အခန်း ၁၆၇
Vol. 17 Ch. 167
အခန်း (၁၆၇) ကမ္ဘာပျက်ခေတ် ကုန်တိုက်
အခြေစိုက်စခန်း၏ ကင်းလှည့်အဖွဲ့က အဝေးမှ ချဉ်းကပ်လာသော ကားတန်းကို မြင်သော်လည်း အစပိုင်းတွင် ဂရုမစိုက်ကြချေ။
ထိုရင်းနှီးနေသော အကြမ်းခံကားများက ခေါင်းဆောင်များ၏ အဓိက အဖွဲ့ဝင်ဆယ်ဦး ပိုင်ဆိုင်သော ကားများဖြစ်ပြီး ခေါင်းဆောင်များက တစ်နေရာရာမှ ထောက်ပံ့ရေး ပစ္စည်းအသစ်များ လုယက်လာခဲ့သည်ဟု သူတို့ ထင်မှတ်ခဲ့ကြသည်။
“ဟေး... ဒီတစ်ခါတော့ တော်တော် များများ ရလာတာပဲ... နှစ်ထပ် ဘတ်စ်ကားတစ်စီးတောင် ပါလာသေးတယ်...” ကင်းလှည့်တစ်ဦးက နှုတ်ခမ်းတွင် ဈေးပေါသော စီးကရက်ကို ခဲထားရင်း သူ၏ လုပ်ဖော်ကိုင်ဖက်ကို ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
“အသက်ရှင်ကျန်ရစ်သူ တစ်ယောက်ယောက်ရဲ့ ခိုအောင်းရာနေရာကနေ လုလာတာ ဖြစ်မှာပေါ့...” သူ၏ အဖော်က ပခုံးတွန့်လိုက်သည်။ “ဒီကားက အသစ်စက်စက်နဲ့ ပြောင်လက်နေတာပဲ။ အထဲမှာ ပစ္စည်းကောင်းတွေ အများကြီး ဖွက်ထားမှာ သေချာတယ်...”
ကင်းစင်ပေါ်ရှိ အစောင့်က မှန်ပြောင်းဖြင့် ပုံမှန်စောင့်ကြည့်ခြင်း ပြုလုပ်နေစဉ် ရုတ်တရက် မှင်သက်သွားပြီး မှန်ပြောင်းကိုပင် ပြုတ်ကျလုမတတ် ဖြစ်သွားရသည်။
“ဘာဖြစ်လို့လဲ။ သရဲမြင်လိုက်လို့လား...” သူ၏ အဖော်က နားမလည်စွာ မေးလိုက်၏။
အစောင့်သည် တုန်ယင်နေသော လက်များဖြင့် အဝေးသို့ လက်ညှိုးထိုးပြလိုက်၏။ “ကားခေါင်မိုးပေါ်မှာ... ခေါင်းဆောင်တွေ...”
သူ၏ အဖော်သည် မှန်ပြောင်းကို ဆွဲယူလိုက်ပြီး ချက်ချင်းပင် မှင်သက်သွားရသည်။
ပုံမှန်အားဖြင့် အရှိန်အဝါရှိသော ခေါင်းဆောင် ဆယ်ဦးသည် ယခုအခါ အသတ်ခံရရန် စောင့်ဆိုင်းနေသော ဝက်များ၊ သိုးများကဲ့သို့ လက်ခြေများ ချည်နှောင်ခံထားရပြီး ကားခေါင်မိုးပေါ်တွင် အနေရခက်စွာ စုရုံးနေခဲ့ကြသည်။
ပို၍ အံ့သြစရာ ကောင်းသည်မှာ သူတို့၏ အစောင့်များမှာ ခေါင်းဆောင်များ အယုံကြည်ရဆုံးသော လူယုံများ ဖြစ်နေခြင်းပင်။
“ဒါ... ဒါက...” အစောင့်သည် စကားထစ်သွားပြီး သူ၏ စကားကို မဆုံးနိုင်အောင် ဖြစ်သွားရသည်။
နောက်ခဏ၌ သတင်းက မြို့ရိုးတစ်လျှောက် တောမီးကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားခေသည်။
အစောင့်များ ပိုမို စုရုံးလာကြပြီး ဤမယုံကြည်နိုင်လောက်သော မြင်ကွင်းကို မျက်လုံးပြူးကာ ကြည့်နေခဲ့ကြသည်။
“ယုံကြည်ရတဲ့ လူတွေက ပုန်ကန်လိုက်တာလား....”
