← Chapters

အခန်း ၁၇၂

Vol. 18 Ch. 172

အခန်း ၁၇၂

Vol. 18 Ch. 172

အခန်း (၁၇၂) တစ်ယောက်ပြီး တစ်ယောက် သူဌေးဖြစ်လာကြခြင်း

​အိမ်ပြန်ရောက်ပြီးနောက် ခရီးသည် နှစ်ဆယ်ဦးသည် သူတို့၏ မိသားစုများ၊ ရဲအရာရှိများ သို့မဟုတ် ဆရာများအား အခြေအနေကို အကျဉ်းချုပ် ရှင်းပြလိုက်ကြပြီး ကျန်းယဲ့ကို ရှာဖွေရန် ဟန်ကျိုးသို့ သွားမည်ဖြစ်ကြောင်း ပြောပြလိုက်၏။

​အားလုံးကလည်း ဝမ်းမြောက်ဝမ်းသာ ခွင့်ပြုပေးလိုက်ကြပြီး အချို့ဆိုလျှင် မစောင့်နိုင်ဘဲ အမြန်ထွက်သွားရန်ပင် တိုက်တွန်းနေကြလေသည်။

​အနီးဆုံးတွင် ရှိနေသော ကျန်းခိုင်သည် တစ်နာရီအကြာတွင် ရီယဲ့ ခရီးသွားအေဂျင်စီအပြင်ဘက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

​သူ တံခါးကို တွန်းဖွင့်လိုက်ရာ ကျန်းယဲ့က လက်ဖက်ရည် စားပွဲရှေ့တွင် ပေါ့ပေါ့ပါးပါး ထိုင်ကာ ရေနွေးငွေ့များ တက်နေသော လက်ဖက်ရည်ကို ဖြည်းညှင်းစွာ သောက်နေသည်ကို တွေ့လိုက်ရ၏။

​“ဝါး.... မင်းက တော်တော် မြန်တာပဲ” ကျန်းယဲ့က မော့ပင် မကြည့်ဘဲ လက်ဖက်ရည် တစ်ခွက်ကို ပေါ့ပေါ့ပါးပါး ငှဲ့ပြီး တွန်းပေးလိုက်၏။

​ကျန်းခိုင်သည် ထိုင်ခုံတွင် ထိုင်ချလိုက်ပြီး မောက်မာစွာ ပြောလိုက်လေသည်။ “ဒါပေါ့... ကျွန်တော်က အရင်ဆုံး ရောက်လာတာမလား”

​ကျန်းယဲ့က အနည်းငယ် ပြုံးလိုက်၏။ “မင်းက အရင်ဆုံး မဟုတ်ဘူး...”

​သူက သူ၏ နောက်ဘက်ရှိ လသာဆောင်ဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။

​ကျန်းခိုင်က စိတ်ရှုပ်ထွေးစွာဖြင့် လှည့်ကြည့်လိုက်ရာ သာမန်အရပ်သား ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားနှစ်ဦးက လသာဆောင်ဘက်မှ လျှောက်လာသည်ကို တွေ့လိုက်ရ၏။

​သူတို့၏ ခြေလှမ်းများမှာ တည်ငြိမ်ပြီး သူတို့၏ အကြည့်များမှာ စူးရှနေကာ သာမန်လူများ မဟုတ်ကြောင်း ထင်ရှားနေပေသည်။

​ကျန်းခိုင်သည် သူတို့နှစ်ဦးကို သံသယဖြင့် ကြည့်လိုက်ပြီး ကျန်းယဲ့ကို မျက်လုံးဖြင့် မေးခွန်းထုတ်လိုက်၏။

​ကျန်းယဲ့သည် လက်ဖက်ရည်ကို တစ်ငုံသောက်ကာ သူတို့နှစ်ဦးကို ကြည့်လိုက်ပြီး “မင်းတို့ကိုယ်တိုင် မိတ်ဆက်ပေးလိုက်ပါ” ဟု ပြောလိုက်သည်။

​“ချန်ချင်း.... အထူးကိစ္စရပ်များ စုံစမ်းစစ်ဆေးရေး ဗျူရိုက ဝန်ထမ်းတစ်ဦးပါ”

​“လင်ရှောင်... ”

