အခန်း ၁၇၀
Vol. 17 Ch. 170
အခန်း (၁၇၀) ဘလူးစတားသို့ ပြန်သွားခြင်း
လူအများစုမှာ အနီးနားတွင် တိတ်ဆိတ်စွာ ဆောင့်ကြောင့်ထိုင်နေကြပြီး အနားသို့ မကပ်ရဲကြချေ။ အသက်ဝဝရှူလိုက်ရုံဖြင့် သူတို့၏ ဗိုက်များ ပြည့်သွားမည့်အလား နှာခေါင်းများကို အဆက်မပြတ် လှုပ်ရှားနေခဲ့ကြသည်။
အထူးစွမ်းရည်ရှိသူများကဲ့သို့ လူတစ်စုကမူ ထိုနေရာကို ခေတ္တမျှ ကြည့်ပြီးနောက် လှည့်ထွက်သွားကြလေသည်။
အရောင်းအဝယ် ဆက်လက်လုပ်ဆောင်နေစဉ် အခြေစိုက်စခန်းရှိ သပ်ရပ်စွာ ဝတ်ဆင်ထားသော စူပါပါဝါရှင်များမှာ တဖြည်းဖြည်း စုရုံးလာခဲ့ကြသည်။
သားရေအင်္ကျီနှင့် အမျိုးသားတစ်ဦးက ရွှေဆွဲကြိုးတစ်ကုံးကို ထုတ်ကာ ပြောလိုက်၏။ “ငါ့ကို ထမင်းဘူး ဆယ်ဘူးပေး...”
ကျန်းခိုင်က မျက်ခွံပင် မပင့်ဘဲ ပြောလိုက်၏။ “ခရစ်စတယ်စွမ်းအင်တုံးတွေပဲ လက်ခံတယ်...”
“ဘာလို့လဲ...” အမျိုးသား၏ မျက်နှာမှာ မှုန်ကုပ်သွားလေသည်။ “ဟိုလူတွေက သူတို့ရဲ့ ပစ္စည်းတွေနဲ့ လဲနေကြတာ မဟုတ်ဘူးလား...”
လုချင်ဟယ်က တစ်ဖက်လူကို မော့ကြည့်ကာ ကောင်းကင်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။ “ဒီအပေါ်က အခြေအနေပေါ် မူတည်ပြီးတော့လေ”
အမျိုးသားသည် မော့ကြည့်လိုက်ရာ လောချန်းယဲ့၏ သွေးရဲနေသော မျက်လုံးများနှင့် ဆုံတွေ့သွားပြီး ချက်ချင်း ကျောချမ်းသွားရသည်။
သူသည် ရွှေဆွဲကြိုးကို မလိုလားစွာဖြင့် ပြန်သိမ်းလိုက်ပြီး အိတ်ကပ်ထဲမှ ခရစ်စတယ်စွမ်းအင်တုံး နှစ်တုံးကို ထုတ်ယူလိုက်၏။ “ဒါဆိုရင်... နှစ်စုံလောက်တော့ လဲလို့ရတယ် မဟုတ်လား”
“ရတယ်...” ကျန်းခိုင်က ခရစ်စတယ်စွမ်းအင်တုံးများကို ယူလိုက်သည်။
ဤမြင်ကွင်းကို စောင့်ကြည့်နေသော စူပါပါဝါရှင် အများအပြားက မျက်မြင်တွေ့ခဲ့ကြသည်။
အချို့က နာကြည်းစွာဖြင့် တီးတိုးရေရွတ်လိုက်ကြ၏။ “ခွဲခြားဆက်ဆံတာ... ဒါက ဗြောင်ကျကျ ခွဲခြားဆက်ဆံတာပဲ”
မကျေမနပ် ဖြစ်နေသော်လည်း သူက ခရစ်စတယ်စွမ်းအင်တုံးကို နာခံစွာ ထုတ်ပေးလိုက်သေးလေသည်။
