အခန်း ၁၈၃
Vol. 19 Ch. 183
အခန်း (၁၈၃) ဒါက အလဟဿမဟုတ်ဘူး
ကျန်းဝေ့က တိုးညင်းစွာ မေးလိုက်၏။ “သူတို့ ပြန်ရောက်လာပြီလား...”
ကျန်းယဲ့က ခေါင်းကို ဖြည်းညှင်းစွာ ခါရမ်းလိုက်ပြီး သူ၏ ညာလက်က ခါးရှိ QSZ92 ပစ္စတိုကို လှမ်းကိုင်လိုက်ပြီ ဖြစ်သည်။ အသံတိတ်ကိရိယာကို တပ်ဆင်လိုက်သည့် သတ္တုသံမှာ တိတ်ဆိတ်နေသော တဲအတွင်း၌ အလွန် ရှင်းလင်းစွာ ထွက်ပေါ်လာချေသည်။
“အားလုံး တဲထဲမှာပဲ နေကြ... ” ဟု သူက ပြောလိုက်ရာ သူ၏ အသံမှာ ကျဆင်းနေသော နှင်းပွင့်များကဲ့သို့ တိုးညင်းနေချေသည်။ “ဘာအသံပဲကြားကြား အပြင်မထွက်လာခဲ့နဲ့...”
ချန်ရွှဲ၏ လက်မှာ သူမ ခုလေးတင် ရှင်းလင်းထားသော ဆေးသေတ္တာပေါ်တွင် ရပ်တန့်သွားပြီး ဒေါက်တာလီမင်က သူ့ဘေးရှိ ရေခဲခွဲပုဆိန်ကို တိတ်တဆိတ် ကောက်ကိုင်လိုက်၏။
မာရှောင်ထျောင် စကားပြောရန် ပြင်လိုက်ချိန်တွင် လင်ယွီက မျက်လုံးဖြင့် တားမြစ်လိုက်လေသည်။
တဲအပြင်ဘက်တွင် နှင်းများကို နင်းခြေမိသံက လေပြင်းတိုက်ခတ်သံများကို ဖောက်ထွင်း၍ ထွက်ပေါ်လာခဲ့သည်။
ကျန်းယဲ့က တဲတံခါးကို ရုတ်တရက် ဆွဲဖွင့်လိုက်ရာ လေနှင့် နှင်းများက ချက်ချင်း ဝင်ရောက်လာလေသည်။
ငွေရောင်မီးခိုးရောင် လျှပ်စီးတစ်ကြောင်းက နှင်းကန့်လန့်ကာထဲမှ ထွက်ပေါ်လာခဲ့သည်။
နှင်းကျားသစ်၏ အစွယ်များက မှိန်ဖျော့သော နေ့လယ်ခင်း အလင်းရောင်တွင် အေးစက်စွာ တောက်ပနေပြီး ကျန်းယဲ့၏ လည်ပင်းနှင့် ပေဝက်ခန့်သာ ကွာဝေးတော့၏။
ထိုအခိုက်အတန့်တွင် အချိန်များ ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားခေသည်။
“ဖွတ်....”
အသံတိတ်ပစ္စတိုမှ တုံးတိတိ အသံတစ်သံ ထွက်ပေါ်လာ၏။
(NT - အဲ့လိုအသံထွက်လားမသိဘူး မမြင်ဖူးတော့ ရမ်းလိုက်ပြီနော်.......)
