အခန်း ၁၇၈
Vol. 18 Ch. 178
အခန်း (၁၇၈) အေဒီ၁၉၃၅မှ မုံ့ပေါ်တောင်သို့ ရောက်ရှိခြင်း
သူသည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရှေ့ဆုံးတန်းတွင် ထိုင်နေသော လောင်ကျိုးအပေါ်သို့ သူ၏ အကြည့်များကို ရပ်တန့်လိုက်၏။ “ဒီလူကြီးမင်းကနေ စကြတာပေါ့...”
လောင်ကျိုးက မတ်တပ်ရပ်လိုက်ပြီး သူ၏ အသံမှာ နက်ရှိုင်းကာ အားပါနေခဲ့သည်။ “ကျိုးကျွင်း... ဟိုင်ရှီတောင်ထွတ်တောင်တက်ကလပ်က နည်းပြပါ။ အမြင့်ပေ တောင်တက်ခြင်းမှာ ၁၅ နှစ် အတွေ့အကြုံ ရှိပြီး ပြင်းထန်တဲ့ ပတ်ဝန်းကျင်တွေမှာ ရှင်သန်ခြင်းကို ကျွမ်းကျင်ပါတယ်...”
သူ့ဘေးတွင် ထိုင်နေသော ဖန့်ရှန်းက ချက်ချင်း မတ်တပ်ရပ်လိုက်ပြန်သည်။ သူ၏ ငယ်ရွယ်သော မျက်နှာပေါ်တွင် တက်ကြွမှုများ ပြည့်နှက်နေလေသည်။ “ဖန့်ရှန်း... GJ တောင်တက်အဖွဲ့က အဖွဲ့ဝင်ပါ။ အမြင့်ပေ တောင်တက်ခြင်းနဲ့ ကြိုးအသုံးပြုနည်းစနစ်တွေကို ကျွမ်းကျင်ပါတယ်...”
“ဝမ်လဲ့.... တုန်းဟူတက္ကသိုလ် တောင်တက်ကလပ်ရဲ့ ဒုတိယ ဥက္ကဋ္ဌပါ။” မတ်တပ်ရပ်လာသော တတိယမြောက် လူကြမ်းကြီးက ကျယ်လောင်သော အသံဖြင့် ပြောလိုက်၏။ “ပြင်ပလှုပ်ရှားမှု ဝါသနာရှင် လေးနှစ်သက်တမ်း ရှိပြီး ဘယ်လို ဒုက္ခမျိုးကိုမဆို ခံနိုင်ရည် ရှိပါတယ်...”
သာမန်အရပ်သား ဝတ်စုံ ဝတ်ဆင်ထားသော အထူးတပ်ဖွဲ့ဝင် ခြောက်ဦးသည် တစ်ယောက်ပြီးတစ်ယောက် မတ်တပ်ရပ်လာကြ၏။
တာဝန်ခံဖြစ်သူ ကျောက်ကန်းက တိုတိုတုတ်တုတ် ပြောလိုက်လေသည်။ “ကျောက်ကန်း... အနောက်မြောက် J ဒေသ တာဝန်ထမ်းဆောင်ဆဲ... အမြင့်ပေတိုက်ပွဲများကို အထူးကျွမ်းကျင်ပါတယ်”
အခြား ငါးဦးသည်လည်း သူတို့၏ အမည်များနှင့် အထူးကျွမ်းကျင်မှုများကို အတိုချုပ် မိတ်ဆက်လိုက်ကြပြီး သူတို့ အားလုံးမှာ စူးရှသော မျက်လုံးများဖြင့် မတ်မတ် ရပ်နေခဲ့ကြသည်။
ရွှေရောင်ကိုင်း မျက်မှန်တပ်ထားသော လူလတ်ပိုင်း အမျိုးသားတစ်ဦးက သူ၏ မျက်မှန်ကို ပင့်တင်လိုက်လေသည်။ “လီမင်... ထိပ်တန်းဆေးရုံတစ်ခုက အရေးပေါ်ဌာန ညွှန်ကြားရေးမှူးပါ။ နှင်းကိုက်ဒဏ်ရာ ကုသမှုကို အထူးပြုပါတယ်...”
