အခန်း ၁၈၄
Vol. 19 Ch. 184
အခန်း (၁၈၄) ဒါက ကျွန်တော်တို့ရဲ့တာဝန်ပါပဲ ကိစ္စကြီးမဟုတ်ပါဘူး.....
သူတို့၏ စိတ်ထဲတွင် မေးခွန်းတစ်ခု မနေနိုင်ဘဲ ပေါ်လာခဲ့ကြသည်။
‘သူတို့က ၂၀၂၅ ခုနှစ်က လူတွေကို တကယ်ပဲ လာတွေ့နေတာလား...’
‘ဒါတွေက သေခါနီးမှာ မြင်ယောင်နေတဲ့ စိတ်ကူးယဉ်မှုတွေများလား... ဒါမှမဟုတ် ကောင်းကင်ဘုံက နတ်ဘုရားတွေများလား’
ထောက်ပံ့ရေးပစ္စည်းများ အများအပြား လေထဲမှ ပေါ်လာသည့်ကိစ္စကို လျှို့ဝှက်ထား၍ မရနိုင်သလို ကျန်းယဲ့တွင်လည်း ၎င်းကို ဖုံးကွယ်ထားရန် ရည်ရွယ်ချက် မရှိချေ။
အနီရောင် တပ်မတော်ရဲဘော်များ မှင်သက်နေသည်ကို မြင်သောအခါ ကျန်းယဲ့က သူတို့ကို သတိပေးလိုက်၏။ “အခု ခင်ဗျားတို့ တစ်ယောက်ကို တစ်စုံစီ ဝတ်ထားလိုက်ပါ...”
ကျန်းယဲ့သည် သူတို့ ဘာပြောမည်ကို သိနေသဖြင့် ကြိုတင်၍ စကားဖြတ်ပြောလိုက်၏။ “စခန်းကို ရောက်တာနဲ့ ခင်ဗျားတို့ တပ်ဖွဲ့တစ်ခုလုံးအတွက် အပြည့်အစုံ ရပါလိမ့်မယ်...”
စစ်သည်များက ကြမ်းပြင်ပေါ်ရှိ ကောင်းမွန်သော အဝတ်အစားများကို တုံ့ဆိုင်းစွာ ကြည့်လိုက်ကြလေသည်။
အဘိုးကြီစွန်းသည် တုန်ယင်နေသော လက်များဖြင့် လေကာအင်္ကျီ၏ အထည်သားကို ထိကြည့်လိုက်ပြီး သူ၏ လက်ပေါ်ရှိ အသားမာများကြောင့် အထည်သား ပျက်စီးသွားမည်ကို စိုးရိမ်သဖြင့် လက်ကို အလျင်အမြန် ပြန်ရုပ်လိုက်ပြန်သည်။
“အချိန်က အရမ်း အရေးကြီးတယ်... ” ကျန်းယဲ့က သူ၏ နာရီကို တစ်ချက်ကြည့်လိုက်၏။ “၂၀၂၅ က လာတဲ့ ကျွန်တော်တို့ မျိုးဆက်သစ်တွေက နောက်ဆုံးထားပြီး မနက်ဖြန် နေ့လယ်မှာ ထွက်ခွာရမယ်။ ဒါကြောင့် ကျွန်တော်တို့ မြန်မြန်လုပ်ပြီး အဓိက တပ်မကြီးနဲ့ ပြန်ပူးပေါင်းရမယ်။ ထောက်ပံ့ရေးပစ္စည်းတွေကို နောက်တန်းဆီ မြန်မြန် ပို့ပေးနိုင်လေ... ရဲဘော်တွေ အသက်စွန့်ရတာ နည်းလေပဲ”
ဤစကားက ဆေးကောင်းတစ်ခွက်ကဲ့သို့ ဖြစ်သွားလေသည်။
ကျောက်တယုံသည် ချက်ချင်း ခါးကို မတ်လိုက်ပြီး အော်လိုက်၏။ “အားလုံး အာရုံစိုက်... အမိန့်ကို အကောင်အထည်ဖော်...”
