အခန်း ၁၇၆
Vol. 18 Ch. 176
အခန်း (၁၇၆) အရပ်ရပ်မှ ပြင်ဆင်မှုများ
ထောင့်တစ်နေရာတွင် အချိန်ကြာမြင့်စွာ အဖွဲ့ဝင်ဖြစ်ခဲ့သူ အချို့က အချင်းချင်း တီးတိုးပြောနေခဲ့ကြသည်။
“အဲဒီတုန်းက တစ်ကီလိုမီတာတိုင်းမှာ ပျမ်းမျှ လူသုံးယောက် သေဆုံးခဲ့တယ်လို့ ကြားဖူးတယ်ဟ...”
“မုံ့ပေါ်တောင်က ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၄,၉၀၀ ကျော် မြင့်တယ်လေ။ သူတို့မှာ တောင်တက် အတွေ့အကြုံ မရှိဘဲနဲ့ တက်ခဲ့တာ တကယ့်ကို မယုံနိုင်စရာပဲ..”
“ဟုတ်တယ်... သူတို့ ကောက်ရိုးဖိနပ်တွေ စီးထားတာကိုတောင် ထည့်မပြောရသေးဘူးနော်”
“ပြီးတော့ သူတို့က သားရေခါးပတ်တွေ၊ ဖိနပ်တွေပဲ စားနိုင်လောက်အောင် ဆင်းရဲနေတဲ့ အချိန်မှာ နှင်းဖုံးနေတဲ့ တောင်တွေကို တက်ခဲ့ရတာ။ အင်း... အဲဒါက အရမ်းကို အဖြစ်ဆိုးခဲ့တာပဲ..”
တဖြည်းဖြည်းနှင့် လူများပိုမိုလာကာ လောင်ကျိုးဘက်သို့ ပါလာကြ၏။
တုံ့ဆိုင်းနေခဲ့သော လူငယ်အဖွဲ့ဝင် အနည်းငယ်ပင်လျှင် ဤလေထုကြောင့် ကူးစက်သွားခဲ့လေသည်။
“ကျွန်တော်... ကျွန်တော်လည်း စာရင်းပေးပြီး စမ်းကြည့်မယ်” အဖွဲ့ဝင်သစ် ရှောင်ကျန်းက ကြောက်ရွံ့စွာ ပြောလိုက်၏။ “ကျွန်တော် နှင်းတောင် မတက်ဖူးပေမဲ့ ခိုင်မာတဲ့ အခြေခံ အသိပညာတော့ ရှိပါတယ်။ နေရာတစ်နေရာ ရခဲ့ရင် အသုံးဝင်ကောင်း ဝင်နိုင်ပါတယ်...”
၎င်းကို မြင်သောအခါ ကျန်းရှန်က အေးစက်စွာ နှာမှုတ်လိုက်ပြီး သူ၏ အဖွဲ့ငယ်လေးနှင့်အတူ ထွက်သွားလေသည်။
မထွက်ခွာမီ သူက မှတ်ချက်တစ်ခု ပြောခဲ့ပြန်သည်။ “ဦးနှောက်ဆေးခံထားရတဲ့ အရူးအုပ်စု...”
လောင်ချန်က သူတို့ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း ခေါင်းခါလိုက်၏။
လူတိုင်းတွင် ကိုယ်ပိုင် ရည်မှန်းချက်များ၊ ယုံကြည်ချက်များနှင့် ခံယူချက်များ ရှိကြသည်။
ဤရေစီးကြောင်းက ရှန်ဟိုင်းရှိ တောင်တက်ကလပ်များတွင်သာ ကန့်သတ်မနေဘဲ နိုင်ငံတစ်ဝန်းရှိ ပြင်ပအားကစား အသိုင်းအဝိုင်းများသို့ တောမီးကဲ့သို့ ပျံ့နှံ့သွားခဲ့ချေသည်။
မြို့တော် ပေကျင်းရှိ GJ တောင်တက်အဖွဲ့၏ လေ့ကျင့်ရေးစခန်းတွင် နည်းပြချုပ် ဝမ်ယန်က စင်မြင့်ရှေ့တွင် ရပ်ကာ လှုံ့ဆော်မှုများ ပြုလုပ်နေခဲ့သည်။
“ရဲဘော်တို့... ဒါက ကျွန်တော်တို့ရဲ့ ပရော်ဖက်ရှင်နယ် တန်ဖိုးကို ပြသရမယ့် အချိန်ပဲ.... အမြင့်ပေ မြင့်မားတဲ့ နှင်းတောင်တွေမှာ အတွေ့အကြုံရှိတဲ့ အဖွဲ့ဝင်အားလုံး ဒီနေရာလုပွဲမှာ ပါဝင်ကြဖို့ မျှော်လင့်ပါတယ်...”
