← Chapters

အခန်း ၁၇၃

Vol. 18 Ch. 173

အခန်း ၁၇၃

Vol. 18 Ch. 173

အခန်း (၁၇၃) ခရီးသွားရင်း သူဌေးဖြစ်လာခြင်း

​ဤမြင်ကွင်းကို ကြည့်ပြီး လုချင်ဟယ်သည်လည်း သူ၏ ပစ္စည်းများထဲမှ တစ်ဝက်ကို ရောင်းချလိုက်၏။

​အခြား ခရီးသွားများတွင်လည်း ဆင်းရဲသော မိသားစုမှ လာသူများ သို့မဟုတ် ငွေကြေးအရေးပေါ် လိုအပ်နေသူ သုံးဦးမှလွဲ၍ ကျန်သူအများစုမှာ ခရစ်စတယ်စွမ်းအင်တုံး သုံးပုံတစ်ပုံမှ တစ်ဝက်အထိ သိမ်းဆည်းထားရန် ရွေးချယ်ခဲ့ကြသည်။

​“ကျွန်တော် နားလည်ပါတယ်... အကုန် နားလည်ပါတယ်” လင်ရှောင်က ခရစ်စတယ်စွမ်းအင်တုံးများကို ရေတွက်ရင်း ပြုံးလျက် ပြောလိုက်၏။ “ဒီစွမ်းအင်တုံးတွေကို ဂရုတစိုက် သိမ်းထားပေးပါ။ အနာဂတ်မှာ ထပ်ရောင်းချင်တယ်ဆိုရင် ဒီနံပါတ်ကို ဖုန်းဆက်လိုက်ပါ...”

​လူတိုင်းသည် စီးပွားရေးကတ်ပြားများကို ယူကာ နံပါတ်များကို မှတ်သားထားလိုက်ကြလေသည်။

​အရောင်းအဝယ် ပြီးဆုံးသွားချိန်တွင် စောင့်ဆိုင်းခန်းထဲရှိ လေထုမှာ ပို၍ တည်ငြိမ်လာလေသည်။

​နေဝင်ချိန်တွင် ကျန်းယဲ့က အိမ်ရှင်တစ်ဦးအနေဖြင့် လူတိုင်းကို ဒေသတွင်း နာမည်ကြီး စားသောက်ဆိုင် တစ်ခုသို့ ခေါ်သွားလိုက်သည်။

​ကျန်းခိုင်သည် ဆိုင်ထဲသို့ ဝင်ဝင်ချင်း “ဒီနေ့တော့ တစ်ဝကြီး စားကြမယ်...” ဟု အသံကုန် အော်ဟစ်လိုက်၏။

​၎င်းကြောင့် လူတိုင်း ရယ်မောကုန်ကြသည်။

​တကယ်တော့ ဤကမ္ဘာပျက်ခေတ်ခရီးစဉ်၏ အကြီးမားဆုံး အနိုင်ရသူမှာ ကျန်းယဲ့ ဖြစ်ကြောင်း လူတိုင်း သိထားကြလေသည်။

​သူသည် သူတို့၏ စီးပွားရေးလုပ်ငန်းတွင် ပါဝင်ခြင်း မရှိသော်လည်း ဆယ်မျက်နှာအခြေစိုက်စခန်းမှ ခေါင်းဆောင်များထံမှ သူ သိမ်းယူခဲ့သော ခရစ်စတယ်စွမ်းအင်တုံး အရေအတွက်မှာ သူတို့အားလုံး ပေါင်းထားသည်ထက် ဆယ်ဆမက ပိုများနိုင်ချေသည်။

​သီးသန့်အခန်းထဲတွင် ဖန်ခွက်ချင်း တိုက်သံများ၊ အရက်သောက်သံများဖြင့် စည်ကားနေပြီး အရက် အကြိမ်ကြိမ် သောက်ပြီးနောက်...

