အခန်း ၁၈၀
Vol. 18 Ch. 180
အခန်း (၁၈၀) ကယ်ဆယ်ခြင်း
ကျောက်တယုံသည် ကျန်ရှိနေသော စစ်သည်များကို ရေခဲအက်ကြောင်း၏ အစွန်းမှ ခေါ်ထုတ်သွားရန် ပြင်ဆင်နေစဉ်မှာပင် မလှမ်းမကမ်းရှိ နှင်းမုန်တိုင်းထဲမှ နှင်းများကို နင်းခြေလာသည့် “ဂျွတ်ဂျွတ်” ဟူသော အသံကို ကြားလိုက်ရ၏။
“အကာအကွယ်ယူ...” ကျောက်တယုံက ခပ်တိုးတိုး အော်လိုက်လေသည်။
လူငါးဦးသည် ချက်ချင်း လူစုခွဲလိုက်ကြပြီး ချွန်ထက်နေသော ရေခဲကျောက်တုံးများ၏ အကာအကွယ်အောက်တွင် သူတို့၏ သေနတ်မောင်းများကို တစ်ပြိုင်နက်တည်း ဆွဲတင်လိုက်ကြသည်။
ယခင် တပ်စုမှူး ချန်ထားခဲ့သော ဟန်ယန်ရိုင်ဖယ်သေနတ်သည် သူ၏ အေးခဲနေသော လက်ထဲတွင် အနည်းငယ် တုန်ယင်နေသော်လည်း အသံလာရာ အရပ်ဆီသို့ တည်ငြိမ်စွာ ချိန်ရွယ်ထားဆဲပင်။
မီတာတစ်ရာအကွာတွင် ကျောက်ကန်းက သူ၏ နောက်မှ အသင်းဖော်ကို ရုတ်တရက် လှမ်းဆွဲလိုက်၏။
သူ၏ အထူးတပ်ဖွဲ့ဝင်ဗီဇကြောင့် သူ၏ ကြွက်သားများ ချက်ချင်း တင်းမာသွားပြီး ညာလက်က ခါးရှိ ဒါးမြှောင်ပေါ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
သူ၏ နှုတ်ခမ်းများက မသိမသာ လှုပ်ရှားသွားသော်လည်း သူ၏ အသံက အသင်းဖော်တိုင်းထံသို့ ရှင်းလင်းစွာ ရောက်ရှိသွားခဲ့သည်။ “ဆယ့်တစ်နာရီ အရပ်... လူငါးယောက်.... လက်နက်ပါတယ်...”
လေပြင်းနှင့် နှင်းများက မြင်ကွင်းကို ဝေဝါးနေစေသော်လည်း ဂျာနယ်စံပြ စစ်ရေးပုံစံအတိုင်း ပုန်းကွယ်နေကြသည့် ဝေဝါးဝါး ပုံရိပ်အချို့ကို ကျိုးကျွင်း အဝေးမှ မြင်နေရဆဲပင်။
“ရှေ့က အနီရောင်တပ်မတော်က ရဲဘော်တွေလားဗျ... ” ကျောက်ကန်းက ရုတ်တရက် အသံကို မြှင့်၍ အော်မေးလိုက်၏။
ကျောက်တယုံ၏ သူငယ်အိမ်များက ရေခဲကျောက်တုံးနောက်ကွယ်တွင် ရုတ်တရက် ကျုံ့ဝင်သွားရသည်။
သူသည် သူ့ဘေးရှိ စစ်သည်ကို မျက်စိတစ်ချက် ပြလိုက်ပြီးနောက် အက်ကွဲနေသော အသံဖြင့် ပြန်ဖြေလိုက်၏။ “မင်းတို့က ဘယ်သူတွေလဲ...”
“ကျွန်တော်တို့က တောင်ခြေက ရွာသားတွေပါဗျာ။” ကျောက်ကန်းက သူ၏ ကျောပိုးအိတ်ကို ဖြည်းညှင်းစွာ ချွတ်လိုက်ပြီး ခေါင်းပေါ်သို့ မြှောက်ပြလိုက်သည်။ “အနီရောင်တပ်မတော်အတွက် ဝါဂွမ်းအင်္ကျီတွေနဲ့ အစားအစာတွေ လာပို့တာပါ...”