ဆင်းရဲသားရပ်ကွက်မှ နေထိုင်သူများက လမ်းဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ သူတို့၏ ထမင်းပူပူများကို အငမ်းမရ စားသောက်နေကြပြီး သပ်ရပ်စွာ ဝတ်ဆင်ထားသော စူပါပါဝါရှင်များမှာမူ ကျဉ်းမြောင်းသော တန်းစီမှုတွင် ရပ်နေကြကာ လေထဲတွင် တွဲလောင်းဖြစ်နေသော အသက်ရှင်နေသည့် ဆိုင်းဘုတ် ကို ရံဖန်ရံခါ မော့ကြည့်နေကြသော်လည်း မည်သူမျှ ပြဿနာ မရှာရဲကြချေ။
လုချင်ဟယ်က အသံချဲ့စက်ကို ကောက်ကိုင်လိုက်ပြီး လည်ချောင်းဟန့်လိုက်၏။ “အားလုံးပဲ အာရုံစိုက်ပါ.... ကမ္ဘာပျက်ခေတ် ကုန်တိုက်က ဆယ်မျက်နှာ အခြေစိုက်စခန်းမှာ နှစ်ရက်ပဲ ရှိမှာပါ... လဲချင်တဲ့လူတွေ မြန်မြန် လာကြပါ”
ဤစကားများက ငြိမ်သက်နေသော ရေကန်ထဲသို့ ကျောက်တုံးတစ်တုံး ပစ်ချလိုက်သကဲ့သို့ ဖြစ်သွားလေသည်။
လူအုပ်ထဲတွင် စူပါပါဝါရှင် အများအပြား အချင်းချင်း အကဲခတ်ကြည့်လိုက်ကြပြီး သူတို့၏ ကိုယ်ပိုင်အစီအစဉ်များ အသီးသီး ရှိနေကြသော်လည်း မည်သူမျှ လူသိရှင်ကြား အများအပြား မဝယ်ယူရဲကြချေ။
ဘာပဲဖြစ်ဖြစ် သူခိုးကို ကြောက်ရမှာထက် ကိုယ့်ကို မျက်စိကျနေတဲ့သူကို ပိုကြောက်ရမှာပဲလေ။
လူအများစုမှာ ညနက်ပိုင်းအထိ စောင့်ပြီးမှ တိတ်တဆိတ် လာဝယ်ရန် ကြံစည်ထားခဲ့ကြသည်။
အခြေစိုက်စခန်းရှိ အသက်ရှင်ကျန်ရစ်သူများ ပစ္စည်းလဲလှယ်ပြီးချိန်တွင် မှောင်နေပြီ ဖြစ်၏။
ဓာတ်ခွဲခန်းနှင့် မြေအောက်ခန်းမှ ထွက်ပြေးလွတ်မြောက်လာသူများက အဝေးတွင် ကြောက်ရွံ့စွာ ရပ်နေကြပြီး အနားသို့ မကပ်ရဲကြချေ။
သူတို့မှာ စုတ်ပြတ်သတ်နေပြီး ဒဏ်ရာများ ရှိနေကာ သူတို့၏ မျက်လုံးများတွင် တမ်းတမှုနှင့် ကြောက်ရွံ့မှုများ ရောနှောနေခဲ့သည်။ သူတို့သည် လေထဲတွင် တွဲလောင်းဖြစ်နေသော ခေါင်းဆောင်ဆယ်ဦးကို ရံဖန်ရံခါ မော့ကြည့်နေကြပြီး ၎င်းက သူတို့ကို အနားကပ်၍ အကူအညီတောင်းရန် ကြောက်ရွံ့စေခဲ့သည်။
ကျန်းယဲ့က ခေတ္တမျှ တိတ်ဆိတ်စွာ စောင့်ကြည့်နေပြီးနောက် ရုတ်တရက် သူ၏ နေရာလွတ်သိုလှောင်မှုထဲမှ အစားအစာနှင့် ဆေးဝါးသေတ္တာကြီး အချို့ကို ထုတ်ယူကာ သူ၏ ဘေးရှိ အသက်ရှင်ကျန်ရစ်သူများကို ပြောလိုက်၏။ “ဒါတွေ သွားဝေပေးလိုက်...”
