အခန်း ၁၇၄
Vol. 18 Ch. 174
အခန်း (၁၇၄) မုံ့ပေါ်တောင်
လင်းအန်းမြို့၊ ကျိုးမိသားစုအိမ်
နံနက်ခင်း နေရောင်ခြည်သည် ပြတင်းပေါက်မှတစ်ဆင့် ဧည့်ခန်းထဲသို့ ဖြာကျနေခဲ့သည်။ ကျိုးရှင်းကျီသည် မိသားစုဝင်များ ဖက်ထုပ်လုပ်ရန် ပြင်ဆင်နေကြစဉ် သူ၏ မိခင်ကို ဟင်းသီးဟင်းရွက် ဆေးကြောရာတွင် ကူညီပေးနေ၏။
ရုတ်တရက် တံခါးဘဲလ် တီးသံ ထွက်ပေါ်လာလေသည်။
သာမန်အရပ်သား ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားနှစ်ဦးက တံခါးအပြင်ဘက်တွင် ရပ်နေပြီး အထူးကိစ္စရပ်များ စုံစမ်းစစ်ဆေးရေး ဗျူရိုမှ သူတို့၏ သက်သေခံ လက်မှတ်များကို ပြသလိုက်ကြသည်။
“သူတို့က လင်ရှောင်နဲ့ ချန်ချင်း မဟုတ်ဘူးလား...” ကျိုးရှင်းကျီက မရင်းနှီးသော လူနှစ်ဦးကို ကြည့်ပြီး တွေးလိုက်၏။
“ခင်ဗျား မကြာခင် သူ့ကို တွေ့ရပါလိမ့်မယ်” ဧည့်သည်က ယဉ်ကျေးစွာ ပြန်ဖြေလေသည်။
မီးဖိုချောင်ထဲမှ ကျိုးမိခင်၏ အသံ ထွက်ပေါ်လာခဲ့သည်။ “ရှင်းကျီ... ဘယ်သူလဲ”
ကျိုးရှင်းကျီက အခန်းထဲသို့ လှမ်းအော်လိုက်၏။ “ဘာမှ မဟုတ်ပါဘူး... အဆင်ပြေပါတယ်”
ထို့နောက် သူသည် ထိုနှစ်ဦးကို ကြည့်ကာ မေးလိုက်၏။ “ခင်ဗျားတို့ နှစ်ယောက် ဘာကိစ္စနဲ့ ရောက်လာတာလဲ....”
ခေါင်းဆောင် အမျိုးသားက တည်ငြိမ်စွာ ပြောလိုက်၏။ “မစ္စတာကျိုး... ခင်ဗျားကို ဆေးရုံမှာ စေ့စပ်သေချာတဲ့ စစ်ဆေးမှုတွေ လုပ်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ဒါက ပုံမှန် စစ်ဆေးမှုသက်သက်ပါ.... အချိန်အကြာကြီး မကြာပါဘူး”
ကျိုးရှင်းကျီသည် သူ၏ ခြေထောက်ကို ငုံ့ကြည့်လိုက်ရာ ၎င်းမှာ ဖြစ်လာနိုင်ကြောင်း သူ ကြိုတင် တွေးထားပြီး ဖြစ်၏။
ကျိုးမိဘနှစ်ဦးမှာ ထိုစကားများကို ကြားလိုက်ရပြီး သူတို့၏ အမူအရာများမှာ ချက်ချင်း ပြောင်းလဲသွားရသည်။
ကျိုးဝေးဝေး၏ မျက်နှာမှာ အလွန် ပြာနှမ်းသွားပြီး သူမ၏ အစ်ကိုဖြစ်သူကို စိုးရိမ်တကြီး ကြည့်လိုက်၏။
ကျိုးမိသားစု၏ အမူအရာကို မြင်သောအခါ ခေါင်းဆောင် အမျိုးသားက ရှင်းပြလိုက်ခေသည်။ “လူကြီးမင်းတို့ အထင်မလွဲပါနဲ့... ကျွန်တော်တို့က သူ့ခြေထောက် တကယ်ပဲ လုံးဝ ပျောက်ကင်းသွားပြီလားဆိုတာကို ရိုးရှင်းတဲ့ စစ်ဆေးမှုပဲ လုပ်မှာပါ...”