“မင်း လိမ်နေတာ...” စစ်သည်ရှောင်လီက လုံးဝ မယုံကြည်ဘဲ သူ၏ လိမ်ညာမှုကို တိုက်ရိုက်ပင် ဖွင့်ချလိုက်လေသည်။ “ဒီပတ်ဝန်းကျင် မိုင်ပေါင်းများစွာအတွင်းမှာ လူတစ်ယောက်မှ မရှိဘူး...”
သူက သေနတ်ပြောင်းကို ရှေ့သို့ တိုးလိုက်ရာ နှင်းပွင့်များ လွင့်စဉ်သွားခဲ့သည်။
ကျောက်ကန်းသည် သူ၏ ကျောပိုးအိတ်ကို ဖွင့်လိုက်ပြီး လေဟာနယ်စနစ်ဖြင့် ထုပ်ပိုးထားသော အလိုအလျောက် အပူပေး စတူးအိုးတစ်ခုကို ထုတ်ယူလိုက်သည်။ ပလတ်စတစ် ဖလင်ပြားက လေပြင်းနှင့် နှင်းများကြားတွင် ထူးဆန်းသော အလင်းရောင်ကို ရောင်ပြန်ဟပ်နေလေသည်။
“တကယ် ပစ္စည်းတွေ လာပို့တာပါ...” သူက ထုပ်ပိုးမှု အိတ်များကို တမင်တကာ တရှဲရှဲ အသံမြည်အောင် လုပ်လိုက်လေသည်။ “ကြည့်ပါ.... ဒါက ဒီအတွက် သီးသန့် ယူလာတဲ့ အမဲသားဗူးတွေပါ...”
“ကျွန်တော်တို့ လက်မြှောက်ထားနိုင်ပါတယ်...” ဝူဖုန်းက သူ၏ လက်များကို ခေါင်းပေါ်သို့ ဖြည်းညှင်းစွာ မြှောက်ပြလိုက်၏။ သူ၏ အသံမှာ လေပြင်းနှင့် နှင်းများကြားတွင် ထူးခြားစွာ ရှင်းလင်းနေလေသည်။ “ကျေးဇူးပြုပြီး သေနတ်မပစ်ပါနဲ့...”
ထိုအခိုက်အတန့်တွင် ရေခဲအက်ကြောင်းထဲမှ တိုးညင်းသော ချောင်းဆိုးသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဆယ်စုနှစ်ပေါင်းများစွာ တောင်တက်အတွေ့အကြုံ ရှိခဲ့သော ကျိုးကျွင်းသည် ရေခဲအက်ကြောင်း အရပ်မျက်နှာမှ တိုးညင်းသော ညည်းညူသံကို ကြားလိုက်ရချိန်တွင် သူ၏ ရင်ထဲ၌ ရုတ်တရက် တင်းကျပ်သွားရသည်။
“တစ်ယောက်ယောက် အန္တရာယ် ကြုံနေရတာလား” ကျိုးကျွင်းက စိုးရိမ်တကြီး မေးလိုက်၏။
အခြားတစ်ဖက်မှ တုံ့ပြန်မှု မရှိချေ။
သူ၏ အတွေ့အကြုံအရ ကျိုးကျွင်းက ဆုံးဖြတ်ချက် ချလိုက်၏။
သူသည် အခြားအရာများကို ဂရုမစိုက်တော့ဘဲ ဟိုဘက်ကို လှမ်းအော်လိုက်လေသည်။ “အခုက အသက်ကယ်ဖို့ ပထမဦးစားပေးပဲ... ထပ်ပြီး အချိန်ဆွဲနေရင် သူတို့ သေလိမ့်မယ်...”