​ဤထူးဆန်းသော အမည်ကို ကြားလိုက်ရသဖြင့် ကျန်းခိုင်သည် ချက်ချင်းပင် စကားစု းတစ်ခုကို သတိရသွား၏။ “သောက်ကျိုးနည်း... ခင်ဗျားတို့က ဒဏ္ဍာရီလာ ၇၄၉ ဗျူရိုက လူတွေ ဖြစ်မနေဘူးလား... ”

​သူတို့နှစ်ဦးသည် အချင်းချင်း ကြည့်ကာ ပြုံးလိုက်ကြပြီး အတည်ပြုခြင်းလည်း မလုပ်သလို ငြင်းဆိုခြင်းလည်း မပြုကြချေ။

​ဤတုံ့ပြန်မှုကြောင့် ကျန်းခိုင် ချက်ချင်း သဘောပေါက်သွားရသည်။

​အချို့အရာများကို မသိတာက ပိုကောင်းပေသည်။

​သူသည် သူ၏ ပါးစပ်ကို ပိတ်လိုက်ပြီး လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ တစ်ကျိုက်တည်း မော့သောက်လိုက်၏။ သို့သော် အလွန်ပူနေသဖြင့် လျှာကို ထုတ်လိုက်ရရာ အနီးရှိသူများ အားလုံး ရယ်မောလိုက်ကြလေသည်။

​နေ့လယ် လေးနာရီတွင် ရီယဲ့ခရီးသွားအေဂျင်စီ၏ စောင့်ဆိုင်းခန်းမှာ လူများနှင့် ပြည့်နှက်နေပြီ ဖြစ်၏။

​လီချင်းက နောက်ဆုံးမှ ရောက်လာခဲ့သည်။ သူမ အလျင်စလို တံခါးတွန်းဖွင့်လိုက်ရာ လူတိုင်းက သူမကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။

​“တောင်းပန်ပါတယ်... ကျွန်မနေတဲ့ မြို့က ဟန်ကျိုးနဲ့ အတော်လေး ဝေးလို့ပါ...” သူမက ရှက်ရွံ့စွာ ရှင်းပြလိုက်လေသည်။ သို့သော် ထောင့်တွင် ထိုင်နေသော မရင်းနှီးသော အမျိုးသား နှစ်ဦးကို မြင်လိုက်ရသောအခါ သူမ၏ အမူအရာမှာ ခေတ္တမျှ ရပ်တန့်သွားပြီး မျက်လုံးများတွင် သံသယ အရိပ်အယောင်များ ပေါ်လာခဲ့ရသည်။

​ချန်ချင်းနှင့် လင်ရှောင်တို့မှာ အလေ့အကျင့်အတိုင်း တစ်ယောက်ပြီးတစ်ယောက် မိတ်ဆက်လိုက်ကြ၏။

​“ချန်ချင်း... အထူးကိစ္စရပ်များ စုံစမ်းစစ်ဆေးရေး ဗျူရိုမှ ဝန်ထမ်းပါ”

​“လင်ရှောင်....”

​၎င်းမှာ သူတို့၏ အကြိမ်နှစ်ဆယ်မြောက် မိတ်ဆက်ခြင်း ဖြစ်သော်လည်း သူတို့၏ လေသံမှာ အလွန် တိကျပြတ်သားနေဆဲပင်။

​“ကောင်းပြီ... လူစုံပြီ” ကျန်းယဲ့က လက်ခုပ်တီးလိုက်ပြီး သူ၏ စနစ်သိုလှောင်ခန်းထဲမှ ပစ္စည်းများကို စတင် ထုတ်ယူလိုက်၏။

​ပထမဆုံး ထွက်လာသည်မှာ ရွှေချောင်းအချို့ ဖြစ်ပြီး သစ်သားစားပွဲပေါ်သို့ တုံးတိတိ ကျရောက်သွားခဲ့သည်။

​နောက်တွင်မူ ကျောက်စိမ်း အသုံးအဆောင် အမျိုးမျိုးတို့မှာတောင်ငယ်လေး တစ်လုံးကဲ့သို့ ပုံနေချေသည်။

​နောက်ဆုံးတွင် ခရစ်စတယ်စွမ်းအင်တုံးများ ဖြစ်၏။

​အရောင်စုံလင်သော ခရစ်စတယ်များမှာ နေရောင်အောက်တွင် အိမ်မက်ဆန်သော အလင်းတန်းများ ဖြာထွက်နေပြီး စောင့်ဆိုင်းခန်းတစ်ခုလုံးမှာ ပိုမို တောက်ပလာသယောင် ရှိလေသည်။