“ဒါပေါ့.... ဒါက ဆန္ဒအလျောက်ပါပဲ။ မပါဝင်လည်း ရပါတယ်... ဒါပေမဲ့ ကျွန်တော် ပြောချင်တာက ကျွန်တော်တို့ နှစ်တွေတစ်လျှောက် စုဆောင်းလာခဲ့တဲ့ နှင်းတောင်တက် အတွေ့အကြုံတွေ အားလုံးကို အဲဗာရက်တောင် တက်ရုံသက်သက်ထက် ပိုပြီး အဓိပ္ပာယ်ရှိတဲ့ အရာတစ်ခုအတွက် အသုံးပြုတာက ပိုတန်ဖိုးရှိမှာ မဟုတ်ဘူးလား...”
တစ်ချိန်တည်းမှာပင် ချန်တူးရှိ စီချွမ်-တိဗက် တောင်တက်အသင်း၏ ရုံးချုပ်မှာလည်း လင်းထိန်နေလေသည်။
ဥက္ကဋ္ဌ ယန်ယွမ်ကျန်းသည် အတွေ့အကြုံရှိသော လမ်းပြ ၃၀ ကျော်ကို ညတွင်းချင်း ခေါ်ယူ တွေ့ဆုံခဲ့သည်။ “ကျွန်တော်တို့ စီချွမ်-တိဗက် ဒေသခံတွေက ကုန်းပြင်မြင့် ပတ်ဝန်းကျင်နဲ့ အရင်းနှီးဆုံးပဲ... ဒီတစ်ခါတော့ နေရာတစ်ခု ရအောင် ယူရမယ်... တစ်ယောက်ကို အတွေ့အကြုံရှိတဲ့ တောင်တက်ဝါသနာရှင် ၅ ယောက်ကို ဆက်သွယ်ဖို့ တာဝန်ယူ... သန်ဘက်ခါနေ့ကျရင် အတူတူ လှုပ်ရှားကြမယ်....”
တက္ကသိုလ် အသီးသီးရှိ တောင်တက်ကလပ်များမှာလည်း ပွက်လောရိုက်နေကြာ။
XX တက္ကသိုလ် တောင်တက်အဖွဲ့၏ ဝီချတ်ဂရုထဲတွင် မက်ဆေ့ချ်များ 99+ ဖြင့် ချက်ချင်း ပြည့်နှက်သွားလေသည်။
[အဖွဲ့ခေါင်းဆောင်] - အဖွဲ့ဝင်များအားလုံး အာရုံစိုက်ပါ... ကိုယ့်ရဲ့ တစ်ဦးချင်း တောင်တက်မှတ်တမ်းတွေကို ချက်ချင်း စစ်ဆေးကြပါ။ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ သူတွေက မနက်ဖြန် မနက် ၆ နာရီ ကစားကွင်းမှာ စုရုံးကြမယ်...
[ကျန်းမင်] - ကျွန်တော် ပြီးခဲ့တဲ့နှစ်က မူဇတက်အတာတောင်ကို တက်ခဲ့တယ်...
[ဝမ်လဲ့] - ကျွန်တော်က စီးကူနျန်တောင်ကို အပျော်သွားခဲ့ဖူးရုံပေမဲ့ ကျွန်တော်က ဆေးကျောင်းသား တစ်ယောက်ပါ....