အမိန့်ဆုံးသည်နှင့် စစ်သည်ဆယ့်နှစ်ဦးက သူတို့၏ အသုံးအဆောင်များကို ကျွမ်းကျင်စွာ လဲလှယ်လိုက်ကြလေသည်။
ကျန်းရှောင်တောက်သည် သူ၏ နှင်းကိုက်နေသော ခြေထောက်များကို ပရော်ဖက်ရှင်နယ် နှင်းဖိနပ်များအတွင်းသို့ ထည့်လိုက်ချိန်တွင် ခိုင်မာသော ကောင်လေးမှာ ရုတ်တရက် မျက်ရည်ကျလာချေသည်။
သူ၏ ခြေထောက်များ ဤမျှလောက် နွေးထွေးနိုင်လိမ့်မည်ဟု သူ တစ်ခါမှ စိတ်ကူးမယဉ်ဖူးချေ။
ထို့နောက် ကျန်းယဲ့သည် နှင်းလျှောက်ဖိနပ်များ၊ တောင်တက်တုတ်ကောက်များနှင့် အခြား အသုံးအဆောင်များကို ထုတ်ယူကာ ဝေငှပေးလိုက်၏။
၁၉၃၅ ခုနှစ်မှ ဤစစ်သည်များက အနာဂတ်၏ နွေးထွေးမှုကို ကိုယ်တိုင် ကိုယ်ကျ ခံစားလိုက်ရချိန်တွင် တဲအတွင်းမှ အံ့သြသံများ ဆက်တိုက် ထွက်ပေါ်လာခဲ့ကြသည်။
နေ့လယ် ၁ နာရီခန့်တွင် ခဲရောင်ကောင်းကင်ကြီးက နိမ့်ကျနေပြီး နှင်းပွင့်ငယ်များ ကျဆင်းနေဆဲဖြစ်သော်လည်း လေတိုက်နှုန်းမှာ သိသိသာသာ အားနည်းသွားပြီ ဖြစ်သည်။
ကျောက်တယုံနှင့် သူ၏ လူဆယ့်နှစ်ဦးအဖွဲ့က အသစ်စက်စက် တောင်တက်ဝတ်စုံများကို လဲလှယ်ဝတ်ဆင်ထားကြပြီး သူတို့၏ အရောင်ရင့် လေကာအင်္ကျီများမှာ နှင်းပြင်ပေါ်တွင် ထင်ရှားနေလေသည်။
“သွားကြစို့...” ကျောက်တယုံက ကျောပိုးအိတ် ကြိုးများကို တင်းကျပ်လိုက်ရာ သူ၏ အသံမှာ တည်ငြိမ်ပြီး အားပါနေချေသည်။
ထို့နောက် အဖွဲ့က တစ်တန်းတည်း တန်းစီကာ တောင်ကြောတစ်လျှောက် အဓိက တပ်မကြီးဆီသို့ ချီတက်သွားလိုက်ကြသည်။
နှင်းဖိနပ်များက နှင်းများကို နင်းခြေမိသံများ ထွက်ပေါ်နေပြီး နှင်းလျှောက်ဖိနပ်များက ရေခဲပြင်ကို မြဲမြံစွာ ဆုပ်ကိုင်ထားသဖြင့် ခြေလှမ်းတိုင်းက ယခင်ကထက် များစွာ ပိုမို တည်ငြိမ်နေခဲ့သည်။
ကျန်းရှောင်တောက်သည် အဖွဲ့၏ အလယ်တွင် လျှောက်သွားနေပြီး သူ၏ ပရော်ဖက်ရှင်နယ် နှင်းဖိနပ်များကို ရံဖန်ရံခါ ငုံ့ကြည့်ကာ သူ၏ လေကာ၊ ရေကာ အင်္ကျီကို ထိကြည့်နေပြီး သူ၏ မျက်လုံးများတွင် သိချင်စိတ်များ တောက်ပနေ၏။
“တပ်စုမှူး... ဒီဝတ်စုံက တကယ် အံ့သြစရာပဲ” သူက ကျောက်တယုံကို တီးတိုးပြောလိုက်၏။ “လေနဲ့ နှင်းကိုလည်း ကာကွယ်ပေးတယ်... ပြီးတော့ ကျွန်တော့်ကို နွေးစေတယ်”
ကျောက်တယုံက ခေါင်းညိတ်လိုက်ပြီး သူ၏ အကြည့်များက အဖွဲ့ဝင်များ၏ အသစ်စက်စက် အဝတ်အစားများအပေါ်သို့ ဝေ့ဝဲသွားခဲ့သည်။