ဤအခြေအနေမျိုးတွင် အချိန်မီ မကယ်ဆယ်နိုင်ပါက... သူတို့ အသက်ဆုံးရှုံးရလိမ့်မည်ကို သူ အသိဆုံး ဖြစ်၏။
သူတို့ အချိန်ခရီးသွားပြီး ဤနေရာသို့ လာရခြင်းမှာလည်း သူတို့၏ ဒုက္ခများကို လျှော့ချရန်နှင့် သေဆုံးမှု အရေအတွက်ကို လျှော့ချရန်အတွက် မဟုတ်ပါလော။
ဤအခြေအနေကို ရင်ဆိုင်ရချိန်တွင် ကျိုးကျွင်း အဘယ်ကြောင့် စိုးရိမ်စိတ် မစောဘဲ နေပါမည်နည်း။
၎င်းကို ကြားသောအခါ ကျောက်တယုံ၏ သေနတ်ကိုင်ထားသော လက်မှာ အနည်းငယ် တုန်ယင်သွားရသည်။
ထိုသူစိမ်း၏ အသံတွင် ရန်သူတစ်ဦးနှင့်မတူဘဲ စစ်မှန်သော စိုးရိမ်မှုနှင့် ပူပန်မှုများ ပြည့်နှက်နေချေသည်။ ထို့ကြောင့် သေနတ်ပြောင်းမှာ မသိစိတ်မှ အလိုအလျောက် အနည်းငယ် နိမ့်ကျသွားသော်လည်း သူက သတိမလွတ်သေးဘဲ သေနတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲပင်။
“ကျွန်တော်တို့မှာ သူတို့ကို အပြင်ထုတ်နိုင်တဲ့ နည်းလမ်း ရှိပါတယ်...” ကျိုးကျွင်းက အရေးတကြီး ဖြည့်စွက် ပြောလိုက်ပြန်သည်။ “ကျွန်တော်တို့မှာ ပရော်ဖက်ရှင်နယ်ကြိုးတွေနဲ့ ကယ်ဆယ်ရေး ကိရိယာတွေ ပါပါတယ်။ ကျေးဇူးပြုပြီး ဒီတစ်ကြိမ်ပဲ ကျွန်တော်တို့ကို ယုံကြည်ပေးပါ... ကျွန်တော်တို့က ရန်သူ မဟုတ်ပါဘူး။ တကယ်ပါ... ဒီတစ်ကြိမ်ပဲ ယုံကြည်ပေးပါ”
ဝမ်လဲ့ကလည်း အလျင်အမြန် လှမ်းအော်၏။ “ကျွန်တော်တို့ထဲက ဘယ်သူ့ဆီမှာမှ သေနတ် မပါပါဘူး...”
သူတို့၏ စကားများထဲမှ လေးနက်မှုနှင့် အရေးတကြီး ဖြစ်နေမှုများ.... ပြီးတော့ သူတို့ ပြသနေသည့် စစ်မှန်မှုများကြောင့် ကျောက်တယုံ တုံ့ဆိုင်းသွားခဲ့သည်။
သို့သော် ရန်သူက အရမ်း လိမ္မာပါးနပ်သဖြင့် သူတို့ သတိထားရမည်။
သူ့နောက်မှ လူငယ်စစ်သည်က အသံကို နှိမ့်ကာ တုံ့ဆိုင်းစွာ ဝင်ပြောလိုက်၏။ “တပ်စုမှူး... သူတို့ကို စမ်းကြည့်ခွင့် ပေးလိုက်ရမလား။ အဘိုးကြီးစွန်းနဲ့ သူတို့လူတွေ အကြာကြီး ခံနိုင်တော့မှာ မဟုတ်ဘူး”
ကျောက်တယုံ အသက်ပြင်းပြင်း ရှူလိုက်၏။ အရိုးခိုက်မတတ် အေးစက်သော လေပြင်းက ဓားတစ်လက်ကဲ့သို့ သူ၏ အဆုတ်ကို ထိုးဖောက်သွားသလို ခံစားလိုက်ရလေသည်။
သူ၏ မျက်လုံးများက ဆန့်ကျင်ဘက်ရှိ ဝေဝါးဝါး ကောက်ကြောင်းအချို့ကို စိုက်ကြည့်နေသော်လည်း သူ၏ မျက်လုံးထောင့်ကမူ ရေခဲအက်ကြောင်း အရပ်မျက်နှာဆီသို့ အဆက်မပြတ် ဝေ့ဝဲကြည့်နေခဲ့သည်။
သေနတ်ကို ဆုပ်ကိုင်ထားသော လက်များကလည်း ထပ်တလဲလဲ တင်းကျပ်လိုက် လျော့လိုက် ဖြစ်နေပြီး အင်အားစိုက်ထုတ်မှုကြောင့် လက်ဆစ်များမှာ ဖြူဖျော့နေကာ လည်ချောင်းဝမှာလည်း ခက်ခဲစွာ လှုပ်ရှားနေချေသည်။
နောက်ဆုံးတွင် သူ မျက်လုံးများကို ခေတ္တ မှိတ်လိုက်ပြီး ပြန်ဖွင့်လိုက်ချိန်တွင် သူ၏ အသံမှာ ပြတ်သားသွားခဲ့သည်။ “ဒီဘက်ကို ဖြည်းဖြည်းချင်း လျှောက်လာခဲ့ကြ...”