“မဖြစ်နိုင်ဘူး... အဲဒါ အဆင့်ငါး ကျွမ်းကျင်သူ ဆယ်ယောက်လေ....”
“အဲဒီ ဘတ်စ်ကားမှာ ထူးဆန်းတာ တစ်ခုခု ရှိနေတယ်...”
ဆွေးနွေးမှုများ နိမ့်ချည်မြင့်ချည် ထွက်ပေါ်နေခဲ့သည်။
တစ်စုံတစ်ယောက်က ရုတ်တရက် အသံကို နှိမ့်ကာ ပြောလိုက်၏။ “ကမ္ဘာကြီးတော့ ပြောင်းလဲတော့မယ်...”
မြို့ရိုးပေါ်ရှိ အစောင့်များက အချင်းချင်း အကဲခတ်ကြည့်လိုက်ကြပြီး သူတို့၏ လက်နက်များကို တစ်ပြိုင်နက်တည်း တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ကြသော်လည်း မည်သူမျှ မလှုပ်ရှားရဲကြချေ။
သူတို့သည် ဖြည်းညှင်းစွာ ချဉ်းကပ်လာသော လျှို့ဝှက်ဆန်းကြယ်သည့် ဘတ်စ်ကားကို စူးစိုက်ကြည့်နေခဲ့ကြသည်။
နောက်ခဏ၌ ကားတန်းသည် အခြေစိုက်စခန်း တံခါးနှင့် မီတာ ငါးဆယ်အကွာတွင် တည်ငြိမ်စွာ ရပ်တန့်သွားလေသည်။
ကျန်းယဲ့နှင့် သူ၏အဖွဲ့က ယာဉ်ပေါ်မှ တစ်ယောက်ပြီးတစ်ယောက် ဆင်းလာကြပြီး အခြေစိုက်စခန်း အဖွဲ့ဝင်များက ညွှန်ကြားချက်များကို တောင်းခံရန် စိတ်အားထက်သန်စွာ စုရုံးလာကြ၏။
“အစ်ကိုကျန်း... ကျွန်တော်တို့ သူတို့ကို အောက်ကို ပစ်ချလိုက်ရမလား...”
“အိုကေ...” ကျန်းယဲ့က ပေါ့ပေါ့ပါးပါး ခေါင်းညိတ်လိုက်၏။
သူ စကားပြောပြီးသည်နှင့် တပြိုင်နက် တုံးတိတိ အသံများ ဆက်တိုက် ထွက်ပေါ်လာပြီး ခေါင်းဆောင် ဆယ်ဦးမှာ သဲအိတ်များကဲ့သို့ ကားခေါင်မိုးပေါ်မှ ပစ်ချခံလိုက်ကြရသည်။
အခြေစိုက်စခန်း အဖွဲ့ဝင်များထဲမှ တစ်ဦးက လောချန်ယဲ့ကို ပြင်းပြင်းထန်ထန် ကန်ပစ်ရန်ပင် အခွင့်ကောင်းယူလိုက်လေသည်။ နှစ်ပေါင်းများစွာ နာကြည်းမှုများဖြင့် အားဖြည့်ထားသော ဤကန်ချက်ကြောင့် ခေါင်းဆောင်မှာ မြေကြီးပေါ်တွင် အကြိမ်ပေါင်းများစွာ လိမ့်သွားရသည်။
“တောက်...”
ကျန်းယဲ့က လက်ချောင်းတစ်ချက် တောက်လိုက်ရာ ဧရာမကြော်ငြာဆိုင်းဘုတ်ကြီး ဆယ်ခုမှာ လေထဲမှ ရုတ်တရက် ထွက်ပေါ်လာပြီး မြေကြီးပေါ်သို့ ကျဆင်းလာခဲ့သည်။
ကျန်းခိုင်သည် ချက်ချင်း စိတ်လှုပ်ရှားစွာ အပြေးအလွှား သွားလိုက်လေသည်။ “ကျွန်တော် လုပ်မယ်... ကျွန်တော် လုပ်မယ်...”
