အခန်း ၁၇၁
Vol. 18 Ch. 171
အခန်း (၁၇၁) အရပ်ရပ်မှ ပွက်လောရိုက်သွားခြင်း
ဘတ်စ်ကားသည် အချိန်နှင့် ဟင်းလင်းပြင် ဥမင်လိုဏ်ခေါင်းထဲတွင် ပေါ်လာပြီး ပတ်ဝန်းကျင်သည် ရုတ်တရက် နက်ရှိုင်းသော အမှောင်ထုထဲသို့ ကျဆင်းသွား၏။
အမှောင်ထုသည် မှင်ရည်ကဲ့သို့ ပျစ်ချွဲနေပြီး အလင်းနှင့် အသံအားလုံးကို ဝါးမျိုသွားနိုင်သည့်အလား ဖြစ်နေချေသည်။
ကျန်းခိုင်က ပြုံးဖြီးဖြီးဖြင့် ကျန်းယဲ့ကို အိုကေသင်္ကေတ ပြလိုက်၏။ လုချင်ဟယ်က ကျန်းယဲ့ကို လက်မထောင်ပြလိုက်ပြီး ပုံမှန်အားဖြင့် တည်ငြိမ်လေ့ရှိသော လီဇယ်ခိုင်၏ မျက်နှာပေါ်တွင်ပင် ရှားရှားပါးပါး အပြုံးတစ်ခု ပေါ်လာလေသည်။
“အိုကေ...” ရှန်ကျီရှားက ပြုံးလိုက်ရုံရှိသေးချိန်တွင် လီချင်း၏ အသံက လေထဲတွင် ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဖြူစင်သော အလင်းတန်းနှစ်ဆယ်က ရေတံခွန်တစ်ခုကဲ့သို့ ကျဆင်းလာပြီး လူတိုင်းကို ညင်သာစွာ ရစ်ပတ်သွားလေသည်။
အလင်းနှင့် အရိပ်များ ရောယှက်နေမှုကြားတွင် သူတို့၏ ပုံရိပ်များမှာ တဖြည်းဖြည်း ဖောက်ထွင်းမြင်နိုင်လာပြီး သူတို့၏ ထိုင်ခုံများမှ တစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်သွားကြ၏။
ကျန်းယဲ့သည် ဟာလာဟင်းလင်း ဖြစ်နေသော ကားတွဲထဲတွင် မတ်တပ်ရပ်ကာ ပျင်းရိစွာ အကြောဆန့်လိုက်လေသည်။
ထို့နောက် သူသည် ကားပြတင်းပေါက်မှတစ်ဆင့် ပြင်းထန်စွာ စီးဆင်းနေသော အချိန်နှင့် ဟင်းလင်းပြင် လှိုင်းတံပိုးများကို ကြည့်ကာ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်၏။ “ခုနစ်ရက်တာ ခရီးစဉ်ကတော့ နောက်ဆုံးမှာ ပြီးဆုံးသွားပြီပဲ...”
သူ စကားပြောမဆုံးမီမှာပင် သူ၏ ခြေအောက်မှ မျက်စိကျိန်းလောက်အောင် တောက်ပသော ရွှေရောင် အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
အလင်းရောင်ထဲတွင် ကျန်းယဲ့၏ ပုံရိပ်မှာ တဖြည်းဖြည်း ဖောက်ထွင်းမြင်နိုင်လာပြီး သူ၏ အင်္ကျီစွန်းများမှာ ရွှေရောင် ကြယ်မှုန်လေးများအဖြစ် စတင် ပြောင်းလဲသွားချေသည်။
လင်းအန်းမြို့၊ ကျိုးမိသားစုအိမ်
ဧည့်ခန်းထဲရှိ နံရံကပ်နာရီက တသီသီ မြည်နေပြီး ကျိုးမိသားစုသည် ဆိုဖာပတ်လည်တွင် ထိုင်ကာ သူတို့၏ မျက်နှာများတွင် စိုးရိမ်မှုနှင့် မျှော်လင့်ချက်များ ရောနှောနေချေသည်။
ကျိုးမိခင်သည် နာရီကို ဒသမအကြိမ်မြောက် ကြည့်လိုက်၏။ “ဝေးဝေး... သမီးအစ်ကိုက နောက်ဆယ့်လေးမိနစ်နေရင် တကယ် ပြန်ရောက်လာမှာလား”
“မေမေဟ... ဟိုဘက်ကမ္ဘာနဲ့ ဒီဘက်ကမ္ဘာ အချိန်စီးဆင်းမှု မတူဘူးဆိုတာ အင်တာနက်ပေါ်မှာ ပျံ့နေတာပဲ...” ကျိုးဝေးဝေးက သူမ၏ ဖုန်းကို ပွတ်ဆွဲရင်း ပြောလိုက်၏။ “အစ်ကိုက အဲဒီမှာ ခုနစ်ရက် ကြာမယ်လို့ ပြောပေမဲ့ ဒီမှာတော့ ဆယ့်လေးမိနစ်ပဲ ရှိသေးတာလေ...”
