← Chapters

အခန်း ၁၇၉

Vol. 18 Ch. 179

အခန်း ၁၇၉

Vol. 18 Ch. 179

အခန်း (၁၇၉) အဖွဲ့ခွဲ၍ ရှာဖွေခြင်း

​မာရှောင်ထျောင်က သဘောမတူဘဲ သူ၏ အမြင်ကို တင်ပြလိုက်၏။ “လူတိုင်း အတူတူနေတာက ပိုလုံခြုံတယ်လို့ ထင်တယ်.. ဒီလို လူသူကင်းမဲ့တဲ့ တောကန္တာရထဲမှာ တစ်ခုခု ဖြစ်လာရင် ဘယ်လိုလုပ်မလဲ”

​သူ၏ စကားများကို ကြားသောအခါ ပြင်ပလှုပ်ရှားမှု အတွေ့အကြုံ မရှိသော အဖွဲ့ဝင် အချို့မှာ စိုးရိမ်လာခဲ့ကြသည်။

​ကျန်းဝေ့က တုန်ယင်နေသော လင်းယွီကို ဖက်ထားရင်း တုံ့ဆိုင်းစွာ ပြောလိုက်လေသည်။ “ဘာလို့ အတူတူ မသွားတာလဲ။ ခင်ဗျားတို့ကို ဒုက္ခမပေးဘူးလို့ ကတိပေးပါတယ်...”

​ထိုစကားကို ကြားသောအခါ ကျောက်ကန်းက မျက်မှောင်ကြုတ်သွားပြီး တည်ငြိမ်စွာ ပြောလိုက်၏။ “ဒါက ပျော်ပွဲစားထွက်တာ မဟုတ်ဘူး။ ကျွန်တော်တို့က ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၄,၉၀၀ မှာ ရောက်နေတာ... လေတိုက်နှုန်းက အဆင့်ခုနစ်ရှိပြီး အပူချိန်က အနှုတ်ဆယ့်ငါး ဒီဂရီ ဆဲလ်စီးယပ်ရှိတယ်။ ဒီလို ပတ်ဝန်းကျင်မျိုးမှာ အတွေ့အကြုံ မရှိတဲ့လူတစ်ယောက်က ဘယ်လောက် မြန်မြန် ခွန်အားကုန်ခန်းသွားနိုင်လဲဆိုတာ မင်းသိလား....”

​သူ၏ အသံမှာ တဖြည်းဖြည်း တိုးဝင်သွားချေသည်။ “ကျွန်တော်တို့မှာ ၂၄ နာရီပဲ ရှိတယ်။ အဖွဲ့တစ်ခုလုံး အတူတူ လှုပ်ရှားမယ်ဆိုရင် မောပန်းနေတဲ့ လူတွေကို ဂရုစိုက်ဖို့အတွက် အချိန်အများစုကို ဖြုန်းတီးလိုက်ရလိမ့်မယ်...”

​လေပြင်းနှင့် နှင်းများက လူအုပ်ကြားသို့ ဖြတ်သန်း မြည်ဟည်းသွားခဲ့သည်။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဒေါက်တာချန်ရွှဲက ရုတ်တရက် လက်မြှောက်လိုက်၏။ “အဖွဲ့ခွဲတာကို ကျွန်မ သဘောတူပါတယ်။ အမြင့်ပေ ဆေးပညာသုတေသီ တစ်ယောက်အနေနဲ့ ဒီပတ်ဝန်းကျင်မှာ ပရော်ဖက်ရှင်နယ်မဟုတ်တဲ့ လူတွေ ရင်ဆိုင်ရမယ့် အန္တရာယ်တွေကို ကျွန်မ ကောင်းကောင်း သိပါတယ်....”

​ဒေါက်တာ လီမင်ကလည်း အချိန်ကိုက် ဝင်ပြောလိုက်လေသည်။ “ချန်ရွှဲပြောတာ မှန်တယ်။ ကျွန်တော်တို့က ဝန်ထုပ်ဝန်ပိုးတစ်ခု အလွယ်တကူ ဖြစ်သွားနိုင်ပါတယ်....”