​အခြားသူများအတွက် ခရစ်စတယ်စွမ်းအင်တုံးများက ထူးဆန်းမနေတော့သော်လည်း ပထမဆုံးအကြိမ် မြင်ဖူးသည့် ချန်ချင်းနှင့် လင်ရှောင်တို့အတွက်မူ ကွဲပြားခြားနားနေချေသည်။

​သူတို့၏ မျက်လုံးများမှာ ခရစ်စတယ်စွမ်းအင်တုံးများပေါ်တွင်သာ စူးစိုက်နေခဲ့ကြသည်။ ဤနေရာသို့ လာရခြင်းမှာ အခြားကမ္ဘာမှ ယူဆောင်လာသော ဒေသထွက်ကုန်များကို ရယူရန် ဖြစ်၏။

​ကျန်းယဲ့က ရွှေ၊ ငွေနှင့် ကျောက်စိမ်းများကို ဘေးသို့ ဖယ်လိုက်ပြီး “ဒါတွေကို ဈေးကွက်ပေါက်ဈေးနဲ့ တန်ဖိုးဖြတ်ပြီး ရင်းနှီးမြှုပ်နှံမှု အချိုးအစားအတိုင်း ခွဲဝေပေးမယ်”

​အားလုံးက သဘောတူကြောင်း ခေါင်းညိတ်လိုက်ကြ၏။ ၎င်းမှာ သူတို့ ကြိုတင် ဆွေးနွေးထားပြီး ဖြစ်လေသည်။

​ထို့နောက် သူက တောက်ပနေသော ခရစ်စတယ်စွမ်းအင်တုံးများဘက်သို့ လက်ညှိုးထိုးပြလိုက်၏။ “အဓိက အပိုင်းက ဒါပဲ။ အများစုက အဆင့်တစ်၊ အနည်းငယ်က အဆင့်နှစ်ပဲ။ အဆင့်တစ်နဲ့ အဆင့်နှစ်ကို အဆဆယ်ဆ ခြားပြီး လဲလှယ်ကြမယ်။ အားလုံး သဘောတူလား...”

​“သဘောတူပါတယ်...”

​“တရားမျှတပါတယ်...”

​တွက်ချက်မှုများ ပြုလုပ်ပြီးနောက် ရင်းနှီးမြှုပ်နှံမှု အချိုးအစားအတိုင်း ခွဲဝေပေးလိုက်ကြ၏။

​လီဇယ်ခိုင်တို့ ငါးဦးအဖွဲ့မှာ ၄၀% နီးပါး ရရှိခဲ့ပြီး ၎င်းကို မည်သည့်နေရာတွင် အသုံးပြုမည်ကို လူတိုင်း နားလည်ထားကြသည်။

​ထိုအချိန်တွင် ကျောင်းသူများဖြစ်သော လီချင်းနှင့် လုချင်ဟယ်တို့မှာ ၁၅ ခုစီသာ ရရှိခဲ့သည်။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ခါးသီးစွာ ပြုံးလိုက်ကြ၏။ သူတို့မှာ အစကတည်းက အနည်းဆုံး ရင်းနှီးမြှုပ်နှံနိုင်ခဲ့သော ဆင်းရဲသည့် ကျောင်းသူလေးများ မဟုတ်ပါလော။

​အားလုံး တာဝန်ခွဲဝေပြီးနောက် လင်ရှောင်နှင့် ချန်ချင်းတို့သည် စားပွဲဆီသို့ လျှောက်သွားလိုက်၏။

​“ခင်ဗျားတို့အားလုံး...” လင်ရှောင်က ပတ်ဝန်းကျင်ကို ကြည့်ကာ ပြောလိုက်၏။ “ကျွန်တော်တို့က အထူးစုံစမ်းစစ်ဆေးရေး ဗျူရိုကို ကိုယ်စားပြုပြီး ခင်ဗျားတို့ဆီမှာ ရှိတဲ့ ခရစ်စတယ်စွမ်းအင်တုံး အားလုံးကို ဝယ်ယူချင်ပါတယ်...”

​စောင့်ဆိုင်းခန်းထဲတွင် ချက်ချင်း တိတ်ဆိတ်သွားလေသည်။

​လူတိုင်း ကျန်းယဲ့၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေခဲ့ကြသည်။

​ကျန်းယဲ့သည် လက်ဖက်ရည်ကို ပေါ့ပေါ့ပါးပါး သောက်ပြီး မေးလိုက်၏။ “ဈေးက ဘယ်လောက်လဲ...”