သူမ စကားပြောပြီးသည်နှင့် တပြိုင်နက် မျက်စိကျိန်းလောက်အောင် တောက်ပသော အဖြူရောင် အလင်းတန်းတစ်ခုက ဧည့်ခန်းအလယ်တွင် ရုတ်တရက် လင်းလက်သွားခဲ့သည်။
ကျိုးမိသားစုဝင်များသည် မသိစိတ်မှ အလိုအလျောက် မျက်လုံးမှိတ်လိုက်ကြပြီး ပြန်ဖွင့်ကြည့်လိုက်သောအခါ ကျိုးရှင်းကျီသည် ဘီးတပ်ကုလားထိုင်ပေါ်တွင် မတ်မတ် ထိုင်နေပြီ ဖြစ်၏။
“ရှင်းကျီ... သား ခြေထောက် ဘယ်လိုနေလဲ။ မျှော်လင့်ချက် ရှိသေးလား” သားဖြစ်သူကို မြင်မြင်ချင်း ကျိုးမိခင်က စိုးရိမ်တကြီး မေးလိုက်ခေသည်။
ကျိုးရှင်းကျီက ပြန်မဖြေဘဲ မိသားစု၏ စူးစိုက်ကြည့်နေမှုအောက်တွင် ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်၏။
သူသည် ထွက်သွားစဉ်က ဝတ်ဆင်ခဲ့သော ပေါ့ပေါ့ပါးပါး ဘောင်းဘီကိုပင် ဝတ်ဆင်ထားပြီး ယခုအခါ ဧည့်ခန်းအလယ်တွင် မတ်မတ်ရပ်နေကာ တမင်တကာပင် အကြိမ်အနည်းငယ် ခုန်ပြလိုက်သေးပေသည်။
ပုံမှန်အတိုင်း ပြန်ဖြစ်သွားသော သားဖြစ်သူကို ကြည့်ကာ ကျိုးဖခင်သည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီး သူ၏ မျက်လုံးများသာ အနည်းငယ် နီရဲလာခဲ့သည်။
ကျိုးမိခင်၏ မျက်ရည်များ ချက်ချင်း ပြည့်လျှံလာပြီး သူမ၏ တုန်ယင်နေသော လက်များက သားဖြစ်သူ၏ ခြေထောက်ကို ထိချင်သော်လည်း မထိရဲဖြစ်နေ၏။
ကျိုးဝေးဝေးက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။ “အစ်ကို... အစ်ကို... မတ်တပ်ရပ်နိုင်သွားပြီလား”
“မတ်တပ်ရပ်နိုင်ရုံတင် မကဘူး” ကျိုးရှင်းကျီက ပြုံးကာ ထိုနေရာတွင်ပင် လှည့်ပြလိုက်လေသည်။ “ပြေးနိုင်.. ခုန်နိုင်ပါပြီ”
ထို့နောက် သူက အိတ်ကပ်ထဲမှ အပြာရောင် တောက်ပနေသော ခရစ်စတယ်စွမ်းအင်တုံး တစ်တုံးကို ရုတ်တရက် ထုတ်လိုက်၏။ “ကြည့်... အစ်ကို ဒေသထွက်ကုန်တွေလည်း ယူလာသေးတယ်”
ကျိုးမိခင်သည် နောက်ဆုံးတွင် အသံထွက် ငိုကြွေးလိုက်ပြီး သားဖြစ်သူကို တင်းကျပ်စွာ ဖက်ထားလိုက်ပေသည်။
ကျိုးဖခင်ကလည်း မျက်ရည်များ ဝဲကာ သားဖြစ်သူ၏ ကျောကို အဆက်မပြတ် ပုတ်ပေးနေခဲ့သည်။
