသွားပါဘူး...”
ကျန်းယဲ့၏ စိတ်ထဲတွင် အတွေးတစ်ခုနှင့်အတူ အချုပ်ခံထားရသော ခေါင်းဆောင် ဆယ်ဦးကို ကြိုးဆွဲချခံရသော အရုပ်များကဲ့သို့ လမ်းညွှန်လိုက်ရာ သူတို့မှာ ဘတ်စ်ကားခေါင်မိုးပေါ်တွင် တည်ငြိမ်စွာ ရောက်သွားကြသည်။
ကျန်းယဲ့က အခြေစိုက်စခန်းမှ စူပါပါဝါရှင် အုပ်စုကို လက်ညှိုးထိုးပြလိုက်၏။ “မင်းတို့ အပေါ်တက်ပြီး သူတို့ကို စောင့်ကြည့်လိုက်...”
အမည်ခေါ်ခံရသော စူပါပါဝါရှင်မှာ ပေါ့ဆရဲခြင်း မရှိဘဲ ကားခေါင်မိုးပေါ်သို့ အမြန် တက်သွားလေသည်။
ကျန်းခိုင်၏ ပြင်းထန်သော အကြံပြုချက်အရ ခေါင်းဆောင် ဆယ်ဦးကို သံကြိုးများဖြင့် အတူတူ ချည်နှောင်ကာ ကားခေါင်မိုးပေါ်တွင် ကုန်ပစ္စည်းများကဲ့သို့ စီစဉ်ထားလိုက်ရာ သူတို့၏ ယခင်က အရှိန်အဝါများမှာ လုံးဝ ပျောက်ကွယ်သွားကြသည်။
ကျန်ရှိနေသော အသက်ရှင်ကျန်ရစ်သူများနှင့် အခြေစိုက်စခန်းမှ စူပါပါဝါရှင်များကို အကြမ်းခံ ကားများထဲသို့ ထည့်လိုက်၏။
ကျန်းယဲ့သည် ဘတ်စ်ကားရှေ့တွင် ရပ်ကာ လူတိုင်းကို ညွှန်ကြားလိုက်၏။ “ရှေ့ဆက်သွားတဲ့အခါ ယာဉ်အားလုံးက ဘတ်စ်ကားကို ဗဟိုပြုပြီး တန်းစီ မောင်းနှင်ရမယ်...”
ကားတန်း ထွက်ခွာတော့မည့်အချိန်တွင် ကျန်းယဲ့သည် သစ္စာဖောက် အသက်ရှင်ကျန်ရစ်သူ သုံးဦးကို ရုတ်တရက် ကြည့်ကာ ပြောလိုက်ပြန်သည်။ “မင်းတို့ အခု သွားလို့ရပြီ...”
ထိုလူ သုံးဦးမှာ ခေတ္တမျှ မှင်သက်သွားပြီးနောက် ဒူးထောက်ချလိုက်ကြ၏။ “အစ်ကိုကျန်း... ကျွန်တော်တို့ နောက်တစ်ခါ ဘယ်တော့မှ မလုပ်ရဲတော့ပါဘူး... ကျေးဇူးပြုပြီး နောက်ထပ် အခွင့်အရေး တစ်ကြိမ် ပေးပါ...”
လုချင်ဟယ်က သရော်လိုက်၏။ “အခွင့်အရေး ဟုတ်လား... ငါတိုါ မင်းတို့ကို အခွင့်အရေး မပေးခဲ့ရင် မင်းတို့ အခုလောက်ဆို အလောင်းတွေ ဖြစ်နေလောက်ပြီ။ ဘာလဲ... နောက်တစ်ခါ နောက်ကျောဓားနဲ့ထိုးဖို့ စီစဉ်နေတာလဲ”
သူက အဝေးသို့ လက်ညှိုးထိုးပြလိုက်၏။ “ဒီကနေ ထွက်သွားတော့... မဟုတ်ရင် ငါတို့ကို မယဉ်ကျေးဘူးလို့ မပြောနဲ့...”
ထိုသုံးဦးက ထပ်မံ အသနားခံရန် ကြိုးစားသော်လည်း ကျန်းယဲ့က လှည့်ထွက်သွားပြီ ဖြစ်ရာ သူတို့မှာ စိတ်ပျက်လက်ပျက်ဖြင့် ထလိုက်ကြရသည်။
သူတို့သည် ခြေလှမ်းတိုင်းတွင် နောက်သို့ ပြန်လှည့်ကြည့်နေကြပြီး သူတို့၏ မျက်လုံးများတွင် နောင်တနှင့် မကျေနပ်မှုများ ပြည့်နှက်နေသော်လည်း တောကန္တာရဆီသို့သာ တရွတ်တိုက် လျှောက်သွားနိုင်ကြသည်။
အခြေစိုက်စခန်း အဖွဲ့ဝင်နှင့် ပတ်သက်၍ ကျန်းယဲ့က “မင်းကို အခြေစိုက်စခန်းမှာ နောက်တစ်ခါ မမြင်ချင်ဘူး....” ဟု ရိုးရိုးရှင်းရှင်း ပြောလိုက်၏။
ထိုလူမှာ ခွင့်လွှတ်ခံရသကဲ့သို့ ခံစားလိုက်ရပြီး ကားခေါင်မိုးပေါ်ရှိ လိန်လေ့ကို အမုန်းတရားဖြင့် တစ်ချက်ကြည့်ပြီးနောက် ထိတ်လန့်တကြား ထွက်ပြေးသွားခဲ့သည်။
‘လိန်လေ့... မင်း သေရမယ်...’