သူသည် ခေါင်းဆောင်များ၏ လည်ပင်းတွင် နာမည်ကတ်များကို သူတို့၏ ရာထူးအဆင့်အလိုက် တစ်ခုပြီးတစ်ခု ဆွဲပေးလိုက်၏။
အဖြူရောင် နောက်ခံနှင့် အနီရောင် စာလုံးများ ပါရှိသော ဆိုင်းဘုတ်တစ်ခုစီတိုင်းတွင် ကြီးမားပြီး မျက်စိဖမ်းသော စာလုံးများကို ရေးသားထားခဲ့သည်။
[ကမ္ဘာပျက်ခေတ် ကုန်တိုက် - မီးလောင်ပြင် ဈေးရောင်းပွဲ]
စာလုံး ဆယ်လုံး တိတိ ရှိပြီး တစ်ယောက်လျှင် စာလုံး တစ်လုံးစီ ရရှိကြသည်။
လောချန်ယဲ့ကို ကမ္ဘာ၊ ရှယန်ကို ပျက်၊ လိန်လေ့ကို ခေတ်... လူဆယ်ဦးမှာ သူတို့၏ ရာထူးအလိုက် သပ်ရပ်စွာ တန်းစီနေကြ၏။
ဆိုင်းဘုတ်များကို ချိတ်ဆွဲပြီးနောက် ခေါင်းဆောင် ဆယ်ဦး၏ ခန္ဓာကိုယ်များမှာ လေထဲသို့ မြောက်တက်သွားပြီး လူပုံစံကြော်ငြာဆိုင်းဘုတ်များကဲ့သို့ လေထဲတွင် တွဲလွဲခိုလျက် အခြေစိုက်စခန်း တံခါးဘက်သို့ မျက်နှာမူနေခဲ့ကြသည်။
သူတို့သည် ရုန်းကန်ရန် ကြိုးစားသော်လည်း သူတို့၏ ခန္ဓာကိုယ်များမှာ သူတို့၏ ထိန်းချုပ်မှုအောက်တွင် လုံးဝ မရှိတော့ဘဲ ကြိုးဆွဲရုပ်များကဲ့သို့ ကြိုးကိုင်ခံနေရ၏။
ခေါင်းဆောင်ဆယ်ဦးမှာ ရှက်ရွံ့မှုနှင့် ဒေါသတို့ဖြင့် ပြည့်နှက်နေသော်လည်း ကိုယ့်ကိုယ်ကိုယ် သတ်သေရန်ပင် မတတ်နိုင်ကြချေ။
ကျန်းယဲ့က လက်ပိုက်ကာ သူ ကိုယ်တိုင် ဖန်တီးထားသော အသက်ရှင်နေသော ဆိုင်းဘုတ်ကို မော့ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းများပေါ်တွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာချေသည်။
‘ဒါ တကယ့်ကို အသက်ရှင်နေတဲ့ဆိုင်းဘုတ်ပဲ... ကမ္ဘာပေါ်မှာ တစ်ခုတည်းသော ဆိုင်းဘုတ်ပဲ...’
တစ်ချိန်တည်းမှာပင် အခြေစိုက်စခန်း မြို့ရိုးပေါ်ရှိ ကင်းလှည့်အဖွဲ့ဝင်များမှာ လုံးဝ ဆူညံပွက်လောရိုက်သွားကြရသည်။
သူတို့၏ မျက်လုံးများ ပြူးကျယ်လာပြီး ပါးစပ်အဟောင်းသား ဖြစ်သွားကာ သူတို့ မြင်တွေ့နေရသည်ကို မယုံကြည်နိုင်အောင် ဖြစ်နေကြလေသည်။
ပုံမှန်အားဖြင့် ဂုဏ်သိက္ခာကြီးမားကာ မောက်မာလေ့ရှိသော ထိုအခြေစိုက်စခန်း ခေါင်းဆောင်ဆယ်ဦးသည် ယခုအခါ လူပုံစံကြော်ငြာဆိုင်းဘုတ်များကဲ့သို့ လေထဲတွင် တွဲလွဲခိုနေပြီး သူတို့၏ လည်ပင်းတွင် ရယ်စရာကောင်းသော ဆိုင်းဘုတ်များ ချိတ်ဆွဲထားကြ၏။
“မြန်မြန်.. မြန်မြန်... လူတိုင်းကို အကြောင်းကြားလိုက်” ကင်းလှည့်ကပ္ပတိန်၏ အသံမှာ တုန်ယင်နေ၏။ “အရမ်း ဆိုးရွားတဲ့ ကိစ္စကြီး ဖြစ်နေပြီ...”