​လူတိုင်း အစားအစာ စားသောက်ပြီး ဆိုင်မှ ထွက်ခွာချိန်တွင် ညနက်နေချေပြီ။

​အရက်၏ အရှိန်ကြောင့် ကျန်းခိုင်သည် ကျန်းယဲ့၏ နားသို့ ကပ်ကာ တီးတိုးပြောလိုက်၏။ “အစ်ကိုကျန်း... အဲဒီ ခေါင်းဆောင်ဟောင်း ဆယ်ယောက်မှာ အခုလောက်နဲ့တင် မပြီးလောက်ဘူး.... သူတို့မှာ တခြား ဝှက်ထားတဲ့ ရတနာတွေ ရှိဦးမယ်လို့ ထင်တယ်။ ယုန်လိမ္မာမှာ အပေါက်သုံးပေါက်ရှိတယ်ဆိုတဲ့အတိုင်းပဲလေ”

​သူသည် နောင်တရနေသော အမူအရာဖြင့် စကားပြောပြီးနောက် ကျန်းယဲ့၏ မျက်နှာအမူအရာမှာ စိတ်ဝင်စားမှုမရှိဘဲ ပုံမှန်အတိုင်း ဖြစ်နေသည်ကို သတိပြုမိသွား၏။ သူက အံ့သြစွာဖြင့် မေးလိုက်လေသည်။ “အစ်ကို ဘာမှ နောင်တ မရဘူးလား...”

​ကျန်းယဲ့သည် လက်ကို အိတ်ကပ်ထဲ ထည့်ကာ အဝေးရှိ နီယွန်မီးရောင်များ ထွန်းညှိထားသော လမ်းမများကို ငေးကြည့်ရင်း ရယ်မောလိုက်၏။ “ဒါက လုံလောက်တာထက် ပိုနေပါပြီ။ ရှိတာနဲ့ပဲ ကျေနပ်လိုက်တာကောင်းတယ်... ဘာလို့ ဒီလောက်တွေးနေရမှာလဲ”

​ကျန်းခိုင်မှာ အစပိုင်းတွင် အံ့အားသင့်သွားပြီးနောက် ရုတ်တရက် နားလည်သွားရသည်။

​ကျန်းယဲ့၏ စွမ်းရည်များဖြင့် သူသည် အချိန်မရွေး ပစ္စည်းသွားစုရန် ကမ္ဘာပျက်ခေတ်သို့ ပြန်သွားနိုင်လေသည်။ သူကတော့ အလကား အာရုံစိုက်နေမိတာပဲ။

​၎င်းကို တွေးမိကာ သူ ခေါင်းခါရင်း ရယ်မောလိုက်ပြီး ကျန်းယဲ့၏ ပခုံးကို ဖက်ကာ ကားပါကင်ဆီသို့ လျှောက်သွားလိုက်လေသည်။

​နွေဦးအစောပိုင်း၏ လတ်ဆတ်သော လေညင်းများ တိုက်ခတ်လာပြီး လေထုတစ်ခုလုံးမှာ စိတ်အေးချမ်းသာဖွယ် ကောင်းနေခဲ့သည်။

​ကျန်းယဲ့သည် အခြားသူများကို ကားပေါ် တင်ပေးလိုက်ပြီး သူတို့ ထွက်ခွာသွားသည်ကို ကြည့်နေလိုက်၏။

​လီဇယ်ခိုင်တို့ ငါးဦးအဖွဲ့ ထွက်ခွာတော့မည့် အချိန်တွင် ကျန်းယဲ့က သူတို့ကို ပြန်ခေါ်လိုက်လေသည်။

​“ခဏစောင့်... အရေးကြီးတာ တစ်ခု ပြောစရာရှိတယ်”

​ထိုစကားကို ကြားသောအခါ လီဇယ်ခိုင်တို့ ငါးဦးမှာ ကျောရိုးတစ်လျှောက် ကြက်သီးများ ထသွားရသည်။

​ထို့နောက် ကျန်းယဲ့က လင်ရှောင်နှင့် ချန်ချင်းတို့ဘက်သို့ လှည့်ကြည့်လိုက်၏။

​သုံးဦးစလုံးသည် အချင်းချင်း နားလည်မှုဖြင့် လင်ရှောင်၏ အနက်ရောင် ဆီဒင်ကားပေါ်သို့ တက်သွားလိုက်ကြသည်။ ကားတံခါး ပိတ်သွားသည်နှင့် လင်ရှောင်က တိုက်ရိုက်ပင် အကြောင်းအရာကို စတင်လိုက်၏။

