အခန်း ၁၇၅
Vol. 18 Ch. 175
အခန်း (၁၇၅) စည်းရုံးခြင်း
အင်တာနက် အသုံးပြုသူများ ဗီဒီယိုကို ကြည့်၍ပင် မပြီးသေးမီ ထိပ်ဆုံး မှတ်ချက်အချို့မှာ စိတ်လှုပ်ရှားဖွယ် မက်ဆေ့ချ်များဖြင့် ပြည့်နှက်နေပြီ ဖြစ်၏။
【အင်တာနက် အသုံးပြုသူ ၁】 - အား.... နောက်ဆုံးတော့ လာပြီဟေ့... ခရီးစဉ်က ဘယ်နေရာလဲဆိုတာ မသိရသေးပေမဲ့ ဒီတစ်ခါတော့ သေချာပေါက် ပါဝင်ရမယ်။
【အင်တာနက် အသုံးပြုသူ ၂】 - ပြီးခဲ့တဲ့ ကမ္ဘာပျက်ခေတ်မှာ နေရာမရလိုက်ဘူး... ဒါပေမဲ့ ဒီတစ်ခါတော့ ဘယ်သူမှ ငါ့ကို တားလို့မရဘူး....
【အင်တာနက် အသုံးပြုသူ ၃】 - အရင်လာရင် အရင်ရမှာပဲ.... ငါ နိုးစက်တောင် ပေးထားပြီးပြီ။
【အင်တာနက် အသုံးပြုသူ ၄】 - ဒါရိုက်တာကျန်းက မိုက်တယ်... ဒီတစ်ခါတော့ ဘာပဲဖြစ်ဖြစ် သူ့ဆီက နေရာရအောင် ယူမယ်လို့ ဆုံးဖြတ်ထားတယ်....
【အင်တာနက် အသုံးပြုသူ ၅】 - ဘယ်နေရာပဲဖြစ်ဖြစ် သွားမယ်.... ငါ့ပိုက်ဆံအိတ်ကို အသင့်ပြင်ထားပြီးပြီ။
သို့သော် ပိုမိုများပြားသော လူများ ဗီဒီယိုကို ကြည့်ရှုလာသည်နှင့်အမျှ မှတ်ချက်ပေးသည့် နေရာရှိ လေထုမှာ သိသိသာသာ ပြောင်းလဲလာလေသည်။
【အင်တာနက် အသုံးပြုသူ ၆】 - ၁၉၃၅.... မုံ့ပေါ်တောင်.... ဒါက ဘာများ ပျော်စရာကောင်းလို့လဲ။ ကမ္ဘာပျက်ခေတ်တုန်းကလို ခရစ်စတယ်စွမ်းအင်တုံးတွေ ကောက်ပြီး ချမ်းသာအောင် လုပ်လို့ရတာမှ မဟုတ်တာ...
【အင်တာနက် အသုံးပြုသူ ၇】 - အတိအကျပဲ.... ရှေးခေတ်တွေမှာ ရှေးဟောင်းပစ္စည်းတချို့ ရှာတွေ့နိုင်ပေမဲ့ အနီရောင်တပ်မတော် ခေတ်ကနေ ဘာတွေများ ပြန်ယူလာနိုင်မှာလဲ။ ကောက်ရိုးဖိနပ်တွေလား။
【အင်တာနက် အသုံးပြုသူ ၈】 - မင်းတို့နှစ်ယောက်က ဘာသိလို့လဲ။ ဒါက မျိုးချစ်စိတ်ဓာတ် ပညာပေးတာလေ.... မင်းတို့ မသွားရင် အကောင်းဆုံးပဲ..... ပြိုင်ဆိုင်မှု နည်းသွားတာပေါ့....
【အင်တာနက် အသုံးပြုသူ ၉】 - ဒါရိုက်တာကျန်းကို ထောက်ခံတယ်.... ဒီလို အဓိပ္ပာယ်ရှိတဲ့ ခရီးက ပိုက်ဆံရှာတာထက် အများကြီး ပိုအရေးကြီးတယ်....