အခြေစိုက်စခန်းတွင် ကမောက်ကမဖြစ်နေစဉ် ကျန်းယဲ့က လှည့်ကာ လက်နက်ချခဲ့သော အခြေစိုက်စခန်း အဖွဲ့ဝင်များကို ညွှန်ကြားချက်များ ပေးလိုက်၏။
သူသည် လောချန်ယဲ့၏ လူယုံများကို ကြည့်ကာ ပြောလိုက်ခေသည်။ “မင်းတို့ သွားပြီး ဓာတ်ခွဲခန်းမှာ ဖမ်းဆီးခံထားရတဲ့ လူအားလုံးကို လွှတ်ပေးလိုက်...”
ထို့နောက် ကျန်းယဲ့က သူ့ကို လိုက်ပါသွားရန် အသက်ရှင်ကျန်ရစ်သူ နှစ်ဦးကို ထပ်မံ စေလွှတ်လိုက်ပြန်သည်။
တာဝန်ကို လက်ခံရရှိပြီးနောက် အဖွဲ့က အချိန်ဆွဲခြင်း မပြုရဲဘဲ အခြေစိုက်စခန်းအတွင်းသို့ မောင်းနှင်သွားကြသည်။
ကျန်းယဲ့သည် ဖန်ဟွေ့၏ လူယုံဘက်သို့ အကြည့်ကို လှည့်လိုက်၏။ “သွား... အရန်အစားအစာအဖြစ် ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို သွားလွှတ်ပေးလိုက်...”
ဤအကြောင်းကို ပြောရာတွင် ကျန်းယဲ့၏ အသံမှာ ပိုမို အေးစက်သွားခဲ့သည်။ “လူသားတစ်ယောက် အနေနဲ့ လူ့စိတ်ကို မဆုံးရှုံးစေနဲ့.... ”
ဖန်ဟွေ့၏ လူယုံများမှာ ပြာနှမ်းသွားပြီး အကြိမ်ကြိမ် ခေါင်းညိတ်လိုက်ကြ၏။
အလားတူပင် သူတို့ကိုလည်း အသက်ရှင်ကျန်ရစ်သူ နှစ်ဦးက လိုက်ပါသွားကြသည်။
နောက်ဆုံးတွင် ကျန်းယဲ့က အခြားသူများကို ကြည့်ကာ ပြောလိုက်၏။ “မင်းတို့က ကမ္ဘာပျက်ခေတ် ကုန်တိုက်အကြောင်းကို အခြေစိုက်စခန်းက နေထိုင်သူတွေကို ကြော်ငြာဖို့ တာဝန်ယူရမယ်...”
စကားပြောနေစဉ် လှပစွာ ရိုက်နှိပ်ထားသော လက်ကမ်းစာစောင် သေတ္တာကြီးအချို့မှာ မြေကြီးပေါ်တွင် သပ်ရပ်စွာ စီစဉ်ပြီးသား ဖြစ်နေလေသည်။
“ခရစ်စတယ်စွမ်းအင်တုံးတစ်ခုက စံသတ်မှတ်ထားတဲ့ အစားအစာတစ်နပ်နဲ့ လဲလှယ်နိုင်တယ်... ပြီးတော့ ရွှေ၊ ငွေနဲ့ ကျောက်စိမ်းပစ္စည်းတွေက လျှော့ဈေးနဲ့ လဲလှယ်လို့ ရတယ်...”
ကျန်းခိုင်က လက်ကမ်းစာစောင်များကို ဖြန့်ဝေရန် သူ၏ လူများကို ချက်ချင်း ဦးဆောင်လိုက်၏။ ၎င်းတို့တွင် ရိုက်နှိပ်ထားသည်မှာ...