ဤကဲ့သို့သော အထူးဌာနနှင့် ဆက်ဆံရသည့်အခါ ငြင်းဆန်ခြင်းမှာ အသုံးမဝင်ချေ။
ကျိုးရှင်းကျီက သူ၏ မိခင်၏ ပခုံးကို နှစ်သိမ့်သည့်အနေဖြင့် ပုတ်လိုက်လေသည်။ “မေမေ... အဆင်ပြေပါတယ်။ သား ခဏနေ ပြန်လာခဲ့မယ်”
“သား....” ကျိုးမိခင်က စိုးရိမ်တကြီး ပြောလိုက်၏။
ကျိုးရှင်းကျီသည် ဖုန်းယူရန် ဧည့်ခန်းထဲ ဝင်သွားပြီး ကျန်းယဲ့ထံသို့ စာတို ပို့လိုက်ကာ သူတို့နှစ်ဦးနှင့်အတူ ထွက်ခွာသွားလိုက်သည်။
လင်းအန်း ဗဟိုဆေးရုံသို့ ရောက်သောအခါ ကျိုးရှင်းကျီသည် သူ၏ ရှေ့မှ မြင်ကွင်းကြောင့် မှင်သက်သွားရသည်။
ဆေးရုံဝင်ပေါက်တွင် လုံခြုံရေးဝန်ထမ်းများစွာ ရှိနေပြီး စင်္ကြံလမ်း၏ ဘေးနှစ်ဖက်တွင် အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသော ကျွမ်းကျင်သူများနှင့် ပညာရှင်များက စောင့်ဆိုင်းနေခဲ့ကြသည်။
တီဗွီပေါ်တွင် မကြာခဏ မြင်တွေ့ရတတ်သော ထင်ရှားသည့် ဆေးပညာရှင် အချို့ကို သူ မှတ်မိလိုက်၏။
“မစ္စတာကျိုး... ဒီဘက်ကို ကြွပါ” ရွှေရောင်ကိုင်း မျက်မှန်တပ်ထားသော သက်ကြီး ပါမောက္ခ တစ်ဦးက ရှေ့မှ ဦးဆောင်သွားလိုက်သည်။
စစ်ဆေးခန်း အတွင်းတွင် ခေတ်မီ ဆေးပညာ ကိရိယာမျိုး ပြည့်နှက်နေခဲ့သည်။
ကျွမ်းကျင်သူ တစ်ဒါဇင်ကျော်က သူ့ကို ဝိုင်းရံထားပြီး ဓာတ်မှန်ရိုက်ခြင်းမှ MRI စစ်ဆေးခြင်းအထိ၊ မျိုးဗီဇ စစ်ဆေးခြင်းမှ ဆဲလ်လုပ်ဆောင်ချက် ခွဲခြမ်းစိတ်ဖြာခြင်းအထိ သူ၏ ခြေထောက်ကို အလွန် အသေးစိတ် စစ်ဆေးနေကြ၏။
“ဒါ မယုံနိုင်စရာပဲ...” မျက်နှာပြင်ပေါ်ရှိ ပုံရိပ်များကို စိုက်ကြည့်ရင်း ဆံပင်ဖြူ ပါမောက္ခတစ်ဦးက တိုးညင်းစွာ ရေရွတ်လိုက်၏။ “ဒါက ခေတ်မီ ဆေးပညာရဲ့ ယုတ္တိဗေဒကို လုံးဝ ဆန့်ကျင်နေတာပဲ...”
စစ်ဆေးမှုမှာ ခြောက်နာရီကြာအောင် ကြာမြင့်ခဲ့သည်။
ကျိုးရှင်းကျီ နောက်ဆုံးတွင် စစ်ဆေးခန်းမှ ထွက်လာသောအခါ လင်ရှောင်နှင့် ချန်ချင်းတို့က စင်္ကြံလမ်း အဆုံးတွင် J ဝတ်စုံ ဝတ်ဆင်ထားသူ အချို့နှင့် တိတ်တဆိတ် စကားပြောနေသည်ကို တွေ့လိုက်ရလေသည်။
သူ ထွက်လာသည်ကို မြင်သောအခါ လူတိုင်း စကားပြောခြင်းကို ချက်ချင်း ရပ်လိုက်ကြသည်။
“မစ္စတာကျိုး...” လင်ရှောင်က ရှေ့သို့ တိုးလာပြီး ရေဘူး တစ်ဘူး ပေးလိုက်ခေသည်။ “ပူးပေါင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားရဲ့ စစ်ဆေးမှု ရလဒ်တွေက အများကြီး ပြောင်းလဲသွားနိုင်ပါတယ်....”