သူ၏ အသံမှာ နူးညံ့သော်လည်း ပရော်ဖက်ရှင်နယ် ယုံကြည်မှုများ ပါဝင်နေခဲ့သည်။
“ချန်ရွှဲက ဆေးကျောင်းက ပါရဂူကျောင်းသူပါ။ အမြင့်ပေဆေးပညာကို အထူးပြုပါတယ်” ပိုနီတေးလ်ဆံပင်ပုံစံနှင့် မိန်းကလေးက ဖြည့်စွက် ပြောလိုက်၏။
ထို့နောက် လူငယ် စုံတွဲတစ်တွဲ ထလာလေသည်။ အမျိုးသားက ရှက်ရွံ့စွာ ပြောလိုက်၏။ “ကျွန်တော်က ကျန်းဝေ့ပါ... အစွန်းရောက်အားကစား ဓာတ်ပုံဆရာပါ”
မိန်းကလေးက သူ့လက်မောင်းကို ကိုင်လိုက်လေသည်။ “ကျွန်မက သူ့ကောင်မလေး လင်းယွီပါ... သူနာပြုပါ...”
သူတို့ နှစ်ယောက်စလုံး တစ်ပြိုင်နက်တည်း အော်ဒါရသွားလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြချေ။
လူတိုင်း၏ မိတ်ဆက်စကားများကို ကြားပြီးနောက် ကျန်းဝေ့က သူ အမှားကြီးတစ်ခု လုပ်မိသွားသကဲ့သို့ ရုတ်တရက် ရှက်ရွံ့သွားရသည်။
...
မိနစ်အနည်းငယ် ကြာပြီးနောက် လူတိုင်း မိတ်ဆက်ပြီးသွားကြသည်။
ပြင်ပလှုပ်ရှားမှု အတွေ့အကြုံရှိသူတိုင်းက တောင်တက် ကျောပိုးအိတ်များကို လွယ်ထားကြပြီး ၎င်းမှာ သူတို့ အပြည့်အဝ ပြင်ဆင်ထားကြောင်း ဖော်ပြနေသည်ကို ကျန်းယဲ့ သတိပြုမိလိုက်၏။
စမ်းကြည့်ကြတာပေါ့ဟူသော စိတ်ထားဖြင့် လာကြသည့် ခရီးသွားအများစုမှာ ယခင် ခရီးသွားအဖွဲ့များနှင့် တူညီနေကြလေသည်။
တကယ်တော့ ပြီးခဲ့တဲ့အသုတ်တွေက အတွေ့အကြုံရှိတဲ့ ခရီးသွားတွေ ပိုများလာပြီး သူတို့ရဲ့ အတွေ့အကြုံတွေနဲ့ သတင်းတွေကို မျှဝေလာကြတာကြောင့် နောက်ပိုင်းလာတဲ့ သူတွေက သဘာဝကျကျ ပိုပြီး ပြင်ဆင်လာကြတာလည်း ဖြစ်လေသည်။
ကျန်းယဲ့က ခရီးသွား အားလုံးကို သတိပေးလိုက်၏။ “အားလုံးပဲ တင်းတင်းကျပ်ကျပ် ကိုင်ထားကြပါ... ကျွန်တော်တို့ ရောက်ပါတော့မယ်...”
စကားမဆုံးမီမှာပင် ပြတင်းပေါက် အပြင်ဘက်မှ မျက်စိကျိန်းလောက်အောင် တောက်ပသော အဖြူရောင်အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ကားတွဲတစ်ခုလုံးကို ချက်ချင်း ဝါးမျိုသွားခဲ့သည်။
လူတိုင်း မသိစိတ်မှ အလိုအလျောက် မျက်လုံးမှိတ်လိုက်ကြပြီး သူတို့၏ ခန္ဓာကိုယ်များမှာ ရုတ်တရက် ပေါ့ပါးသွားကာ သူတို့၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့သကဲ့သို့ ခံစားလိုက်ရလေသည်။
မျက်လုံး ပြန်ဖွင့်လိုက်သောအခါ ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ သိသိသာသာ ပြောင်းလဲသွားချေပြီ...။
“အမလေး.. အရမ်းအေးတာပဲ...”