​ချန်ချင်းသည် သူ၏ လက်ဆွဲအိတ်ထဲမှ စာရွက်စာတမ်း တစ်စောင်ကို ထုတ်ယူလိုက်သည်။ “အဆင့်တစ် ခရစ်စတယ်စွမ်းအင်တုံး တစ်တုံးကို ယွမ် ၅၀၀,၀၀၀၊ အဆင့်နှစ် တစ်တုံးကို ၅ သန်း ဈေးနှုန်း သတ်မှတ်ထားပါတယ်....”

​ဤဈေးနှုန်းမှာ သူတို့နှစ်ဦး အထက်လူကြီးများနှင့် တိုင်ပင်ပြီး အမြတ်ခွဲဝေမှု ဆွေးနွေးချိန်တွင် အတည်ပြုချက် ရရှိထားသော ဈေးနှုန်းပင်။

​ဤဈေးနှုန်းကြောင့် လူအများမှာ အံ့အားသင့်သွားကြရသည်။

​လီချင်းက စိတ်ထဲတွင် မြန်မြန်တွက်ချက်လိုက်ရာ သူမ၏ လက်ထဲရှိ ခရစ်စတယ်စွမ်းအင်တုံး ၁၅ တုံးမှာ ၇.၅ သန်းနှင့် ညီမျှနေသည်ကို တွေ့လိုက်ရ၏။

​ခရီးမသွားမီက သူမသည် ယွမ် ၂,၅၀၀ သာ ရှိသော ဆင်းရဲသည့် ကျောင်းသူလေး ဖြစ်ခဲ့ပေသည်။

​ယခုပြန်ရောက်လာချိန်တွင် သူမမှာ သန်းကြွယ်သူဌေး ဖြစ်သွား၏။

​ထို့နောက် သူမသည် နောင်တရသွားရသည်။ ဒါလောက် ဖြစ်လာမယ်ဆိုတာ သိရင် နှစ်သစ်ကူးလက်ဆောင်ငွေတွေကို ပိုပြီး ဂရုတစိုက် သုံးခဲ့သင့်တာ။

​လီချင်းသည် ရောင်းချရန် သဘောတူတော့မည့် အချိန်တွင် ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ကျန်းယဲ့ဘက်သို့ လှည့်ကြည့်လိုက်၏။

​ချက်ချင်းပင် သူမသည် ချန်ချင်းနှင့် လင်ရှောင်တို့ အပါအဝင် အားလုံး၏ အကြည့်များမှာ ကျန်းယဲ့ပေါ်တွင်သာ ရှိနေသည်ကို သတိပြုမိလိုက်လေသည်။

​ကျန်းယဲ့မှာ သူတို့၏ စိုက်ကြည့်ခြင်းကို ခံရသဖြင့် ရယ်မောရခက် ဖြစ်သွားရသည်။ “ဘာလို့ အားလုံး ငါ့ကို ကြည့်နေကြတာလဲ...”

​သူက ပခုံးတွန့်လိုက်၏။ “ငါက လမ်းပြပဲ။ ရောင်းမရောင်းက မင်းတို့ ကိစ္စလေ”

​သူ့ကိုယ်သူ လမ်းပြလေးဟု ခေါ်ဆိုသည်ကို ကြားသောအခါ ချန်ချင်း၏ နှုတ်ခမ်းများ သိသိသာသာ တွန့်သွားရသည်။

​လင်ရှောင်က ကောင်းကင်ကို ကြည့်ကာ စကားမပြောနိုင်အောင် ဖြစ်သွားချေသည်။ အချိန်ခရီးသွားခြင်းကို ထိန်းချုပ်နိုင်သူတစ်ယောက်က ဘယ်လိုလုပ် လမ်းပြလေး ဖြစ်နိုင်မည်နည်း။

​“ဒါပေမဲ့...” ကျန်းယဲ့သည် စကားလမ်းကြောင်းပြောင်းလိုက်ပြီး လင်ရှောင်နှင့် အခြားသူများကို ကြည့်ကာ ပြုံးလိုက်၏။ “သူတို့ မရောင်းဘူးဆိုရင် ဈေးတိုးပေးလိုက်လေ။ ဈေးတန်သွားရင် ရောင်းချင်တဲ့သူ ပေါ်လာမှာပါ...”

