← Chapters

အခန်း ၁၈၆

Vol. 19 Ch. 186

အခန်း ၁၈၆

Vol. 19 Ch. 186

အခန်း (၁၈၆) မင်းတို့ကို ငါယုံတယ်...

​ကျန်းယဲ့နှင့် သူ၏အဖွဲ့ စခန်းထဲသို့ ဝင်ရောက်လာသည်နှင့် မျက်လုံးရာပေါင်းများစွာက သူတို့ထံသို့ လှည့်ကြည့်လာခဲ့ကြသည်။

​စစ်သည်များက သူတို့၏ ကြွေပန်းကန်လုံးများကို ချလိုက်ကြပြီး သူတို့၏ မျက်လုံးများတွင် သိချင်စိတ်နှင့် သတိထားမှု ရောနှောနေလေသည်။

​ကျောက်တယုံနှင့် သူ၏ ရှေ့ပြေးအဖွဲ့သာ လမ်းပြမလာခဲ့လျှင် တစ်စုံတစ်ယောက်က သတိပေးသည့်အနေဖြင့် သေနတ်ကို မြှောက်ထားလောက်ပြီ ဖြစ်၏။

​ကျန်းယဲ့နှင့် သူ၏အဖွဲ့က ပတ်ဝန်းကျင်ကို ကြည့်လိုက်ကြသည်။ ဤယာယီစခန်းတွင် စစ်သည်များက နှင်းပေါ်၌ နှစ်ယောက် သုံးယောက်စု၍ ထိုင်နေခဲ့ကြသည်။ သူတို့၏ အဝတ်အစားများမှာ ကျောက်တယုံတို့အဖွဲ့နှင့် ဆင်တူပြီး အချို့ဆိုလျှင် ပို၍ပင် ဆိုးရွားနေသေးချေသည်။

​သူတို့၏ အကြည့်များက ကြွေပန်းကန်လုံးများအပေါ်သို့ ကျရောက်သွားချိန်တွင် သူတို့၏ ရင်ထဲ၌ တစ်ချက် ခုန်သွားရသည်။

​နီညိုရောင်ဟင်းရည်ထဲတွင် အပင်အမြစ် အနည်းငယ်သာ မျောနေပြီး ပါးလွှာလွန်းသဖြင့် ပန်းကန်အောက်ခြေကိုပင် မြင်နေရ၏။

​ဒဏ်ရာပြင်းထန်သူများ၏ ပန်းကန်များတွင်သာ တောဟင်းသီးဟင်းရွက် အနည်းငယ် ပိုပါနေပေသည်။

​ခေတ်သစ်တွင် တိရစ္ဆာန်အစာအဖြစ်ပင် သတ်မှတ်၍မရနိုင်သော ဤအရာများကို စစ်သည်များက အရသာရှိသော အစားအစာအဖြစ် သတ်မှတ်ကာ အချင်းချင်း ယဉ်ကျေးစွာ ဦးစားပေးနေခဲ့ကြသည်။

​နည်းပြက သူ၏ရှေ့ရှိ လူစုကို ဂရုတစိုက် အကဲခတ်လိုက်၏။ သူတို့၏ ဝတ်စားဆင်ယင်မှုရော အသားအရေကပါ သူတို့က ဒေသခံများ မဟုတ်ကြောင်း ပြသနေလေသည်။

​သူသည် ကျောက်ကန်းနှင့် သူ၏ လူခြောက်ယောက်အဖွဲ့ကို စူးရှစွာ သတိပြုမိလိုက်ပြီး သူတို့ထံမှ ရင်းနှီးသော အငွေ့အသက်ကို ရလိုက်သကဲ့သို့ ခံစားလိုက်ရသည်။

​သူတို့ကို ကျောက်တယုံက စခန်းသို့ ပြန်ခေါ်လာခဲ့သော်လည်း ထားရှိသင့်သည့် သံသယကိုမူ ဆက်လက် ထိန်းသိမ်းထားရမည် ဖြစ်သည်။

​‘ရန်သူက လိမ္မာပါးနပ်လွန်းပြီး လှည့်ကွက်တွေ အရမ်းများတယ်... ငါတို့ သတိထားရမယ်။’

