အခန်း ၁၈၂
Vol. 19 Ch. 182
အခန်း (၁၈၂) ကိုယ်ကျိုးမဖက်ခြင်း
ကျန်းရှောင်တောက်နှင့် အခြား စစ်သည်အချို့က တိုင်ပင်ထားခြင်း မရှိဘဲ သူတို့၏ တပ်စုမှူး ကျောက်တယုံကို လှမ်းကြည့်လိုက်ကြ၏။
သူသည် အသင်းဖော်များ၏ မျှော်လင့်နေသော မျက်လုံးများကို ကြည့်လိုက်ပြီး ရေခဲခဲနေပြီဖြစ်သော သူ၏ စုတ်ပြတ်နေသည့် ဝါဂွမ်းအင်္ကျီကို ငုံ့ကြည့်လိုက်လေသည်။
သူ၏ တပ်ဖွဲ့မှ ဒဏ်ရာရ စစ်သည်သုံးဆယ်ကျော်၏ ရင်ကွဲနာကျဖွယ် မြင်ကွင်းများက သူ၏ စိတ်ထဲတွင် ဖြတ်ပြေးသွား၏။
ပြည်တည်နေသော ဒဏ်ရာများ၊ နှင်းကိုက်နေသော ခြေချောင်းများ၊ အပြင်းအထန် အဖျားတက်နေသော ရဲဘော်များ...
“တပ်စုမှူး...” ကျန်းရှောင်တောက်က သတိကြီးစွာဖြင့် လှမ်းခေါ်လိုက်ရာ သူ၏ အသံတွင် ဖုံးကွယ်ထား၍မရသော မျှော်လင့်ချက်များ ပြည့်နှက်နေချေသည်။
ကျောက်တယုံ အသက်ပြင်းပြင်း ရှူလိုက်ရာ အရိုးခိုက်မတတ် အအေးဒဏ်က သူ၏ အဆုတ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။
သူသည် မူလက ကင်းထောက်ရန် ရည်ရွယ်ထားသော အရပ်မျက်နှာဘက်သို့ လှည့်ကြည့်လိုက်၏။ ဖြူဖွေးနေသော နှင်းတောင်စောင်းပေါ်တွင် ရှုပ်ပွနေသော ခြေရာအချို့က အဝေးသို့ ဆန့်တန်းသွားသည်ကို ဝေဝါးဝါး မြင်တွေ့နေရသည်။
၎င်းမှာ အဓိက တပ်မကြီး သွားရမည့် လမ်းကြောင်း ဖြစ်လေသည်။
ကျည်ဆန်တစ်တောင့်မှ မရှိတော့သော ရိုင်ဖယ်သေနတ်ကို သူ၏ လက်ချောင်းများက မသိစိတ်မှ အလိုအလျောက် ပွတ်သပ်နေ၏။ “ကင်းထောက် မစ်ရှင်ကို လောလောဆယ် ရွှေ့ဆိုင်းလိုက်မယ်...”
