အခန်း ၁၆၉
Vol. 17 Ch. 169
အခန်း (၁၆၉) ကုန်တိုက်တွင် အရောင်းသွက်နေခြင်း
“အဲဒါ လောချန်းယဲ့လား။ ရှယန်လား။ လိန်လေ့လား” တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်၏။
“သူတို့ကို ဘယ်သူက ဖမ်းလိုက်တာလဲ...”
“ငါ.... ငါတို့ တကယ် လွတ်လပ်သွားပြီလား...”
လူငယ်သည် မတ်တပ်ရပ်နေပြီး သူ၏ လက်ဖဝါးထဲတွင် စုစည်းနေသော မီးတောက်များက အနည်းငယ် တုန်ယင်နေခဲ့သည်။
သူတို့ကို တစ်ချိန်က နှိပ်စက်ခဲ့သော လူဆယ်ဦးက ယခုအခါ အသတ်ခံရရန် စောင့်ဆိုင်းနေသော ကျွဲနွားများကဲ့သို့ လေထဲတွင် လွှင့်ပျံနေသည်ကို သူ ကြည့်ကာ ရုတ်တရက် အသံထွက် ရယ်မောလိုက်၏။ သူ ရယ်မောနေစဉ် မျက်ရည်များက ပါးပြင်ပေါ်သို့ စီးကျလာလေသည်။
အခြေစိုက်စခန်းအတွင်းရှိ အဖွဲ့ငယ်အသီးသီး၏ ခေါင်းဆောင်များသည်လည်း အခြေအနေနှင့် ပတ်သက်သည့် သတင်းများကို တဖြည်းဖြည်း ရရှိလာကြသည်။
ခေါင်းဆောင် ဆယ်ဦးသည် သူတို့ အယုံကြည်ရဆုံးသော လူယုံများ၏ သစ္စာဖောက်ခြင်းကို ခံလိုက်ရလေသည်။
“မင်း ငါ့ကို နောက်နေတာလား...” ထိပ်ပြောင်ပြောင်နှင့် ဗလကောင်းကောင်း အမျိုးသားတစ်ဦးက စားပွဲကို လက်ဖြင့် ရိုက်ကာ မတ်တပ်ရပ်လိုက်၏။ “ဘော့စ်လောနဲ့ သူရဲ့လူတွေက သူတို့လူတွေရဲ့ ဖြုတ်ချတာကို ခံလိုက်ရတယ်ပေါ့လေ...”
“တကယ် အမှန်ပါပဲ...” သတင်းပို့သူ၏ အသံမှာ တုန်ယင်နေခဲ့သည်။ “သူတို့... သူတို့ အခု အခြေစိုက်စခန်း တံခါးဝမှာ လွှင့်ပျံနေကြတယ်”
ဤခေါင်းဆောင်များက သံသယအနည်းငယ်ဖြင့် အိမ်ထဲမှ ထွက်လာပြီး အခြေစိုက်စခန်း တံခါးဝကို မော့ကြည့်လိုက်သောအခါ လူတိုင်း အသက်ရှူမှားသွားကြရသည်။
တစ်ချိန်က အစွမ်းထက်ခဲ့သော ခေါင်းဆောင် ဆယ်ဦးသည် ယခုအခါ အသားခြောက်များကဲ့သို့ လေထဲတွင် တွဲလောင်းဖြစ်နေပြီး သူတို့၏ လည်ပင်းတွင် ကမ္ဘာပျက်ခေတ် ကုန်တိုက် - မီးလောင်ပြင် ဈေးရောင်းပွဲ ဟူသော ဆိုင်းဘုတ်များကို ချိတ်ဆွဲထားကာ လေထဲတွင် ဖြည်းညှင်းစွာ ယိမ်းခါနေခဲ့ကြသည်။
လောချန်းယဲ့၏ မျက်နှာပေါ်တွင် မခြောက်သေးသော သွေးစများ ရှိနေသေးပြီး ရှယန်၏ ထင်ရှားသော အမာရွတ်မှာ ထိုအချိန်တွင် အထူးပင် ဖရိုဖရဲ ဖြစ်နေပုံရလေသည်။
“ဒါ... ဒါက...” ရွှေရောင်ကိုင်း မျက်မှန် တပ်ထားသော လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးက သူ၏ မျက်မှန်ကို ပင့်တင်လိုက်ရာ သူ၏ လက်ချောင်းများမှာ အနည်းငယ် တုန်ယင်နေချေသည်။
ပို၍ ထူးဆန်းသည်မှာ တစ်ချိန်က အလွန် မောက်မာခဲ့သော ခေါင်းဆောင်၏ လူယုံများက ယခုအခါ မျက်နှာချိုသွေးသော အပြုံးများဖြင့် တစ်အိမ်တက်ဆင်း လက်ကမ်းစာစောင်များ ဝေနေသည်ကို မြင်တွေ့လိုက်ရခြင်းပင်။
“ကမ္ဘာပျက်ခေတ် ကုန်တိုက် ဖွင့်ပါပြီ... ခရစ်စတယ်စွမ်းအင်တုံး တစ်ခုအတွက် အစားအစာပူပူ တစ်နပ်..”