​မာရှောင်ထျောင်ကလည ဆက်ပြီး အတင်းအကျပ် မပြောတော့ခေိ။ “ကောင်းပါပြီ... ဒါဆို ခင်ဗျားတို့ သတိထားသွားကြပါ”

​“စိတ်မပူပါနဲ့” နောက်ဆုံး သော့ချိတ်ကို စစ်ဆေးပြီးနောက် ကျောက်ကန်းက သူ၏ နှင်းလျှောက်ဖိနပ်ဖြင့် နှင်းပေါ်တွင် ရှင်းလင်းသော အမှတ်အသားများ ခြစ်လိုက်သည်။ “ကျွန်တော်တို့ အတူတူဆိုရင် တောင်ပေါ် အခြေအနေ အများစုကို ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်...”

​သဘောတူညီမှု ရရှိသွားသော အဖွဲ့ကို ကြည့်ကာ ကျန်းယဲ့က ကျောက်ကန်းနှင့် အခြားသူများကို ညွှန်ကြားလိုက်၏။ “သတိထားကြပါ... ဒီဘက်ကိုတော့ ကျွန်တော် ကြည့်ထားပါ့မယ်....ဘာမှမဖြစ်စေရဘူး”

​မြည်ဟည်းနေသော လေပြင်းများက နှင်းပွင့်များကို လွင့်စဉ်စေပြီး မျက်နှာကို ဓားကဲ့သို့ စူးရှစွာ ရိုက်ခတ်နေခဲ့သည်။

​ဤအချိန်တွင် ရှေ့ပြေး ကင်းထောက်တပ်စုမှ စစ်သည် တစ်ဒါဇင်သည် ရေခဲကျောက်တုံးပေါ်ရှိ လေကွယ်ရာနေရာတစ်ခုတွင် ကွေးကွေးလေး နေနေကြပြီး သူတို့၏ မျက်ခုံးများနှင့် မျက်တောင်များတွင် နှင်းခဲများ ဖုံးလွှမ်းနေခဲ့သည်။

​တပ်စုမှူး ကျောက်တယုံသည် အိတ်ကပ်ထဲမှ အဝတ်အိတ်တစ်လုံးကို ထုတ်ယူကာ အလွှာလိုက် ဖြည်လိုက်ရာ ဂျုံကြမ်းဖြင့် လုပ်ထားသော မည်းနက်နေသည့် ပန်ကိတ်တစ်ဝက် ထွက်လာခဲ့သည်။

​၎င်းမှာ တပ်ခွဲတစ်ခုလုံးက အနိုင်နိုင် စုဆောင်းထားသော ရိက္ခာဖြစ်ပြီး သူ မထွက်ခွာမီ နည်းပြက ကိုယ်တိုင်ကိုယ်ကျ ပေးခဲ့ခြင်း ဖြစ်၏။

​“ရှောင်တောက်.... ရော့” ကျောက်တယုံက ပန်ကိတ်ကို ထက်ဝက်ချိုးကာ အနည်းငယ် ပိုကြီးသော အပိုင်းကို ထောင့်တွင် ကွေးကွေးလေး နေနေသော စစ်သည်လေးထံသို့ ကမ်းပေးလိုက်၏။

​အသက် ဆယ့်ခြောက်နှစ်အရွယ် ကျန်းရှောင်တောက်၏ နှုတ်ခမ်းများမှာ အအေးဒဏ်ကြောင့် ပြာနှမ်းနေပြီ ဖြစ်သော်လည်း သူက အသည်းအသန် ခေါင်းခါလိုက်လေသည်။ “တပ်စုမှူး... ခင်ဗျားပဲ စားပါ။ ကျွန်တော်... ကျွန်တော် မဆာဘူး”

​သူ စကားပြောမဆုံးမီမှာပင် သူ၏ ဗိုက်မှ ကျယ်လောင်စွာ မြည်ဟည်းလာခဲ့သည်။

​ကျောက်တယုံက ရှောင်တောက်၏ ဝါဂွမ်းအင်္ကျီ ရှေ့ပိုင်းကို တိုက်ရိုက် ဆွဲဖွင့်ကာ ပန်ကိတ်ကို အတွင်းသို့ ထိုးထည့်လိုက်၏။

​အေးစက်နေသော ပန်ကိတ်က ကောင်လေး၏ နွေးထွေးသော ရင်ဘတ်နှင့် ထိတွေ့သွားပြီးနောက် ချက်ချင်းပင် အဖြူရောင် ရေနွေးငွေ့များ ထွက်ပေါ်လာလေသည်။

​“ဒါ အမိန့်ပဲ..” တပ်စုမှူး၏ အသံမှာ မြေကြီးနှင့် ပွတ်တိုက်နေသော ကော်ဖတ်စက္ကူကဲ့သို့ အက်ကွဲနေခဲ့သည်။ “မင်း ခြေထောက်တွေ ခွေကျပြီး နှင်းတောင်စောင်းကနေ ပြုတ်ကျသွားရင် ငါ သေရင်တောင် မင်းကို ခြောက်လှန့်မယ်....”