ထိုစကားကြောင့် စစ်သည်များ၏ တင်းမာနေသော ပခုံးများမှာ သိသိသာသာ ပြေလျော့သွားရသည်။
ထို့နောက် ကျောက်တယုံသည် ကျောက်ကန်းဘက်သို့ လှည့်ကာ တည်ကြည်စွာ စစ်ရေးအလေးပြုလိုက်၏။ “ဒါဆို ရဲဘော်တို့ကို လမ်းပြပေးဖို့ ဒုက္ခပေးရတော့မယ်... ဒါပေမဲ့ နောက်ကလာမယ့် တပ်ဖွဲ့တွေ ကျွန်တော်တို့ ဘယ်မှာရှိလဲဆိုတာ သိနိုင်အောင် အမှတ်အသား တစ်ခု ချန်ထားခဲ့ဖို့ လိုတယ်”
ဝူဖုန်းသည် သူ၏ ကျောပိုးအိတ်ထဲမှ တောက်ပနေသော အချက်ပြအလံတစ်ခုကို ထုတ်ယူကာ ထင်ရှားသော ကျောက်အက်ကြောင်း တစ်ခုထဲသို့ ကျွမ်းကျင်စွာ စိုက်ထူလိုက်ခေသည်။ “ဒါက ညဘက်လည်း မြင်ရပြီး ဆယ်မိုင်အကွာကနေ လှမ်းမြင်နိုင်တယ်”
ကျန်းရှောင်တောက်သည် ထူးဆန်းသော အလင်းရောင် ထွက်ပေါ်နေသည့် အလံကို သိချင်စိတ်ဖြင့် ထိကြည့်လိုက်၏။ “ဒါ... ဒါက ဘာကြီးလဲ”
“၂၀၂၅ ခုနှစ်က ပစ္စည်းလေးပါ။” ဖန်ရှန်က ပြုံးကာ သူ၏ ပခုံးကို ပုတ်လိုက်၏။ “သွားကြစို့... စခန်းမှာ ကောင်းတဲ့ ပစ္စည်းတွေ အများကြီး ရှိသေးတယ်”
စစ်သည်များ၏ ပါးလွှာသော အဝတ်အစားများကို ကြည့်ကာ ကျောက်ကန်းသည် သူ၏ အနွေးထည်အင်္ကျီ ဇစ်ကို ဆွဲဖွင့်လိုက်ပြီး ချွတ်ကာ ကျောက်တယုံကို ကမ်းပေးတော့မည့် အချိန်တွင် နှင်းကိုက်နာများ ဖုံးလွှမ်းနေသော လက်တစ်ဖက်က ၎င်းကို တင်းကျပ်စွာ ဖိချလိုက်လေသည်။
“လုံးဝ မဖြစ်ဘူး... ” ကျောက်တယုံ၏ အသံမှာ ပြတ်သားပြီး ခိုင်မာနေကာ သူ၏ ကြမ်းတမ်းသော လက်ချောင်းများက အင်္ကျီ၏ အဆင့်မြင့် အထည်စကို တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။ “ကျွန်တော်တို့ အနီရောင် တပ်မတော်မှာ စည်းကမ်း ရှိတယ်။ ပြည်သူလူထုဆီက အပ်တစ်ချောင်း.... အပ်ချည်တစ်မျှင်တောင် ယူလို့ မရဘူး”
သူတို့က ၂၀၂၅ ခုနှစ်က သာမန် ပြည်သူလူထု ဖြစ်နေရင်တောင် သာမန် ပြည်သူလူထုသာ ဖြစ်၏။
ဝမ်လဲ့သည် သူ၏ အနွေးထည်ကို အဘိုးကြီးစွန်း၏ ပခုံးပေါ်သို့ တင်ပေးရန် ပြင်လိုက်စဉ် ခြေထောက် ကျောက်ပတ်တီး စည်းထားရဆဲဖြစ်သော စစ်မှုထမ်းဟောင်းက ရုတ်တရက် နောက်သို့ ခြေနှစ်လှမ်း ဆုတ်သွားလေသည်။ “ရဲဘော်... ခင်ဗျားတို့ ကျွန်တော်တို့ကို ကယ်ခဲ့တာပဲ ကျေးဇူးအကြီးကြီး တင်နေပါပြီ... ဒီအင်္ကျီက...”
သူက သူ၏ ဖာထေးထားသော ဝါဂွမ်းအင်္ကျီကို ပုတ်လိုက်၏။ “လုံလောက်အောင် နွေးပါတယ်ဗျ.... ”
အသက် ဆယ့်ခြောက်နှစ်သာ ရှိသေးသော ကျန်းရှောင်တောက်ပင်လျှင် အအေးဒဏ်ကြောင့် နှုတ်ခမ်းများ ပြာနှမ်းနေသော်လည်း ခါးကို မတ်မတ်ရပ်ကာ သူတို့ကို ပြုံးပြရင်း ပြောလိုက်ချေသည်။ “ကျွန်တော်တို့ တကယ် မအေးပါဘူး... အသားကျနေပါပြီ...”