​လင်ရှောင်နှင့် ချန်ချင်းတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြလေသည်။

​ထို့နောက် ကျန်းယဲ့သည် အခြားသူများဘက်သို့ လှည့်ကာ “ရောင်းမရောင်းက မင်းတို့သဘောပဲ” ဟု ပြောလိုက်သည်။

​ကျန်းယဲ့သည် မရောင်းနဲ့ဟုလည်း မပြောသလို အကုန်ရောင်းလိုက်ဟုလည်း မပြောခဲ့ချေ။

​နောက်ပိုင်းမှာ တစ်ယောက်ယောက်က နောင်တရသွားရင် သူ့ကို အပြစ်တင်ကြမှာပေါ့။

​သူ ပြောစရာရှိတာ ပြောပြီးပြီဖြစ်ရာ တိတ်ဆိတ်စွာဖြင့် လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ ဖြည်းညှင်းစွာ သောက်လိုက်ပြီး “မင်းတို့ဘာသာ ဆွေးနွေးကြ” ဟူသော သဘောမျိုးဖြင့် နေလိုက်၏။

​စောင့်ဆိုင်းခန်းမှာ ချက်ချင်းပင် ဆူညံသွားရတော့သည်။

​လီဇယ်ခိုင်က မတ်တပ်ရပ်ကာ လင်ရှောင်နှင့် အခြားသူများကို တောင်းပန်စကား ပြောလိုက်၏။ “ကျွန်တော်တို့ ဝေစုကို အထက်လူကြီးဆီ အပ်ရမှာပါ။ နောက်ပိုင်း ဘယ်လို ကိုင်တွယ်မလဲဆိုတာ ခင်ဗျားတို့ အထက်လူကြီးတွေက ကျွန်တော်တို့ အထက်လူကြီးတွေနဲ့ တိုက်ရိုက် ဆက်သွယ်လို့ ရပါတယ်...”

​လင်ရှောင်နှင့် ချန်ချင်းတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ခေါင်းညိတ်လိုက်ကြ၏။

​အခြားစနစ်များအကြား ပူးပေါင်းဆောင်ရွက်မှုမှာ သူတို့၏ အဆင့်ထက် ကျော်လွန်နေချေသည်။

​ထို့နောက် နှစ်ဦးစလုံးက ကျန်ရှိနေသော ခရီးသည် ၁၅ ဦးဘက်သို့ အာရုံစိုက်လိုက်ကြ၏။

​အပြန်အလှန် ညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် နောက်ဆုံး ဈေးနှုန်းမှာ အဆင့်တစ် ခရစ်စတယ်စွမ်းအင်တုံး တစ်တုံးလျှင် ၆၀၀,၀၀၀ နှင့် အဆင့်နှစ် တစ်တုံးလျှင် ၆ သန်းသို့ ရောက်ရှိသွားလေသည်။

​လီချင်းသည် ကျန်းခိုင်က ပစ္စည်းများ၏ သုံးပုံတစ်ပုံကိုသာ ရောင်းချသည်ကို သတိပြုမိလိုက်၏။

​ကျန်းခိုင်သည် အရင်တစ်ခေါက်က ငွေအများကြီး ရထားပြီးသား ဖြစ်သဖြင့် ငွေမလိုကြောင်း သူမ သိပေသည်။ ဤရောင်းချမှုမှာ အထူးဌာနကို မျက်နှာသာပေးရန်သာ ဖြစ်၏။

​“ကျွန်မ... ကျွန်မ ထက်ဝက်ပဲ ရောင်းမယ်” လီချင်းက အချိန်အတော်ကြာ စဉ်းစားပြီးနောက် ပြောလိုက်၏။

​သူမ၏ မိသားစုမှာ ချောင်လည်နေသဖြင့် ငွေလိုအပ်သော်လည်း အရေးပေါ် အခြေအနေအတွက် ခရစ်စတယ်စွမ်းအင်တုံး အချို့ကို ချန်ထားချင်သေးပေသည်။

​အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲ ဘယ်သူသိနိုင်မည်နည်း.......

(NT- လက်တွေ့ကမ္ဘာလဲ ပြောင်းလဲလာနိုင်ပါတယ်......)

အခန်း ၁၇၂ပြီး၏။

All Chapters