【အင်တာနက် အသုံးပြုသူ ၁၀】 - တောင်တက် အတွေ့အကြုံ မရှိတဲ့လူတွေ မပါဝင်ဖို့ အကြံပြုချင်ပါတယ်။ ဒါက အားလပ်ရက် အပန်းဖြေခရီး မဟုတ်ဘူး... ဒုက္ခခံရမယ့် ခရီးစဉ်ပဲ....
မကြာမီမှာပင် ဆန့်ကျင်ဘက် အုပ်စုနှစ်စုက မှတ်ချက်ပေးသည့် နေရာတွင် ပြင်းထန်သော ငြင်းခုံမှုများ စတင်ကြတော့သည်။
အကျိုးအကြောင်း ဆင်ခြင်တတ်သော အင်တာနက် အသုံးပြုသူများက တောင်းဆိုလာကြ၏။
【အင်တာနက် အသုံးပြုသူ ၁၁】 - ဒါရိုက်တာကျန်း ပြောတာကို နားထောင်ကြပါ.... ဆေးဘက်ဆိုင်ရာနဲ့ တောင်တက် အတွေ့အကြုံရှိတဲ့ သူတွေကို ဦးစားပေးမယ်... ဒါမှ သူတို့က ငါတို့ကို ဒုက္ခမပေးမှာ။
【အင်တာနက် အသုံးပြုသူ ၁၂】 - ပြင်ပလှုပ်ရှားမှု အဖွဲ့ခေါင်းဆောင် တစ်ယောက်အနေနဲ့ ပြောရရင် အမြင့်ပေ မြင့်မားတဲ့ နှင်းတောင်တွေက နောက်စရာ မဟုတ်ဘူး....
【အင်တာနက် အသုံးပြုသူ ၁၃】 - ငါ့အဘိုးက အနီရောင်တပ်မတော်က စစ်မှုထမ်းဟောင်း တစ်ယောက်.... ပိုက်ဆံ ဘယ်လောက်ကုန်ကုန် ဒီတစ်ခေါက် သွားကိုသွားမယ်လို့ သူက ပြောနေတယ်ဟ...
【အင်တာနက် အသုံးပြုသူ ၁၄】 - ပိုက်ဆံရှာဖို့ပဲ တွေးနေတဲ့လူတွေ မပါဝင်နဲ့... ဒါက သမိုင်းကို သက်သေခံရမယ့် နေရာပဲ...
【အင်တာနက် အသုံးပြုသူ ၁၅】 - ဆေးရုံက လုပ်ဖော်ကိုင်ဖက်တွေကို အဖွဲ့ဖွဲ့ပြီး စာရင်းပေးဖို့ အကြောင်းကြားထားတယ်။ သူတို့ ကူညီနိုင်မယ်လို့ မျှော်လင့်ပါတယ်....
ကျန်းယဲ့သည် အဆက်မပြတ် အသစ်ပြန်ဖြစ်နေသော မှတ်ချက်များကို ပွတ်ဆွဲကြည့်လိုက်ရာ ဤဆွေးနွေးမှုများကို မြင်ရသည်မှာ လုံးဝ အံ့သြစရာ မဟုတ်ချေ။
တန်သည်ဖြစ်စေ မတန်သည်ဖြစ်စေ လူတစ်ဦးချင်းစီ၏ ဆုံးဖြတ်ချက်သာ ဖြစ်၏။
အသစ်ဖွဲ့စည်းထားသော အချိန်နှင့် ဟင်းလင်းပြင် ကိစ္စရပ်များဆိုင်ရာ အထူးညှိနှိုင်းရေး ဗျူရိုအတွင်းတွင် အထူးဌာန၏ အထွေထွေမန်နေဂျာကျန်းနှင့် ဒုတိယညွှန်ကြားရေးမှူးကျိုးတို့က အဓိကအဖွဲ့ကို ဦးဆောင်ကာ သူတို့၏ ပထမဆုံး ပူးတွဲအစည်းအဝေးကို ကျင်းပနေခဲ့ကြသည်။
“အားလုံးပဲ... ကျန်းယဲ့ ပြောခဲ့တဲ့ ကျင့်ကြံခြင်းကမ္ဘာနဲ့ ပတ်သက်ပြီး” မန်နေဂျာကျန်းက စားပွဲကို ခေါက်လိုက်၏။ “အဲဒါကို ဖွင့်လှစ်ဖို့အတွက် ကျွန်တော်တို့ တက်တက်ကြွကြွ တွန်းအားပေးသင့်မသင့် သေချာ စဉ်းစားရမယ်...”