​သူတို့ထဲမှ မည်သူမျှ သေနတ်ကိုင်ဆောင်ထားခြင်း မရှိသည်ကို နည်းပြ သတိပြုမိသဖြင့် ရှေ့သို့တိုးကာ ပြုံး၍ မေးလိုက်၏။ “ရဲဘော်တို့... ခင်ဗျားတို့က ဘယ်သူတွေလဲ”

​ကျောက်တယုံ စကားပြောရန် ပြင်လိုက်ချိန်တွင် ကျန်းယဲ့က ရှေ့သို့ တိုးထွက်လာလေသည်။

​သူ ခါးကို မတ်လိုက်ပြီး ညာဘက်ဖနောင့်ကို ဘယ်ဘက်ဖနောင့်နှင့် ထိကာ ညာလက်ကို မြှောက်၍ စခန်းအပြည့် ရှိနေသော အနီရောင်တပ်မတော်စစ်သည်များကို အလေးပြုလိုက်သည်။

​“တပ်မှူးကို သတင်းပို့ပါတယ်...” လေပြင်းနှင့် နှင်းများကြားတွင် ကျန်းယဲ့၏ အသံမှာ ထူးခြားစွာ ရှင်းလင်းနေခဲ့သည်။ “ကျွန်တော်တို့က ၂၀၂၅ ခုနှစ်... တရုတ်နိုင်ငံသစ်က လာတဲ့ မျိုးဆက်တွေပါ...”

​သူ၏ နောက်တွင် ကျောက်ကန်းနှင့် ဝူဖုန်း အပါအဝင် စစ်မှုထမ်းဟောင်း ခြောက်ဦးသည်လည်း တညီတညွတ်တည်း ရှေ့သို့ တိုးလာကာ ပြတ်သားစွာ အလေးပြုလိုက်ကြသည်။

​“တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်... အနောက်မြောက် စစ်ဒေသ... အထူးစစ်ဆင်ရေး တပ်မဟာက ကျောက်ကန်းပါ...”

​“တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်က... ဝူဖုန်းပါ”

​“တရုတ်ပြည်သူ...”

​ကျယ်လောင်သော အသံခြောက်သံက ဆက်တိုက် ထွက်ပေါ်လာပြီး တိတ်ဆိတ်နေသော စခန်းအတွင်း ပဲ့တင်ထပ်သွားခဲ့သည်။

​စကားလုံးတိုင်းက လူတိုင်း၏ နှလုံးသားကို ရိုက်ခတ်သွားသော လေးလံသည့် တူထုချက်တစ်ခုကဲ့သို့ ဖြစ်နေချေသည်။

​စခန်းတစ်ခုလုံး သေမတတ် တိတ်ဆိတ်သွား၏။

​ကြွေပန်းကန်လုံးများကို ကိုင်ထားသော စစ်သည်များ၏ လက်များမှာ လေထဲတွင် တောင့်တင်းသွားပေသည်။ အချို့က ပါးစပ်အဟောင်းသား ဖြစ်သွားပြီး အချို့ကမူ မယုံကြည်နိုင်စွာဖြင့် သူတို့၏ နားရွက်များကို ပွတ်သပ်နေကြ၏။

​လေပြင်းနှင့် နှင်းများ၏ မြည်ဟည်းသံက ထိုအခိုက်အတန့်တွင် ထူးခြားစွာ ဆူညံနေပေသည်။

​ကျောက်တယုံက သူတို့ မယုံကြည်မည်ကို စိုးရိမ်သဖြင့် ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်၏။ “သူတို့ပြောတာ အမှန်ပဲ... ဒီရဲဘော်တွေက ၂၀၂၅ ခုနှစ်က လာတာပါ”

​ရာပေါင်းများစွာသော အနီရောင်တပ်မတော်စစ်သည်များ ငြိမ်သက်နေကြပြီး သူတို့၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်နေကာ ထပ်မံ အံ့အားသင့်သွားပြီး နောက်ဆုံးတွင် ဆက်လက် အံ့အားသင့်နေကြဆဲပင်။

​သူတို့ တစ်ခါမျှ မမြင်ဖူးသော အဝတ်အစားများကို ဝတ်ဆင်ထားလျှင်ပင် မည်သူကမျှ ဤကဲ့သို့ ယုံတမ်းစကားဆန်သော အရာကို ယုံကြည်မည် မဟုတ်ချေ။