ကျိုးဝေးဝေးသည် အစ်ကိုဖြစ်သူကို ပတ်ပြေးကာ ရယ်တစ်လှည့် ငိုတစ်လှည့် ဖြစ်နေပြီး ထင်ယောင်ထင်မှား မဟုတ်ကြောင်း သေချာစေရန် ရံဖန်ရံခါ သူ၏ ခြေထောက်ကို လက်ဖြင့် ထိုးကြည့်နေခဲ့သည်။
ပြတင်းပေါက် အပြင်ဘက်တွင် နွေးထွေးသော နံနက်ခင်း နေရောင်ခြည်က ဇာခန်းဆီးများကို ဖြတ်သန်းဖြာကျနေပြီး ပွေ့ဖက်ထားကြသော မိသားစုလေးယောက်၏ ရှည်လျားသည့် အရိပ်များကို ထင်ဟပ်နေစေခဲ့သည်။
ကြမ်းပြင်ပေါ်တွင်မူ ကျိုးရှင်းကျီနှင့် သုံးနှစ်တိုင်တိုင် အတူရှိခဲ့သော ဘီးတပ်ကုလားထိုင်က နွေးထွေးသော အလင်းရောင်ကို တိတ်ဆိတ်စွာ ရောင်ပြန်ဟပ်နေချေသည်။
.......
ကျန်းချန် ဘတ်စ်ကား ၃၀၃.....
ဘတ်စ်ကားကို လမ်းဘေးတွင် ရပ်ထားပြီး ၎င်းပတ်လည်တွင် လုံခြုံရေးတားဆီးကြိုးများ တားထားခဲ့သည်။
ခရီးသည် မည်သူမျှ ကားပေါ်မှ မဆင်းကြချေ။ သူတို့အားလုံး ပြတင်းပေါက်များတွင် စုရုံးနေကြပြီး ရှန်ကျီရှား ပျောက်ကွယ်သွားခဲ့သော နေရာကို ဖုန်းများဖြင့် ချိန်ရွယ်ထားခဲ့ကြသည်။
သတင်းကြားသော လူများက ထိုနေရာသို့ အုံခဲလာကြသဖြင့် လမ်းပေါ်ရှိ လူအုပ်ကြီးမှာ ပိုမို ကြီးမားလာ၏။ အစားအစာ ပို့ဆောင်ရေး သမားများပင်လျှင် သူတို့၏ လျှပ်စစ်စက်ဘီးများကို ရပ်ကာ ခြေဖျားထောက် ကြည့်နေကြလေသည်။
“ဆယ်စက္ကန့် ကျန်သေးတယ်...” တစ်စုံတစ်ယောက်က နာရီကို စိုက်ကြည့်ကာ အော်လိုက်၏။
လူတိုင်း အသက်ရှူအောင့်ထားကြပြီး လေထုမှာ အေးခဲသွားသကဲ့သို့ ဖြစ်နေပေသည်။
ရုတ်တရက် မျက်စိကျိန်းလောက်အောင် တောက်ပသော အဖြူရောင်အလင်းတန်းတစ်ခုက ကားတွဲအလယ်တွင် ပေါက်ကွဲထွက်လာသဖြင့် လူတိုင်း မျက်လုံးမှိတ်လိုက်ကြရ၏။
အလင်းရောင် မှေးမှိန်သွားသောအခါ ရှန်ကျီရှားသည် သူမ၏ မူလထိုင်ခုံတွင် ဘာမှမဖြစ်ခဲ့သကဲ့သို့ ထိုင်နေချေပြီ။
‘သောက်ကျိုးနည်း... သူ တကယ် ပြန်ရောက်လာပြီဟ.. ’
“အား... ငါ မြင်လိုက်တယ်... တကယ် မြင်လိုက်တယ်... လူတစ်ယောက်က လေထဲကနေ ရုတ်တရက် ပေါ်လာတာ...”