ရှန်ဟိုင်းတွင် နိုင်ငံခြားကုမ္ပဏီတစ်ခုမှ ဝန်ထမ်းတစ်ဦးဖြစ်သူ လင်းယွဲ့သည် သူမ အဲဗာရက်တောင် တက်ခဲ့စဉ်က ဓာတ်ပုံများကို ကြည့်ရှုနေခဲ့သည်။
သူမက အပျော်တမ်း တောင်တက် ဝါသနာရှင် တစ်ဦး ဖြစ်သော်လည်း ရင်ထဲတွင် မျိုးချစ်စိတ်ဓာတ် အပြည့်ရှိသူ တစ်ဦးလည်း ဖြစ်၏။
နေရာတစ်ခု ရရှိရန် မျှော်လင့်ချက်ဖြင့် သူမ၏ မှတ်စုများထဲတွင် အချိန်ကို ချက်ချင်း သတ်မှတ်လိုက်၏။
သူမ ကျန်ရှိနေသော ခွန်အားများကို အကောင်းဆုံး အသုံးချရတော့မည် ဖြစ်သည်။
အနောက်မြောက် တရုတ်ပြည်၏ J စစ်ဒေသတစ်ခုတွင် အထူးတပ်ဖွဲ့တစ်ခုမှ နည်းပြကျောက်ကန်းသည် အထက်အရာရှိများထံမှ ညွှန်ကြားချက်များ ရရှိခဲ့ပြီး အမြင့်ပေတိုက်ပွဲများတွင် အတွေ့အကြုံကြွယ်ဝသည့် စစ်မှုထမ်းဟောင်း နှစ်ဆယ်ကို ချက်ချင်း ရွေးချယ်ခဲ့၏။ “ဒီမစ်ရှင်က အထူးမစ်ရှင်ပဲ... မင်းတို့ တစ်ဦးချင်းအနေနဲ့ ပါဝင်ဖို့ လိုအပ်တယ်”
လူမှုကွန်ရက် ပလက်ဖောင်း အသီးသီးတွင် တောင်တက် ဝါသနာရှင်များက နေရာရရှိရေး အပြန်အလှန် ကူညီမှုဂရု ဒါဇင်ပေါင်းများစွာကို အလိုအလျောက် ဖွဲ့စည်းလိုက်ကြ၏။
“ဒါက အပျော်သွားရမယ့် ခရီးမဟုတ်ဘူး... သမိုင်းကို သက်သေခံရမယ့် ခရီးပဲ” အတွေ့အကြုံရှိ ခရီးသွားတစ်ဦးက ဖိုရမ်တစ်ခုတွင် ပို့စ်တင်လိုက်၏။ “တကယ် လိုအပ်တဲ့သူတွေအတွက် နေရာတွေကို ချန်ထားပေးကြပါ....”
အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ ဤအလိုအလျောက် စည်းရုံးမှုမှာ ပိုမို စနစ်ကျလာလေသည်။
တရုတ် တောင်တက်အသင်းက “နိုင်ငံတစ်ဝန်းရှိ တောင်တက် ဝါသနာရှင်များထံသို့ ပေးစာ” ကိုပင် ထုတ်ပြန်ခဲ့ပြီး “ပရော်ဖက်ရှင်နယ် ကျွမ်းကျင်မှုဖြင့် သမိုင်းကို ဂုဏ်ပြုပြီး တောင်တက်စိတ်ဓာတ်ဖြင့် အနီရောင်မျိုးဗီဇကို လက်ဆင့်ကမ်းကြပါ” ဟု တိုက်တွန်းထားခဲ့သည်။
အွန်လိုင်းနှင့် အော့ဖ်လိုင်းနှစ်ခုစလုံးတွင် စည်းရုံးလှုံ့ဆော်မှုများ လုပ်ဆောင်နေကြပြီ ဖြစ်သည်။
သန်ဘက်ခါနေ့ အရုဏ်တက်ချိန်တွင် ကျန်းယဲ့ နိုးလာခဲ့လေသည်။
သူ ကန့်လန့်ကာများကို ဆွဲဖွင့်လိုက်ရာ နံနက်ခင်း နေရောင်ခြည်က မြူခိုးပါးပါးလေးများကို ဖြတ်သန်း၍ ရပ်ကွက်အတွင်းသို့ ဖြာကျနေပြီး လေထုမှာ အလွန် လတ်ဆတ်နေချေသည်။