သူသည် နီရဲပြီး ရောင်ရမ်းနေသော သူ၏ လက်ချောင်းများကို ပွတ်သပ်လိုက်၏။ “ခင်ဗျားတို့ အင်္ကျီကို မြန်မြန် ပြန်ဝတ်လိုက်ပါ... အအေးမိသွားဦးမယ်”
ဝူဖုန်း၏ မျက်လုံးများ ချက်ချင်း နီရဲသွားရသည်။
ကျန်းရှောင်တောက် ဤသို့ပြောနေစဉ်တွင် သူ၏ ပါးလွှာသော ကောက်ရိုးဖိနပ်များမှာ နှင်းထဲတွင် ရှေ့နောက် အလိုအလျောက် ပွတ်တိုက်နေပြီး နွေးထွေးမှု အနည်းငယ် ရရှိရန် ကြိုးစားနေသည်ကို သူ မြင်လိုက်ရသောကြောင့်ပင်။
“ရဲဘော်လေး...” ဖန်ရှန်၏ အသံမှာ စိတ်လှုပ်ရှားမှုကြောင့် ဆို့နင့်နေချေသည်။ “မင်းရဲ့ ခြေထောက်က...”
“အဆင်ပြေပါတယ်... ” ကျန်းရှောင်တောက်က သွက်လက်စွာ ခုန်ပေါက်လိုက်သော်လည်း ချော်လဲလုနီးပါး ဖြစ်သွားရသည်။ “တွေ့လား... ခဏလောက် လှုပ်ရှားလိုက်ရင် နွေးသွားမှာပါ...”
သူက သက်တောင့်သက်သာ ရှိသယောင် အတင်းပြုံးပြသော်လည်း သူ၏ သွားများက တခိုက်ခိုက် ရိုက်နေသည့် အသံကိုတော့ မတားဆီးနိုင်ခဲ့ချေ။
ကျောက်ကန်းက မျက်နှာလွှဲလိုက်ရာ လည်ချောင်းဝမှာ ပြင်းထန်စွာ အကြိမ်အနည်းငယ် လှုပ်ရှားသွားခဲ့သည်။
သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး ရုတ်တရက် လှည့်ကာ သူ၏ ကျောပိုးအိတ်ထဲမှ အပူပေးအိတ်အများအပြားကို ဆွဲထုတ်လိုက်ပြီး စကားတစ်ခွန်းမှ မပြောဘဲ စစ်သည်များ၏ လက်ထဲသို့ ထိုးထည့်လိုက်၏။ “ဒါတွေကို ယူထားရမယ်... မင်းတို့အတွက် ပေးတာမဟုတ်ဘူး... ခဏငှားတာ... စခန်းရောက်ရင် ငါ့ကို ပြန်ပေးရမယ်...”
ကျောက်တယုံက ငြင်းဆန်ရန် ကြိုးစားသော်လည်း ဝမ်လဲ့က အပူပေးအိတ်ကို ဆွဲဖောက်လိုက်ပြီး “ဖောက်ပြီးသွားပြီမလို့ မသုံးရင် အလဟဿ ဖြစ်သွားလိမ့်မယ်” ဟု ပြောလိုက်၏။
ထို့နောက် သူက ၎င်းကို ကျောက်တယုံ၏ လက်ထဲသို့ တိုက်ရိုက် ထိုးထည့်လိုက်လေသည်။
ပါးလွှာသော အထည်စလေးက ချက်ချင်း ပူနွေးလာပြီး အလွန် ပူလာသဖြင့် ခိုင်မာသော တပ်စုမှူးသည် မသိစိတ်မှ အလိုအလျောက် သူ၏ လက်ကို ရုတ်သိမ်းရန် ကြိုးစားလိုက်၏။
ဖန့်ရှန်းနှင့် အခြားသူများကလည်း ချက်ချင်း လှုပ်ရှားလိုက်ကြပြီး လေပြင်းနှင့် နှင်းများကြားတွင် သူတို့၏ အထုပ်ဖောက်သံများမှာ ထူးခြားစွာ ပြတ်သားနေလေသည်။
မျက်စိတစ်မှိတ်အတွင်း အပူပေးအိတ် ဒါဇင်ပေါင်းများစွာက သူတို့၏ လက်ထဲတွင် အပူရှိန်များ ထုတ်လွှတ်နေပြီ ဖြစ်သည်။
ကျောက်တယုံနှင့် အနီရောင်တပ်မတော်စစ်သည် ဆယ့်တစ်ဦးမှာ အချင်းချင်း ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် လက်ခံကြောင်း ခေါင်းညိတ်လိုက်ရတော့သည်။
ဝမ်လဲ့က ဆောင့်ကြောင့်ထိုင်ကာ ကျန်းရှောင်တောက်ကို ဂရုတစိုက် သင်ပေးလိုက်၏။ “ဒါကို ဒီမှာထား... ဝမ်းဗိုက်က အအေးဒဏ်ကို အထိခိုက်ဆုံးပဲ...”