၉ မီလီမီတာ ကျည်ဆန်တစ်တောင့်က နှင်းကျားသစ်၏ နဖူးကို တိကျစွာ ဖောက်ထွင်းသွားပြီး သွေးများက နှင်းပေါ်တွင် တောက်ပသော အနီရောင် ဆီးနှင်းပွင့်များကဲ့သို့ ပွင့်အာသွားလေသည်။
သားရဲ၏ အလောင်းမှာ အရှိန်ဖြင့် ကျန်းယဲ့၏ ခြေရင်းသို့ လျှောကျလာပြီး လွင့်စဉ်လာသော နှင်းမှုန်များက သူ၏ အမြင်အာရုံကို ဝေဝါးသွားစေခဲ့သည်။
အသံကြားသောအခါ တဲထဲရှိ လူများက “ဒါရိုက်တာကျန်း... ” ဟု အထိတ်တလန့် အော်လိုက်ကြ၏။
ကျန်းယဲ့သည် သေနတ်ပစ်သည့် ပုံစံအတိုင်း ရှိနေဆဲဖြစ်ပြီး ရုတ်တရက် သူ၏ သူငယ်အိမ်များ ပြင်းထန်စွာ ကျုံ့ဝင်သွားရသည်။
တုံးတိတိ သေနတ်သံ ပဲ့တင်သံများက လေပြင်းနှင့် နှင်းများကြားတွင် ပျောက်ကွယ်သွားပြီးနောက် ကျန်းယဲ့သည် QSZ92 ကို ကိုင်ထားသော သူ၏ လက်ကို ဖြည်းညှင်းစွာ ချလိုက်၏။
နှင်းကျားသစ်၏ အလောင်းမှာ နှင်းပေါ်တွင် တိတ်ဆိတ်စွာ လဲကျနေပြီး ၎င်း၏ သွေးများက ဖြူစင်သော နှင်းများပေါ်တွင် တောက်ပသော အနီရောင်အဖြစ် ပျံ့နှံ့နေချေသည်။
မလှမ်းမကမ်းရှိ တောင်စောင်းတစ်ခုပေါ်တွင် ကျောက်ကန်းနှင့် သူ၏ အဖွဲ့က လေပြင်းနှင့် နှင်းများကြားတွင် အေးခဲနေသကဲ့သို့ ရပ်နေခဲ့ကြသည်။
ကျန်းရှောင်တောက်၏ မျက်လုံးများ ပြူးကျယ်နေပြီး ပါးစပ် အနည်းငယ်ဟနေကာ သူ၏ အကြည့်များတွင် အံ့အားသင့်မှုများ ပြည့်နှက်နေခဲ့သည်။
အသံကြားသောအခါ ကျန်းယဲ့သည် သူ၏ အကြည့်များကို နှင်းကျားသစ်ထံမှ ရွှေ့လိုက်၏။
လေပြင်းနှင့် နှင်းများက သူ၏ မြင်ကွင်းကို အတိုင်းအတာတစ်ခုအထိ ကွယ်နေသော်လည်း နှင်းထဲတွင် ရပ်နေသော ပိန်သွယ်သည့် ပုံရိပ် ဆယ့်နှစ်ခုကို ရှင်းလင်းစွာ မြင်တွေ့နိုင်ဆဲပင်။
သူတို့၏ ပိန်ချုံးနေသော မျက်နှာများတွင် နှင်းကိုက်နာများ ဖုံးလွှမ်းနေပြီး သူတို့၏ ထွက်သက်များမှာ လေအေးထဲတွင် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
သူက ထိုလူစုကို စကားတစ်ခွန်းမှ မပြောဘဲ စိုက်ကြည့်နေလိုက်၏။ ပြောရန်လည်း မလိုအပ်ချေ။ ကျန်းယဲ့၏ ရင်ထဲတွင် ဝမ်းနည်းမှု တစ်ချက် ဖြစ်ပေါ်သွားရသည်။
ထိုအချိန်တွင် တဲတံခါးကို ဂရုတစိုက် မတင်လိုက်ပြီး မာရှောင်ထျောင်က ခေါင်းပြူထွက်လာခဲ့သည်။ “ဒါရိုက်တာကျန်း... ဘာမှမဖြစ်...”