တစ်ချိန်က ကောက်ရိုးဖိနပ်များနှင့် ပါးလွှာသော ဝါဂွမ်းအင်္ကျီများကိုသာ ဝတ်ဆင်ခဲ့ရသော ဤစစ်သည်များက ယခုအခါ အပြည့်အစုံ တပ်ဆင်ထားပြီး သူတို့၏ နှင်းကိုက်နေသော မျက်နှာများမှာပင် သွေးရောင် အနည်းငယ် ပြန်လည်ရရှိလာကြသည်။
သူတို့ ရှေ့ဆက်သွားသည်နှင့်အမျှ နှင်းမုန်တိုင်းမှာ တဖြည်းဖြည်း ငြိမ်သက်သွားလေသည်။
ယခင်က ဝေဝါးနေသောမြင်ကွင်းမှာ ရှင်းလင်းလာပြီး အဝေးရှိ တောင်တန်းများ၏ ကောက်ကြောင်းများမှာ တဖြည်းဖြည်း ပေါ်ထွက်လာခဲ့သည်။
တောင်တက်တုတ်ကောက်များနှင့်အတူ အဘိုးကြစွန်း၏ ခြေလှမ်းများမှာ ယခင်ကထက် များစွာ ပိုမို တည်ငြိမ်လာ၏။ ထို့အပြင် သူ၏ ခါးရှိ ဒဏ်ရာကို ပရော်ဖက်ရှင်နယ် အကာအကွယ် ကိရိယာများဖြင့် သေချာစွာ စည်းနှောင်ထားသဖြင့် ခြေလှမ်းတိုင်းတွင် မခံမရပ်နိုင်သော နာကျင်မှုကို မခံစားရတော့ချေ။
“ကြည့်... ” ကျန်းရှောင်တောက်က ရုတ်တရက် ရှေ့သို့ လက်ညှိုးထိုးပြလိုက်၏။ “အဲဒါ ကျွန်တော်တို့ရဲ့ လမ်းညွှန် အမှတ်အသားပဲ...”
ထင်သည့်အတိုင်းပင်။ မီတာတစ်ရာအကွာရှိ နှင်းတောင်စောင်းပေါ်တွင် အရောင်လွင့်နေသော အနီရောင်အလံအချို့ကို ဝေဝါးဝါး မြင်တွေ့နေခဲ့ရသည်။ ၎င်းတို့မှာ သူတို့ လာစဉ်က ချန်ထားခဲ့သော အမှတ်အသားများပင်။
ကျောက်တယုံက ခြေလှမ်းများကို ခပ်သွက်သွက် လှမ်းလိုက်ရာ နောက်မှ အဖွဲ့ဝင်များမှာလည်း တက်ကြွလာခဲ့ကြသည်။
လေပြင်းနှင့် နှင်းများကြားတွင် တပ်ဆင်မှုအသစ် ပြုလုပ်ထားသော ဤတပ်စုလေးက အဓိကတပ်မကြီးဆီသို့ တည်ငြိမ်စွာ ချီတက်နေကြပြီး နှင်းထဲရှိ သူတို့၏ ခြေရာများမှာ အချို့က နက်ကာ အချို့က တိမ်သော်လည်း အမြဲတမ်း တူညီသော အရပ်မျက်နှာဆီသို့သာ ဦးတည်နေခဲ့ကြသည်။
နှင်းမုန်တိုင်း ငြိမ်သက်သွားချိန်တွင် ရှေ့ရှိ နှင်းတောင်စောင်းပေါ်၌ ဝေဝါးဝါး ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာချေသည်။
ထိုသူသည် ခါးကုန်းနေပြီး အေးခဲနေသော နှင်းပန်းပုရုပ်တစ်ခုကဲ့သို့ ဖြစ်နေကာ သူ၏ ဦးထုပ်အောက်မှ ထွက်ပေါ်လာသော အဖြူရောင် ထွက်သက်ကသာ သူ အသက်ရှင်နေသေးကြောင်း သက်သေပြနေခဲ့သည်။
“ရပ်...” အက်ကွဲနေသော အော်သံက လေအေးကို ဖောက်ထွင်း၍ ထွက်ပေါ်လာခဲ့သည်။
ကျောက်တယုံက ချက်ချင်း ရှေ့တိုးသွားလိုက်၏။ “ငါပါ... တတိယတပ်ခွဲက ဒုတိယ တပ်စုမှူး ကျောက်တယုံပါ..”