ယွမ်ကွမ်နှင့် အခြားသူများ မှင်သက်သွားကြရသည်။ ကျစ်ဆံမြီး မိန်းကလေးက မသိစိတ်မှ အလိုအလျောက်ပင် မေးလိုက်၏။ “အလကားလား... အလကားပေးတာလား”
“အင်း” ကျန်းယဲ့က ပေါ့ပေါ့ပါးပါး တုံ့ပြန်လိုက်ပြီး ဘတ်စ်ကားဆီသို့ လှည့်ထွက်သွားလေသည်။
အသက်ရှင်ကျန်ရစ်သူများမှာ အချင်းချင်း ကြည့်လိုက်ကြပြီး ဘယ်လို တုံ့ပြန်ရမည်ကို မသိကြတော့ချေ။
ထို့နောက် သူတို့သည် ထောက်ပံ့ရေးပစ္စည်းများကို ဒုက္ခရောက်နေသော ထိုလူအုပ်စုဆီသို့ ဂရုတစိုက် သယ်ဆောင်သွားလိုက်ကြသည်။
ပထမဆုံး ကယ်ဆယ်ခံရသော စူပါပါဝါရှင်က ပေါင်မုန့်ကို တုန်ယင်စွာ လက်ခံလိုက်ချိန်တွင် မျက်ရည်များက ပါးပြင်မှတစ်ဆင့် ထုပ်ပိုးမှုပေါ်သို့ စီးကျလာချေသည်။
ဤမြင်ကွင်းကို ကြည့်ကာ လီချင်းသည် မနေနိုင်ဘဲ ကျန်းခိုင်ကို တီးတိုးပြောလိုက်၏။ “ဒါရိုက်တာကျန်းက ဘာတွေ တွေးနေတာလဲ။ မနေ့က သစ္စာဖောက်တွေကို ကိုင်တွယ်တုန်းက အဲဒီလောက် ရက်စက်ခဲ့ပြီးတော့ အခုကျတော့...”
“ဒါက ကိစ္စနှစ်ခု မတူဘူး။ တစ်ယောက်က သေလမ်းရှာတာ... နောက်တစ်ယောက်က ဘာအမှားမှ မလုပ်ခဲ့ဘူး။ မနေ့က အဲဒီ ငါးယောက်သာ ပွင့်ပွင့်လင်းလင်း ပြောခဲ့ရင် ဒါရိုက်တာကျန်းက သူတို့ကို အပြင်ထုတ်လိုက်ရုံပဲ ရှိမှာ။ သူတို့က ကိုယ့်နေရာကိုယ်မသိဘဲ ဒါရိုက်တာကျန်းရဲ့ အောက်ခြေစည်းကို စမ်းသပ်ဖို့ ကြိုးစားခဲ့တာလေ...”
လုချင်ဟယ်က သဘောတူစွာ ခေါင်းညိတ်လိုက်၏။ “ကြည့်လေ... ဒါရိုက်တာကျန်းက ရိုးရိုးသားသား ဝန်ခံတဲ့သူတွေကို လက်ဖျားနဲ့တောင် ထိလို့လား။ သူတို့ကို သွားခွင့်ပြုလိုက်တာပဲ။ တစ်ခါတလေကျရင် သူများရဲ့ ကြင်နာမှုကို အခွင့်ကောင်းယူပြီး ရိုင်းရိုင်းစိုင်းစိုင်း မလုပ်သင့်ဘူး...”
သူတို့နှစ်ဦး ရေပက်မဝင်အောင် ပြောနေသည်ကို မြင်သောအခါ လီချင်းက ပြုံးပြီး ပြောလိုက်လေသည်။ “နင်တို့နှစ်ယောက်က အသက်သိပ်မကြီးသေးပေမဲ့ အများကြီး သိကြတာပဲ...”