​စစ်မှုထမ်းဟောင်း စွန်းတယ်ရှန်းက သူ၏ အိတ်ကပ်ထဲမှ လက်ဆစ်အရွယ်ခန့် ရှိသော ဆားခဲလေးတစ်ခုကို တိတ်ဆိတ်စွာ ထုတ်ယူလိုက်ပြီး ထိုလူ တစ်ဒါဇင်က အလှည့်ကျ ရက်လိုက်ကြသည်။

​ငန်ပြီး ဖန်သောအရသာက အရသာခံဖုများကို လှုံ့ဆော်ပေးပြီး ဆန္ဒပြနေသော အစာအိမ်ကို လှည့်စားနိုင်သည့်အလား ဖြစ်နေချေသည်။

​သူတို့နောက်ရှိ အဓိကတပ်ဖွဲ့ကြီးအတွက် အခြေအနေမှာ ပို၍ပင် ဆိုးရွားနေကြောင်း သူတို့အားလုံး သိကြလေသည်။

​မနေ့က စားဖိုဆောင်မှ လောင်လီက စွပ်ပြုတ်လုပ်ရန် မြင်းချေးထဲမှ မကြေညက်သေးသော ပဲစေ့များကိုပင် ရွေးထုတ်ခဲ့ရကြောင်း တိတ်တဆိတ် ပြောခဲ့၏။

​အဖွဲ့က ခက်ခက်ခဲခဲ ရရှိထားသော အစားအစာများကို တိတ်ဆိတ်စွာ ဝါးစားလိုက်ကြလေသည်။

​ကျန်းရှောင်တောက်သည် ပန်ကိတ်ကို တိတ်တဆိတ် ထက်ဝက်ချိုးကာ တစ်ဝက်ကို သူ၏ အိတ်ကပ်ထဲ ထည့်ပြီး ကျန်တစ်ဝက်ကို တပ်စုမှူး၏ ရင်ခွင်ထဲသို့ ပြန်ထည့်လိုက်လေသည်။

​“ဆက်သွားကြမယ်....” ကျောက်တယုံက အဝတ်ပေါ်ရှိ နှင်းများကို ခါချကာ မတ်တပ်ရပ်လိုက်၏။ “မမှောင်ခင် ဘေးကင်းတဲ့ လမ်းကြောင်းကို ရှာတွေ့ရမယ်...”

​လူ ခြောက်ဦးသည် ခြေထောက်များကို သိုင်းကြိုးများဖြင့် ချည်နှောင်ကာ လမ်းကြောင်းတစ်ခုပေါ်တွင် တန်းစီထားပြီး အသက်နှင့် သေဆုံးခြင်းကြား ကြိုးတန်းပေါ်တွင် ချည်နှောင်ခံထားရသော နှံကောင်များကဲ့သို့ ရှေ့သို့ ဆက်သွားနေခဲ့ကြသည်။

​ရှောင်တောက်သည် နောက်ဆုံးမှ ဒုတိယနေရာတွင် ရှိနေပြီး ရဲဘော်များ၏ ကျောပြင်များကို လေပြင်းနှင့် နှင်းများကြားတွင် ပေါ်လိုက် ပျောက်လိုက် မြင်နေရကာ ခြေထောက်ကို ချည်နှောင်ထားသည့် ကြိုးမှ ဆွဲငင်အားကသာ သူ၏ တစ်ခုတည်းသော အထောက်အပံ့ ဖြစ်နေခဲ့သည်။

​ထိုအချိန်၌ ရှေ့ဆုံးမှ ကင်းထောက်သည် ရုတ်တရက် ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူ၏ လက်ကို တုန်ယင်စွာ ဆန့်ထုတ်လိုက်၏။ “ရပ်... ခဏရပ်”

​ထို့နောက် သူက ရှေ့ရှိ ချောမွေ့ပုံရသော နှင်းပြင်ကို လက်ညှိုးထိုးပြလိုက်၏။ “ဒီနေရာ တစ်ခုခု မှားနေတယ်..”