“အို ဘုရားသခင်... အချိန်ခရီးသွားတာက တကယ် ရှိတာပဲ...”
ကားအပြင်ဘက်မှ စောင့်ကြည့်နေသော လူအုပ်ကြီးမှာ ချက်ချင်းပင် အားပေးသံများ၊ အော်ဟစ်သံများဖြင့် ဆူညံသွားပြီး ကင်မရာ ဓာတ်ပုံရိုက်သံများ လေထဲတွင် ပြည့်နှက်သွား၏။
လူငယ်အချို့သည် စိတ်လှုပ်ရှားစွာ ခုန်ပေါက်ကာ အော်ဟစ်လိုက်ကြလေသည်။ “အချိန်ခရီးသွားတာက တကယ် အစစ်အမှန်ပဲ... ”
ရှန်ကျီရှား အသိပြန်ဝင်လာချိန်တွင် သူမ၏ရှေ့ရှိ မြင်ကွင်းကြောင့် လန့်ဖြန့်သွားရသည်။
ကားပြတင်းပေါက် အပြင်ဘက်တွင် သူမ မြင်နိုင်သမျှမှာ မရေမတွက်နိုင်သော မျက်နှာများနှင့် သူမကို ဓာတ်ပုံရိုက်နေသော များပြားလှသည့် မိုဘိုင်းဖုန်း ကင်မရာများသာ ဖြစ်လေသည်။
သူမက မသိစိတ်မှ အလိုအလျောက် ပါးပြင်ကို စမ်းကြည့်လိုက်၏။ ‘ဒုက္ခပါပဲ... မိတ်ကပ်လိမ်းဖို့ မေ့သွားတယ်...’
(NT- ကိန်းတာ မစိုးရိမ်ဘူး........)
“မစ်ရှန်... ကျေးဇူးပြုပြီး ကျွန်တော်တို့နဲ့ လိုက်ခဲ့ပါ” ယူနီဖောင်းဝတ် ရဲအရာရှိ နှစ်ဦးက ယဉ်ကျေးစွာ ပြောလိုက်၏။
ရှန်ကျီရှားသည် ကားအပြင်ဘက်ရှိ ပင်လယ်ပြင်ကဲ့သို့ များပြားလှသော လူအုပ်ကြီးကို တစ်ချက်ကြည့်လိုက်ပြီး ရဲများနှင့်သာ မလိုက်သွားပါက ယနေ့ အပြင်ထွက်နိုင်မည် မဟုတ်ကြောင်း သူမ သိလိုက်ပေသည်။
ထို့ကြောင့် သူမက အရာရှိ နှစ်ဦးကို ခေါင်းညိတ်ပြလိုက်ပြီး အိတ်ကို ကောက်ကိုင်ကာ သူတို့နောက်မှ လိုက်သွားလိုက်လေသည်။
ကားပေါ်မှ ဆင်းပြီးနောက် ပတ်ဝန်းကျင် အရပ်မျက်နှာ အသီးသီးမှ မေးခွန်းများ ဆူညံစွာ ထွက်ပေါ်လာခဲ့သည်။
“ကမ္ဘာပျက်ခေတ်က ကြောက်စရာကောင်းလား...”
“ဇွန်ဘီတွေကို မြင်ခဲ့ရလား...”
“ကမ္ဘာပျက်ခေတ်က အန္တရာယ်များပြီး စိတ်လှုပ်ရှားစရာ ကောင်းလား။ ဗီဒီယိုတွေထဲက မြင်ရတဲ့အတိုင်းပဲလား...”