​“မစ္စတာကျန်း... ခင်ဗျားဆီမှာ ရှိတဲ့ ခရစ်စတယ်စွမ်းအင်တုံးတွေကို ကျွန်တော်တို့ ဝယ်ယူချင်ပါတယ်”

​သူတို့သည် အမြတ်ဝေစုအများစုအား မရရှိခဲ့သော်လည်း အခြားသူများ၏ အမူအရာများနှင့် ရံဖန်ရံခါ ပြောဆိုသည့် စကားများအရ ကျန်းယဲ့ထံတွင် ခရစ်စတယ်စွမ်းအင်တုံး များစွာ ရှိနေကြောင်း သိထားကြလေသည်။

​ကားပြတင်းပေါက် အပြင်ဘက်မှ နီယွန်မီးရောင်များက မှန်ကို ဖြတ်သန်းကာ ကျန်းယဲ့၏ မျက်နှာပေါ်တွင် အရိပ်အမျိုးမျိုး ထင်ဟပ်နေခဲ့သည်။

​သူက အနည်းငယ် ပြုံးလိုက်၏။ “ရပါတယ်... ဒါပေမဲ့ အခြေအနေတစ်ခုတော့ ရှိတယ်”

​“ပြောပါ... ”

​“ကျွန်တော် ခင်ဗျားတို့ရဲ့ ခရစ်စတယ်စွမ်းအင်တုံး သုတေသန ရလဒ်တွေကို တတ်နိုင်သမျှ မြန်မြန် သိချင်တယ်...” ကျန်းယဲ့က လက်ညှိုး တစ်ချောင်းကို ထောင်ပြကာ ပြောလိုက်၏။

​လင်ရှောင်က တုံ့ဆိုင်းခြင်း မရှိဘဲ ချက်ချင်း ပြန်ဖြေလိုက်သည်။ “ပြဿနာ မရှိပါဘူး...”

​သူက အနည်းငယ် ပြုံးလိုက်ကာ “တကယ်တော့ ကျွန်တော်တို့ ရေရှည် ပူးပေါင်းဆောင်ရွက်ချင်ပါတယ်”

​ကျန်းယဲ့ ခေါင်းညိတ်လိုက်၏။

​နှစ်ဖက်စလုံးမှာ အခြေအနေကို ကောင်းကောင်း နားလည်ထားကြခေသည်။

​အထူးဌာနက သူ့ထံမှ ခရစ်စတယ်စွမ်းအင်တုံးများ ပိုမို ရရှိရန် လိုအပ်သကဲ့သို့ သူကလည်း တရားဝင် သုတေသန ရလဒ်များကို လိုအပ်၏။

​အချို့အရာများကို ပွင့်ပွင့်လင်းလင်း ပြောစရာ မလိုသော်လည်း အခြေအနေများကိုမူ ရှင်းရှင်းလင်းလင်း သတ်မှတ်ထားရမည် ဖြစ်သည်။

​သဘောတူညီချက်မှာ လျင်မြန်စွာ ရရှိသွားလေသည်။

​ကျန်းယဲ့သည် အဆင့်တစ် ခရစ်စတယ်စွမ်းအင်တုံး ငါးဆယ်နှင့် အဆင့်နှစ် ဆယ်တုံးကိုသာ ရောင်းချလိုက်ပြီး ပိုမိုမြင့်မားသည့် အဆင့်များကိုမူ မရောင်းခဲ့ပေ။

​“အလုပ်လုပ်ရတာ ဝမ်းသာပါတယ်”... ချန်ချင်းက ရွှေရောင် စာသားများ ရိုက်နှိပ်ထားသော စီးပွားရေးကတ်ပြားကို ပေးလိုက်၏။ “တစ်ခုခု လိုအပ်ရင် အချိန်မရွေး ဆက်သွယ်ပေးပါ...”