ထိပ်ပြောင်ပြောင်နှင့် ဗလတောင့်တောင့်အမျိုးသားက လက်ကမ်းစာစောင်ကို ယူလိုက်ရာ သူ၏ သူငယ်အိမ်များ ရုတ်တရက် ကျုံ့ဝင်သွားရသည်။ “နောက်နေတာလား။ ခရစ်စတယ်စွမ်းအင်တုံးတစ်ခုက အသားဟင်း နှစ်ခွက်နဲ့ အရွက်ဟင်း နှစ်ခွက် ပါတဲ့ ထမင်းဘူး တစ်ဘူးကို ဝယ်လို့ရတယ်တဲ့လား။ အဲဒါကလည်း ဝက်သုံးထပ်သား နှပ်နဲ့ ဝက်နံရိုးနှပ်တဲ့လား”
“အစ်ကိုကြီး... ကျွန်တော်တို့ သွားကြည့်ကြမလား” ညီဖြစ်သူက အနားသို့ ကပ်ကာ တိုးညင်းစွာ မေးလိုက်၏။
“သွားကြစို့...” ထိပ်ပြောင်ပြောင်အမျိုးသားက လက်ဝှေ့ယမ်းလိုက်ပြီး ညီအစ်ကို တစ်ဒါဇင်ခန့်ကို ဦးဆောင်ကာ တံခါးဝသို့ ထွက်သွားလိုက်သည်။
လမ်းတွင် သူတို့သည် အခြား အဖွဲ့ငယ်များ၏ ခေါင်းဆောင် အချို့နှင့် ဆုံတွေ့ခဲ့ပြီး အချင်းချင်း သတိဖြင့် အကဲခတ်ကြည့်လိုက်ကြ၏။
သူတို့ တံခါးဝသို့ ရောက်သောအခါ ပို၍ အံ့သြစရာကောင်းသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာခေသည်။
ဓာတ်ခွဲခန်းများနှင့် မြေအောက်ခန်းများတွင် ဖမ်းဆီးခံထားရသူများက ယခုအခါ တယိမ်းတယိုင် ထွက်လာကြပြီ ဖြစ်၏။
“ရပ်စမ်း...” ထိပ်ပြောင်ပြောင် အမျိုးသားက မသိစိတ်မှ အလိုအလျောက် တားဆီးရန် ကြိုးစားလိုက်သော်လည်း ရွှေရောင်ကိုင်း မျက်မှန်နှင့် အမျိုးသားက သူ့ကို နောက်သို့ ဆွဲထားလိုက်၏။
“အဲဒါကို ဂရုမစိုက်နဲ့..” မျက်မှန်နှင့် အမျိုးသားက တိုးညင်းစွာ ပြောလိုက်၏။ “ကင်းလှည့်အဖွဲ့ကို ကြည့်လိုက်”
စည်းကမ်း ထိန်းသိမ်းရမည့် ကင်းလှည့် အဖွဲ့ဝင်များ အားလုံးက ထောင့်တစ်နေရာတွင် ကျုံ့ကျုံ့လေး နေနေကြပြီး အသက်ပင် မရှူရဲကြချေ။
ထိပ်ပြောင်ပြောင် အမျိုးသားက တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး စမ်းသပ်ခံအုပ်စုများ တံခါးမှ တယိမ်းတယိုင် ထွက်သွားသည်ကို မတတ်သာဘဲ ကြည့်နေလိုက်ရသည်။
မျက်မှန်နှင့် အမျိုးသားက သူ၏ လက်ထဲရှိ လက်ကမ်းစာစောင်ကို ငုံ့ကြည့်လိုက်လေသည်။ “ဒီကုန်တိုက် ပိုင်ရှင်က သာမန်လူ မဟုတ်ဘူး..”