[ကမ္ဘာပျက်ခေတ် ကုန်တိုက်တွင် ကြီးကျယ်ခမ်းနားစွာ ဖွင့်လှစ်ရောင်းချခြင်း]
[ခရစ်စတယ်စွမ်းအင်တုံး တစ်ခု = အစားအစာပူပူ တစ်နပ် = အသားဟင်း နှစ်ခွက်နှင့် အရွက်ဟင်း နှစ်ခွက်]
[ပစ္စည်းချင်း ဖလှယ်ခြင်းကို လက်ခံပါသည် - ရွှေ၊ ငွေနှင့် ကျောက်စိမ်းပစ္စည်းများ အားလုံးကို လဲလှယ်ရန် လက်ခံပါသည်]
အောက်ခြေရှိ အသက်ရှင်ကျန်ရစ်သူ အများအပြားတွင် ခရစ်စတယ်စွမ်းအင်တုံး အနည်းငယ် သို့မဟုတ် လုံးဝ မရှိကြောင်း သူတို့ စဉ်းစားမိသဖြင့် ရွှေ၊ ငွေနှင့် ကျောက်စိမ်း အသုံးအဆောင်များဖြင့် ဝယ်ယူခြင်းကို ဖွင့်လှစ်ပေးလိုက်ခြင်း ဖြစ်၏။
လူတိုင်း သူတို့၏ တာဝန်များဖြင့် အခြေစိုက်စခန်း အတွင်းသို့ ဝင်ရောက်သွားကြပြီး ဆိုင်းဘုတ်များမှလွဲ၍ ကျန်းယဲ့နှင့် သူ၏အဖွဲ့သာ ကျန်ရစ်တော့၏။
လီဇယ်ခိုင်နှင့် အခြားသူများက ဆိုင်ခန်းများကို ချက်ချင်း စတင် ပြင်ဆင်လိုက်ကြသည်။
လူနှစ်ဆယ်ပါဝင်သော အဖွဲ့က ကုန်ပစ္စည်းများကို အတူတကွ ရောင်းချရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြပြီး အမြတ်အစွန်းများကို လူတိုင်း၏ ရင်းနှီးမြှုပ်နှံမှု အချိုးအစားအလိုက် ခွဲဝေမည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် အခြေစိုက်စခန်းအတွင်းသို့ ဝင်ရောက်သွားသော အဖွဲ့ဝင်များက လျင်မြန်စွာ လူစုခွဲသွားခဲ့ကြသည်။
ကယ်ဆယ်ရေးသမားများက ဓာတ်ခွဲခန်းနှင့် အကျဉ်းထောင်ဆီသို့ တိုက်ရိုက် ဦးတည်သွားကြပြီး ကြော်ငြာအဖွဲ့များက လူနေရပ်ကွက် အမျိုးမျိုးသို့ အပြေးအလွှား သွားကြ၏။
အခြေစိုက်စခန်း၏ အနောက်တောင်ထောင့်ရှိ ဆင်းရဲသားရပ်ကွက်တွင် အခြေစိုက်စခန်း၏ အနိမ့်ဆုံး အတန်းအစား အသက်ရှင်ကျန်ရစ်သူများ စုရုံးနေထိုင်နေခဲ့ကြသည်။
ကိုယ်လက်အင်္ဂါ မပြည့်စုံသော စူပါပါဝါရှင်များ၊ အဆင့်နိမ့် စူပါပါဝါရှင်များနှင့် စွမ်းရည်မရှိသော သာမန်လူများကို ဤနေရာတွင် အမှိုက်များကဲ့သို့ စွန့်ပစ်ထားကြချေသည်။
ကျဉ်းမြောင်းသော တဲအိမ်များမှ ပုပ်ဟက်နေသော အနံ့များ ထွက်ပေါ်နေပြီး ညစ်ပတ်မှုများကြားတွင် ပိန်လှီနေသော လူအုပ်စုများက ခက်ခဲသော အလုပ်များကို စက်ရုပ်များကဲ့သို့ ထပ်ခါတလဲလဲ လုပ်ဆောင်နေကြ၏။
သူတို့၏ မျက်လုံးများမှာ ဟာလာဟင်းလင်း ဖြစ်နေပြီး သူတို့၏ နံရိုးများမှာ ရှင်းလင်းစွာ မြင်နေရကာ သူတို့မှာ လမ်းလျှောက်နေသော အလောင်းများနှင့် တူနေပေသည်။
“ကမ္ဘာပျက်ခေတ် ကုန်တိုက် ဖွင့်ပါပြီ... ခရစ်စတယ်စွမ်းအင်တုံးတစ်ခုအတွက် အစားအစာပူပူ တစ်နပ်...”