ဒုတိယညွှန်ကြားရေးမှူးကျိုးက သူ၏ မျက်မှန်ကို ပင့်လိုက်၏။ “အင်မော်တယ်ဖြစ်အောင် ကျင့်ကြံတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲဆိုတာ ဒီမှာရှိတဲ့ လူတိုင်း ကောင်းကောင်း နားလည်မယ်လို့ ယုံကြည်ပါတယ်။ ဒါက အရမ်းအရေးကြီးတဲ့ မဟာဗျူဟာမြောက် အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် စွန့်စားရကျိုးနပ်တယ်လို့ ကျွန်တော် ထင်ပါတယ်...”
လီခယ်က ခေါင်းခါလိုက်၏။ “ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်တော်တို့ရဲ့ J ဌာနက ခွဲတမ်းချထားမှုမှာ ဝင်ပါဖို့ ကြိုးစားတုန်းက လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတစ်ခုရဲ့ နှောင့်ယှက်မှုကို ခံခဲ့ရတယ်။ ကျွန်တော်တို့ ထပ်ပြီး စွန့်စားမယ်ဆိုရင်...”
သူ စကားပြောမဆုံးမီမှာပင် အစည်းအဝေးခန်း တံခါးကို ရုတ်တရက် အရေးတကြီး ခေါက်သံ ထွက်ပေါ်လာလေသည်။
လူငယ် အရာရှိတစ်ဦး အလျင်စလို ဝင်လာပြီး မန်နေဂျာကျန်း၏ နားနားကပ်၍ စကားအနည်းငယ် ပြောကာ တက်ဘလက်ကွန်ပျူတာတစ်လုံးကို ပေးလိုက်၏။
မန်နေဂျာကျန်းသည် မျက်နှာပြင်ကို ကြည့်လိုက်ရာ သူ၏ သူငယ်အိမ်များ အနည်းငယ် ကျုံ့ဝင်သွားပြီးနောက် ဒုတိယညွှန်ကြားရေးမှူးကျိုးကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်လေသည်။
“အားလုံးပဲ...” မန်နေဂျာကျန်းက တက်ဘလက်ကို လူအုပ်ဘက်သို့ လှည့်ပြလိုက်သည်။ “ကျန်းယဲ့က ခရီးစဉ်အသစ် တစ်ခုကို အခုလေးတင် ကြေညာလိုက်တယ် - အေဒီ ၁၉၃၅ ၊ မုံ့ပေါ်တောင်....”
အစည်းအဝေးခန်းမှာ ချက်ချင်း တိတ်ဆိတ်သွားလေသည်။
ကျန်းယဲ့၏ ဗီဒီယိုက ပရိုဂျက်တာ မျက်နှာပြင်ပေါ်တွင် ထပ်တလဲလဲ ပြသနေခဲ့သည်။
ဤသည်မှာ ဘာကိုဆိုလိုကြောင်း ထိုနေရာရှိ လူတိုင်း သိကြပေသည်။
ဒုတိယညွှန်ကြားရေးမှူးကျိုး၏ စူးရှသော အကြည့်က ထိုနေရာရှိ နည်းပညာပိုင်းဆိုင်ရာ ခေါင်းဆောင်များအပေါ်သို့ ဝေ့ဝဲသွား၏။ “နေရာရဖို့ နောက်ဆုံးရက်က သန်ဘက်ခါ မနက် ၁၁ နာရီပဲ။ ကျွန်တော်တို့ ခေါ်ထားတဲ့ လက်မြန်တဲ့လူတွေ အားလုံး အသင့်ဖြစ်နေပြီလား”
“ညွှန်ကြားရေးမှူးကျိုးကို သတင်းပို့ပါတယ်...” သတင်းအချက်အလက် ဌာနမှ ညွှန်ကြားရေးမှူးဝမ်က ချက်ချင်း မတ်တပ်ရပ်လိုက်၏။ “ကျွန်တော်တို့ လူ ၃၀ ပါဝင်တဲ့ ပရော်ဖက်ရှင်နယ် အော်ဒါလုမယ့် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းထားပါတယ်။ သူတို့အားလုံးက စမ်းသပ်စစ်ဆေးပြီးသား ချက်ချင်းလုယူနိုင်တဲ့ ကျွမ်းကျင်သူတွေပါ”
မန်နေဂျာကျန်းက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး အခြားတစ်ဖက်သို့ လှည့်လိုက်၏။ “လီခယ်.. မင်း တာဝန်ယူထားတဲ့ ကံကောင်းသူများ ပရောဂျက်က ဘယ်လို အခြေအနေ ရှိလဲ...”