ထိုပုံရိပ်မှာ သိသိသာသာ တုန်ယင်သွားပြီးနောက် ရှေ့သို့ ယိမ်းယိုင်ကာ ခြေလှမ်းအနည်းငယ် လျှောက်လာခဲ့သည်။
မည်သူဖြစ်ကြောင်း မြင်လိုက်ရသောအခါ စုတ်ပြတ်နေသော ဝါဂွမ်းအင်္ကျီကို ခြုံထားသည့် စစ်သည်က မျက်လုံးပြူးသွားရသည်။ “တပ်စုမှူး... ဒီကို ဘာလာလုပ်တာလဲ...”
သူ၏ အကြည့်များက လူတိုင်း၏ အသစ်စက်စက် အသုံးအဆောင်များအပေါ်သို့ ဝေ့ဝဲသွားပြီး သူ၏ နှင်းကိုက်နေသော မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပြည့်နှက်နေလေသည်။
“ရဲဘော် ကျန်းယဲ့နဲ့ တခြားသူတွေက ပေးတာပါ... ” ကျောက်တယုံက သူ၏ လေကာအင်္ကျီကို ပုတ်ပြလိုက်၏။
စစ်သည်က သူ၏ ကွဲအက်နေသော နှုတ်ခမ်းများကို ဟကာ ပြုံးပြလိုက်ခေသည်။ မနာလိုမှု အလျဉ်းမရှိဘဲ ဖြူစင်သော ပျော်ရွှင်မှုများသာ ရှိနေချေသည်။ “ကောင်းလိုက်တာ... ဒါတွေရှိရင် ခင်ဗျားတို့ ကင်းထောက်ရတာ အများကြီး ပိုလုံခြုံသွားမှာပဲ...”
ထိုအချိန်တွင် ကျန်းယဲ့သည် လေထဲမှ အသုံးအဆောင်တစ်စုံကို ရုတ်တရက် ထုတ်ယူကာ သူ့ကို ကမ်းပေးလိုက်လေသည်။
“ဒါ... ဒါမဖြစ်ဘူး...” စစ်သည်က နောက်သို့ ဆက်တိုက် ဆုတ်သွားပြီး သူ၏ ကြမ်းတမ်းသော လက်များကို အဝတ်အစားပေါ်တွင် ပွတ်သပ်လိုက်၏။ “ဒဏ်ရာရတဲ့ သူတွေကိုပဲ ပေးလိုက်ပါ... ကျွန်တော် ကင်းစောင့်နေတုန်း ဒါကို မသုံးနိုင်ပါဘူး”
“လူတိုင်း တစ်စုံစီ ရမှာပါ...” ကျန်းယဲ့က အဝတ်အစားများကို ကမ်းပေးလိုက်လေသည်။ “အဓိက တပ်မကြီးစခန်းကို ရောက်လာတဲ့အခါ သူတို့အတွက်လည်း ရပါလိမ့်မယ်...”