“အစ်မချင်း.... အစ်မ နားမလည်ပါဘူး။ အစ်မက အစ်မဘဝနဲ့အစ်မ အရမ်းပျော်ရွှင်နေပြီး လူ့သဘာဝရဲ့ ရှုပ်ထွေးမှုတွေကို နားမလည်လို့ လူတွေကို ဒီလောက် ရိုးရိုးရှင်းရှင်းလေး တွေးနေတာပါ” လုချင်ဟယ်က ကျန်းခိုင်၏ ပခုံးပေါ် လက်တင်ကာ ပြုံးရင်း ပြောလိုက်လေသည်။
နောက်ဆုံး ထောက်ပံ့ရေးပစ္စည်း အသုတ်ကို ဝေငှပြီးချိန်တွင် ညနက်နေပြီ ဖြစ်၏။
သို့သော် ကျန်းယဲ့နှင့် သူ၏အဖွဲ့က အိပ်မနေကြချေ။ အကြောင်းမှာ သူတို့ ဧည့်သည်များ ရောက်လာမည်ကို စောင့်နေကြသောကြောင့်ပင်။
ထင်တဲ့အတိုင်းပင် ညသန်းခေါင်ယံတွင် တိတ်တဆိတ် စူပါပါဝါရှင် အုပ်စုတစ်စု ဈေးလာဝယ်ကြရာ နေရာလွတ် စူပါပါဝါရှင်တစ်ဦးက ထမင်းဘူး ရာပေါင်းများစွာနှင့် အရည်အသွေးမြင့် လက်နက် ဒါဇင်ပေါင်းများစွာကို တိုက်ရိုက် လဲလှယ်သွားခဲ့သည်။
နှစ်ရက်ဆိုသော အချိန်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွား၏။
နောက်ဆုံး လဲလှယ်သူ ထွက်သွားပြီးနောက် ကျန်းယဲ့နှင့် သူ၏အဖွဲ့က ဘလူးစတားသို့ ပြန်ရန် သူတို့၏ ပစ္စည်းများကို စတင် သိမ်းဆည်းလိုက်ကြသည်။
ထို့နောက် ကျန်းယဲ့သည် လီရှန်းနှင့် အခြေစိုက်စခန်းရှိ အခြား စွမ်းရည်ပိုင်ရှင်များကို ကြည့်လိုက်၏။ “သဘောတူထားတဲ့အတိုင်း ဒါက မင်းတို့ရဲ့ ဖြေဆေးပဲ....”
ထို့နောက် သူသည် သူ့နောက်သို့ ရက်ပေါင်းများစွာ လိုက်ပါလာခဲ့သော အသက်ရှင်ကျန်ရစ်သူများဘက်သို့ လှည့်ကာ ပြောလိုက်ခေသည်။ “ဒီထောက်ပံ့ရေးပစ္စည်းတွေက မင်းတို့ရဲ့ အကျိုးခံစားခွင့်ပဲ...”
အသက်ရှင်ကျန်ရစ်သူများက ခေါင်းခါလိုက်ကြ၏။
“အစ်ကိုကျန်း... ကျွန်တော်တို့ ထောက်ပံ့ရေးပစ္စည်းတွေ မလိုချင်ဘူး”
“ကျွန်တော်တို့ကို ခေါ်သွားပါ... ကျွန်တော်တို့ ဘာမဆို လုပ်ပါ့မယ်..”
“ကျေးဇူးပြုပြီး....”
ကျန်းယဲ့က ခေါင်းခါလိုက်၏။ “တောင်းပန်ပါတယ်။ ငါ မင်းတို့ကို ခေါ်မသွားနိုင်တော့ဘူး။ တစ်နေ့နေ့ ပြန်ဆုံကြတာပေါ့....”