နှင်းပွင့်များ ပါလာသော အရိုးခိုက်မတတ် လေပြင်းများက သူတို့၏ မျက်နှာများကို ရိုက်ခတ်သွားပြီး လူတိုင်း အေးခဲသွားကြသည်။
တစ်ချိန်က သက်တောင့်သက်သာရှိသော ဘတ်စ်ကားမှာ အရိပ်အယောင်မျှပင် မကျန်တော့ဘဲ လူနှစ်ဆယ်မှာ ကျယ်ပြောပြီး ဖြူဖွေးနေသော နှင်းတောင်ပေါ်တွင် တိုက်ရိုက် မတ်တပ်ရပ်နေကြသည်ကို တွေ့လိုက်ရ၏။
“လခွီး.... ကားဘယ်ရောက်သွားတာလဲဟ” ကံကောင်းသော လူငယ်လေး မာရှောင်ထျောင်က အရင်ဆုံး အော်လိုက်လေသည်။
“အရမ်း အေးတာပဲ...”
“ဘုရားရေ... ဆောင်းရာသီ ရောက်နေပြီလား”
ဒီတစ်ခါတော့ ကျန်းယဲ့ မှင်သက်သွားရသည်။ သူ ရပ်နေသော နေရာရှိ နှင်းများကို ငုံ့ကြည့်လိုက်ပြီးနောက် မော့ကြည့်လိုက်ရာ ဆက်တိုက် တည်ရှိနေသော နှင်းတောင်များ၊ မြည်ဟည်းနေသော လေပြင်းများနှင့် နှင်းများ၊ အဝေးရှိ တောင်ကြောများကို မြင်တွေ့လိုက်ရ၏။
‘အစ်ကိုစနစ်... မင်းပို့ပေးတဲ့နည်းက တကယ့်ကို '
ကိုက်ညီမှုရှိလွန်းတယ်...’
အေးစက်သော လေပြင်းတစ်ချက် တိုက်ခတ်လာရာ ကျန်းယဲ့သည် နွေးထွေးစေရန် အလိုအလျောက် လည်ပင်းကို ကျုံ့လိုက်ရသည်။
ကမ္ဘာပေါ်တွင် ယခုအချိန်မှာ နွေဦးအစောပိုင်း ဖြစ်ပြီး လူတိုင်းက ဘောင်းဘီတိုများနှင့် တီရှပ်များ - အလွန် ပေါ့ပါးသော အဝတ်အစားများကိုသာ ဝတ်ဆင်ထားကြလေသည်။
ယခု၌ ရုတ်တရက် သူတို့ အားလုံးက ပတ်ဝန်းကျင်ရှိ နှင်းဖုံးနေသော တောင်ပေါ်သို့ ပစ်ချခံလိုက်ရရာ အအေးဒဏ်ကြောင့် အားလုံး တုန်ယင်နေခဲ့ကြသည်။
နှင်းပွင့်များမှ ပါလာသော အရိုးခိုက်မတတ် လေပြင်းများက မြည်ဟည်းတိုက်ခတ်နေပြီး အဖွဲ့မှာ လျင်မြန်စွာ နှစ်ဖွဲ့ ကွဲသွားလေသည်။
ကျိုးကျွင်းနှင့် ကျောက်ကန်းတို့ ဦးဆောင်သော ပရော်ဖက်ရှင်နယ် တောင်တက်သမားများနှင့် အထူးတပ်ဖွဲ့ဝင်များက သူတို့၏ ကျောပိုးအိတ်များကို သပ်ရပ်စွာ ချွတ်လိုက်ကြပြီး သူတို့၏ အသုံးအဆောင်များကို စနစ်တကျ စတင် ဝတ်ဆင်နေကြပြီ ဖြစ်သည်။
ရေစိုခံ အင်္ကျီများ၊ ထူထဲသော နှင်းဖိနပ်များ၊ နွေးထွေးသော လက်အိတ်များ... ပစ္စည်းတိုင်းကို သူတို့ ဂရုတစိုက် ပြင်ဆင်လာခဲ့ကြသည်။
နှင်းလျှောက်ဖိနပ်များကို ဝတ်ဆင်နေစဉ် ကျိုးကျွင်းက သူ၏ အသင်းဖော်များကို ညွှန်ကြားလိုက်၏။ “နှင်းကာ မျက်မှန်တွေ တပ်ထားကြ.... နှင်းမျက်စိကွယ်တာကို သတိထားကြ...”
တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်ရှိ မာရှောင်ထျောင်၊ လင်းယွီ၊ ကျန်းဝေ့နှင့် အခြား လူငယ်အချို့မှာ ဘာလုပ်ရမှန်းမသိဘဲ ရပ်နေခဲ့ကြသည်။
ကျန်းယဲ့က ကြိုတင်ပြင်ဆင်မထားသော အုပ်စုကို လှမ်းခေါ်လိုက်၏။ “ဒီကို လာကြ...”
ထို့နောက် သူက လက်မြှောက်ကာ ဝှေ့ယမ်းလိုက်ရာ အပြာရောင် အလင်းတန်းများ တောက်ပနေသော ပုံရိပ်ယောင် မျက်နှာပြင်တစ်ခု လေထဲတွင် ရုတ်တရက် ထွက်ပေါ်လာပြီး စနစ်စတိုးဆိုင်၏ မျက်နှာပြင်မှာ ရှင်းလင်းစွာ မြင်နေခဲ့ရသည်။
“သောက်ချီး... ဟိုလိုဂရမ်ပုံရိပ်ယောင်လား...” ကျန်းဝေ့က အံ့သြစွာ အော်လိုက်၏။
“ဒီအတိုင်း ရပ်မနေကြနဲ့... မြန်မြန် ပစ္စည်းတွေ ရွေးကြ” ကျန်းယဲ့က ကုန်ပစ္စည်း စာရင်းကို အလျင်အမြန် ပွတ်ဆွဲလိုက်၏။ “ကိုယ်အပူချိန် မကျသွားစေနဲ့...”
“ကျွန်တော် အဲဒါ လိုချင်တယ်... အဲဒါ..”
“ကျွန်မ အဲဒါ လိုချင်တယ်...”
ဖန့်ရှန်းက လျှောက်လာပြီး မျက်နှာပြင်ကို တစ်ချက်ကြည့်ကာ သတိပေးလိုက်ခေသည်။ “အစပြုသူတွေက နွေးထွေးမှုကို ပိုအာရုံစိုက်တဲ့ အဝါရောင်ဝတ်စုံကို ရွေးချယ်သင့်တယ်။ အနီရောင်က ပရော်ဖက်ရှင်နယ်တွေအတွက်ပဲ.... ခင်ဗျားတို့ အဲဒီ လုပ်ဆောင်ချက်တွေ မလိုပါဘူး..”