တစ်ချိန်တည်းမှာပင် ဟန်ကျိုးတွင် ကျန်းယဲ့သည် ကျိုးရှင်းကျီထံမှ စာတို ရရှိသောအခါ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ခေသည်။
【ဒါရိုက်တာကျန်း... အထူးစုံစမ်းစစ်ဆေးရေး ဗျူရိုက ကျွန်တော့်ကို ကျန်းမာရေး စစ်ဆေးမှု လုပ်ဖို့ ခေါ်သွားတယ်.... အခု ပြန်လာနေပါပြီ။】
ကျန်းယဲ့သည် သူ၏ လက်ချောင်းဖြင့် အသာအယာ တို့လိုက်ပြီး 【နားလည်ပပြီ】ဟု အလျင်အမြန် ပြန်စာ ပို့လိုက်ကာ ဖုန်းကို စားပွဲပေါ် တင်လိုက်သည်။
‘အဆင်ပြေပါစေလို့ပဲ ဆုတောင်းရမှာပေါ့...’
ခြောက်နာရီ ကြာပြီးနောက် ကျိုးရှင်းကျီကို ဖုန်းခေါ်ရန် ဖုန်းကို ကောက်ကိုင်လိုက်စဉ် ဖုန်းမှာ ထပ်မံ တုန်ခါလာလေသည်။
【အိမ်ကို ဘေးကင်းစွာ ရောက်ပါပြီ.... စစ်ဆေးမှုတွေ အားလုံး ပုံမှန်ပါပဲ... မိဘတွေလည်း စိတ်အေးသွားပါပြီ။】
ကျန်းယဲ့သည် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်၏။
သူ ပြန်စာ ပို့လိုက်လေသည် - 【ကောင်းကောင်း အနားယူလိုက်ပါ.... တစ်ခုခု ဖြစ်လာရင် ချက်ချင်း ဆက်သွယ်ပါ။】
ကျန်းယဲ့သည် ဖုန်းကို ချကာ သူ၏ နားထင်ကို ပွတ်လိုက်မိသည်။
ခရီးသွားများကို သုတေသန ဘာသာရပ်များအဖြစ် အသုံးပြုလိုက်ပါက ဖြစ်လာမည့် နောက်ဆက်တွဲ ဆိုးကျိုးများကို သူ အသိဆုံးပင်။
ကံကောင်းထောက်မစွာဖြင့် ကျိုးရှင်းကျီမှာ ဘေးကင်းစွာ ရှိနေသဖြင့် သူ စိတ်အေးသွားရသည်။
ကျန်းယဲ့သည် ကျင့်ကြံခြင်း ကမ္ဘာအကြောင်းကို စောစီးစွာ ထုတ်ဖော်ပြသခဲ့ခြင်းမှာလည်း ဤအချက်ကို ထည့်သွင်း စဉ်းစားထားခြင်း မရှိသည်တော့ မဟုတ်ချေ။
ကျန်းယဲ့သည် ပျော့ပျောင်းသော ဆိုဖာပေါ်တွင် မှီထိုင်လိုက်ကာ မျက်လုံးများကို မှိတ်ပြီး အနားယူလိုက်ပြီး စနစ်၏ မျက်နှာပြင်ကို ခေါ်လိုက်လေသည်။ “စနစ်... ဒီကမ္ဘာပျက်ခေတ်မှာ ဦးဆောင်ခဲ့တဲ့အတွက် ဆုလာဘ်တွေကို တွက်ချက်ပေး....”
