← Chapters

အခန်း ၁၈၅

Vol. 19 Ch. 185

အခန်း ၁၈၅

Vol. 19 Ch. 185

အခန်း (၁၈၅) ခင်ဗျားတို့က နတ်ဘုရားတွေလား...

​စစ်သည်မှာ မှင်သက်သွားပြီး နားမလည်နိုင်စွာဖြင့် ခေါင်းကို ကုတ်လိုက်ရာ သူ၏ စုတ်ပြတ်နေသော စစ်ဦးထုပ်အောက်မှ မီးခိုးရောင် ဆံပင်တစ်စ ထွက်ပေါ်လာခဲ့သည်။

​ထိုအမျိုးသမီး ဘာကိုဆိုလိုသည်ကို သူ နားမလည်သော်လည်း သူမ၏ မျက်လုံးထဲမှ မျက်ရည်များကြောင့် သူဟာ အံ့အားသင့်သွားရသည်။

​ကျန်းယဲ့က တိတ်ဆိတ်စွာ ရှေ့တိုးသွားပြီး ဖောင်းကားနေသော တောင်တက်ကျောပိုးအိတ်တစ်လုံးကို စစ်သည်၏ လက်ထဲသို့ ထိုးထည့်ပေးလိုက်ပြီး ပြောလိုက်၏။ “အထဲမှာ စွမ်းအင်မြင့် အစားအစာတွေ၊ အပူပေးအိတ်တွေနဲ့ အရေးပေါ် ဆေးဝါးတွေ ပါတယ်...”

​သူက ပစ္စည်းများကို တစ်ခုချင်း ထုတ်ပြကာ ရှင်းပြလိုက်လေသည်။ “ဒီဟာက အိတ်ကို ဖောက်လိုက်တာနဲ့ ပူလာတယ်... ခင်ဗျားရဲ့ ရင်ဘတ် ဒါမှမဟုတ် အေးတဲ့ နေရာတွေမှာ ကပ်ထားလို့ ရတယ်။ ဒီစွမ်းအင်ဘား တစ်ဝက်လောက် စားရင် တစ်နေကုန် နွေးနေလိမ့်မယ်...”

​စစ်သည်သည် ပစ္စည်းများကို ဘာလုပ်ရမှန်းမသိ ကိုင်ထားပြီး သူ၏ နှုတ်ခမ်းများ တုန်ယင်နေခဲ့သည်။ “ဒါက... ဒါက အရမ်း တန်ဖိုးကြီးလွန်းပါတယ်...”

​“စစ်သည်တိုင်း ဒါကို ရပါလိမ့်မယ်...”

​စစ်သည်က ကျောက်တယုံကို လှမ်းကြည့်လိုက်ပြီး ကျောက်တယုံ ခေါင်းညိတ်ပြသည်ကို မြင်ပြီးမှသာ ၎င်းကို လက်ခံလိုက်ပေသည်။

​ထို့နောက် အဖွဲ့ဟာ ကျယ်ပြောလှသော နှင်းပြင်ကြီးကို ဖြတ်ကျော်၍ ခရီးဆက်ခဲ့ကြသည်။

​လမ်းဆုံတိုင်းတွင်... ပြီးတော့ လေပြင်းနှင့် နှင်းများကြားတွင် မတ်မတ်ရပ်နေသော စစ်သည်တစ်ဦးကို တွေ့တိုင်း ကျန်းယဲ့က ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

​“ရဲဘော်... ဒါက ခင်ဗျားအတွက်ပါ”

​သူသည် စနစ်ထဲမှ အသစ်စက်စက် စစ်သုံး ကျောပိုးအိတ်များကို ထပ်ခါတလဲလဲ ထုတ်ယူကာ ချမ်းတုန်နေသော စစ်သည်များထံသို့ ညင်သာစွာ..... သို့သော် ခိုင်မာစွာ ကမ်းပေးလိုက်၏။