​အတွေ့အကြုံရှိသော စစ်သည်များမှာ ချက်ချင်း သတိဝင်သွားကြခေသည်။

​ကျောက်တယုံသည် သူ၏ခြေထောက်ကို ချည်နှောင်ထားသည့် ကြိုးကို ဖြည်ကာ နှင်းပေါ်တွင် ဖြည်းညှင်းစွာ လှဲချလိုက်လေသည်။ “အားလုံး လှဲချ... တွားသွား...”

​လူတစ်ဒါဇင်က နှင်းပြင်ပေါ်တွင် တွားသွားပိုးကောင်များကဲ့သို့ တွားသွားလိုက်ကြသည်။

​ကျန်းရှောင်တောက်သည် သူ၏ ခြေအောက်မှ တိုးညင်းသော “ဂျွတ်” ဟူသည့် အသံကို ရုတ်တရက် ကြားလိုက်ရ၏။ သူ မအော်နိုင်မီမှာပင် နှင်းပြင်တစ်ခုလုံး ရုတ်တရက် ပြိုကျသွားလေသည်။

​“အားး...”

​စစ်သည်ခြောက်ဦးသည် ရေခဲအက်ကြောင်းထဲသို့ ချက်ချင်း ကျွံကျသွားကြသည်။

​ကျောက်တယုံသည် အက်ကြောင်း၏ အစွန်းကို ဆွဲကိုင်ထားပြီး ကျန်းရှောင်တောက်မှာ သူ၏ လက်ဖျားမှတစ်ဆင့် တွင်းနက်ကြီးထဲသို့ လျှောကျသွားသည်ကို မတတ်သာဘဲ ကြည့်နေခဲ့ရသည်။

​“ကျန်းရှောင်တောက်.......”

​ပဲ့တင်သံများက ရေခဲအက်ကြောင်းများအတွင်း အလွှာလိုက် ထပ်နေခဲ့သည်။

​စက္ကန့်အနည်းငယ် ကြာပြီးနောက် တုံးတိတိ အသံတစ်သံကို ကြားလိုက်ရပြီး ကျန်းရှောင်တောက်၏ အော်သံ ထွက်ပေါ်လာခဲ့သည်။ “တပ်စုမှူး.... ကျွန်တော်တို့ အသက်ရှင်သေးတယ်... ဒါပေမဲ့ အစ်ကိုကျိုးရဲ့ ခြေထောက်က... ခြေထောက်က...”

​အသက်ရှင်ကျန်ရစ်သော စစ်သည်များမှာ ကြိုးလုပ်ရန်အတွက် သူတို့၏ ခါးပတ်များကို အရူးအမူး ဖြည်လိုက်ကြ၏။

​လူအိုကြီးစွန်းက သူ၏ ဝါဂွမ်းအင်္ကျီကို ဆွဲဖွင့်လိုက်ရာ သူ၏ ခါးတွင် နှစ်ပေါင်းများစွာ မြတ်နိုးစွာ သိမ်းဆည်းထားသော လျှော်ကြိုးကို တွေ့လိုက်ရလေသည်။

​၎င်းမှာ သူ အိမ်မှထွက်ခွာစဉ်က သူ၏ မိခင်အိုကြီးက သူ၏ အိတ်ထဲသို့ ထည့်ပေးလိုက်သော အသက်ကယ်ကြိုးဖြစ်သည်။

​“ငါ အောက်ဆင်းမယ်...” လူအိုကြီးစွန်းက ကြိုးကို ကျောက်တုံးတွင် ချည်လိုက်၏။

​“မလုပ်နဲ့....” ကျောက်တယုံက သူ့ကို ဆွဲထားလိုက်လေသည်။ “ဒီကြိုးက လူနှစ်ယောက်ကို မခံနိုင်ဘူး..”