သူ၏ အသံမှာ ရုတ်တရက် ရပ်တန့်သွားပြီး သူ၏ အကြည့်များက ကျောက်တယုံနှင့် သူ၏ အဖွဲ့အပေါ်သို့ ကျရောက်သွားခဲ့သည်။
ပုံမှန်အားဖြင့် ရွှင်လန်းတက်ကြွတတ်သော ဤလူငယ်၏ မျက်လုံးများမှာ ပါးလွှာသော အဝတ်အစားများ ဝတ်ဆင်ထားပြီး စုတ်ပြတ်သတ်နေကာ လေပြင်းနှင့် နှင်းများကြားတွင် ရပ်နေသည့် စစ်သည်အုပ်စုကို မြင်လိုက်ရသောအခါ ချက်ချင်း မျက်ရည်များ ပြည့်လျှံလာလေသည်။
လေပြင်းနှင့် နှင်းများက မြည်ဟည်းနေခဲ့သည်။
ကျန်းယဲ့က အသက်ပြင်းပြင်း ရှူကာ စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး နှင်းများထဲသို့ ဖြည်းညှင်းစွာ ရှေ့တိုးသွားရာ သူ၏ ဖိနပ်များက နှင်းထဲသို့ ကျွံဝင်သွားပြီး ဂျွတ်ဂျွတ်ဟူသော အသံများ ထွက်ပေါ်လာခဲ့သည်။
ထို့နောက် သူက ကျောက်တယုံနှင့် သုံးလှမ်းအကွာတွင် ရပ်လိုက်ပြီး ညာလက်ကို မြှောက်ကာ စံပြ စစ်ရေးအလေးပြုခြင်းကို ပြုလုပ်လိုက်လေသည်။ “ကျွန်တော်က ကျန်းယဲ့ပါ... ဒီစစ်ဆင်ရေးရဲ့ တာဝန်ခံပါ”
သူ၏ အသံမှာ တည်ငြိမ်ပြီး အားပါနေကာ အေးစက်သော လေထုထဲတွင် အထူး ရှင်းလင်းနေချေသည်။
ကျောက်တယုံက ချက်ချင်း ခါးကို မတ်ကာ စစ်ရေးအလေးပြု၍ ပြန်လည် တုံ့ပြန်လိုက်ပြီး ကျန်းယဲ့ကို လေးစားသော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်၏။ “ကျောက်တယုံ... အနီရောင်တပ်မတော် တပ်ရင်း...ရှေ့ပြေးတပ်ခွဲက ဒုတိယ တပ်စုမှူးပါ”
သူက သူ့ရှေ့ရှိ လူငယ်ကို အကဲခတ်ကြည့်လိုက်၏။ သူ၏ အနက်ရောင် လေကာအင်္ကျီတွင် နှင်းပွင့်များ ဖုံးလွှမ်းနေပြီး သေနတ်ကို ကိုင်ထားသော သူ၏ လက်ချောင်းများမှာ ရှည်လျားပြီး သန်မာပေသည်။ ခုလေးတင် သူ ပစ်ခတ်လိုက်သည့် ပစ်ချက်မှာ သန့်ရှင်းပြီး ပြတ်သားလှရာ သူက သေနတ်ပစ်ကောင်းသူ တစ်ဦး ဖြစ်သည်။
“ရဲဘော်... တကယ့်ကို ထူးချွန်တဲ့ လက်ဖြောင့်စွမ်းရည်ပဲ... အဲဒီပစ်ချက်က ကျွန်တော်တို့ တပ်မမှာ မင်းကို လက်ဖြောင့်တပ်သား နည်းပြ ဖြစ်သွားစေမှာ သေချာတယ်” သူက မသိစိတ်မှ အလိုအလျောက် သူ၏ ခါးရှိ ဟာလာဟင်းလင်းဖြစ်နေသော ကျည်ဆန်အိတ်ကို ထိလိုက်ပြီးနောက် လက်ကို အလျင်အမြန် ပြန်ရုပ်လိုက်၏။
ကျောက်ကန်းက ရှေ့သို့ တိုးလာပြီး ကျောက်တယုံကို မိတ်ဆက်ပေးလိုက်လေသည်။ “တပ်စုမှူးကျောက်... ဒီတစ်ခေါက် ထောက်ပံ့ရေးပစ္စည်းတွေနဲ့ ဆေးဝါးတွေ အားလုံးက ဒါရိုက်တာကျန်းက စီစဉ်ပေးတာပါ...”