လီခယ်က ဒေတာဖိုင် တစ်ခုကို အလျင်အမြန် ဆွဲဖွင့်လိုက်လေသည်။ “ခေါင်းဆောင်ကို သတင်းပို့ပါတယ်။ ကျွန်တော်တို့က ကံကောင်းမှုတန်ဖိုး မြင့်မားတဲ့ စံနှုန်းနဲ့ ကိုက်ညီတဲ့ ကိုယ်စားလှယ် ၈၇ ဦးကို ရွေးချယ်ထားပြီး သူတို့ထဲက ၃၂ ဦးနဲ့ ကနဦး အဆက်အသွယ် လုပ်ထားပြီးပါပြီ။ လက်မှတ်ရေးထိုးတဲ့ လုပ်ငန်းစဉ်အားလုံးကို ၄၈ နာရီအတွင်း အပြီးသတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ စစ်ဆေးမှု နယ်ပယ်ကို ဆက်လက် တိုးချဲ့သွားပါမယ်...”
“အရမ်း ကောင်းတယ်” မန်နေဂျာကျန်းက လက်နှစ်ဖက်ကို စားပွဲပေါ် တင်လိုက်၏။ “မှတ်ထား... ဒီရွေးချယ်ထားတဲ့ လူတွေက တောတွင်း ရှင်သန်ရေး၊ ရှေးဦးသူနာပြု ကျွမ်းကျင်မှု၊ သမိုင်းအသိပညာ စတဲ့ ဘက်စုံ လေ့ကျင့်မှုတွေကို ရရှိရမယ်။ လူတိုင်းက အရာရာကို ကျွမ်းကျင်တဲ့လူတွေ ဖြစ်လာရမယ်”
ဒုတိယညွှန်ကြားရေးမှူးကျိုးက ဖြည့်စွက် ပြောလိုက်၏။ “လေ့ကျင့်ရေးကို အဆင့်လိုက် လုပ်ဆောင်သင့်တယ်။ အဓိကအဖွဲ့ကို အာရုံစိုက်ပြီး လေ့ကျင့်ပေးသင့်ပေမဲ့ အရန်အဖွဲ့ဝင်တွေကိုလည်း လျော့ပေါ့မထားသင့်ဘူး။ ဒီကိစ္စက အနာဂတ်အရင်းအမြစ် ပြိုင်ဆိုင်မှုနဲ့ သက်ဆိုင်နေလို့ အမှားအယွင်း တစ်စုံတစ်ရာ ရှိလို့မဖြစ်ဘူး...”