ဒေါက်တာ လီမင်က ဝင်ပြောခေသည်။ “အပူထိန်း အတွင်းခံတွေ ထပ်ဝယ်ဖို့ မမေ့နဲ့... သိုးမွှေးဆိုရင် ပိုကောင်းတယ်။ လှုပ်ရှားရ လွယ်ကူအောင် လက်ချောင်းမပါတဲ့ လက်အိတ်တွေကို ရွေးပါ”
ပရော်ဖက်ရှင်နယ်များ၏ လမ်းညွှန်မှုဖြင့် အတွေ့အကြုံမရှိသူများက ဈေးဝယ်ခြင်းကို အလျင်အမြန် အပြီးသတ်လိုက်ကြ၏။
ငွေပေးချေမှု ဒင်-ဒင်ဟူသော အသိပေးသံနှင့်အတူ အသစ်စက်စက် အသုံးအဆောင်များက နှင်းပေါ်တွင် ရုတ်တရက် ထွက်ပေါ်လာလေသည်။
“ဒါက အွန်လိုင်းရှော့ပင်းထက်တောင် ပိုမြန်သေးတယ်...” လင်းယွီက ရုတ်တရက် ပေါ်လာသော အနွေးထည်ကို ကိုင်ကာ အံ့သြစွာ ပြောလိုက်သည်။
“စကားပေါ်မနေကြနဲ့ ... မြန်မြန် လဲဝတ်ကြ...” ကျောက်ကန်းက တင်းမာစွာ အော်လိုက်၏။ “ဒီအပူချိန်နဲ့ဆို မင်းတို့ အခုကတည်းက ကိုယ်အပူချိန်ကျဆင်းမှုရဲ့ ကနဦး အဆင့်ကို ရောက်နေပြီ...”
လေပြင်းနှင့် နှင်းများကြားတွင် လူများမှာ အဝတ်အစားများကို အလုပ်များစွာ လဲဝတ်နေခဲ့ကြသည်။
အစပြုသူများကို ပစ္စည်းများ ချိန်ညှိရာတွင် ကူညီပေးနေစဉ် ပရော်ဖက်ရှင်နယ်အဖွဲ့ဝင်များက နှင်းတောင်များတွင် ရှင်သန်ရေးအတွက် အဓိကအချက်များကို အလျင်အမြန် ရှင်းပြပေးလိုက်ကြသည်။
ကျောက်ကန်းက ကျန်းယဲ့ထံသို့ လျှောက်လာပြီး တိုးညင်းစွာ မေးလိုက်၏။ “ဒါရိုက်တာကျန်း... ကျွန်တော်တို့ ဘယ်ကာလကို ရောက်နေလဲဆိုတာ အတည်ပြုပေးလို့ရမလား...”
သူ၏ မေးခွန်းများမှာ အလွန် သတိကြီးလှသည်။
စနစ်က အေဒီ၁၉၃၅ နှင့် မုံပေါ်တောင်ဟူသော မရေရာသည့် ကိုဩဒိနိတ်များကိုသာ ပေးထားသော်လည်း တိကျသော လနှင့် ရက်မှာ သူတို့ ရင်ဆိုင်ရမည့် ရာသီဥတု အခြေအနေများနှင့် သမိုင်းဝင် အဖြစ်အပျက်များနှင့် ဆက်စပ်နေချေသည်။
နေရာသို့ ရောက်ရှိပြီးနောက် ကျန်းယဲ့သည် အသေးစိတ် အချက်အလက်များကို စစ်ဆေးနိုင်ခဲ့သည်။ ၎င်းကို အတည်ပြုပြီးနောက် သူက တစ်ဖက်လူကို ခေါင်းညိတ်ပြလိုက်၏။ “ဒီအချိန်ပါပဲ.... ”
ကျောက်ကန်း၏ မျက်လုံးများ ချက်ချင်း စူးရှသွားရသည်။
ထို့နောက် သူက လှည့်ကာ အဖွဲ့ကို အချက်ပြလိုက်ရာ ကျိုးကျွင်း၊ ဖန်ရှန်နှင့် အခြား ပရော်ဖက်ရှင်နယ်များ ချက်ချင်း စုရုံးလာခဲ့ကြသည်။
“ဒီကာလအတွင်းမှာ အမြင့်ပိုင်းဒေသတွေမှာ နှင်းမုန်တိုင်းတွေ ရှိနေသေးတယ်...” ကျောက်ကန်းက အလျင်အမြန် ခွဲခြမ်းစိတ်ဖြာလိုက်၏။ “သမိုင်းမှတ်တမ်းတွေအရ အဲဒီအချိန်က တပ်ဖွဲ့တွေဟာ အဝတ်အစားနဲ့ အစားအစာ ပြတ်လပ်နေပြီး စစ်သည်အများအပြားက ပါးလွှာတဲ့ အဝတ်အစားတွေနဲ့ ကောက်ရိုးဖိနပ်တွေကိုပဲ ဝတ်ဆင်ပြီး နှင်းဖုံးနေတဲ့ တောင်တွေကို ဖြတ်ကျော်ခဲ့ကြတယ်...”