၎င်းကို ကြားသောအခါ ကျောက်တယုံက သူ၏ စုတ်ပြတ်နေသော စစ်ဦးထုပ်ကို ချက်ချင်း ပြင်ဆောင်းလိုက်ပြီး ကျန်းယဲ့ကို နောက်ထပ် တည်ကြည်စွာ အလေးပြုလိုက်ပြန်သည်။ “ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ရဲဘော်...”
ကျန်းယဲ့က အအေးဒဏ်ကြောင့် တုန်ယင်နေသော လူစုကို ကြည့်ကာ ပြောလိုက်သည်။ “အပြင်မှာ အေးတယ်.... တဲထဲ ဝင်ပြီးမှ စကားပြောကြတာပေါ့...”
ကျောက်တယုံက သူ၏ စစ်သည်များကို နောက်ပြန်ကြည့်လိုက်ရာ သူတို့အားလုံး အအေးဒဏ်ကြောင့် တုန်ယင်နေသည်ကို တွေ့လိုက်ရသဖြင့် ငြင်းဆန်မနေတော့ဘဲ ပြောလိုက်လေသည်။ “ဒါဆိုလည်း ဒုက္ခပေးရတော့မယ်ဗျာ...”
သူ လျှောက်သွားရင်း ဈေးကြီးပုံရသော ခေတ်မီ တဲကို ညစ်ပတ်သွားမည် စိုးသည့်အလား တဲအပြင်ဘက်တွင် သူ၏ ကောက်ရိုးဖိနပ်များပေါ်ရှိ နှင်းများကို တမင်တကာ ဖိနင်းခါချလိုက်၏။
ထို့နောက် ကျောက်တယုံနှင့် သူ၏ အဖွဲ့ဝင် ဆယ့်နှစ်ဦး ခါးညွှတ်ကာ တဲထဲသို့ ဝင်သွားသောအခါ မူလက ကျယ်ဝန်းသော နေရာမှာ ရုတ်တရက် ပြည့်ကျပ်သွားရသည်။
လေထဲတွင် အပြင်ဘက်၌ အိပ်ရသည်ကို အသားကျနေသော ဤစစ်သည်များက အတွင်းရှိ သန့်ရှင်းသော စိုထိုင်းဆကာကွယ်ရေး ဖျာများကို ညစ်ပတ်သွားမည် စိုးသဖြင့် တဲ၏ အစွန်းဘက်သို့ မသိစိတ်မှ အလိုအလျောက် ပိုမို ကပ်၍ နေခဲ့ကြသည်။
ချန်ရွှဲ၏ အကြည့်များက စစ်သည်များအပေါ်တွင် အချိန်အကြာကြီး ရပ်တန့်နေခဲ့လေသည်။ သူတို့၏ ပါးလွှာသော မီးခိုးရောင်ယူနီဖောင်းများမှာ လေပြင်းနှင့် နှင်းများကြောင့် စိုရွှဲနေပြီဖြစ်ပြီး ဖာထေးထားသော အထည်စပေါ်တွင် သေးငယ်သော ရေခဲပွင့်လေးများ ခဲနေခဲ့သည်။
သူမကို ပို၍ အံ့အားသင့်စေသည်မှာ သူတို့က ကောက်ရိုးဖိနပ်များကို ဝတ်ဆင်ပြီး နှင်းထဲတွင် ချီတက်နေကြခြင်းပင်။