အစည်းအဝေးခန်းထဲရှိ အဖွဲ့ဝင်များက တညီတညွတ်တည်း ပြန်ဖြေလိုက်ကြ၏။
ဟိုင်ရှီတောင်ထွတ် တောင်တက်ကလပ်၏ လေ့ကျင့်ရေးခန်းမအတွင်းတွင် အဖွဲ့ဝင် တစ်ဒါဇင်ခန့်က ကျောက်တောင်တက်လေ့ကျင့်ရေးကို လုပ်ဆောင်နေကြလေသည်။
ရုတ်တရက် အော်သံတစ်ခုက လေ့ကျင့်ရေး လေထုကို ဖြတ်တောက်သွားသည်။
“သောက်ကျိုးနည်း... ရီယဲ့ခရီးသွားအေဂျင်စီက ပရောဂျက်အသစ်တစ်ခု စတင်လိုက်ပြီဟေ့...” လူငယ် အဖွဲ့ဝင်ရှောင်လင်က ဖုန်းကို မြှောက်ကာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။
လူတိုင်း ချက်ချင်း စုရုံးလာကြလေသည်။
ကလပ်ပိုင်ရှင် လောင်ချန်က ချွေးများကို သုတ်ကာ ဖုန်းကို ယူလိုက်ပြီး “ငါ့ကို ကြည့်ခွင့်ပေးဦး။ ဟေး... အဲဒါ ၁၉၃၅ က မုံ့ပေါ်တောင်ပဲဟ...”
ဗီဒီယို ပြသပြီး နှစ်မိနစ်အတွင်းမှာပင် လေ့ကျင့်ရေးခန်းမအတွင်းရှိ လေထုမှာ သိသိသာသာ ဆန့်ကျင်ဘက် အစွန်းနှစ်ဖက်သို့ ပြောင်းလဲသွား၏။
“ကျစ်... ချမ်းသာနိုင်တဲ့ ကမ္ဘာတစ်ခုခုကို သွားမယ်လို့ ထင်ခဲ့တာ...” သူဌေးသား ကျန်းရှန်က ခရီးစဉ်ကို အထင်သေးစွာဖြင့် အရင်ဆုံး သရော်လိုက်၏။ “အနီရောင်တပ်မတော် ခေတ်ကို သွားမယ်.... လူတိုင်း ဆင်းရဲမွဲတေနေတဲ့ အချိန်မှာ ဒါက ဘာအကျိုးအမြတ် ရနိုင်မှာလဲ...”
သူ၏ နောက်လိုက် ဝမ်လီက ချက်ချင်း ဝင်ပြောလိုက်သည်။ “အတိအကျပဲ... ပြီးခဲ့တဲ့ တစ်ခေါက် ကမ္ဘာပျက်ခေတ်ကို သွားတဲ့လူတွေ အကုန်လုံး ချမ်းသာသွားကြတယ် မဟုတ်လား။ ဒီတစ်ခါကျတော့ ဒုက္ခခံပြီး အလုပ်ကြမ်းလုပ်ရမယ်ပေါ့။ ယွမ် နှစ်ထောင်နဲ့ ဂျပန်စာ သွားစားတာက ပိုမိုကောင်းမွန်မှာ မဟုတ်ဘူးလား.....”
သူတို့နှင့် မကြာခဏ အတူတူ သွားလာလေ့ရှိသော အဖွဲ့ဝင် အချို့မှာလည်း စိတ်ပျက်သည့် အမူအရာများ ပြသကြပြီး အချို့မှာ လေ့ကျင့်ရေး ဆက်လုပ်ရန်ပင် လှည့်ထွက်သွားခဲ့ကြသည်။
အခြားတစ်ဖက်တွင် အငြိမ်းစား အထူးတပ်ဖွဲ့ဝင် တစ်ဦးဖြစ်သူ နည်းပြ လောင်ကျိုးသည် အနည်းငယ် နီရဲနေသော မျက်လုံးများဖြင့် မျက်နှာပြင်ကို စိုက်ကြည့်နေ၏။
သူ၏ ဖခင်မှာ အာဇာနည်တစ်ဦးဖြစ်ပြီး သူ၏ အဘိုးမှာ ခရီးရှည်၏ စစ်မှုထမ်းဟောင်းတစ်ဦး ဖြစ်သည်။
“မင်းတို့ ဘာမှ နားမလည်ဘူး...” လောင်ကျိုးက ရုတ်တရက် ဟိန်းဟောက်လိုက်သဖြင့် လူတိုင်း မှင်သက်သွားကြရသည်။ “အဲဒါ ငါတို့ရဲ့ အမြစ်တွေပဲ... သူတို့သာ နှင်းတောင်တွေကို မကျော်ဖြတ်ခဲ့ဘူး... မြက်ခင်းပြင်တွေကို မဖြတ်သန်းခဲ့ဘူးဆိုရင် မင်းတို့ ဒီနေ့ ဒီနေရာမှာ ရွေးချယ်စရာတွေ ရှိနေမှာ မဟုတ်ဘူး...”