သူ စကားပြောရင်း ကျန်းရှောင်တောက်၏ စုတ်ပြတ်နေသော ဝါဂွမ်းအင်္ကျီကို မတင်ရန် ကူညီပေးလိုက်၏။
“ခင်ဗျားတို့ရဲ့ ခြေထောက်တွေ... အထူးသဖြင့် ဒူးတွေမှာ ကပ်ထားပါ။ ပြီးတော့ ဖိနပ်အောက်ခြေမှာလည်း အဝတ်စ နှစ်စ ကပ်ထားလိုက်။ ခြေထောက် နွေးသွားရင် တစ်ကိုယ်လုံး နွေးသွားလိမ့်မယ်....”
အနီရောင်တပ်မတော်စစ်သည်များသည် ဤမှော်ဆန်သော အရာဝတ္ထုကို အသုံးပြုရန် အချိုးမကျစွာ သင်ယူလိုက်ကြပြီး ၎င်းမှ စဉ်ဆက်မပြတ် ထွက်ပေါ်လာသော အပူရှိန်ကို ခံစားရသောအခါ သူတို့၏ မျက်လုံးများမှာ အံ့သြမှုကြောင့် ပြူးကျယ်သွားကြသည်။
ကျန်းရှောင်တောက်သည် အပူပေးအိတ်တစ်ခုကို သူ၏ ရင်ဘတ်တွင် ဖိထားလိုက်ရာ အအေးဒဏ်ကြောင့် ပြာနှမ်းနေသော သူ၏ မျက်နှာပေါ်တွင် ရိုးရှင်းသော အပြုံးတစ်ခု ပျံ့နှံ့သွားလေသည်။ “ဒါရှိရင် ဝါဂွမ်းအင်္ကျီတောင် ဝတ်စရာ မလိုတော့ဘူး...”
သူ နှင်းပေါ်တွင် ခပ်သွက်သွက် နှစ်ခါ လျှောက်လိုက်၏။ “အရမ်း နွေးတာပဲ...”
အဘိုးကြီးစွန်းသည် ၎င်းမှ စဉ်ဆက်မပြတ် ထွက်ပေါ်လာသော အပူရှိန်ကို ခံစားလိုက်ရချိန်တွင် အပူပေးအိတ်ကို ဖယ်ရှားရန် ပြင်လိုက်၏။ “ဒါက ကောင်းတဲ့ ပစ္စည်းပဲ။ ငါ မအေးသေးဘူး.... ဒါကြောင့် နောက်ပိုင်း ဒဏ်ရာရတဲ့ ရဲဘော်တွေအတွက် ချန်ထားလိုက်မယ်။ သူတို့က ဒါကို ပိုလိုတယ်....”