သူသည် ခေါင်းလှည့်ကာ ထိပ်ပြောင်ပြောင် အမျိုးသားကို သတိပေးလိုက်၏။ “အပြင်ထွက်ရင် သတိထားပြီး နေ... ဘယ်သူ့ကိုမှ မစော်ကားမိစေနဲ့”
ထိပ်ပြောင်ပြောင် အမျိုးသားမှာ အရူးမဟုတ်ချေ။ ဤအချိန်တွင် အခြေအနေကို သူ ရှင်းလင်းစွာ မြင်နိုင်နေပြီ ဖြစ်၏။ သူက နားလည်ကြောင်း ပြသရန် ခေါင်းညိတ်လိုက်လေသည်။
ရွှီရှောင်အန်းသည် အခြေစိုက်စခန်း တံခါးမှ အပြေးအလွှား ထွက်လာသည်နှင့် တပြိုင်နက် မျက်စိကျိန်းလောက်အောင် တောက်ပသော နေရောင်ခြည်ကြောင့် မျက်လုံးမှေးသွားရသည်။
သူ၏ မျက်လုံးများက အလင်းရောင်နှင့် အသားကျသွားသောအခါ တောက်ပနေသော နှစ်ထပ် ခရီးသွားဘတ်စ်ကားကြီးကို မြင်တွေ့လိုက်ရ၏။
၎င်းသည် အလွန်သစ်လွင်နေသဖြင့် ဤပြိုကျပျက်စီးနေသော ကမ္ဘာကြီးတွင် မအပ်စပ်သလို ဖြစ်နေချေသည်။
ထို့နောက် ဆွဲဆောင်မှုရှိသော ရနံ့တစ်ခုလေထဲတွင် ပျံ့လွင့်လာပြီး ရွှီရှောင်အန်း၏ ဗိုက်မှာ ထိန်းမရသိမ်းမရ မြည်ဟည်းလာလေသည်။
သူက တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး လက်ထဲရှိ ကျောက်စိမ်းဆွဲကြိုးကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ သတိကြီးစွာဖြင့် ရှေ့သို့ တိုးသွားလိုက်သည်။
အနီးသို့ ရောက်သောအခါ သပ်ရပ်စွာ ဝတ်ဆင်ထားပြီး ကျန်းမာသော မျက်နှာအဆင်းရှိသည့် အမျိုးသား၊ အမျိုးသမီး နှစ်ဆယ်ကျော် အလုပ်များနေသည်ကို တွေ့လိုက်ရ၏။
သူတို့သည် အလွန် ကျန်းမာပုံရပြီး ဤကမ္ဘာမှ လူများနှင့် လုံးဝ မတူညီကြချေ။
ရွှီရှောင်အန်းသည် သူ၏ ညစ်ပတ်နေသော အဝတ်အစားများနှင့် ပိန်လှီနေသော လက်မောင်းများကို ငုံ့ကြည့်လိုက်ပြီး ရှေ့သို့ ဆက်မတိုးရဲတော့ချေ။
“မောင်လေး... ဘာလိုချင်လို့လဲ” နူးညံ့သော အမျိုးသမီး က မေးလိုက်၏။
ရွှီရှောင်အန်း မော့ကြည့်လိုက်ရာ လီချင်းက သူ့ကို ပြုံးပြနေသည်ကို တွေ့လိုက်ရလေသည်။
“ကျွန်တော်... ကျွန်တော် ပဋိဇီဝဆေးတွေနဲ့ အဖျားကျဆေးတွေ လိုချင်ပါတယ်...” ကျောက်စိမ်းဆွဲကြိုးကို တုန်ယင်စွာ မြှောက်ပြနေစဉ် သူ၏ အသံမှာ မကြားရလုနီးပါး ဖြစ်နေချေသည်။ “ကျွန်တော့်ဆီမှာ... ဒါပဲ ရှိလို့ပါ...”
လီချင်းက ကျောက်စိမ်းဆွဲကြိုးကို ယူကာ နေရောင်အောက်တွင် စစ်ဆေးကြည့်လိုက်၏။
နွေးထွေးပြီး တောက်ပသော ကျောက်စိမ်း၏ အသွင်အပြင်ကြောင့် ငြိမ်းချမ်းသော အချိန်ကာလတွင် တော်တော်လေး တန်ဖိုးရှိပေမည်။
သို့သော် ကမ္ဘာပျက်ခေတ်တွင်တော့ တန်ဖိုးမရှိချေ။
လီချင်းက ညင်သာစွာ ခေါင်းညိတ်လိုက်၏။ “လဲလို့ ရပါတယ်”
နောက်တစ်စက္ကန့်တွင် ပဋိဇီဝဆေးနှင့် အဖျားကျဆေး တစ်ဘူးကို ရွှီရှောင်အန်းထံသို့ ကမ်းပေးလိုက်၏။
ကောင်လေးမှာ မှင်သက်သွားပြီး ဆေးဘူးကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့သည်။
‘ဒါ တကယ်ပဲ.. တကယ်ကို ဆေးနဲ့ လဲလို့ရတာပဲ..’