​သူတို့နှစ်ဦး ထွက်ခွာတော့မည့် အချိန်တွင် ကျန်းယဲ့က ချန်ချင်းနှင့် လင်ရှောင်ကို သူနှင့်အတူ ခရီးသွားလာရေး အေဂျင်စီသို့ ပြန်လိုက်ခဲ့ရန် အချက်ပြလိုက်သည်။

​နှစ်ဦးစလုံး အံ့သြနေသော်လည်း သူတို့ နောက်မှ လိုက်ပါသွားကြလေသည်။

​အဖွဲ့ ပြန်ရောက်ပြီးနောက် ကျန်းယဲ့သည် တံခါးကို ပိတ်လိုက်ကာ သူတို့ကို ထိုင်ခိုင်းပြီး စိတ်အေးစေရန် လက်ဖက်ရည် ငှဲ့ပေးလိုက်၏။

​သူကိုယ်တိုင် တစ်ခွက် ငှဲ့သောက်ပြီးနောက် ကျန်းယဲ့က ခုနစ်ဦးကို တိုက်ရိုက် ပြောလိုက်လေသည်။ “ကျွန်တော် ခရီးသွားအေဂျင်စီရဲ့ ဂုဏ်သတင်းကို မြှင့်တင်ဖို့ လိုနေတယ်....”

​ခုနစ်ဦးစလုံး တိတ်ဆိတ်နေပြီး နောက်တစ်ဆင့် ဘာဖြစ်လာမလဲဆိုတာ စောင့်ဆိုင်းနေခဲ့ကြသည်။

​ကျန်းယဲ့က ဆက်ပြောလိုက်သည်။ “နာမည်ကြီးလာပြီဆိုရင် ကျွန်တော်တို့ ကျင့်ကြံခြင်းကမ္ဘာဆီ ခရီးစတင်နိုင်ပြီ...”

​ကျင့်ကြံခြင်းကမ္ဘာ.....

​ခုနစ်ဦးစလုံး တစ်ပြိုင်နက်တည်း အသက်ရှူမှားသွားကြရသည်။

​ချန်ချင်းမှာ လက်ဖက်ရည်သောက်ရင်း လည်ချောင်းထဲ စူးသွားပြီး လင်ရှောင်၏ သူငယ်အိမ်များ ကျုံ့ဝင်သွားကာ ပုံမှန်အားဖြင့် တည်ငြိမ်လေ့ရှိသော လီဇယ်ခိုင်တို့ အဖွဲ့မှာလည်း မတ်တပ်ရပ်မိမတတ် ဖြစ်သွားကြ၏။

​ဤစကားလုံး လေးလုံးက သူတို့၏ စိတ်ထဲတွင် ပေါက်ကွဲသွားပြီး မရေမတွက်နိုင်သော ဖြစ်နိုင်ခြေများကို ပုံဖော်လိုက်ခေသည်။

​ဓားဖြင့် ပျံသန်းခြင်း...... အင်မော်တယ်.... တောင်များကို ရွှေ့ခြင်း... အရေးအကြီးဆုံးမှာ အင်မော်တယ်ဟူသော စကားလုံးပင်။

​သူတို့၏ အံ့အားသင့်နေသော မျက်နှာများကို မြင်သောအခါ ကျန်းယဲ့က ရယ်မောကာ မေးလိုက်၏။ “နားလည်တယ် မဟုတ်လား...”

​ခုနစ်ဦးစလုံးမှာ စိတ်ထဲရှိ မုန်တိုင်းများကို အတင်းအကျပ် ဖိနှိပ်လိုက်ပြီး အချင်းချင်း ကြည့်လိုက်ကြ၏။

​ချန်ချင်းက အရင်ဆုံး တုံ့ပြန်လိုက်လေသည်။ “မစ္စတာကျန်း... စိတ်ချပါ.... ကျွန်တော်တို့ ဒီကိစ္စကို ချက်ချင်း အစီရင်ခံလိုက်ပါ့မယ်....”