အင်ဂျင်သံ ဟိန်းထွက်လာမှုနှင့်အတူ ကားတန်းက ဖြည်းညှင်းစွာ စတင်ရွေ့လျားခဲ့သည်။
ဘတ်စ်ကားက ရှေ့မှ ဦးဆောင်နေပြီး အစောင့်အရှောက် အနေအထားဖြင့် အကြမ်းခံ ကားများက အနီးကပ် လိုက်ပါလာခဲ့ကြသည်။
နှင်ထုတ်ခံလိုက်ရသော အသက်ရှင်ကျန်ရစ်သူ သုံးဦးသည် အဆောက်အအုံအပျက်အစီးများပေါ်တွင် ရပ်ကာ အဝေးသို့ ထွက်ခွာသွားသော ကားတန်းကို ကြည့်နေကြ၏။ သူတို့၏ နောင်တများက အကျိုးမရှိတော့ချေ။
ကားတန်းသည် စွန့်ပစ်ထားသော အဝေးပြေးလမ်းမကြီးအတိုင်း မောင်းနှင်နေချိန်တွင် ကျန်းယဲ့က အတားအဆီးများကို ဖယ်ရှားပေးနေသော နယ်ပယ်ကို တိတ်ဆိတ်စွာ တိုးချဲ့လိုက်၏။
မူလက ဘတ်စ်ကားများရှေ့မှ လမ်းပိတ်ဆို့မှုများကိုသာ ဖယ်ရှားပေးခဲ့သော်လည်း ယခုအခါ လမ်းတစ်လျှောက်ရှိ အတားအဆီးများမှာ သူတို့အား ရှောင်ရှားနေခဲ့ကြသည်။
စွန့်ပစ်ထားသော ယာဉ်များက မမြင်ရသော လက်တစ်ဖက်ဖြင့် တွန်းဖယ်ခံလိုက်ရပြီး မြေကုန်းများ၊ ကျောက်တုံးများက လမ်းဘေးသို့ လူးလိမ့်သွားကာ မျိုးဗီဇပြောင်း အပင်များပင်လျှင် ကြောက်ရွံ့စွာ နောက်ဆုတ်သွားခဲ့ကြသည်။
“အို ဘုရားသခင်...” ဆယ်မျက်နှာအခြေစိုက်စခန်းမှ အဖွဲ့ဝင်များမှာ ကားပြတင်းပေါက်များနှင့် ကပ်လျက် ဤမယုံကြည်နိုင်လောက်အောင် ဖြစ်ပျက်နေသော မြင်ကွင်းကို စိုက်ကြည့်နေကြ၏။
လမ်းအလယ်တွင် ပိတ်ဆို့နေသော ထရပ်ကား တစ်စီးက သူ့ဘာသာ ဖြည်းညှင်းစွာ လမ်းဖယ်ပေးသွားလေသည်။
“အစ်ကိုကျန်းကို သစ္စာဖောက်တဲ့ လူတွေက အရူးတွေလား...” အခြေစိုက်စခန်းမှ စူပါပါဝါရှင်တစ်ဦးက တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး သူ၏ဘေးရှိ ယွမ်ကွမ်ကို ပြောလိုက်၏။ “ဒါက တကယ့်ကို အံ့ဖွယ်ပဲ....”
အခြားသူတစ်ဦးက ဝင်ပြောလေသည်။ “မင်းသာ အဓိက အဖွဲ့ဝင် တစ်ဦး ဖြစ်လာရင် ကမ္ဘာပျက်ခေတ်မှာ မင်း စိတ်ကြိုက် လုပ်လို့ရပြီ။ အဲဒီလူတွေက မနေ့က ဘာလို့ ထူးထူးခြားခြား လုပ်မိကြတာလဲ...”
အသက်ရှင်ကျန်ရစ်သူများက ထိုစကားကို ကြားသောအခါ ရယ်မောလိုက်ကြ၏။ “ကျွန်တော်တို့က အစ်ကိုကျန်းနဲ့ နေတာမှ ရက်ပိုင်းပဲ ရှိသေးတယ်”
ဤစကားလုံးများက မီးပွားတစ်ခုကဲ့သို့ ဖြစ်သွားပြီး အခြေစိုက်စခန်း အဖွဲ့ဝင်များကြားတွင် မျှော်လင့်ချက်များကို ချက်ချင်း တောက်လောင်စေခဲ့၏။
‘လူတိုင်းက လူသစ်တွေဆိုရင် ငါတို့အားလုံးက တူညီတဲ့ နေရာကနေ စတင်ရမှာ မဟုတ်ဘူးလား’
‘ငါသာ ကောင်းကောင်း လုပ်နိုင်ရင်...’
ဤဆွေးနွေးမှုများကြားတွင် ကားတန်းက ဆယ်မျက်နှာ အခြေစိုက်စခန်းအပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။
အခန်း ၁၆၆ပြီး၏။