​သူ စကားပြောမဆုံးမီမှာပင် အက်ကြောင်း အစွန်းရှိ နှင်းများ ရုတ်တရက် ထပ်မံ ပြိုကျသွားပြီး လူအိုကြီးစွန်းမှာ ယိမ်းယိုင်ကာ တွင်းနက်ကြီးထဲသို့ ပြုတ်ကျသွားခဲ့သည်။

​ရေခဲအက်ကြောင်းထဲမှ တုံးတိတိ အသံတစ်သံ ထွက်ပေါ်လာပြီးနောက် ရင်ကွဲနာကျဖွယ် ညည်းညူသံ ထွက်ပေါ်လာချေသည်။

​ကျန်းရှောင်တောက်၏ အသံမှာ အနည်းငယ် တုန်ယင်နေလေသည်။ “အဘိုးစွန်း ခေါင်းကနေ သွေးတွေ ထွက်နေတယ်ဗျ...”

​ကျန်ရှိနေသော စစ်သည် ငါးဦးမှာ ရေခဲအက်ကြောင်း၏ အစွန်းတွင် ဒူးထောက်ကာ သူတို့၏ ရဲဘော်များကို ကယ်ဆယ်ရန် အစွမ်းကုန် ကြိုးစားကြသော်လည်း သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ ပစ္စည်းများကြောင့် ကယ်ဆယ်ရန် မဖြစ်နိုင်ချေ။

​မီတာ သုံးဆယ်ကျော် နက်သော ရေခဲအက်ကြောင်းထဲမှ စစ်သည်များ၏ အသံများကို ကြားနေခဲ့ရသည်။

​“ကျွန်တော်တို့ကို ထားခဲ့တော့...”

​“မင်းတို့ ဒီကနေ ထွက်သွားကြတော့...”

​“မှတ်ထား.... ငါ့အမေကို... ပြောပြဖို့ မမေ့နဲ့နော်...”

​ကျောက်တယုံက သူ၏ မျက်နှာကို နှင်းများထဲတွင် အပ်ထားပြီး သူ၏ ပခုံးများမှာ ပြင်းထန်စွာ တုန်ယင်နေ၏။

......

​တစ်ချိန်တည်းမှာပင် ကျိုးကျွင်းသည် အဖွဲ့၏ အရှေ့ဆုံးမှ လျှောက်သွားနေပြီး သူ၏ ရေခဲခွဲပုဆိန်မှာ နှင်းများထဲတွင် နက်ရှိုင်းစွာ စိုက်ဝင်နေကာ ခြေလှမ်းတိုင်းတွင် ပြင်းထန်သော အသက်ရှူသံများ ပါဝင်နေခဲ့သည်။

​နှင်းပွင့်များမှ ပါလာသော အေးစက်သည့် လေပြင်းများက နှင်းကာ မျက်မှန်များကို ရိုက်ခတ်နေပြီး တရှဲရှဲ အသံကို ဖြစ်ပေါ်စေနေခဲ့သည်။

​သူသည် အသင်းဖော်များဘက်သို့ လှည့်ကာ ညည်းတွားလိုက်၏။ “ဒီရာသီဥတုက ၂၀၁၈တုန်းက ကျွန်တော် မုံပေါ်တောင်ကို တက်ခဲ့တုန်းကနဲ့ လုံးဝ မတူဘူး... လေတိုက်နှုန်းက အနည်းဆုံး အဆင့်ရှစ် ရှိပြီး မြင်ကွင်းက ငါးမီတာထက်တောင် နည်းတယ်။ ခေတ်မီ တောင်တက်စံနှုန်းတွေအရဆိုရင် ကျွန်တော်တို့ အခုချက်ချင်း တောင်အောက် ဆင်းသင့်ပြီ...”

​ဖန့်ရှန်းက နှင်းကာ မျက်မှန်ပေါ်ရှိ နှင်းခဲများကို ခက်ခက်ခဲခဲ သုတ်လိုက်ပြီး သူ၏ အသံမှာ လေကြောင့် အက်ကွဲနေချေသည်။ “ကျွန်တော်တို့မှာ ဒီလို အသုံးအဆောင်တွေ ရှိတာတောင် ဒီလောက် ခက်ခဲနေတာ.... အဲဒီခေတ်က လူတွေ ဘယ်လိုများ လုပ်နိုင်ခဲ့လဲဆိုတာ တကယ် မသိတော့ဘူး...”