​လင်ရှောင်က သူ၏ မျက်လုံးများတွင် ထူးဆန်းသော အလင်းတန်း တစ်ခု လက်ခနဲ ဖြစ်သွားပြီး “အထက်လူကြီးတွေက ခင်ဗျားနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပါလိမ့်မယ်။ စည်းလုံးညီညွတ်မှုကို တစ်စုံတစ်ယောက်က လျှို့ဝှက်ဖျက်ဆီးတာကို ကျွန်တော်တို့ လုံးဝ ခွင့်မပြုပါဘူး” ဟု ပြောလိုက်၏။

​လီဇယ်ခိုင်က အသက်ပြင်းပြင်း ရှူကာ တည်ကြည်စွာ ခေါင်းညိတ်လိုက်လေသည်။ “ကျွန်တော်တို့ ပြန်ရောက်တာနဲ့ အစီရင်ခံပါ့မယ်။ ကျွန်တော်တို့ အထက်လူကြီးတွေက ဒီကိစ္စကို အရမ်း အရမ်း အလေးထားလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်...”

​ကျန်းယဲ့က ကျေနပ်စွာ ပြုံးလိုက်၏။

​“ဒါဆို... ပူးပေါင်းဆောင်ရွက်ရတာ ဝမ်းသာပါတယ်....” ကျန်းယဲ့က လက်ဖက်ရည်ခွက်ကို မြှောက်လိုက်လေသည်။

​ခုနစ်ဦးစလုံးမှာ သူတို့၏ ခွက်များကို မြှောက်လိုက်ကြပြီး စိတ်ထဲရှိ လှိုင်းထန်နေသော ခံစားချက်များကို ထိန်းချုပ်ရန် ကြိုးစားနေခဲ့ကြသည်။

​ဤသတင်းသည် အစိုးရ အမြင့်ဆုံးအဆင့်သို့ ရောက်သွားပါက မည်မျှ ကြီးမားသော မုန်တိုင်းကို ဖြစ်စေမည်ကို သူတို့ အားလုံး သိရှိထားကြသည်။

​စကားပုံအတိုင်းပင်... လျှို့ဝှက်ချက်ဆိုသည်မှာ ထာဝရ ဖုံးကွယ်ထား၍ မရချေ။

​ထိုခရီးသွားများ သူတို့၏ နေရပ်သို့ ပြန်သွားချိန်တွင် သူတို့၏ ကြီးမားသော ချမ်းသာကြွယ်ဝမှု သတင်းမှာ တောမီးကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။

​“ကြားပြီးပြီလား... ကမ္ဘာပျက်ခေတ်ကို သွားတဲ့လူတွေ သန်းချီပြီး ချမ်းသာလာကြတယ်တဲ့...”

​“တစ်ယောက်ဆိုရင် သန်းတစ်ရာကျော်တောင် ရလိုက်တာ... သန်းတစ်ရာကျော်နော်...”

​သတင်းသည် အင်တာနက်ပေါ် ပျံ့နှံ့သွားချိန်တွင် ထိပ်ဆုံးသို့ ရောက်သွားခဲ့သည်။

​ဆိုရှယ်မီဒီယာများရှိ ခေါင်းစဉ်ဆယ်ခုလုံးမှာ ၎င်းနှင့် ပတ်သက်နေချေသည်။

​#ကမ္ဘာပျက်ခေတ်ခရီးသွားအဖွဲ့ချမ်းသာလာခြင်း#

​#ရီယဲ့ခရီးသွားလာရေးအေဂျင်စီ#

​#အချိန်ခရီးသွားတာတကယ်ရှိတယ်#

​...