သူက အံကြိတ်ပြီး ဖြည့်စွက် ပြောလိုက်၏။ “လှည့်ကွက်တွေ သုံးဖို့ မကြိုးစားနဲ့....”
ထိုလေသံတွင် ငြင်းပယ်၍မရသော သတိပေးချက်နှင့် မကြားတကြား တောင်းပန်သံတို့ ရောနှောနေခဲ့သည်။
နှစ်ဖက်စလုံး အချင်းချင်း ရှင်းလင်းစွာ မြင်တွေ့နိုင်ကြသောအခါ လူတိုင်း မှင်သက်သွားကြရသည်။
ကျောက်တယုံနှင့် သူ၏ စစ်သည်များသည် သူတို့ရှေ့ရှိ ရွာသားတစ်စုကို မျက်လုံးပြူးကာ မယုံကြည်နိုင်လောက်အောင် စိုက်ကြည့်နေကြလေသည်။
သူတို့သည် ယခင်က တစ်ခါမျှ မမြင်ဖူးသော ထူထဲသည့် အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး ရေစိုခံအထည်စက နှင်းပြင်ပေါ်တွင် ထူးဆန်းစွာ ပြောင်လက်နေခဲ့သည်။
လူတိုင်းက ထူးခြားစွာ ပုံစံထုတ်ထားသော ကျောပိုးအိတ်များကို လွယ်ထားကြပြီး ခါးတွင် တောက်ပသော သတ္တု အသုံးအဆောင်များ ချိတ်ဆွဲထားကြရာ အရမ်း တန်ဖိုးကြီးပုံရလေသည်။
ကျိုးကျွင်းတို့ဘက်တွင်မူ ထိုလူကြီးများက သူတို့နှင့် ဆန့်ကျင်ဘက်ရှိ လူငါးဦးမှာ ပါးလွှာပြီး ဖာထေးထားသော မီးခိုးရောင်စစ်ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး သူတို့၏ ကွဲအက်နေသော နှုတ်ခမ်းများမှ သွေးများ ထွက်နေကာ မျက်နှာများတွင် နှင်းကိုက်နာများ ဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရ၏။
သူတို့၏ ကောက်ရိုးဖိနပ်များကို လျှော်ကြိုးများဖြင့် ချည်နှောင်ထားကြပြီး အချို့စစ်သည်များ၏ ခြေချောင်းများမှာ အအေးဒဏ်ကြောင့် ပြာနှမ်းနေခဲ့ကြသည်။
သူတို့က ဒီလို အသုံးအဆောင်မျိုးနဲ့ နှင်းဖုံးနေတဲ့ တောင်တွေကို ဖြတ်ကျော်ခဲ့ကြတာလား....