၎င်းကို ကြားသောအခါ ဒေါက်တာလီမင်၏ အမူအရာမှာ လေးနက်သွားရသည်။ “ဒီရာသီမှာ နှင်းဖုံးနေတဲ့ တောင်တွေရဲ့ နေ့နဲ့ည အပူချိန်ကွာဟချက်က အရမ်း ပြင်းထန်တယ်။ နေ့ဘက်မှာ သုည ဒီဂရီ ဆဲလ်စီးယပ်ဝန်းကျင် ရှိနိုင်ပေမဲ့ ညဘက်မှာ အနှုတ်နှစ်ဆယ် ဒါမှမဟုတ် သုံးဆယ် ဒီဂရီ ဆဲလ်စီးယပ်အထိ ထိုးကျသွားနိုင်တယ်...”
“ကျွန်တော်တို့ရဲ့ အသုံးအဆောင်တွေက လုံလောက်ပါတယ်....” ကျိုးကျွင်းက ရေခဲခွဲပုဆိန်ကို စစ်ဆေးလိုက်၏။ “အဓိက ပြဿနာက...”
သူ၏ အကြည့်များက အဝေးရှိ ဖြူဖွေးနေသော တောင်ကြောများဆီသို့ လွင့်မျောသွားပြီး သူ ဘာမှ ဆက်မပြောတော့ချေ။
သို့သော် ထိုနေရာရှိ လူတိုင်း သူဆိုလိုသည်ကို နားလည်ကြလေသည်။
အဲဒီတုန်းက စစ်သည်တွေမှာ ဒီခေတ်မီ အသုံးအဆောင်တွေ မရှိခဲ့ဘူး။
ကျိုးကျွင်းက အသက်ပြင်းပြင်း ရှူကာ လူတိုင်းကို ပြောလိုက်၏။ “ကျွန်တော်တို့မှာ တန်ဖိုးရှိတဲ့ ၂၄ နာရီပဲ ရှိတယ်။ အဖွဲ့နှစ်ဖွဲ့ ခွဲဖို့ အကြံပြုချင်ပါတယ်။ တစ်ဖွဲ့က အနီရောင်တပ်မတော်ရဲ့ ခြေရာတွေကို ရှာဖွေဖို့... နောက်တစ်ဖွဲ့က ဘေးကင်းတဲ့နေရာမှာ နေပြီး ယာယီစခန်းတည်ဆောက်ကာ အချိန်မရွေး အကူအညီပေးဖို့ အသင့်ရှိနေရမယ်...”
“သဘောတူတယ်....” ကျောက်ကန်းက အဖွဲ့ကို ပြတ်သားစွာ စတင် ခွဲလိုက်လေသည်။ “ကျွန်တော်နဲ့ ရဲဘော် ငါးယောက်... ပြီးတော့ ကျိုးကျွင်း၊ ဖန်ရှန်၊ ဝမ်လဲ့၊ ဝူဖုန်းတို့ ပေါင်းပြီး ဆယ်ယောက်ပါတဲ့ ကင်းထောက်အဖွဲ့ တစ်ဖွဲ့ ဖွဲ့မယ်။ ကျန်တဲ့လူတွေကို ဒါရိုက်တာကျန်းနဲ့ ဒေါက်တာလီမင်က ဦးဆောင်ပြီး လေကွယ်တဲ့ နေရာမှာ စခန်းချကြမယ်...”
အခန်း ၁၇၈ပြီး၏။