သူသည် အားကစားဝတ်စုံ လဲဝတ်လိုက်ပြီး သစ်ပင်များ စိုက်ပျိုးထားသော ရပ်ကွက်လမ်းများတစ်လျှောက် ပြေးလွှားကာ မြက်ခင်းများနှင့် သစ်ပင်များ၏ ရနံ့ ပြည့်နှက်နေသော လေကို ရှူရှိုက်လိုက်၏။
ပြေးပြီးနောက် သူ ရင်းနှီးသော နံနက်စာဆိုင်သို့ သွားကာ စပ်စပ်လေးလုပ်ထားသော ပဲပြားပေါင်းမုန့် သုံးခုနှင့် ပဲနို့ပူပူ တစ်ပန်းကန်ကို မှာလိုက်၏။ ပူနွေးသော နံနက်စာက သူ့ကို လန်းဆန်းသွားစေပေသည်။
ခရီးသွားအေဂျင်စီသို့ ပြန်ရောက်သောအခါ ကျန်းယဲ့သည် ရေနွေးနွေးလေး ချိုးလိုက်ပြီး သက်တောင့်သက်သာရှိသော အိမ်နေရင်း ဝတ်စုံကို လဲဝတ်လိုက်ပြန်သည်။
ထို့နောက် သူသည် ဗီဒိုထဲမှ သူ မြတ်နိုးစွာ သိမ်းဆည်းထားသော ဝူယီတောင် တာဟုန်ဖောင်လက်ဖက်ခြောက်ကို ထုတ်ယူကာ ခွက်ကို ဖြည်းညှင်းစွာ နွေးစေပြီး လက်ဖက်ကို ဆေးကြောကာ ရေနွေးကြမ်း နှပ်လိုက်ရာ လက်ဖက်ရည်၏ ရနံ့က အခန်းတစ်ခုလုံးသို့ လျင်မြန်စွာ ပြည့်နှက်သွားခဲ့သည်။
သို့သော် သူ အရသာခံရန် လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်စဉ် တံခါးဘဲလ် မြည်လာ၏။
“ဒီလောက်စောစော ဘယ်သူရောက်လာတာလဲ....” ကျန်းယဲ့က မျက်ခုံးပင့်လိုက်ပြီး လက်ဖက်ရည်ခွက်ကို ချကာ တံခါးသွားဖွင့်လိုက်သည်။
ချန်ချင်းနှင့် လင်ရှောင်တို့ တံခါးအပြင်ဘက်တွင် ရပ်နေကြလေသည်။ နှစ်ဦးစလုံး ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားသော်လည်း သူတို့၏ မျက်နှာအမူအရာမှာ ပုံမှန်ထက် ပိုမို လေးနက်နေချေသည်။
“မင်းတို့နှစ်ယောက်က အနံ့ခံပြီး ရောက်လာတာလား.... ငါ အခုလေးတင် လက်ဖက်ရည် နှပ်ထားတာ...” ကျန်းယဲ့က ထိုနှစ်ဦးကို ဝင်ခွင့်ပြုရန် ဘေးသို့ ဖယ်ပေးလိုက်ပြီး လက်ဖက်ရည်ခွက် နှစ်ခွက်ကို ပေါ့ပေါ့ပါးပါး ထုတ်လိုက်၏။
ချန်ချင်းသည် အခမ်းအနားမလိုဘဲ သူ၏ ဝတ်စုံအိတ်ကပ်ထဲမှ အနက်ရောင် ဘဏ်ကတ် တစ်ကတ်ကို ထုတ်ယူကာ ကျန်းယဲ့ရှေ့သို့ တွန်းပေးရင်း ပြောလိုက်၏။ “ဒါက အထူး ပြင်ဆင်ထားတာပါ... အကန့်အသတ် မရှိပါဘူး”
ကျန်းယဲ့သည် ကတ်ကို ကောက်ကိုင်လိုက်ပြီး သူ၏ လက်ချောင်းများကြားတွင် လှည့်ကစားလိုက်၏။ ကတ်မှာ လေးလံနေပြီး မည်သည့် ဘဏ်လိုဂိုမှ မပါရှိဘဲ ရွှေရောင်နိုင်ငံတော် အထိမ်းအမှတ်တံဆိပ် တစ်ခုသာ ရိုက်နှိပ်ထားခဲ့သည်။
သူ ချက်ချင်း နားလည်သွား၏။ “ဒါဆို ဒီသဘောက ငါ ဟိုဘက်မှာ... လိုသလောက် သုံးလို့ရတယ်ဆိုတဲ့ သဘောလား...”