​ကျောပိုးအိတ်တိုင်းတွင် သပ်ရပ်စွာ ထည့်ထားသည်မှာ ထူထဲပြီး လေနဲ့ နှင်းကို ကာကွယ်ပေးနိုင်သော စစ်ဝတ်စုံတစ်စုံ၊ ၁၂ နာရီကြာ စဉ်ဆက်မပြတ် အပူပေးနိုင်သော အပူပေးအိတ် အခု ၃၀၊ ကြိတ်သိပ်ထားသော ဘီစကွတ်သုံးခုနှင့် ကယ်လိုရီမြင့် စွမ်းအင်ဘား ငါးခု၊ ဘက်စုံသုံး စစ်သုံး ဓားတစ်လက်၊ ပြီးတော့ အပူထိန်း ရေဘူး တစ်ဘူးတို့ ဖြစ်၏။

​တတိယမြောက် လမ်းဆုံတွင် မျက်ခုံးမွှေးများတွင် နှင်းခဲများ ဖုံးလွှမ်းနေသော စစ်မှုထမ်းဟောင်းကြီး တစ်ဦးက ကျောပိုးအိတ်ကို ယူလိုက်ပြီး သူ၏ ကွဲအက်နေသော နှုတ်ခမ်းများ တုန်ယင်နေခဲ့သည်။ “ဒါက... ဒါက တပ်စုတစ်စုလုံးအတွက်တောင် လုံလောက်တယ်...”

​“ရော့...” ကျန်းယဲ့က သူ့ကို ကျောပိုးအိတ် လွယ်ပေးလိုက်လေသည်။ “နောက်ကလာမယ့် လူတိုင်း တစ်လုံးစီ ရပါလိမ့်မယ်....”

​ကျန်းရှောင်တောက်က နောက်မှ လိုက်ပါလာပြီး ကျန်းယဲ့က ဤလုပ်ရပ်ကို ထပ်ခါတလဲလဲ လုပ်ဆောင်နေသည်ကိုရော လေထဲမှ ပစ္စည်းများကို အကြိမ်ကြိမ် ဖန်တီးယူနေသည်ကိုပါ ကြည့်ရင်း တကယ့်ကို မှော်ဆန်လွန်းသည်ဟု ခံစားနေခဲ့ရသည်။

​ဆဋ္ဌမမြောက် စစ်သည်က ကျောပိုးအိတ်ကို ယူလိုက်ချိန်တွင် ကျန်းရှောင်တောက်က အသံကို နှိမ့်၍ မေးလိုက်၏။ သူ၏ ကြည်လင်သော မျက်လုံးများတွင် သိချင်စိတ်နှင့် မေးခွန်းထုတ်မှုများ ပြည့်နှက်နေချေသည်။ “ခင်ဗျားတို့က နတ်ဘုရားတွေလား...”

​မာရှောင်ထျောင်၏ မျက်လုံးများ မှေးမှိန်သွားရသည်။ သူတို့က နတ်ဘုရားတွေမှ မဟုတ်တာ။ သူတို့က ဒီအခြေအနေရဲ့ အကျိုးကို ခံစားရတဲ့ လူတွေသာ ဖြစ်၏။

​သူက အအေးဒဏ်ကြောင့် နီရဲနေသော ကျန်းရှောင်တောက်၏ မျက်နှာကို ပွတ်သပ်လိုက်၏။ “သူတို့က နတ်ဘုရားတွေ မဟုတ်ပါဘူး.... ကျေးဇူးဆပ်ဖို့ လာတဲ့ နောင်လာနောက်သားတွေပါ”

​သတ္တမမြောက် လမ်းဆုံတွင် သူတို့သည် ကျန်းရှောင်တောက်ထက်ပင် အသက်ငယ်ပုံရသော စစ်သည်တစ်ဦးနှင့် တွေ့ဆုံခဲ့လေသည်။

​သူက ကျောပိုးအိတ်ကို ယူရင်း ရုတ်တရက် အသံထွက် ငိုကြွေးလိုက်၏။ “ကျွန်တော့် တပ်စုမှူး... ကျွန်တော့် တပ်စုမှူးက မနေ့က ဟိုမှာ အေးခဲသွားခဲ့တယ်။ အကယ်လို့... အကယ်လို့သာ...”