ပါးလွှာသော ကောက်ရိုးကြိုးက နှင်းရေထဲတွင် စိမ်ပြီးသည်နှင့် အချိန်ကြာလာသည်နှင့်အမျှ အေးခဲသွားမည်ဖြစ်ပြီး အေးခဲသွားသော ကြမ်းတမ်းသည့် အမျှင်များက တောင့်တင်းလာကာ ခြေထောက်ကို ပြတ်ရှစေမည် ဖြစ်ကြောင်း သူမ ကောင်းကောင်း သိပေသည်။ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းက အသားကို လှီးဖြတ်နေသကဲ့သို့ ဖြစ်နေလိမ့်မည်။
သို့သော် သူတို့က အံကြိတ်ကာ ဒူးခေါင်းအထိ နက်သော နှင်းများကြားမှ လမ်းကြောင်းတစ်ခုကို ဖောက်ခဲ့ကြသည်။
သူတို့၏ အခက်အခဲများအကြောင်းကို ယခင်က ကြားဖူးခဲ့သော်လည်း ကိုယ်တိုင် မျက်မြင်တွေ့လိုက်ရခြင်း၏ တုန်လှုပ်မှုက ချန်ရွှဲကို အသက်ရှူမှားသွားစေဆဲပင်။
ထိုခံစားချက်က ရေခဲရေစိမ်ထားသော ဝါဂွမ်းတစ်စကို သူမ၏ ရင်ဘတ်ထဲသို့ တစ်စုံတစ်ယောက်က ရုတ်တရက် ထိုးထည့်လိုက်သကဲ့သို့ ဖြစ်နေပေသည်။ ၎င်းမှာ အေးစက်ပြီး လေးလံနေကာ သူမကို အသက်ရှူရန်ပင် မဖြစ်နိုင်သလောက် ဖြစ်စေပေသည်။
“ဒေါက်တာချန်... ဒေါက်တာလီ နဲ့ သူနာပြုလင်.... ကျေးဇူးပြုပြီး နေခဲ့ပါ။ ကျန်တဲ့လူတွေ ထွက်သွားပေးပါ” ကျန်းယဲ့က အတိုချုပ် ညွှန်ကြားလိုက်၏။
အခြားသူများ ထွက်သွားပြီးနောက် သူက ကျောက်တယုံဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။ “ဒီသုံးယောက်က ကျွန်တော်တို့ရဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေပါ။ သူတို့ကို ဒဏ်ရာရသူတွေကို စစ်ဆေးခွင့်ပြုလိုက်ပါ...”
အဘိုးကြီးဆွန်းက အလျင်အမြန် လက်ကာပြလိုက်ပြီး ပတ်တီးစည်းထားသော သူ၏ ခြေထောက်ကို အနည်းငယ် နောက်သို့ ဆုတ်လိုက်လေသည်။ “မလိုပါဘူး... မလိုပါဘူး။ ရဲဘော်ရှောင်ဝမ်က အရမ်း ကောင်းကောင်း စည်းပေးထားပါတယ်။ ဒါကို ဖြုတ်လိုက်ရင် အလဟဿ ဖြစ်သွားလိမ့်မယ်...”
သူက သူ၏ ခြေထောက်ပေါ်ရှိ ပိုလီမာ ကျောက်ပတ်တီးကို ပုတ်ကာ ပြောလိုက်၏။ “အရင်တုန်းကဆို ကျွန်တော်တို့ သွေးတိတ်အောင် သစ်ပြာတွေကိုပဲ သုံးခဲ့ရတာ။ ဒီလို ကုသမှုမျိုးက အတော်လေး ဇိမ်ကျနေပါပြီ...”
“ဟုတ်တယ်.... နောက်က ရဲဘော်တွေအတွက် ဆေးကို ချန်ထားပေးရအောင်...”
“ကျွန်တော်တို့ ဒဏ်ရာတွေက ဘာမှမဟုတ်ပါဘူး....”