သူမက ဘာမှ မပြောရဲဘဲ ခေါင်းငုံ့ကာ ရဲအရာရှိနောက်မှသာ လိုက်သွားခဲ့သည်။
လုံခြုံရေးတားဆီးကြိုး အပြင်ဘက်ရှိ လူအုပ်ကြီးသည် ရေလှိုင်းကဲ့သို့ ရှေ့သို့ တိုးလာပြီး အဖြေများကို တောင်းဆိုနေကြသော်လည်း ကံကောင်းထောက်မစွာဖြင့် ရဲအရာရှိများက သူတို့ကို တားဆီးနိုင်ခဲ့သည်။
ရဲကားပေါ် ရောက်မှသာ သူမ၏ လက်ဖဝါးများ ချွေးထွက်နေကြောင်း ရှန်ကျီရှား သတိပြုမိလိုက်၏။
“မစိုးရိမ်ပါနဲ့...” ခရီးသည်ခုံရှိ အရာရှိက သူ၏ ရင်ထိုးတံဆိပ်ကို ထုတ်ပြလိုက်လေသည်။ “ကျွန်တော်တို့က အထူးကိစ္စရပ်များ စုံစမ်းစစ်ဆေးရေး ဗျူရိုက အရာရှိတွေပါ။ မှတ်တမ်းအမြန် ယူရုံပါပဲ... ပြီးရင် ခင်ဗျားကို အိမ်ပြန်ပို့ပေးပါ့မယ်”
အခြားတစ်ယောက်က ရှန်ကျီရှားကို ရေသန့်ဘူး တစ်ဘူး ကမ်းပေးလိုက်၏။ သူမက ရေကို ယူလိုက်သော်လည်း မသောက်ဘဲ လက်ထဲတွင်သာ ကိုင်ထားလိုက်သည်။
.......
ပေချန် တက္ကသိုလ် - စာသင်ခန်းမ
တစ်ချိန်က ကျယ်ဝန်းသော စာသင်ခန်းမကြီးသည် ယခုအခါ ပြည့်ကျပ်နေပြီး သတင်းကြား၍ ပြေးလာကြသော ကျောင်းသားများဖြင့် စင်္ကြံလမ်းများတွင်ပင် ပြည့်နှက်နေ၏။
ပါမောက္ခအချို့က စည်းကမ်းထိန်းသိမ်းရန် စင်မြင့်ပေါ်တွင် မတ်တပ်ရပ်နေရပြီး ကျောင်းအုပ်ကြီးနှင့် ကျောင်းအုပ်ချုပ်ရေးမှူးများက လုချင်ဟယ် ပျောက်ကွယ်သွားခဲ့သော နေရာနှင့် အနီးဆုံး ရှေ့ဆုံးတန်းတွင် ထိုင်နေခဲ့ကြသည်။
“လေထဲကနေ တကယ် ရုတ်တရက် ပေါ်လာနိုင်တယ်လို့ ကြားတယ်...”
“လူတစ်ယောက် ပျောက်သွားတာကို ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရတယ်လို့ ငါ့ အခန်းဖော်က ပြောတယ်..”
“ရှုး.. အချိန်စေ့ပြီ..”
စာသင်ခန်းတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားပြီး နောက်ဆုံးတန်းရှိ လွတ်နေသော ခုံဆီသို့ လူတိုင်း၏ မျက်လုံးများ စူးစိုက်သွားခဲ့ကြသည်။
ရုတ်တရက် မျက်စိကျိန်းလောက်အောင် တောက်ပသော အဖြူရောင် အလင်းတန်းတစ်ခုက ထိုင်ခုံပေါ်တွင် ပေါက်ကွဲထွက်လာသဖြင့် ပတ်ဝန်းကျင်ရှိ ကျောင်းသားများမှာ မျက်လုံးကို ကာလိုက်ရလေသည်။
အလင်းရောင် မှေးမှိန်သွားသောအခါ လုချင်ဟယ်သည် အပြစ်အနာအဆာကင်းစွာ ထိုနေရာတွင် မတ်တပ်ရပ်နေပြီး သူ၏ နှုတ်ခမ်းပေါ်တွင် သက်သောင့်သက်သာ အပြုံးတစ်ခု ရှိနေချေသည်။
“ဝါးးး..... ”
“သူ တကယ် ပြန်ရောက်လာပြီကွ...”