[ဒင်..... ဤကမ္ဘာပျက်ခေတ် ခရီးသွားမစ်ရှင် ပြီးဆုံးပါပြီ။]
[အခြေခံ ဆုလာဘ် - သက်တမ်း + ၁၀၅ ရက်၊ ဘောနပ်စ် ၁.၄ သန်း (၅၈၅၈ ဖြင့် အဆုံးသတ်သော အကောင့်ထဲသို့ ထည့်သွင်းပြီးပါပြီ)]
ဤအရေအတွက်ကို ကြားသောအခါ ကျန်းယဲ့သည် မျက်ခွံပင် မပင့်လိုက်ချေ။
လွန်ခဲ့သော တစ်လက ၁.၄ သန်းဆိုလျှင် သူ့ကို ပျော်ရွှင်စေရန် လုံလောက်သော်လည်း ယခုအခါတွင်မူ သူ၏ စာရင်းထဲမှ ပမာဏ တစ်ခုမျှသာ ဖြစ်နေပေသည်။
ဘာပဲဖြစ်ဖြစ် သူသည် မနေ့က တစ်ရက်တည်းဖြင့် ယွမ် သန်း ၉၀ ရရှိခဲ့သူ မဟုတ်ပါလော။
ထို့ကြောင့် ငွေပမာဏ အနည်းငယ်မှာ သူ၏ စိတ်ခံစားချက်ကို လှုပ်ခတ်စေလိမ့်မည် မဟုတ်ချေ။
ကျန်းယဲ့သည် မနေနိုင်ဘဲ စိတ်ထဲမှ သက်ပြင်းချလိုက်၏။ “တစ်နေ့နေ့မှာ ၁.၄ သန်းကို စိတ်မဝင်စားတော့တဲ့အထိ ဖြစ်လိမ့်မယ်လို့ မထင်ထားခဲ့မိဘူး”
“တကယ်ပါပဲ... အခု ငါတို့ လိုအပ်နေတာ ငွေ မဟုတ်တော့ဘူး...”
သူသည် သူ၏ မေးစေ့ကို ပွတ်သပ်လိုက်ပြီး သက်တမ်း တိုးမြှင့်သွားကြောင်း အသိပေးချက်ပေါ်သို့ သူ၏ အကြည့် ကျရောက်သွားခဲ့သည်။
သုံးလကျော်မျှသော သက်တမ်းမှာ ရှည်သည်လည်း မဟုတ် တိုသည်လည်း မဟုတ်ချေ။
နောက်ခဏ၌ စနစ်မျက်နှာပြင်မှာ ဖြည်းညှင်းစွာ ပိတ်သွားလေသည်။ ကျန်းယဲ့သည် ကိုယ်ဆန့်လိုက်ပြီး သူ၏ စိတ်ထဲမှ ရေရွတ်လိုက်၏။ “ဘာလို့ ဒီနေ့ ဘာမစ်ရှင်မှ မလာတာလဲ။ တစ်ရက်လောက် အနားယူရမလား...”
သူ စကားပြောပြီးသည်နှင့် တပြိုင်နက် ရင်းနှီးနေသော အီလက်ထရောနစ် အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
[ဒင်... ခရီးသွား လမ်းညွှန် မစ်ရှင်အသစ် ထွက်ပေါ်လာပါသည် - ကျေးဇူးပြုပြီး ခရီးသွား ၂၀ ဦးကို အေဒီ၁၉၃၅ မုံပေါ်တောင်သို့ တစ်ရက်တာ ခရီးစဉ် (၂၄ နာရီ) ပို့ဆောင်ပေးပါ။ ဈေးနှုန်း - တစ်ဦးလျှင် ယွမ် ၂,၀၀၀။ ရယူမည့် နည်းလမ်း - အွန်လိုင်းမှ ကြိုတင်စာရင်းပေးခြင်း (ရီယဲ့ ခရီးသွားအေဂျင်စီ တိုရင်အကောင့်)။ ကြိုတင်စာရင်းပေးမည့် ကာလ - ၄၈ နာရီ။ ကြိုတင်စာရင်းပေးခြင်းကို ၄၈ နာရီ နောက်ပိုင်းတွင် ဖွင့်လှစ်ပေးပါမည်]
[မစ်ရှင် ဆုလာဘ် - သက်တမ်း ၁၄ ရက်၊ ယွမ် ၄၀၀,၀၀၀။]
ကျန်းယဲ့သည် ရက်စွဲကို ကြည့်လိုက်ပြီး တည်နေရာကို ကြည့်လိုက်၏။
အချိန်တန်ပြီပေါ့။
ကျန်းယဲ့သည် ကွန်ပျူတာရှေ့တွင် ထိုင်ကာ သူ၏ အတွေးများကို စနစ်တကျ စီစဉ်လိုက်၏။
ထို့နောက် ကင်မရာကို ဖွင့်လိုက်ပြီး အလင်းရောင်နှင့် ဆက်တင်များကို ချိန်ညှိကာ မှတ်တမ်းတင်ရန် ခလုတ်ကို နှိပ်လိုက်ခေသည်။
“အားလုံးပဲ မင်္ဂလာပါ.... ခရီးသွားဝါသနာရှင်များခင်ဗျား.... ကျွန်တော်က ရီယဲ့ခရီးသွားအေဂျင်စီက လမ်းညွှန် ကျန်းယဲ့ပါ...” သူသည် ကင်မရာကို ကြည့်ကာ ပရော်ဖက်ရှင်နယ် အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “ကျွန်တော်တို့ အချိန်ခရီးသွား ပရောဂျက် အသစ်တစ်ခုကို စတင်တော့မှာပါ။ အေဒီ ၁၉၃၅ မုံ့ပေါ်တောင်သို့ တစ်ရက်တာ ခရီးစဉ်ပဲ ဖြစ်ပါတယ်....”