​ကျန်းယဲ့၏ လက်မှာ လေထဲတွင် ခေတ္တမျှ ရပ်တန့်သွားပြီးနောက် အောက်သို့ လေးလံစွာ ကျဆင်းသွားရသည်။

​သူက စစ်သည်လေး ကြည့်နေသော အရပ်မျက်နှာဆီသို့ လျှောက်သွားလိုက်ရာ နှင်းများ တစ်ဝက်တစ်ပျက် ဖုံးလွှမ်းနေသော မြေပုံတစ်ခု ရှိနေချေသည်။

​အခြားသူများလည်း နောက်မှ တိတ်ဆိတ်စွာ လိုက်ပါသွားကြပြီး သူတို့၏ ဖိနပ်များက နှင်းပေါ်တွင် တုံးတိတိ ဂျွတ်ဂျွတ်မြည်သံများ ထွက်ပေါ်နေခဲ့သည်။

​အနည်းငယ် မြင့်နေသော နှင်းပုံလေးမှာ သတိထားမိရန် ခက်ခဲလှ၏။ စစ်သည်လေးကသာ လက်ညှိုးထိုး မပြခဲ့လျှင် ၎င်းမှာ ပတ်ဝန်းကျင်ရှိ ဖြူဖွေးနေသော အရာအားလုံးနှင့် ရောနှောသွားလုနီးပါး ဖြစ်နေပေမည်။

​ထွက်နေသော စုတ်ပြတ်နေသည့် ခြေသလုံးပတ်စ တစ်ခုကသာ ဤနေရာတွင် သစ္စာရှိသော ဝိညာဉ်တစ်ခု မြှုပ်နှံထားကြောင်း တိတ်ဆိတ်စွာ သက်သေပြနေခဲ့သည်။

​“တပ်စုမှူး....” စစ်သည်လေးက နှင်းပုံရှေ့တွင် ဒူးထောက်ကာ မျက်ရည်များကို မျိုသိပ်ရင်း ပြောလိုက်၏။ “ခင်ဗျားကို လာကြည့်တဲ့သူ ရှိတယ်ဗျ... ”

​ကျန်းယဲ့ အသက်ပြင်းပြင်း ရှူလိုက်ပြီး ရုတ်တရက် ဒူးထောက်ကာ နှင်းပုံရှေ့တွင် ဦးခေါင်းနှင့် ကြမ်းပြင်ထိအောင် သုံးကြိမ်တိုင်တိုင် ပြင်းပြင်းထန်ထန် အရိုအသေ ပေးလိုက်လေသည်။

​သူ့နောက်တွင် ကျောက်ကန်း၊ ဝမ်လဲ့၊ ချန်ရွှဲ၊ ဝူဖုန်း၊ ဖန်ရှန်၊ လင်းယွီ၊ မာရှောင်ထျောင်နှင့် အခြားသူများအားလုံး ဒူးထောက်လိုက်ကြပြီး သူတို့၏ နဖူးများကို အေးစက်သော နှင်းပြင်နှင့် ထိကပ်လိုက်ကြ၏။

​“အလေးပြု... ” ကျောက်တယုံ၏ အက်ကွဲနေသော အသံက ထွက်ပေါ်လာခဲ့သည်။

​အနီရောင်တပ်မတော်စစ်သည်ဆယ့်နှစ်ဦးက မတ်မတ်ရပ်ကာ ညာလက်ကို မြှောက်လိုက်ကြသည်။

​အေးစက်သော လေပြင်းက နှင်းပွင့်များကို လွင့်စဉ်စေပြီး သူတို့၏ မျက်နှာများကို ရိုက်ခတ်နေသော်လည်း မည်သူမျှ မျက်တောင် မခတ်ကြချေ။

​ထို့နောက် ကျန်းယဲ့သည် စနစ်ထဲမှ အသစ်စက်စက် စစ်ဝတ်စုံ တစ်စုံကို ထုတ်ယူကာ နှင်းပုံပေါ်တွင် ညင်သာစွာ တင်လိုက်၏။

​ရေတပ်ပြာရောင် သိုးမွှေးအထည်သားမှာ ဖြူဖွေးနေသော နှင်းများနောက်ခံတွင် အထူးပင် ခန့်ညားပုံရပြီး ရွှေရောင်ကြယ်သီးများက မှိန်ဖျော့သော အလင်းရောင်တွင် တောက်ပနေခဲ့သည်။

​“ဒါက...” စစ်သည်လေး၏ မျက်လုံးများ ပြူးကျယ်သွားရသည်။

​“၂၀၂၅ ခုနှစ် ဆောင်းရာသီစစ်ဝတ်စုံပါ” ကျန်းယဲ့၏ အသံမှာ တိုးညင်းသော်လည်း စကားလုံးတိုင်းက ရှင်းလင်းနေခဲ့သည်။ “တပ်စုမှူး... ခင်ဗျားရဲ့ ဂျူနီယာတွေဆီက ဒီနောက်ကျနေတဲ့ လက်ဆောင်ကို ကျေးဇူးပြုပြီး လက်ခံပေးပါ...”