“သောက်ကျိုးနည်း.... တခြားလူတွေ အကုန် ပြောင်းလဲသွားသလို ခံစားရတယ်”
နားကွဲမတတ် အော်ဟစ်သံများကြောင့် လုချင်ဟယ် လန့်ဖြန့်သွားရသည်။ သူ မော့ကြည့်လိုက်သောအခါ သူ၏ တောက်ပသော မျက်လုံးများက သူ့ကို စူးစိုက်ကြည့်နေသော မျက်လုံး ရာပေါင်းများစွာနှင့် ဆုံတွေ့သွားပြီး သူ၏ မျက်နှာပေါ်ရှိ အပြုံးမှာ ချက်ချင်း အေးခဲသွားရသည်။
ကျောင်းအုပ်ကြီးက ရှေ့သို့ အပြေးအလွှား ရောက်လာခဲ့သည်။ “ရှောင်လု... ဘယ်လို ခံစားရလဲ”
“ဂျူနီယာ... ကမ္ဘာပျက်ခေတ်က ကြောက်စရာကောင်းလား” စီနီယာက တံခါးအပြင်ဘက်မှ အော်မေးလိုက်၏။
“ချင်ဟယ်... ကမ္ဘာပျက်ခေတ်က ဘယ်လိုမျိုးလဲ။ ပျော်စရာကောင်းလား... စိတ်လှုပ်ရှားစရာ ကောင်းလား” အတန်းတူ လူဝလေးက သိချင်စိတ် ပြင်းပြစွာဖြင့် မေးလိုက်ချေသည်။
မေးခွန်းပေါင်းများစွာကို ရင်ဆိုင်ရချိန်တွင် သူ ပါးစပ်ဟလိုက်သော်လည်း မည်သည့်အရာကို အရင်ဖြေရမှန်း မသိဖြစ်နေခဲ့ရသည်။
ဤအချိန်တွင် ကျောင်းအုပ်ကြီးက သူ၏ လက်ကို ဆုပ်ကိုင်လိုက်ပြီ ဖြစ်သည်။ “လာ... ရုံးခန်းသွားပြီး ဖြည်းဖြည်းချင်း ပြောကြတာပေါ့”
လူအုပ်ကြီး၏ စူးရှသော အကြည့်များကြားတွင် လုချင်ဟယ်ကို ကျောင်းအုပ်ချုပ်ရေးမှူးများက စာသင်ခန်းထဲမှ ခေါ်ထုတ်သွားလေသည်။
စင်္ကြံလမ်းတွင် မြင်ကွင်းကို စောင့်ကြည့်နေသော ကျောင်းသားများဖြင့် ပြည့်ကျပ်နေပြီး သူတို့၏ လက်ကိုင်ဖုန်း ဓာတ်မီးများက နေရာတစ်ခုလုံးကို လင်းထိန်နေစေခဲ့သည်။
သူ၏ နာမည်က ပေချန် တက္ကသိုလ်တစ်ခုလုံး ပဲ့တင်ထပ်သွားမည်ကို လုချင်ဟယ် သိလိုက်၏။
အခြား ခရီးသည်ဆယ့်ခုနစ်ဦး၏ အပြန်ခရီးသည်လည်း အတော်လေး ပွက်လောရိုက်သွားစေ၏။
မျက်မြင်တွေ့ရှိခဲ့သူများက နောက်ထပ် ဘာဖြစ်မည်ကို သိထားပြီး သူတို့ ပျောက်ကွယ်သွားပုံနှင့် ဆိုရှယ်မီဒီယာများပေါ်တွင် ပြန်လည်ပေါ်လာပုံ ဗီဒီယိုများကို ကြည့်ရှုခဲ့ဖူးသော်လည်း ဗီဒီယိုများထဲတွင် မြင်တွေ့ရခြင်းမှ ရရှိသော တုန်လှုပ်မှုက လေထဲမှ ရုတ်တရက် ပေါ်လာသည်ကို လူကိုယ်တိုင် မျက်မြင်တွေ့ရခြင်းနှင့် ယှဉ်လျှင် လုံးဝ ကွာခြားသော အဆင့်တစ်ခုတွင် ရှိနေချေသည်။
အခန်း ၁၇၁ပြီး၏။