“ကျေး... ကျေးဇူးတင်ပါတယ်” သူက စကားထစ်သွားပြီး ထွက်ပြေးရန် လှည့်လိုက်သော်လည်း သူ၏ ဗိုက်မှ ဆန္ဒပြသည့်အနေဖြင့် ကျယ်လောင်စွာ မြည်ဟည်းသံကို ကြားလိုက်ရသည်။
လီချင်းက သူ့ကို လှမ်းခေါ်လိုက်ပြီး ဘေးမှ ထမင်းဘူးတစ်ဘူးကို ယူကာ သူ၏ လက်ထဲသို့ ထိုးထည့်ပေးရင်း ပြောလိုက်လေသည်။ “ဒါကို ယူသွားပြီး ပူပူနွေးနွေး စားလိုက်...”
ထမင်းဘူးမှာ လေးလံနေပြီး အဖုံးပေါ်မှပင် ဆွဲဆောင်မှုရှိသော ရနံ့ကို ရနေနိုင်ပေသည်။
ရွှီရှောင်အန်း၏ မျက်လုံးများ ချက်ချင်း နီရဲသွားရသည်။ ဤကဲ့သို့သော ကြင်နာမှုကို သူ မခံစားရသည်မှာ ကြာမြင့်နေပြီ ဖြစ်၏။
သူ၏ ဒူးများ ခွေကျသွားပြီး ဒူးထောက်တော့မည့် အချိန်တွင် “ကျွန်တော်...”
“မြန်မြန် ပြန်သွားတော့...” လီချင်းက သူ့ကို တွဲထူပေးရင်း ပြောလိုက်၏။ “မင်း မိသားစုကို အကြာကြီး မစောင့်ခိုင်းနဲ့..”
ရွှီရှောင်အန်းသည် မျက်ရည်များကို သုတ်ကာ ဆေးနှင့် ထမင်းဘူးကို ဆွဲယူပြီး ဆင်းရဲသား ရပ်ကွက်ဆီသို့ အပြေးအလွှား ပြန်သွားလိုက်လေသည်။
သူ အမောတကောဖြင့် တဲအိမ်လေး၏ ကန့်လန့်ကာကို မလိုက်ချိန်တွင် သူ ကိုင်လာသော အရာကြောင့် အိမ်နီးချင်းများမှာ မှင်သက်သွားကြရသည်။
“တကယ် လဲလို့ရတာလား...”
“အဲဒီ ကျောက်စိမ်းကွဲလေး သုံးပြီးတော့လား”
“ထမင်းဘူးထဲမှာ ဘာပါလဲ။ မွှေးနေတာပဲ...”
သတင်းက တောမီးကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
ရွှီရှောင်အန်း၏ မိခင်သည် ဆေးကို သောက်ပြီးနောက် ထမင်းဘူးကို တုန်ယင်စွာ ဖွင့်လိုက်၏။ အထဲတွင် ထမင်းဖြူ၊ ဝက်သားနှပ်၊ ခရမ်းသီးနှင့် အသားစင်းကော၊ ဟင်းရွက်ကြော်နှင့် ခရမ်းချဉ်သီး ကြက်ဥမွှေကြော်တို့ ပါဝင်လေသည်။ တဲအိမ် ရပ်ကွက်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားရသည်။
“ဒါ တကယ်ပဲ... အပြင်မှာ ကုန်တိုက်တစ်ခု တကယ် ရှိနေတယ်...”
“မြန်မြန်.. အိမ်ထဲက တန်ဖိုးရှိတာ အကုန်ရှာ”
“ငါ့ဆီမှာ ရွှေလက်စွပ် တစ်ကွင်း ရှိတယ်...”
“ငါ့ဆီမှာ နာရီ တစ်လုံး ရှိတယ်...”