​ကျန်းရှောင်တောက်က နှင်းပုံဆီသို့ ပြေးသွားပြီး သူ၏ နှင်းကိုက်နေသော လက်များဖြင့် နှင်းများကို အရူးအမူး ဖယ်ရှားလိုက်လေသည်။ “တပ်စုမှူး... ကြည့်ပါဦး... ကျွန်တော်တို့ နိုင်သွားပြီ... ကျွန်တော်တို့မှာ ယူနီဖောင်း အသစ်တွေ ရှိနေပြီဗျ... ”

​နှင်းပွင့်များက ညင်သာစွာ ကျဆင်းသွားရာ အောက်ရှိ ဖြူရော်သော်လည်း အေးချမ်းနေသော မျက်နှာတစ်ခု ပေါ်လာလေသည်။

​တပ်စုမှူးမှာ အသက် နှစ်ဆယ်ကျော်ခန့်သာ ရှိသေးပုံရပြီး သူ၏ နှုတ်ခမ်းများပေါ်တွင် သဲ့သဲ့လေး အပြုံးတစ်ခု ရှိနေဆဲဖြစ်ရာ အိပ်ပျော်နေသကဲ့သို့ပင်။

​သူ၏ စုတ်ပြတ်နေသော စစ်ဝတ်စုံအိတ်ကပ်ထဲမှ တစ်ဝက်တစ်ပျက် လောင်ကျွမ်းထားသော ဆေးလိပ်တစ်လိပ် ထွက်နေခဲ့သည်။

​ချန်ရွှဲမှာ ဆက်ပြီး မထိန်းထားနိုင်တော့ဘဲ ပါးစပ်ကို ပိတ်ကာ အသံထွက် ငိုကြွေးလိုက်၏။

​လင်းယွီက တုန်ယင်စွာဖြင့် အသစ်စက်စက် အနီရောင် လည်စည်းတစ်ခုကို တပ်စုမှူး၏ တောင့်တင်းနေသော လက်ကောက်ဝတ်တွင် ချည်နှောင်ပေးလိုက်၏။

​လူတိုင်း ပြန်လည် ထွက်ခွာချိန်တွင် စစ်သည်လေးမှာ နှင်းပုံရှေ့တွင် ဒူးထောက်နေဆဲပင်။

​သူက သူ၏ ယူနီဖောင်းသစ်ပေါ်ရှိ တွန့်လိပ်နေသော နေရာတိုင်းကို ဂရုတစိုက် ဖြန့်လိုက်ပြီး တိုးညင်းစွာ ပြောလိုက်၏။ “တပ်စုမှူး... ကြားလား။ သူတို့ ပြောတာ... ကျွန်တော်တို့ နိုင်ပြီတဲ့.... တကယ် နိုင်သွားပြီတဲ့...”

​လေပြင်းနှင့် နှင်းများမှာ တဖြည်းဖြည်း ပိုမို ပြင်းထန်လာသော်လည်း နှင်းပုံများပေါ်ရှိ တက်ကြွသော အပြာရင့်ရောင်ကိုမူ မဖုံးကွယ်နိုင်ခဲ့ချေ။

​အဝေးမှ ကြည့်လျှင် ၎င်းမှာ ဘယ်တော့မှ အရောင်မလွင့်သော အလံတစ်ခုကဲ့သို့ ဖြစ်နေပေသည်။

​နေဝင်ရီတရော အချိန်သို့ ရောက်ရှိလာသောအခါ အနီရောင် တပ်မတော်တပ်ရင်းတစ်ခု၏ နောက်တန်းစခန်းမှာ မီးခိုးရောင် မြူခိုးများဖြင့် ဖုံးလွှမ်းနေခဲ့သည်။