အခြား စစ်သည်များကလည်း ဝင်ပြောကြ၏။ “ဟုတ်တယ်... ကျွန်တော်တို့ ခံနိုင်ရည် ရှိပါတယ်”
“ဒဏ်ရာပြင်းတဲ့ သူတွေအတွက် ချန်ထားရမယ်”
“ဒီလို ပစ္စည်းကောင်းတွေကို ခြွေတာပြီး သုံးသင့်တယ်....”
ကျောက်ကန်းက အဘိုးကြီးစွန်း၏ လက်ကို ဆွဲကိုင်ကာ ပြောလိုက်၏။ “ဒါက အချိန်ကန့်သတ်ချက် ရှိတယ်။ အခု မသုံးရင် နောက်ဆို ပူတော့မှာ မဟုတ်ဘူး။ ပြီးတော့ ကျွန်တော်တို့ စခန်းမှာ ဒါမျိုးတွေ အများကြီး ရှိသေးတယ်။ လူတိုင်းအတွက် လုံလောက်ပါတယ်...”
ဖန့်ရှန်းသည် စစ်သည်အုပ်စုကို ကြည့်လိုက်လေသည်။ အအေးဒဏ်ကြောင့် သူတို့၏ နှုတ်ခမ်းများ ပြာနှမ်းနေပြီး လက်ချောင်းများ တောင့်တင်းနေသော်လည်း သူတို့သည် နွေးထွေးသော အဝတ်အစားများကို ကိုင်ထားပြီး သူတို့ကိုယ်တိုင် အသုံးပြုရန် ငြင်းဆန်နေကြဆဲပင်။
နွေးထွေးစေရန် အဝတ်တစ်စ၊ ပူနွေးသော အစားအစာတစ်လုတ်တိုင်းကို ရတနာများကဲ့သို့ သိမ်းဆည်းထားပြီး ပိုမိုလိုအပ်သူများကို ပေးရန် စောင့်ဆိုင်းနေခဲ့ကြသည်။
ဤဖြူစင်ပြီး စွဲလမ်းလွန်းသော ရဲဘော်ရဲဘက် စိတ်ဓာတ်က ဖန့်ရှန်း၏ ရင်ဘတ်ကို တင်းကျပ်သွားစေခဲ့သည်။
တဟုန်ထိုး တက်လာသော ခံစားချက်များက လေးစားမှုလား သို့မဟုတ် ရင်နာမှုလားဆိုတာကို သူ မခွဲခြားနိုင်တော့ချေ။ သူ၏ လည်ချောင်းမှာ တင်းကျပ်လာပြီး မျက်လုံးများ ပူနွေးလာသည်ကိုသာ ခံစားလိုက်ရ၏။
ပါးလွှာသော အဝတ်အစားများ ဝတ်ဆင်ထားသည့် ဤစစ်သည်များက အချင်းချင်း ပေးကမ်းလေလေ၊ သူ၏ ရင်ထဲမှ ခါးသီးမှုများမှာ ပိုမို လေးလံလာလေပင်။
သူတို့၏ ကိုယ်ကျိုးမဖက်မှုအတွက်ရော ဤကဲ့သို့သော စွန့်လွှတ်အနစ်နာခံမှုမျိုး ပြုလုပ်ရန် ဖိအားပေးခံရသည့် အခြေအနေများအတွက်ပါ ဖြစ်၏။
ဖန့်ရှန်း၏ အသံမှာ အနည်းငယ် ဆို့နင့်နေလေသည်။ “သုံးသာ သုံးလိုက်ပါ။ စခန်းကို ရောက်သွားရင် ဒါတွေတင် မကဘူး.... ဆေးဝါး၊ အစားအစာနဲ့ နွေးထွေးတဲ့ အဝတ်အစားတွေလည်း ရှိသေးတယ်...”