စစ်သည်တွေဟာ ကြမ်းတမ်းတဲ့ အခြေအနေတွေမှာ ရှိနေမှန်း သူတို့ သိထားကြသော်လည်း ၎င်းကို ကိုယ်တိုင် မျက်မြင်တွေ့လိုက်ရချိန်တွင် ရင်ထဲ၌ ဆို့နင့်ဖွယ် ခံစားချက်တစ်ခု တိုးဝှေ့လာရသည်။
ဖန့်ရှန်းမှာ စိတ်ခံစားချက် အရှိဆုံးဖြစ်ပြီး သူ၏ မျက်လုံးများ ချက်ချင်း နီရဲလာချေသည်။
“မင်းတို့က တကယ်ပဲ ဘယ်သူတွေလဲ...” ကျောက်တယုံက အရူးမဟုတ်ချေ။ သူတို့ရှေ့က လူတွေက သူ့ရွာသားတွေနဲ့ လုံးဝမတူဘူး။
ဒီက ဒေသခံတွေက သူတို့လို ကောင်းကောင်းမဝတ်နိုင်ကြဘူး.... ပြီးတော့ သူတို့ရဲ့ အသားအရေက ဖြူစင်ပြီး နူးညံ့လွန်းနေ။
ကျိုးကျွင်းက သူ၏ မျက်နှာကို သုတ်လိုက်ရာ အေးစက်သော မျက်ရည်များက သူ၏ လက်ဖျားတွင် ခဲခဲသွားခဲ့သည်။
“အဲဒီအကြောင်းကို နောက်မှ ပြောကြတာပေါ့။ အခုတော့ ကျေးဇူးပြုပြီး ခင်ဗျားတို့ရဲ့ ရဲဘော်တွေကို ကယ်ခွင့်ပြုပါ...”
ကျိုးကျွင်းက အက်ကြောင်းဆီသို့ ဂရုတစိုက် လျှောက်သွားပြီး အခြေအနေကို တစ်ချက်ကြည့်လိုက်ကာ သူ၏ ကျောပိုးအိတ်ကို ချ၍ အိတ်ထဲမှ ပစ္စည်းများကို စတင် ထုတ်ယူလိုက်၏။
သူ လှုပ်ရှားလိုက်သည်နှင့် စစ်သည်ငါးဦးမှာ မသိစိတ်မှ အလိုအလျောက် သူတို့၏ သေနတ်များကို ပိုမို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ကြသည်။
သို့သော် သူ ထုတ်ယူလိုက်သော ယခင်က တစ်ခါမျှ မမြင်ဖူးသည့် အရာကို မြင်လိုက်ရသောအခါ သူတို့၏ မျက်လုံးများတွင် သိချင်စိတ်များနှင့် မေးခွန်းထုတ်မှုများ ပြည့်နှက်သွားချေသည်။
၎င်းမှာ သေနတ်မဟုတ်ကြောင်း သဘောပေါက်သွားပြီးနောက် သေနတ်ပေါ်ရှိ သူတို့၏ ဆုပ်ကိုင်အားမှာ အနည်းငယ် လျော့ကျသွားရသည်။
ကျောက်တယုံနှင့် သူ၏ လူငါးဦးအဖွဲ့က သူ့အပေါ်တွင် ဆက်လက် ထိန်းသိမ်းထားသော သတိရှိမှုကို ဂရုမစိုက်ဘဲ ကျိုးကျွင်းက ကျောက်ကန်းနှင့် သူ၏ အဖွဲ့ကို ညွှန်ကြားချက်များ ပေးလိုက်၏။
“အသက်ကယ်ဖို့က ပထမဦးစားပေးပဲ။ အားလုံးပဲ အခု ကျွန်တော့် ညွှန်ကြားချက်တွေကို လိုက်နာပါ...”