ကျောက်တယုံ၏ ဖျောင်းဖျမှုကြောင့် နောက်ဆုံးတွင် စစ်သည်သည် တုန်ယင်စွာဖြင့် သူ၏ အသုံးအဆောင်များကို ဝတ်ဆင်လိုက်၏။
နှင်းကိုက်နေသော သူ၏ ခြေထောက်များကို နှင်းဖိနပ်ထဲသို့ ထည့်လိုက်ချိန်တွင် ဤခိုင်မာသော အမျိုးသားမှာ ရုတ်တရက် မျက်ရည်ကျလာရပေသည်။
မာရှောင်ထျောင်သည် ကင်းစောင့်နေသော စစ်သည်ကို ကြည့်လိုက်ပြီး ကျန်းရှောင်တောက်အနီးသို့ ကပ်ကာ သိချင်စိတ်ဖြင့် မေးလိုက်၏။ “သူတို့ ဒီမှာ ရပ်ပြီး ဘာလုပ်နေကြတာလဲ”
“လမ်းပြပေးနေတာ... ” ကျန်းရှောင်တောက်က အဝေးရှိ နှင်းပုံအချို့ကို လက်ညှိုးထိုးပြလိုက်၏။ “အဓိက တပ်မကြီးကို လမ်းပြပေးဖို့ လမ်းဆုံတိုင်းမှာ လူတစ်ယောက်စီ ချန်ထားခဲ့ရတယ်...”
ဝူဖုန်းသည် ထိုသမိုင်းကာလနှင့် ရင်းနှီးသူ ဖြစ်သည်။ ကင်းစောင့်ပြီး လမ်းပြပေးရသော စစ်သည်များစွာက အေးခဲသွားသည့်တိုင်အောင် ထိုနေရာတွင် ရပ်နေခဲ့ကြပြီး သူတို့ သေဆုံးချိန်အထိ သူတို့၏ မစ်ရှင်ကို ဘယ်သောအခါမှ မမေ့လျော့ခဲ့ကြကြောင်း သူ ကောင်းကောင်း သိပေသည်။
မာရှောင်ထျောင်နှင့် အခြားသူများ၏ နားမလည်နိုင်သော အမူအရာများကို ကြည့်ကာ ဝူဖုန်းက အသံကို နှိမ့်၍ ပြောလိုက်၏။ “လေပြင်းနဲ့ နှင်းတွေထဲမှာ ကင်းစောင့်နေခဲ့တဲ့ ဒီစစ်သည်တွေ အများစုဟာ နောက်ဆုံးမှာ ရေခဲပန်းပုရုပ်တွေအဖြစ် အေးခဲသွားခဲ့ကြတယ်။ ဒါပေမဲ့ နောက်ဆုံး ထွက်သက်အထိ သူတို့ရဲ့ တာဝန်ကို ဘယ်တော့မှ မမေ့ခဲ့ကြဘူး...”