​【အံ့အားသင့်စရာ... သာမန် တက္ကသိုလ်ကျောင်းသား တစ်ဦး အချိန်ခရီးသွားရာမှ ခုနစ်ရက်အကြာတွင် သန်းတစ်ရာကျော် ချမ်းသာလာခြင်း】

​မီဒီယာတစ်ခုမှ သတင်းခေါင်းစဉ်က အင်တာနက် တစ်ခုလုံး ပျံ့နှံ့သွား၏။

​ရီယဲ့ခရီးသွားလာရေး အေဂျင်စီ၏ တရားဝင် အကောင့်တွင် Followဦးရေမှာ သိန်းဂဏန်းမှ သန်းတစ်ရာကျော်အထိ မြင့်တက်လာခဲ့သည်။

​ဗီဒီယိုအသစ်၏ မှတ်ချက်နေရာတွင် စက္ကန့်တိုင်း ရာနှင့်ချီ၍ အသစ်ပြန်ဖြစ်နေချေသည်။

​【ဒါရိုက်တာကျန်း... ကျွန်တော့်ကို ကြည့်ပါ.... နောက်တစ်ခေါက် သွားဖို့ ကျွန်တော့်ရှိတာ အကုန်ရောင်းပေးမယ်...】

​【နေရာ အရေအတွက် တိုးပေးပါ... နှစ်ဆပေးပါ့မယ်....】

​【အဖွဲ့သစ်က ဘယ်တော့ စမလဲ။ အိမ်ကို ရောင်းဖို့ အသင့်ပါပဲနော်...】

​‘ငါ အရမ်း မနာလိုဖြစ်လိုက်တာ... တကယ်ကို မနာလိုဖြစ်တာ..’

​‘ဘာလို့ ငါ့ကို မရွေးတာလဲကွ...’

​【ဖေဖေကျန်း၊ ကျွန်တော်ပါ.... သားလေ.... သားကို ကြည့်ပါဦးဗျ...】

​ကျော်ကြားသော ဖိုရမ်တစ်ခုတွင် “ငါ့သူငယ်ချင်း ကမ္ဘာပျက်ခေတ် ခရီးသွားအဖွဲ့ထဲ ပါသွားတယ်... အခုတော့...” ဟူသော ပို့စ်က ကြည့်ရှုသူ သန်းတစ်ဆယ်ကျော် ရှိနေခဲ့သည်။

​မူရင်း ပို့စ်တင်သူ၏ ချတ်မှတ်တမ်းတွင် သူငယ်ချင်းဖြစ်သူက “အိမ်ဝယ်ဖို့လောက်ပဲ ရလိုက်တာ... အဓိကက ခရစ်စတယ်စွမ်းအင်တုံးတွေက အရမ်း တန်ဖိုးကြီးလို့လေ” ဟု ပေါ့ပေါ့ပါးပါး ပြောထားလေသည်။

​တိုအင်တွင် “ကျိုးရှင်းကျီ ပြန်ရောက်ပြီးနောက် အခြေအနေ - မသန်စွမ်းဖြစ်နေရာမှ လုံးဝ ပျောက်ကင်းသွားခြင်း” ဟူသော ဗီဒီယိုကို အကြောင်းအရာ ဖန်တီးသူ တစ်ဦးက တင်ထားပြန်သည်။

ဗီဒီယိုတွင် ကျိုးရှင်းကျီ၏ အရင်နှင့် အခု ဘဝကို နှိုင်းယှဉ်ပြထားပြီး 【ဆယ့်လေးမိနစ် အချိန်ခရီးသွားခြင်း၊ ဘဝသစ်တစ်ခု】 ဟု စာတန်းထိုးထားခဲ့သည်။

​မှတ်ချက်များတွင် အံ့အားသင့်သံများဖြင့် ပြည့်နှက်နေလေသည်။

​‘ဒါက တကယ့်ကို ဆေးပညာ အံ့ဖွယ်ပဲ...’

​【ဒီသဘောဆိုရင် ခေတ်သစ်ကမ္ဘာမှာ မပျောက်ကင်းနိုင်တဲ့ ရောဂါတွေက တခြားကမ္ဘာမှာ ပျောက်ကင်းနိုင်ခြေ ရှိတယ်ဆိုတဲ့ သဘောလား။ အာ... ဒါက အရမ်း မှော်ဆန်တာပဲ】

​【ဆေးကုဖို့ ငွေကုန်ကြေးကျများပြီး ဒေဝါလီခံရမယ့် မိသားစုတွေအတွက် မျှော်လင့်ချက် ရှိလာပြီဟေ့...】

အခန်း ၁၇၃ပြီး၏။

All Chapters