ဒဏ်ရာရသူများက တစ်ယောက်ပြီး တစ်ယောက် ထောက်ခံပြောဆိုကြပြီး သူတို့၏ မျက်နှာများပေါ်တွင် အားနာသော အပြုံးများ ရှိနေလေသည်။
လီမင်က ဆောင့်ကြောင့်ထိုင်ကာ ဝမ်လဲ့၏ ပတ်တီးစည်းသည့် နည်းစနစ်ကို ဂရုတစိုက် စစ်ဆေးလိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ “တကယ်ကို ပရော်ဖက်ရှင်နယ်ကျကျ ကိုင်တွယ်ထားတာပဲ...”
သူက အဘိုးကြီးစွန်း၏ ခါးရှိ ဒဏ်ရာကို တစ်ချက် ကြည့်လိုက်၏။ “ဒါပေမဲ့ ဒါက လိုအပ်တယ်...”
“တကယ် မလိုပါဘူး...” အဘိုးကြီးစွန်းက သူ၏ ဒဏ်ရာကို အလျင်အမြန် ဖုံးအုပ်လိုက်ဆလသည်။ “အရင်တုန်းကဆို ကျွန်တော်တို့ ရိုးရာဆေးမြီးတိုတွေကိုပဲ သုံးပြီး အုံထားခဲ့တာ.... ဒါပေမဲ့ ဒါက အများကြီး ပိုကောင်းပါတယ်။ ကျွန်တော်တို့အတွက် ထပ်ပြီး အလဟဿ မလုပ်ပါနဲ့တော့...”
အလဟဿဟူသော စကားလုံးကို ချန်ရွှဲ သည်းမခံနိုင်တော့ချေ။
‘သူတို့က ထင်ရှားတဲ့ ဒဏ်ရာရနေတာတောင် သူတို့အတွက် သုံးတာက အလဟဿ ဖြစ်မယ်တဲ့လား...’
“ဒါက ဘယ်လိုလုပ် အလဟဿ ဖြစ်နိုင်မှာလဲ...”
သူတို့ အချင်းချင်း ဖျောင်းဖျရန် ကြိုးစားနေစဉ် ကျန်းယဲ့သည် စနစ်စတိုးဆိုင်မှ ပစ္စည်းအများအပြားကို တိုက်ရိုက် ဝယ်ယူလိုက်၏။
အော်ဒါ အောင်မြင်စွာ တင်ပြီးနောက် ကျောက်တယုံနှင့် အခြားသူများ မတုံ့ပြန်နိုင်မီမှာပင် အသစ်စက်စက် တောင်တက်ဝတ်စုံများနှင့် နှင်းဖိနပ် ဆယ့်နှစ်စုံမှာ တဲ၏ အလယ်တွင် သပ်ရပ်စွာ ထွက်ပေါ်လာပြီ ဖြစ်သည်။
“ဒါက…” ကျန်းရှောင်တောက်၏ မျက်လုံးများ ပြူးကျယ်သွားပြီး မနေနိုင်ဘဲ မျက်လုံးများကို ပွတ်သပ်လိုက်၏။
ခုလေးတင် အဲဒီနေရာမှာ ဘာမှမရှိတာကို သူတို့ မှတ်မိနေပေသည်။
သူဟာ မယုံနိုင်ဖြစ်နေရုံသာမကဘဲ သူ၏ ရဲဘော်များမှာလည်း ကြမ်းပြင်ပေါ်တွင် အပိုထွက်လာသော အသုံးအဆောင်များကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေခဲ့ကြသည်။
သူတို့က မနေနိုင်ဘဲ ကျန်းယဲ့ကို ကြည့်လိုက်ကြရာ သူတို့၏ မျက်လုံးများတွင် မေးခွန်းထုတ်မှုများ... သိချင်စိတ်များနှင့် ကြောက်ရွံ့ရိုသေမှု အရိပ်အယောင် အနည်းငယ် ပြည့်နှက်နေ၏။