ကြော်ငြာအဖွဲ့ဝင်များ၏ အော်ဟစ်သံများက ဤနေရာတွင် အထူးပင် နားကလော်စရာ ကောင်းနေလေသည်။
အစပိုင်းတွင် မည်သူမျှ မယုံကြည်ကြသော်လည်း တစ်စုံတစ်ယောက်က အော်ဟစ်နေသူကို မှတ်မိသွားသောအခါ။
“အဲဒါ ဆဋ္ဌမသခင်ရဲ့ ဒုတိယ အရာရှိ မဟုတ်လား”
“သတ္တမသခင်ရဲ့ လူယုံတွေတောင် လက်ကမ်းစာစောင်တွေ ဝေနေတယ်...”
“ဒါ တကယ် ဖြစ်နိုင်မလား...”
အရေခွံနှင့် အရိုးသာ ကျန်တော့လောက်အောင် ပိန်လှီနေသော ကောင်လေးတစ်ယောက်က အားတင်းကာ တုန်ယင်စွာဖြင့် လက်ကမ်းစာစောင်ကို လက်ခံလိုက်၏။
သူသည် ဆိုင်းဘုတ်ပေါ်ရှိ “အစားအစာပူပူများ၊ ဆေးဝါးများနှင့် သစ်သီးများ အားလုံး ရနိုင်သည်” ဟူသော စကားလုံးများကို စိုက်ကြည့်နေပြီး သူ၏ ကွဲအက်နေသော နှုတ်ခမ်းများမှာ ထိန်းမရသိမ်းမရ တုန်ယင်နေခဲ့သည်။ “လူကြီးမင်း... ဒါက... ဒါက တကယ်လား”
“အသေအချာပါပဲ...” လက်ကမ်းစာစောင် ဝေနေသော စူပါပါဝါရှင်က စိတ်ရှည်လက်ရှည် ရှင်းပြလိုက်၏။ “ငါတို့ အခြေစိုက်စခန်းက ဒါနဲ့ ကြုံတွေ့ရတာ ကံကောင်းလို့ပါ...”
ကောင်လေးက နောက်တစ်ကြိမ် အားတင်းကာ မေးလိုက်ပြန်သည်။ “ဒီ... ဒီကမ္ဘာပျက်ခေတ် ကုန်တိုက်မှာ တကယ် ဆေးဝါးတွေ ရောင်းတာလား...”
“ဟုတ်တယ်...မင်း လိုချင်တာ အကုန်ရှိတယ်”
ကောင်လေး၏ ဟာလာဟင်းလင်း ဖြစ်နေသော မျက်လုံးများတွင် အလင်းရောင် တစ်စွန်းတစ်စ နောက်ဆုံးတွင် ထွက်ပေါ်လာခဲ့သည်။ “ရွှေ၊ ငွေနဲ့ ကျောက်စိမ်းတွေနဲ့ လဲလှယ်လို့ ရတယ်လို့ အဲဒီအပေါ်မှာ ရေးထားတယ်။ တကယ်လား”
စူပါပါဝါရှင်က ပြတ်သားစွာ ခေါင်းညိတ်လိုက်၏။ “အသေအချာပါပဲ...”
ပုံမှန်အားဖြင့်ဆိုလျှင် သူ စိတ်မရှည် ဖြစ်နေမည် ဖြစ်သော်လည်း ယနေ့တွင် သူသည် အစ်ကိုကျန်းအတွက် အလုပ်လုပ်နေခြင်းဖြစ်သောကြောင့် ဒေါသမထွက်ရဲဘဲ လူများ၏ မေးခွန်းများကို စိတ်ရှည်လက်ရှည် ဖြေကြားပေးနေရလေသည်။
အခန်း ၁၆၇ပြီး၏။