သူ လှည့်ကာ နှစ်ရက်ကြာ တွဲလောင်းဖြစ်နေခဲ့သော အသက်ရှင်နေသည့် ဆိုင်းဘုတ်ဆယ်ခုဆီသို့ လျှောက်သွားလိုက်သည်။ အတွေးတစ်ချက်နှင့်အတူ သူသည် ထိုလူဆယ်ဦးလုံးကို မြေကြီးပေါ်သို့ ပြုတ်ကျစေလိုက်လေသည်။
တစ်ချိန်က အစွမ်းထက်ခဲ့သော ခေါင်းဆောင်များသည် ယခုအခါ ရွှံ့များကဲ့သို့ မြေကြီးပေါ်တွင် ပျော့ခွေစွာ လဲကျနေကြ၏။
“ဒီလူဆယ်ယောက်ကို ဘယ်လို လုပ်ဖို့ စီစဉ်ထားလဲ” ကျန်းယဲ့က လီရှန်းကို မေးလိုက်၏။
လီရှန်းက သရော်လိုက်၏။ “သူတို့ကို တိုက်ရိုက် သတ်ပစ်လိုက်တာက သူတို့အတွက် အရမ်း သက်သာရာကျလွန်းတယ်...”
သူသည် အခြေစိုက်စခန်းရှိ စူပါပါဝါရှင်များဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်၏။ “သူတို့ကို အစွမ်းမဲ့အောင်လုပ်ပြီး ဆင်းရဲသားရပ်ကွက်ထဲကို ပစ်ထည့်လိုက်... ဒီလက်ဆောင်ကို လူအများကြီး သဘောကျမယ်လို့ ထင်တယ်... ”
နောက်ခဏ၌ နားကွဲမတတ် စူးရှသောအော်သံများ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် ခေါင်းဆောင် ဆယ်ဦး၏ စူပါပါဝါ အူတိုင်များ လုံးဝ ဖျက်ဆီးခံလိုက်ရလေသည်။
လီရှန်းနှင့် သူ၏လူများ သူတို့ကို မဆွဲခေါ်သွားနိုင်မီမှာပင် စမ်းသပ်ခံများ နှင့် အစားအစာများအဖြစ် အသုံးပြုခံခဲ့ရပြီး ဘတ်စ်ကားပတ်လည်တွင် ဆောင့်ကြောင့်ထိုင်နေခဲ့ကြသော သားကောင်များက ရှေ့သို့ ပြေးထွက်လာကြပြီး သူတို့ကို ဝိုင်းရိုက်ကြတော့သည်။
“တိရစ္ဆာန်ကောင်...” လက်တစ်ဖက်ပြတ်နေသော အဘိုးအိုက သစ်သားတုတ်တစ်ချောင်းကို ဆွဲယူကာ စတင် ရိုက်နှက်တော့သည်။
“ငါ့သမီးရဲ့ အသက်ကို ပြန်ပေး...” အမျိုးသမီးက လောချန်းယဲ့၏ မျက်နှာကို အရူးအမူး ကုတ်ခြစ်လိုက်၏။
“ဒါက လူတွေကို အမှိုက်လို ဆက်ဆံတာအတွက် သင်ခန်းစာပဲ...” လူငယ်က ဖန်ဟွေ့၏ ဗိုက်ကို ပြင်းပြင်းထန်ထန် ကန်လိုက်ပြန်သည်။
လက်သီးများနှင့် ကန်ချက်များက မိုးရွာသကဲ့သို့ ကျဆင်းလာပြီး ထိုလူဆယ်ဦးမှာ မကြာမီမှာပင် မှတ်မိနိုင်စရာ မရှိလောက်အောင် အရိုက်ခံလိုက်ရသော်လည်း သူတို့၏ နောက်ဆုံး ထွက်သက်ကို ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။
မိုးလင်းလာချိန်တွင် သူတို့ ထွက်ခွာတော့မည်ကို သိရှိသွားသော အခြေစိုက်စခန်းအတွင်းရှိ လူများက အရပ်မျက်နှာ အသီးသီးမှ စုရုံးလာကြပြီး မလှမ်းမကမ်းတွင် တိတ်ဆိတ်စွာ ရပ်နေခဲ့ကြသည်။