ဤသမိုင်းကြောင်းကို ပြန်လည်ပြောပြနေချိန်တွင် သူ၏ အသံမှာ တိုးညင်းပြီး တည်ငြိမ်နေသော်လည်း ဝမ်းနည်းမှု အရိပ်အယောင် အနည်းငယ် စွန်းထင်းနေချေသည်။
သူပြောလိုက်သော စကားလုံးတိုင်းက လူတိုင်း၏ နှလုံးသားကို ရိုက်ခတ်သွားသော လေးလံသည့် တူထုချက်တစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။
ချန်ရွှဲသည် မျက်နှာကို ရုတ်တရက် လွှဲလိုက်ပြီး မျက်ထောင့်မှ မျက်ရည်များကို အလျင်အမြန် သုတ်လိုက်၏။
ဝူဖုန်းက ခေါင်းငုံ့လိုက်ရာ သူ၏ မျက်မှန်များမှာ ရေငွေ့များ ရိုက်နေချေသည်။ ထွက်သက်ကြောင့်လား သို့မဟုတ် အခြားအရာတစ်ခုခုကြောင့်လားဆိုတာ ခွဲခြားရ ခက်ခဲလှ၏။
လေပြင်းနှင့် နှင်းများ မြည်ဟည်းသံမှလွဲ၍ အဖွဲ့တစ်ခုလုံးမှာ ထူးဆန်းစွာ တိတ်ဆိတ်သွားပေသည်။
ဤအခိုက်အတန့်တွင် သူတို့နောက်မှ လိုက်လာကြပြီး ငြိမ်းချမ်းသော ခေတ်ကာလတွင် နေထိုင်ကြသူများသည် သမိုင်းစာမျက်နှာများထက်ရှိ “သွေးနှင့် အသားဖြင့် တောင်တန်းများနှင့် မြစ်များကို တည်ဆောက်ခဲ့သည်”ဟူသော စာကြောင်း၏ အလေးချိန်ကို တကယ်တမ်း နားလည်သွားကြရသည်။
လူတိုင်း၏ လည်ချောင်းထဲတွင် တစ်ခုခု တစ်ဆို့နေသကဲ့သို့ ခံစားရပြီး အသက်ရှူရသည်မှာပင် လေးလံနေချေသည်။
၎င်းမှာ သွေးကြောများထဲတွင် တဟုန်ထိုး တက်လာသော အပြစ်မကင်းမှုနှင့် ရိုသေလေးစားမှု ရောနှောနေခြင်း ဖြစ်၏။
တုန်လှုပ်မှုသည် တုံးနေသော ဓားတစ်လက်ဖြင့် ခုတ်ထစ်ခံရသကဲ့သို့ နာကျင်ပြီး လေးလံနေကာ ရေခဲပန်းပုရုပ်များကဲ့သို့ သစ္စာရှိသော ဤဝိညာဉ်များကို ဂါရဝပြုချင်စိတ်နှင့်အတူ ငိုကြွေးချင်စိတ်ကိုပါ ဖြစ်ပေါ်စေခဲ့သည်။
ကင်းစောင့်နေသော စစ်သည်က အဖွဲ့သားများ ရုတ်တရက် တိတ်ဆိတ်သွားသည်ကို မြင်သောအခါ အအေးဒဏ်ကြောင့် နီရဲနေသော သူ၏ လက်များကို ပွတ်သပ်လိုက်ပြီး အနည်းငယ် အနေခက်သော အမူအရာဖြင့် ရိုးရှင်းစွာ ပြုံးကာ ပြောလိုက်၏။ “ဘာဖြစ်သွားတာလဲ ရဲဘော်တို့... ဒါက ကျွန်တော်တို့ရဲ့ တာဝန်ပဲ... ဘာမှ ကြီးကျယ်တဲ့ ကိစ္စ မဟုတ်ပါဘူး”
သူ အသစ်ဝတ်ဆင်ထားသော လေကာအင်္ကျီကို အနေခက်စွာ ပြင်ဝတ်လိုက်ပြီး ပြောလိုက်ပြန်သည်။ “ဒီလောက်ကောင်းတဲ့ ပစ္စည်းတွေကို ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...”
“မဟုတ်ပါဘူး...” ချန်ရွှဲက ရုတ်တရက် ဝင်ပြောလိုက်ပြီး သူမ၏ အသံမှာ စိတ်လှုပ်ရှားမှုကြောင့် ဆို့နင့်နေလေသည်။ “ကျွန်မတို့ကသာ ရှင်တို့ကို ကျေးဇူးတင်ရမှာပါ...”
သူမ မော့ကြည့်လိုက်ရာ မျက်လုံးများတွင် မျက်ရည်များ ပြည့်လျှံနေလေသည်။ “ရှင်တို့ကပဲ... ကျွန်မတို့ကို ငြိမ်းချမ်းတဲ့ ဘဝတစ်ခု ပေးခဲ့တာပါ...”
အခန်း ၁၈၄ပြီး၏။