ကောလိပ်မှ မကြာသေးမီက ဘွဲ့ရထားသော စေတနာ့ဝန်ထမ်း ရှောင်ယွီက သဘောတူစွာ ခေါင်းညိတ်လိုက်၏။ “ကျွန်တော် စာရင်းပေးမယ်... ကောလိပ်မှာ သူနာပြုပညာသင်ခဲ့တာဆိုတော့ လိုအပ်ချက်နဲ့ ကွက်တိပဲ...”
“ငါလည်း သွားမယ်....” စက်ပစ္စည်း မန်နေဂျာ လောင်လီက လက်မြှောက်လိုက်ပြန်သည်။ “ငါ့အဘိုးရဲ့အဖိုးက အဲဒီလမ်းမှာ နှင်းကိုက်ခံရလို့ ခြေချောင်းတွေ ဆုံးရှုံးခဲ့ရတာ။ သူတို့ လျှောက်ခဲ့တဲ့လမ်းကို ငါ မြင်ချင်တယ်..”
ကျန်းရှန်က သရော်လိုက်၏။ “အရူးအုပ်စု... အဲဒီလို ခေါင်ကျတဲ့နေရာကို သွားရင် အသက်တောင် ဆုံးရှုံးသွားနိုင်တယ်...”
သူက တမင်တကာ အသံကို မြှင့်လိုက်ခေသည်။ “ရိုးရိုးသားသား ပြောရရင် ဒီလို ရှုံးမယ့် အရောင်းအဝယ်မျိုးကို အလကားပေးရင်တောင် ဘယ်သူ့ကိုမဆို...”
“ပါးစပ်ပိတ်ထားစမ်း....” ပုံမှန်အားဖြင့် သဘောကောင်းတတ်သော ကလပ်ပိုင်ရှင် လောင်ချန်က ဟောက်လိုက်လေသည်။ “ကျန်းရှန်... မင်း မသွားချင်ရင် ဒီကနေ ထွက်သွား... ခနဲ့တဲ့တဲ့ စကားတွေ ပြောမနေနဲ့”
လေ့ကျင့်ရေးခန်းမ အတွင်းရှိ လေထုမှာ တင်းမာနေချေသည်။
လက်ထောက် ဆရာရှောင်လျိုက ချက်ချင်း ဝင်ဖျန်ဖြေလိုက်၏။ “လူတိုင်းမှာ ကိုယ်ပိုင် ရည်မှန်းချက်တွေ ရှိကြတာပါပဲ။ ဒါပေမဲ့ ဒီခရီးက အရမ်း အဓိပ္ပာယ်ရှိတယ်လို့ ကျွန်တော် ထင်တယ်...”
သူက လောင်ကျိုးဘက်သို့ လှည့်လိုက်ခေသည်။ “နည်းပြ... ကျွန်တော်တို့ ကလပ်မှာ အမြင့်ပေ တောင်တက် အတွေ့အကြုံရှိတဲ့ လူတွေ အများကြီး ရှိတာပဲ.... ကျွန်တော်တို့ တစ်ခုခု စီစဉ်သင့်တယ် မဟုတ်လား”
လောင်ချန်သည် အတွေ့အကြုံရှိသူများကို ဤစာရင်းပေးသွင်းမှုတွင် ပါဝင်ရန် တိုက်တွန်းသည့် အကြောင်းကြားစာကို လုပ်ငန်းအဖွဲ့ထဲသို့ ပို့ရန် ဖုန်းကို ထုတ်ထားပြီး ဖြစ်၏။
အခန်း ၁၇၅ပြီး၏။