မည်သူမျှ မကန့်ကွက်ကြချေ။
ဆန့်ကျင်ဘက်ရှိ စစ်သည်ငါးဦးက သတိရှိနေဆဲဖြစ်ပြီး သူတို့ကို သေနတ်ဖြင့် ဆက်လက် ချိန်ရွယ်ထားကြသော်လည်း သူတို့ လုံးဝ ဂရုမစိုက်ကြပေ။
သူတို့သည် အကြောင်းပြချက်မရှိဘဲ အရပ်သားများကို သေနတ်ဖြင့် မည်သည့်အခါမျှ ပစ်ခတ်မည်မဟုတ်ကြောင်း သူတို့ ကောင်းကောင်း သိထားကြသည်မဟုတ်လော။
နောက်ခဏ၌ ပရော်ဖက်ရှင်နယ် တောင်တက်ကြိုးက အချိန်နှင့် ဟင်းလင်းပြင်ကို ဖြတ်ကျော်လာသော အသက်ကယ်ကြိုးကဲ့သို့ ရေခဲအက်ကြောင်း၏ မှောင်မိုက်သော အောက်ခြေဆီသို့ ဖြည်းညှင်းစွာ ဆင်းသက်သွားလေသည်။
“ဝူဖုန်း... ကျောက်ချမှတ် အမှတ်တွေ လုပ်...” ကျိုးကျွင်းက ရေခဲအက်ကြောင်း အစွန်းပတ်လည်ရှိ မြေမျက်နှာသွင်ပြင်ကို လျင်မြန်စွာ စစ်ဆေးလိုက်ပြီး ထွက်နေသော ကျောက်တုံးတစ်ခုကို ညွှန်ပြလိုက်၏။ “ဒါကို ခိုင်မာစေဖို့အတွက် ရေခဲစူးနှစ်ခုကို သုံးပြီး သုံးထပ် အကာအကွယ် ပေးလိုက်”
ဝူဖုန်းက ချက်ချင်း လှုပ်ရှားလိုက်ပြီး ပရော်ဖက်ရှင်နယ် ရေခဲစူးနှစ်ခုကို ကျောက်တုံးထဲသို့ V ပုံစံဖြင့် ရိုက်သွင်းလိုက်၏။
ဖန့်ရှန်းက ငြိမ်သက်ကြိုးကို ချိတ်ဆက်ရန် အဓိက သော့ချိတ်ကို အသုံးပြုခဲ့ပြီး UIAA စံနှုန်းများနှင့် ကိုက်ညီသော အီတလီကွင်းထုံးတစ်ခုကို လျင်မြန်စွာ ချည်နှောင်လိုက်လေသည်။
“အက်ကြောင်းက အကျယ် ၃ မီတာဝန်းကျင်.... အနက်က ၁၅ မီတာဝန်းကျင် ရှိတယ်။” ကျောက်ကန်းက နှင်းပေါ်တွင် လှဲချကာ အောက်ဘက်သို့ စူးစမ်းရန် သူ၏ ခေါင်းကပ်မီးအိမ်ကို အသုံးပြုလိုက်၏။ “အောက်ခြေမှာ လူခုနစ်ယောက် ရှိတယ်... ဒဏ်ရာ အခြေအနေတွေကတော့ မတူကြဘူး.... ဒါပေမဲ့ ဒဏ်ရာရသူတွေရဲ့ အခြေအနေအတိအကျကိုတော့ မသိရသေးဘူး...”
ဝမ်လဲ့က လူနာထမ်းစင်ကို ဖြန့်ပြီးသားဖြစ်ကာ အပူထိန်းစောင် တစ်ထည်ကို ထုတ်ယူလိုက်လေသည်။ “ကျွန်တော်တို့ ဆင်းသက်မယ့် အမှတ် အနည်းဆုံး နှစ်ခု လိုအပ်တယ်... တစ်ခုက ကယ်ဆယ်ရေးအတွက်... နောက်တစ်ခုက အရန်အနေနဲ့ပါ”
ကျိုးကျွင်းက ခေါင်းညိတ်လိုက်ပြီး တာဝန်များကို လျင်မြန်စွာ ခွဲဝေပေးလိုက်၏။
ကျောက်ကန်းက အဓိက ကယ်ဆယ်ရေးသမားအနေဖြင့် ခန္ဓာကိုယ်အပြည့် ဘေးကင်းရေး ဝတ်စုံကို ဝတ်ဆင်ထားပြီး ကယ်ဆယ်ရေးကြိုးနှင့် ချိတ်ဆက်ထားလေသည်။ ဖန့်ရှန်းက အဓိကကြိုးကို ထိန်းချုပ်ရန်နှင့် ဆင်းသက်ကိရိယာ ကို အသုံးပြုရန် တာဝန်ယူရသည်။
ဝူဖုန်းက ဒုတိယအကာအကွယ်စခန်းကို တည်ဆောက်ပြီး စက်သီးစနစ်တစ်ခုကို ပြင်ဆင်လိုက်လေသည်။
ဝမ်လဲ့က ဆေးဘက်ဆိုင်ရာ ပြင်ဆင်မှုများကို တာဝန်ယူရ၏။
အခန်း ၁၈၀ပြီး၏။