ကျောက်တယုံ၏ ကြမ်းတမ်းပြီး ကြီးမားသော လက်များက အပူပေးအိတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး အပူရှိန်က လက်ဖဝါးမှတစ်ဆင့် သူ၏ နှလုံးသားဆီသို့ စီးဆင်းသွားခဲ့သည်။
သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး ရုတ်တရက် ခါးကို မတ်ကာ စစ်သည်ဆယ့်နှစ်ဦးကို ဦးဆောင်၍ တစ်ပြိုင်နက်တည်း အလေးပြုလိုက်၏။ “ရဲဘော်တို့... ကျွန်တော်တို့ အနီရောင်တပ်မတော်တပ်ရင်းက ဒီမိတ်ဆွေဖွဲ့မှုကို မှတ်ထားပါ့မယ်... ”
လေပြင်းနှင့် နှင်းများကြားတွင် အပူပေးအိတ်များမှ အပူရှိန်များ ဆက်လက် ထွက်ပေါ်နေချေသည်။
ကျန်းရှောင်တောက်က ရှေ့မှ လျှောက်သွားရာ သူ၏ ရိုးရှင်းသော ကောက်ရိုးဖိနပ်များက နှင်းများကို နင်းခြေမိသံများ ထွက်ပေါ်နေသော်လည်း ဒီတစ်ခါတော့ သူ ခြေထောက်များကို နောက်သို့ ဆုတ်မထားတော့ချေ။
အဘိုးကြီစွန်းသည် သူ၏ ခြေထောက်ပေါ်ရှိ အပူပေးအိတ်ကို ထိကြည့်လိုက်ရာ တွန့်လိပ်နေသော သူ၏ မျက်နှာပေါ်တွင် နောက်ဆုံး၌ သက်သာရာရသွားသည့် အမူအရာတစ်ခု ပေါ်လာရသည်။
ကျောက်ကန်းသည် အဖွဲ့၏ နောက်ဆုံးမှ လျှောက်သွားနေစဉ် အပူပေးအိတ်များ ကိုင်ဆောင်ထားသော်လည်း အချင်းချင်း ဦးစားပေးနေကြဆဲဖြစ်သော ရှေ့မှ လူများ၏ ကျောပြင်များကို ကြည့်ကာ အသက်နှင့် သေဆုံးခြင်း စမ်းသပ်မှုများစွာကို ကြုံတွေ့ခဲ့ဖူးသော ဤအထူးတပ်ဖွဲ့ဝင်၏ မျက်လုံးများတွင် မျက်ရည်များ ရုတ်တရက် ပြည့်လျှံလာချေသည်။
စခန်းသို့ ရောက်သွားလျှင် အရာအားလုံး အဆင်ပြေသွားမည်ဟု တွေးရင်း သူ ခြေလှမ်းများကို ခပ်သွက်သွက် လှမ်းလိုက်၏။
ယာယီစခန်း....
တဲက လေပြင်းထဲတွင် ပြင်းထန်စွာ ယိမ်းခါနေပြီး အပူပေးစက်မှ အနီရောင်အလင်းတန်းက စိုးရိမ်နေသော မျက်နှာ ဆယ်ခုကို လင်းထိန်နေစေခဲ့သည်။
မာရှောင်ထျောင်သည် သူ၏ နာရီကို ၁၀၁ ကြိမ်မြောက် ကြည့်လိုက်၏။ “နှစ်နာရီနဲ့ ဆယ့်ခုနစ်မိနစ် ရှိသွားပြီ...”
“ငြီးမနေနဲ့တော့...” လင်ယွီက အပူပေးစက်အနီးသို့ တိုးကပ်လိုက်၏။ “နည်းပြကျောက်တို့မှာ ပရော်ဖက်ရှင်နယ် အသုံးအဆောင်တွေ ပါတယ်.... သူတို့က လိုလိုလားလား...”
“ရှုး...” ကျန်းယဲ့က ရုတ်တရက် လက်ကို မြှောက်လိုက်ရာ လူတိုင်း ချက်ချင်း တိတ်ဆိတ်သွားကြလေသည်။
သူ၏ နားရွက်များ အနည်းငယ် လှုပ်ခတ်သွားပြီး သူ၏ အမူအရာမှာ ရုတ်တရက် တင်းမာသွားခဲ့သည်။
အခန်း ၁၈၂ပြီး၏။