ဆယ်မိနစ်ပင် မကြာလိုက်ဘဲ ဆင်းရဲသား ရပ်ကွက်မှ လူအုပ်ကြီးသည် အခြေစိုက်စခန်း တံခါးဆီသို့ ပြေးထွက်လာကြလေသည်။
လူတိုင်းသည် သူတို့ အမြတ်တနိုး သိမ်းဆည်းထားသော အသုံးမဝင်သည့် ပစ္စည်းများကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ မှော်ဆန်သော ဘတ်စ်ကားဆီသို့ အပြေးအလွှား သွားလိုက်ကြသည်။
နာရီဝက်အတွင်း ကမ္ဘာပျက်ခေတ် ကုန်တိုက်ရှိ ဆိုင်ခန်းတိုင်း၏ အရှေ့တွင် ရှည်လျားသော တန်းစီမှုများ ဖြစ်ပေါ်လာ၏။
လူများ နောက်ဆုံးတွင် အငွေ့တထောင်းထောင်း ထနေသော ထမင်းဘူးများကို လက်ခံရရှိချိန်၌ အလွန် အစစ်အမှန် မဟုတ်သလို ခံစားရသော်လည်း လက်ဖဝါးမှ နွေးထွေးမှုက ၎င်းသည် ထင်ယောင်ထင်မှား မဟုတ်ဘဲ အစစ်အမှန် ဖြစ်ကြောင်း သူတို့ကို သဘောပေါက်စေလေသည်။
ပထမဆုံး တစ်လုတ်ကို မျိုချလိုက်သည်နှင့် အချို့လူများ၏ မျက်လုံးများ နီရဲလာပြီး ဖိနှိပ်ထားသော ရှိုက်ငိုသံများ လူအုပ်ကြားတွင် ပျံ့နှံ့သွားကာ နှင်းပွင့်ကဲ့သို့ ဖြူဖွေးနေသော ထမင်းပေါ်သို့ မျက်ရည်များ တိတ်တဆိတ် ကျဆင်းသွားကြသည်။
သူတို့ အစားအစာများကို အငမ်းမရ စားသောက်နေပုံမှာ အစားစားနေသည်နှင့် မတူဘဲ သူတို့၏ လူ့ဂုဏ်သိက္ခာ၏ နောက်ဆုံး အစအနလေးကို အသည်းအသန် ဆုပ်ကိုင်ထားသည်နှင့် တူနေခဲ့သည်။
မျိုချလိုက်သော လှုပ်ရှားမှုတိုင်းက သူ အသက်ရှင်နေသေးကြောင်းနှင့် လူသားတစ်ဦး ဖြစ်နေသေးကြောင်းကို သက်သေပြနေသည့်အလား.......
ကျန်းခိုင်နှင့် အခြားသူများမှာ ဤမြင်ကွင်းကို ကြည့်ကာ သူတို့၏ ရင်ဘတ်ပေါ်တွင် ကျောက်တုံးကြီး ဖိထားသကဲ့သို့ ခံစားလိုက်ရ၏။
သူတို့သည် မူလက သဘောတူထားသော လဲလှယ်နှုန်းကို အဆက်မပြတ် လျှော့ချပေးနေပြီး တန်ဖိုးမရှိသော ကြေးလက်စွပ်လေးတစ်ကွင်းသာ ဖြစ်နေလျှင်တောင် တစ်ဖက်လူ ပေးနိုင်သမျှ အရာအားလုံးကို သူတို့ လက်ခံပေးလိုက်ကြသည်။
‘အဆိုးဆုံးဆိုရင်လည်း အမြတ်နည်းနည်း လျော့သွားရုံပေါ့...’
ဓာတ်ခွဲခန်းများနှင့် မြေအောက်ခန်းများမှ လွတ်မြောက်လာသူများက အခြေစိုက်စခန်း တံခါးများမှ တယိမ်းတယိုင် ထွက်လာချိန်တွင် သူတို့ အချိန်အတော်ကြာ မရခဲ့သော အစားအစာ ရနံ့များက သူတို့ကို ကြိုဆိုနေခဲ့သည်။
အငွေ့တထောင်းထောင်း ထနေသော ထမင်း၊ အသားနှပ်နှင့် လတ်ဆတ်သော သစ်သီးများ၏ ရနံ့ပင်။
သူတို့၏ ဘဝတွင် နီးပါး ပျောက်ကွယ်လုနီးပါး ဖြစ်နေသော ဤအရသာများက ယခုအခါ လေထဲတွင် တကယ်ကို ပျံ့လွင့်နေပေသည်။
မူလက ထွက်ခွာရန် ရည်ရွယ်ထားသူများက လေထဲရှိ အစားအစာ ရနံ့ကြောင့် အလွန် ညှို့ယူဖမ်းစားခံလိုက်ရသဖြင့် သူတို့၏ ခြေထောက်များကို မရွှေ့နိုင်တော့ဘဲ လူတွေ လက်ထဲသို့ ကော်ထည့်နေသော ထမင်းများကို စူးစိုက်ကြည့်နေခဲ့ကြသည်။
တံတွေးမျိုချသံများ ပဲ့တင်ထပ်နေသော်လည်း မည်သူမျှ ရှေ့သို့ တိုးလာပြီး မလုယူရဲကြချေ။
အခန်း ၁၆၉ပြီး၏။