​ရုတ်တရက် ကျောက်ကန်းက လက်ကို ဆတ်ခနဲ မြှောက်လိုက်ပြီး အဖွဲ့ကို ရပ်ရန် အချက်ပြလိုက်၏။

​သူက ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး ထူထဲသော ဆောင်းရာသီ ဦးထုပ်အောက်ရှိ သူ၏ နားရွက်များက ညင်သာစွာ လှုပ်ခတ်သွားခဲ့သည်။

​“ရှုး.... ”

​လေပြင်းများ မြည်ဟည်းနေသော်လည်း လူ့အသံများကို တိုးညင်းစွာ ကြားနေရလေသည်။

​ကျိုးကျွင်းက ချက်ချင်း အသက်ရှူအောင့်လိုက်ပြီး အခြားသူများမှာလည်း ရပ်တန့်ကာ အသေအချာ နားထောင်လိုက်ကြ၏။

​လေပြင်းနှင့် နှင်းများကြားတွင် အသံမှာ အလွန်တိုးညင်းနေသဖြင့် ခွဲခြားသိမြင်ရန် မဖြစ်နိုင်သလောက် ရှိနေပြီး လေပြင်းကြောင့် ဆုတ်ဖြဲခံလိုက်ရသော အပိုင်းအစများကဲ့သို့ ဖြစ်နေသော်လည်း ၎င်းမှာ အငြင်းပွားဖွယ် မရှိအောင် အစစ်အမှန် ဖြစ်နေချေသည်။

​“ဆက်သွားကြမယ်……”

​“...မမှောင်ခင်...”

​ကျောက်ကန်း၏ မျက်လုံးများ စူးရှသွားပြီး သူက တိုးညင်းစွာ ပြောလိုက်၏။ “တစ်ယောက်ယောက် စကားပြောနေတယ်..”

​ကျိုးကျွင်းက မျက်မှောင်ကြုတ်လိုက်၏။ “ဒီလူသူကင်းမဲ့တဲ့ တောကန္တာရထဲမှာ ငါတို့ကလွဲလို့ ဘယ်သူ ရှိနိုင်ဦးမှာလဲ...”

​သူ၏ အသံမှာ ရုတ်တရက် ရပ်တန့်သွားပြီး သူ၏ သူငယ်အိမ်များ ရုတ်တရက် ကျယ်ပြန့်သွားကာ အံ့သြစွာ အော်လိုက်ချေသည်။ “အဲဒါ... သူတို့များ ဖြစ်နေမလား...”

​ကျောက်ကန်းက ပြန်မဖြေဘဲ အသံလာရာ အရပ်ကို ဂရုတစိုက် ခွဲခြားသိမြင်ရန် သူ၏ ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ လှည့်လိုက်သည်။

​ခဏအကြာတွင် သူက ဆယ်နာရီ အရပ်မျက်နှာဘက်သို့ လက်ညှိုးထိုးပြလိုက်၏။ “ဟိုဘက်မှာ...”

(NT- စစ်ရေးတွေမှာသုံးတဲ့ နာရီမျက်နှာပြင်ကို သုံးတဲ့ နည်းစနစ်ပါ.... နာရီတစ်လုံးရဲ့ အလယ်မှာ ရပ်နေတဲ့ သဘာမျိုးပါ... ၁၂နာရီကို အရှေ့၊ ၆နာရီကို အနောက်၊ ၃နာရီကို တောင်ဘက်၊ ၉နာရီကို မြောက်ဘက်ဆိုပြီး သတ်မှတ်ပါတယ်..)

​တုံ့ဆိုင်းခြင်း မရှိဘဲ လူဆယ်ဦးက လမ်းကြောင်း ချက်ချင်း ပြောင်းလိုက်ပြီး အသံလာရာ အရပ်ဆီသို့ ဦးတည်သွားလိုက်ကြသည်။

​ဝူဖုန်းသည် သူ၏ ခါးရှိ ဘေးကင်းရေး ကြိုးကို အလျင်အမြန် စစ်ဆေးလိုက်ပြီး တိုးညင်းစွာ ပြောလိုက်၏။ “ခြေလှမ်းကို သတိထားကြ... ဒီလို ရာသီဥတုမျိုးမှာ ဖုံးကွယ်နေတဲ့ အက်ကြောင်းတွေ အများကြီး ရှိတယ်...”

​သူတို့သည် လေပြင်းနှင့် နှင်းများကြားမှ သတိကြီးစွာဖြင့် ရှေ့ဆက်သွားနေခဲ့ကြသည်။

​အကွာအဝေး နီးကပ်လာသည်နှင့်အမျှ အသံမှာ ပိုမို ရှင်းလင်းလာလေသည်။

အခန်း ၁၇၉ပြီး၏။

All Chapters