မျက်လုံးများ အားလုံးက တောက်ပနေသော ဘတ်စ်ကားပေါ်တွင် စူးစိုက်နေကြပြီး နောက်ထပ် တစ်စက္ကန့်လောက် ပိုကြည့်လိုက်လျှင် အံ့ဖွယ်တစ်ခုခု ဖြစ်လာနိုင်မည့်အလား ဖြစ်နေချေသည်။
“တကယ်... ကျွန်တော်တို့ ဆက်နေလို့ မရဘူးလား...” ယွမ်ကွမ်၏ အသံမှာ အက်ကွဲနေပြီး မပီမသ ဖြစ်နေကာ သူ၏ လေသံတွင် တမ်းတမှုများ ပြည့်နှက်နေချေသည်။
ဘတ်စ်ကားပေါ်တွင် ခရီးသွားခဲ့ရသော နေ့ရက်များက သူကမ္ဘာပျက်ခေတ်တွင် ရရှိခဲ့သော သက်တောင့်သက်သာအရှိဆုံး အချိန်များ ဖြစ်၏။
သို့သော် ထိုသို့သော နေ့ရက်များက သူ့အတွက် မပြီးဆုံးမီ ရက်အနည်းငယ်သာ ကြာမြင့်ခဲ့လေသည်။
ကျန်းယဲ့က ခေါင်းခါလိုက်၏။ ကားပြတင်းပေါက်က ဖြည်းညှင်းစွာ တက်လာပြီး တဖြည်းဖြည်း ပိတ်သွားသော ကွက်လပ်မှတစ်ဆင့် သူက တစ်ခုခု ပြောချင်သော်လည်း မပြောနိုင်သည့် မျက်နှာပေါင်းများစွာကို မြင်တွေ့နေရလေသည်။
အင်ဂျင်သံ ဟိန်းထွက်လာသည့် အခိုက်အတန့်တွင် အတူလိုက်ပါလာခဲ့သော အသက်ရှင်ကျန်ရစ်သူ ဆယ့်ရှစ်ဦးစလုံး၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်လျှံနေခဲ့သည်။
တောကန္တာရ၏ မိုးကုပ်စက်ဝိုင်းတွင် လုံးဝ ပျောက်ကွယ်သွားသည်အထိ သူတို့ကို ဤမျှလောက် စိတ်အေးချမ်းမှုပေးခဲ့သော ဘတ်စ်ကားကို မျက်လုံးမခွာဘဲ ကြည့်ကာ သူတို့ ထိုနေရာတွင် ရပ်နေခဲ့ကြသည်။
တောကန္တာရထဲတွင် အတန်ကြာ မောင်းနှင်ပြီးနောက် ကျန်းယဲ့သည် အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး လှည့်ကာ ကားထဲရှိ လူတိုင်းကို နောက်ပြောင်လိုက်၏။ “ပြန်ရောက်ရင် ပစ္စည်းတွေခွဲဖို့ ဟန်ကျိုးကို ချက်ချင်းလာဖို့ မမေ့နဲ့နော်... ”
သူ စကားပြောပြီးသည်နှင့် တပြိုင်နက် ဘတ်စ်ကား တစ်စီးလုံးက မျက်စိကျိန်းလောက်အောင် တောက်ပသော အဖြူရောင် အလင်းတန်းဖြင့် လွှမ်းခြုံခံလိုက်ရလေသည်။
တောက်ပသော အလင်းရောင် မှေးမှိန်သွားသောအခါ အဝေးပြေးလမ်းမကြီးပေါ်တွင် မောင်းနှင်နေသော ဘတ်စ်ကားမှာ အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားချေပြီ။
သူတို့ ဆယ်မျက်နှာ အခြေစိုက်စခန်းမှ ထွက်ခွာသွားပြီးနောက် လျှို့ဝှက်ဆန်းကြယ်သော ကမ္ဘာပျက်ခေတ် ကုန်တိုက်၏ ဒဏ္ဍာရီတစ်ခုသည် ဤကမ္ဘာတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
အခန်း ၁၇၀ပြီး၏။