ဗီဒီယိုထဲတွင် ကျန်းယဲ့သည် သပ်ရပ်သော ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး နောက်ခံတွင် မုံ့ပေါ်တောင်၏ ချဲ့ထားသော ရှေးဟောင်းဓာတ်ပုံတစ်ပုံ ရှိနေခဲ့သည်။
“ဒီခရီးစဉ်က ၂၄ နာရီ ကြာမှာဖြစ်ပြီး တစ်ဦးလျှင် ယွမ် ၂,၀၀၀ ကျသင့်ပါတယ်” ထို့နောက် သူ့အမူရာက လေးနက်သွားခဲ့သည်။ “အထူး သတိပေးချက် - ဒီခရီးစဉ်က အတော်လေး စိန်ခေါ်မှုများပါတယ်။ တောင်တက် အတွေ့အကြုံ ရှိသူများ၊ အထူးသဖြင့် အမြင့်ပေ မြင့်မားသော နှင်းတောင်များတွင် အတွေ့အကြုံ ရှိသူများကိုသာ စာရင်းပေးသွင်းရန် တိုက်တွန်းလိုပါတယ်။ တစ်ချိန်တည်းမှာပဲ ဆေးဘက်ဆိုင်ရာ အတွေ့အကြုံရှိတဲ့ ခရီးသွားတွေကိုလည်း ကြိုဆိုပါတယ်....”
စာရင်းပေးသွင်းခြင်းကို သန်ဘက်ခါနေ့ နံနက် ၁၁:၀၀ နာရီတိတိတွင် ရီယဲ့ခရီးသွားအေဂျင်စီ၏ တရားဝင် အကောင့်မှတစ်ဆင့် ဖွင့်လှစ်ပေးပါမည်။ နေရာ အကန့်အသတ်ရှိသဖြင့် ၂၀ ဦးသာ လက်ခံပါမည်။
သူသည် ခေတ္တရပ်လိုက်ပြီး သူ၏ လေသံမှာ လေးနက်လာခဲ့ပြန်သည်။ “ဒါက သာမန် ခရီးစဉ် မဟုတ်ကြောင်း သတိပြုပေးပါ။ အေဒီ၁၉၃၅ က မုံ့ပေါ်တောင်ရဲ့ ပတ်ဝန်းကျင်က အရမ်း ကြမ်းတမ်းပြီး ပါဝင်သူများက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အပြည့်အဝ ပြင်ဆင်ထားရန် လိုအပ်ပါတယ်”
ဗီဒီယိုအဆုံးတွင် ကျန်းယဲ့က အားပေးသော အပြုံးဖြင့် ပြောလိုက်၏။ “မင်းတို့နဲ့အတူ ဒီလေးစားဖွယ်ကောင်းတဲ့ ခရီးစဉ်ကို ပြန်လည် ခြေရာခံဖို့ မျှော်လင့်နေပါတယ်....”
မှတ်တမ်းတင်ပြီးနောက် ကျန်းယဲ့ဟာ ဗီဒီယိုကို တိုရင်တရားဝင် အကောင့်သို့ ချက်ချင်း တင်လိုက်၏။
“မှန်ကန်တဲ့ ခရီးသွားတွေကို ရွေးချယ်နိုင်လိမ့်မယ်လို့ မျှော်လင့်ရတာပဲ....” ကျန်းယဲ့က ဖုန်းကို စားပွဲပေါ် တင်လိုက်ရင်း ရေရွတ်လိုက်၏။
ဤဗီဒီယိုက အွန်လိုင်းတွင် မည်မျှ ဆူညံပွက်လောရိုက်သွားမည်ကို သူ ကြိုတင် သိပေသည်။
ထင်သည့်အတိုင်းပင် ကျန်းယဲ့၏ ဗီဒီယိုမှာ တင်ပြီး ဆယ်မိနစ် မကြာမီမှာပင် မှတ်ချက်ပေးသည့်နေရာတွင် ပေါက်ကွဲသွားတော့သည်။
အခန်း ၁၇၄ပြီး၏။