“အတိအကျပဲ” လင်ရှောင်က ခေါင်းညိတ်လိုက်၏။ “စကားဝှက်က ၁၉၄၉၁၀ ပါ။ ခင်ဗျားရဲ့ ဖုန်းနဲ့ ချိတ်ဆက်ပြီးတာနဲ့ သုံးလို့ရပါပြီ....”
ကျန်းယဲ့က တမင်တကာ အံ့သြချဲ့ကားသော အမူအရာကို ပြုလုပ်လိုက်၏။ “ဒီလောက် စိတ်ချတာလား... ငါ ပိုက်ဆံတွေယူပြီး ထွက်ပြေးသွားမှာကို မကြောက်ဘူးလား.... ဒါမှမဟုတ် ငါ့အတွက် ခြံဝင်းကျယ်ကြီးတွေ ဝယ်လိုက်ရင်ရော..”
ချန်ချင်းက ရှားရှားပါးပါး ပြုံးလိုက်ခေသည်။ “ကျေးဇူးပြုပြီး ဝယ်လိုက်ပါ။ ခင်ဗျား တကယ် လုပ်မယ်ဆိုရင်တောင်...”
သူက အဓိပ္ပာယ်ပါပါ ခေတ္တရပ်လိုက်ပြီး “တကယ်တော့ အဲဒါက ကျွန်တော်တို့ကို ပြဿနာ ကင်းစေတာပါ...”
လင်ရှောင်က ယုံကြည်မှုရှိစွာ ပြောလိုက်၏။ “ခင်ဗျား လုပ်မှာ မဟုတ်ပါဘူး”
“မင်း အဲဒီလောက် သေချာလား....”
လင်ရှောင်က အခိုင်အမာ ခေါင်းညိတ်လိုက်ပြန်သည်။ “ခင်ဗျား ငွေမလိုပါဘူး... ပြီးခဲ့တဲ့ ခရစ်စတယ်စွမ်းအင်တုံး အရောင်းအဝယ်မှာ ခင်ဗျား ပိုမြင့်တဲ့ ဈေးတောင်းလို့ ရတာပဲ.... ပြီးတော့ တကယ် လောဘကြီးတဲ့လူဆိုရင် ခင်ဗျားလို ပြုမူမှာ မဟုတ်ဘူး....”
ကျန်းယဲ့က ပြုံးလိုက်ပြီး ကတ်ကို ပိုက်ဆံအိတ်ထဲသို့ ပေါ့ပေါ့ပါးပါး ထိုးထည့်လိုက်သည်။ “ကောင်းပြီ.... ဒီအလုပ်ကို ငါ လက်ခံလိုက်မယ်”
ချန်ချင်းက ဆက်ပြောလေသည်။ “ကျွန်တော်တို့မှာ နောက်ထပ် တောင်းဆိုစရာ တစ်ခု ရှိသေးပါတယ်....”
ကျန်းယဲ့က မျက်ခုံးပင့်လိုက်၏။
“ကျွန်တော်တို့ ဗီဒီယို မှတ်တမ်းတချို့ ပြန်ယူလာဖို့ မျှော်လင့်ပါတယ်။ အဲဒီ သမိုင်းကာလက အရမ်း တန်ဖိုးရှိလို့ပါ...”