​မီးခိုးငွေ့ အနည်းငယ်က နှင်းပြင်ပေါ်မှ ခေါင်းမာစွာ ထွက်ပေါ်လာသော်လည်း အရိုးခိုက်မတတ် လေပြင်းကြောင့် လျင်မြန်စွာ လွင့်စင်သွားရသည်။

​စားဖိုမှူးကြီးလောင်လီက ချက်ပြုတ်နေသော ဒယ်အိုးရှေ့တွင် ဆောင့်ကြောင့်ထိုင်နေခဲ့သည်။ နှင်းကိုက်နာများ ဖုံးလွှမ်းနေသော သူ၏ လက်များက အဖုံးကို တုန်ယင်စွာ မလိုက်၏။ ဆူပွက်နေသော ရေထဲတွင် နီညိုရောင် အပင်အမြစ် အနည်းငယ်က ပေါ်လိုက် မြုပ်လိုက် ဖြစ်နေပြီး ပါးလွှာသော ဟင်းရည်မှာ ကြည်လင်လွန်းသဖြင့် တစ်ယောက်ယောက်က ၎င်းထဲတွင် သူတို့၏ အရိပ်ကိုပင် မြင်တွေ့နိုင်လုနီးပါး ဖြစ်နေပေသည်။

​“ဒီလောက်ပဲလား...” နည်းပြက သူ့နောက်တွင် ပေါ်လာပြီး သူ၏ အသံမှာ အက်ကွဲနေလေသည်။

​လောင်လီက မော့မကြည့်ဘဲ အိုးကို ဇွန်းဖြင့်သာ မွှေနေလိုက်သည်။ “ရူဘာ့ဘ်အမြစ် ဆယ့်နှစ်ကတ်တီ၊ လမ်းဘ်ကွာတားသုံးဆုပ် နဲ့ တောကြက်သွန်မိတ် တစ်စည်း....”

​သူ ခေတ္တမျှ ရပ်လိုက်ပြီး ပြောလိုက်ပြန်သည်။ “လူသုံးရာအတွက် လုံလောက်တဲ့ ဟင်းရည်ပါပဲ...”

​စားဖိုဆောင်မှ လူငယ်စစ်သည်အချို့မှာ နှင်းထဲတွင် တိတ်ဆိတ်စွာ ဆောင့်ကြောင့်ထိုင်ပြီး နောက်ဆုံးကျန်ရှိနေသော တောဟင်းသီးဟင်းရွက်များကို ပြင်ဆင်နေခဲ့ကြသည်။

​ဆယ့်ခြောက်နှစ်အရွယ် ရှောင်လျိုက လမ်းဘ်ကွာတားနှင့် တောကြက်သွန်မိတ်များကို ဂရုတစိုက် ခွဲခြားလိုက်လေသည်။

​ပထမတစ်ခုကို ဒဏ်ရာရသူများအတွက် ချန်ထားရမည်ဖြစ်ပြီး ဒုတိယတစ်ခုကို အပြင်းအထန် နာမကျန်းဖြစ်နေသူများအတွက် ဖြစ်သည်။

​သူ၏ လက်ချောင်းများမှာ အအေးဒဏ်ကြောင့် ခရမ်းရောင်ပြောင်းနေသော်လည်း ဟင်းရွက်တစ်ရွက်မျှ နှင်းပေါ် မကျစေရန် သတိထားနေ၏။

​“ညစာ အဆင်သင့်ဖြစ်ပြီ...”

​လောင်လီ အော်လိုက်သည်နှင့် စစ်သည်များမှာ တန်းစီ၍ လျှောက်လာကြလေသည်။

​လူတိုင်း ကိုင်ဆောင်ထားသော ကြွေပန်းကန်လုံးများကို ပြောင်လက်နေအောင် ဆေးကြောထားပြီး နေဝင်ဆည်းဆာ အလင်းရောင်တွင် မှိန်ဖျော့ဖျော့ တောက်ပနေခဲ့သည်။

​“ဒဏ်ရာပြင်းတဲ့ စစ်သည်တွေက ဟင်းသီးဟင်းရွက် စွပ်ပြုတ်ရမယ်... ဒဏ်ရာ နည်းနည်းရတဲ့ စစ်သည်တွေက ဟင်းရွက်စွပ်ပြုတ်ရမယ်.... ကျန်တဲ့လူတွေက...” လောင်လီ၏ အသံမှာ တဖြည်းဖြည်း တိုးဝင်သွား၏။ “ရူဘာ့ဘ်အမြစ် စွပ်ပြုတ် ရမယ်...”

​တန်းစီနေသော နေရာမှာ ထူးဆန်းစွာ တိတ်ဆိတ်နေလေသည်။

​တတိယတပ်ခွဲမှ ရှောင်ကျန်း အလှည့်သို့ ရောက်သောအခါ ဤဆယ့်ခုနစ်နှစ်အရွယ် စစ်သည်လေးသည် အိုးထဲတွင် မျောနေသော တောဟင်းသီးဟင်းရွက် အနည်းငယ်ကို တစ်ချက် ကြည့်လိုက်၏။ သူဟာ အလွန်ဆာလောင်နေသဖြင့် တံတွေးကို အကြိမ်ကြိမ် မျိုချနေရသော်လည်း တစ်လုတ်မှ မစားခဲ့ချေ။ ယင်းအစား သူက တောဟင်းသီးဟင်းရွက် စွပ်ပြုတ်ပန်းကန်ကို ယာယီ ဆေးဘက်ဆိုင်ရာ တဲဆီသို့ ယူသွားလိုက်၏။

​“တပ်စုမှူး... ဒီမှာ”

​တစ်ဖက်လူ စကားမပြောနိုင်မီမှာပင် သူက ပစ္စည်းများကို ချကာ ကမန်းကတန်း ပြေးထွက်သွားလေသည်။

​တဲထဲမှ ထွက်လာသည်နှင့် သူက စခန်းအစွန်းသို့ လျှောက်သွားကာ ပတ်ဝန်းကျင်ကို ကြည့်ပြီး ရုတ်တရက် ခါးညွှတ်ကာ နှင်းတစ်ဆုပ်ကို ယူ၍ ပါးစပ်ထဲ ထိုးထည့်လိုက်၏။ အအေးဒဏ်ကြောင့် သူဟာ တုန်ယင်သွားသော်လည်း နှင်းအစား ချိုမြိန်သော ထမင်းကြော်ကို စားနေရသကဲ့သို့ ကျေနပ်စွာဖြင့် သူ၏ မျက်လုံးများကို မှိတ်ထားလိုက်၏။

​သူတို့သည် ဆာလောင်မှုကို သည်းခံပြီး သူတို့၏ အစားအစာများကို ပိုမို လိုအပ်သော ရဲဘော်များအား ခွဲဝေပေးကာ ဗိုက်နာသည့် ဒဏ်များကို ခံနိုင်ရည်ရှိရန် စိတ်ဓာတ်ခွန်အားကိုသာ အားကိုးကြသည့် ဤကဲ့သို့သော အဖြစ်အပျက်များစွာ ရှိပေသည်။

​နောက်ဆုံး ဟင်းရည်တစ်ခွက် ကုန်သွားချိန်တွင် လောင်လီက အိုးထဲတွင် ဇွန်းတစ်ဝက်ခန့် ကျန်နေသေးသည်ကို သတိပြုမိလိုက်၏။ ၎င်းမှာ စစ်သည်များက တမင်တကာ ချန်ထားခဲ့ခြင်းပင်။

​သူက မီးဖိုဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ ရုတ်တရက် သူ၏ မျက်နှာကို လက်စွပ်ဖြင့် ပြင်းပြင်းထန်ထန် ပွတ်သုတ်လိုက်၏။

​အဝေးတွင် ဒဏ်ရာပြင်းထန်သော စစ်သည်အချို့မှာ သူတို့၏ လက်ထဲတွင် ပန်းကန်များကို ကိုင်ကာ တုန်ယင်နေခဲ့ကြသည်။

​သူတို့ အချင်းချင်း ကြည့်လိုက်ကြပြီးနောက် တိုင်ပင်ထားခြင်း မရှိဘဲ သူတို့၏ ပန်းကန်ထဲမှ တောဟင်းသီးဟင်းရွက်များကို ရွေးထုတ်ကာ အိုးကြီးထဲသို့ တိတ်တဆိတ် ပြန်ထည့်လိုက်ကြလေသည်။

အခန်း ၁၈၅ပြီး၏။

All Chapters