ကျန်းယဲ့က တည်ကြည်စွာ ခေါင်းညိတ်လိုက်လေသည်။
ထိုနှစ်ဦးကို လိုက်ပို့ပြီးနောက် သူသည် ပြတင်းပေါက်နားတွင် ရပ်ကာ နေအပြည့်အဝ ထွက်လာသည်ကို ကြည့်နေလိုက်၏။
အနက်ရောင်ကတ်ပြားလေးသည် လက်ချောင်းများကြားတွင် လှည့်ပတ်နေပြီး အလင်းစ သေးသေးလေးများကို ရောင်ပြန်ဟပ်နေခဲ့သည်။
ဤခရီးစဉ်က ယခင်က ခရီးစဉ်များအားလုံးနှင့် ကွဲပြားခြားနားမည်မှာ သေချာနေပေသည်။
ကျန်းယဲ့သည် လက်ထဲရှိ စာအုပ်ကို ပိတ်ကာ ကော်ဖီစားပွဲပေါ်သို့ ညင်သာစွာ တင်လိုက်၏။
စာမျက်နှာများ ပိတ်သွားချိန်တွင် စာအုပ်ဆီမှ ခပ်တိုးတိုး အသံလေးတစ်ခု ထွက်ပေါ်လာသည်။
သူ နံရံကပ်နာရီကို မော့ကြည့်လိုက်ရာ နာရီလက်တံနှင့် မိနစ်လက်တံတို့သည် ၁၀:၅၅ သို့ ရှင်းလင်းစွာ ညွှန်ပြနေခဲ့သည်။
“ငါးမိနစ် လိုသေးတယ်” ရေရွတ်လိုက်ပြီး သူ၏ နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခု ပေါ်လာ၏။
တစ်ချိန်တည်းမှာပင် နိုင်ငံတစ်ဝန်းရှိ မရေမတွက်နိုင်သော မျက်လုံးများက သူတို့၏ ဖုန်းမျက်နှာပြင်များကို စိုက်ကြည့်နေကြပြီး လက်ချောင်းများက မပွင့်သေးသော မီးခိုးရောင်အော်ဒါမှာယူသည့် မျက်နှာပြင်အထက်တွင် ရပ်ဝဲနေကြကာ စက္ကန့်လက်တံ တစ်ချက် ရွေ့သွားတိုင်း သူတို့၏ ရင်ခုန်သံများမှာ ပိုမို မြန်ဆန်လာကြသည်။
ဟိုင်ရှီတောင်ထွတ် တောင်တက်ကလပ်၏ လေ့ကျင့်ရေးခန်းမအတွင်းတွင် လောင်ကျိုးနှင့် အဖွဲ့ဝင်တစ်ဒါဇင်ခန့်က စက်ဝိုင်းပုံစံထိုင်နေကြပြီး တစ်ယောက်စီတိုင်း၏ လက်ကိုင်ဖုန်း မျက်နှာပြင်တွင် ရီယဲ့ခရီးသွားအေဂျင်စီ၏ တိုရင်စာမျက်နှာကို ဖွင့်ထားခဲ့ကြသည်။
လောင်ချန်က အလယ်တွင် ရပ်ကာ တည်ငြိမ်သော အသံဖြင့် ပြောလိုက်၏။ “မှတ်ထား၊... ဘာမှမကြည့်နဲ့.... နှိပ် နှိပ် နှိပ်ဖို့ပဲ”
ပေကျင်းရှိ GJ တောင်တက်အဖွဲ့ လေ့ကျင့်ရေးစခန်းတွင် နည်းပြချုပ် ဝမ်ယန်က အသံချဲ့စက်ဖြင့် အော်လိုက်၏။ “အားလုံးပဲ အာရုံစိုက်... လေးမိနစ်ပဲ လိုတော့တယ်.... ဒါက သမိုင်းကို ဂုဏ်ပြုဖို့ ကျွန်တော်တို့ရဲ့ အခွင့်အရေးပဲ... ကျေးဇူးပြုပြီး အစွမ်းကုန် ကြိုးစားကြပါ”
အခန်း ၁၇၆ပြီး၏။