​ကျန်းယဲ့က သူတို့ မယုံကြည်ကြောင်း သိလေသည်။ သူပြောလိုက်သော စကားအနည်းငယ်ကို အခြေခံပြီး သူတို့က အနာဂတ်မှ လာသည်ဟု ယုံကြည်ရန်မှာ လက်တွေ့မကျချေ။

​ထို့နောက် သူ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ပေါင်ငါးဆယ်စီ အလေးချိန်ရှိသော ဂျုံမှုန့်အိတ် ဆယ်အိတ်က နှင်းပေါ်တွင် လေထဲမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

​ဤမြင်ကွင်းက စစ်သည်အားလုံးကို ထပ်မံ မှင်သက်သွားစေပြီး အချိန်အကြာကြီး စကားမပြောနိုင်အောင် ဖြစ်သွားစေခဲ့သည်။

​သတင်းကြားပြီး ဤနေရာသို့ အလျင်အမြန် ရောက်လာကြသော တပ်မှူးကန်းနှင့် တပ်ခွဲမှူးလီတို့က ဤအခိုက်အတန့်ကို မျက်မြင်တွေ့လိုက်ကြရသည်။

​ထိုလူများ၏ အကြည့်များက မသိစိတ်မှ အလိုအလျောက် ကျန်းယဲ့အပေါ်သို့ စူးစိုက်သွားပြီး သူတို့၏ မျက်လုံးများတွင် မေးခွန်းထုတ်မှုများ ပြည့်နှက်နေကြသည်။

​ကျန်းယဲ့က ဒယ်အိုးကြီးရှေ့တွင် ဇွန်းကိုင်ထားသော လောင်လီကို ကြည့်ကာ ပြောလိုက်၏။ “ရဲဘော်... ဒီဂျုံမှုန့်အိတ် ဆယ်အိတ်ကို ပျစ်ပျစ်လေး ချက်လိုက်ကြရအောင်...”

​စကားပြောရင်း ကျန်းယဲ့က ထပ်မံ လက်ညှိုးထိုးလိုက်ရာ သတ်ဖြတ်ပြီးသား နွားတစ်ကောင်က အခြား ကွက်လပ်တစ်ခုတွင် ထွက်ပေါ်လာ၏။

​နွားတစ်ကောင် ထွက်ပေါ်လာခြင်းက သော့အိမ်ကို ဖွင့်လိုက်သော သော့တစ်ချောင်းကဲ့သို့ ဖြစ်သွားသည်။

​စခန်းအတွင်း အံ့အားသင့်သံများ ပွက်လောရိုက်သွားကြသည်။

​“မြန်မြန်... မြန်မြန်.. မြန်မြန်... ငါ့ကို ဆိတ်ကြည့်စမ်း။ ငါ ဗိုက်ဆာလွန်းလို့ သတိလစ်ပြီး ထင်ယောင်ထင်မှား ဖြစ်နေတာ ထင်တယ်... ” ဟ လူငယ် ရဲဘော်တစ်ဦးက သူ၏ အသားကို လက်ဖြင့် ဆိတ်ကာ ပြောလိုက်၏။ နာကျင်မှုကို ခံစားရပြီးမှသာ သူ ခုလေးတင် မြင်လိုက်ရသည်မှာ ထင်ယောင်ထင်မှား မဟုတ်ကြောင်း သူ ယုံကြည်ရဲတော့သည်။

​“ဘုရားရေ.... သူက ဘယ်လိုလုပ် ဖန်တီးလိုက်တာလဲ”

​“သူတို့က အနာဂတ် ဘယ်နှနှစ်လောက်ကနေ လာတာလို့ ပြောလိုက်တာလဲ...”

​“မဟုတ်ဘူး... ငါ နေမကောင်းဖြစ်နေတာ သေချာတယ်..”

​“ငါ ဒီနေ့ အရက်မသောက်ထားဘူး... မဟုတ်ဘူး... ငါတို့ဆီမှာ အရက်ပြတ်သွားတာ ကြာပြီပဲ...”

​“၂၀၂၅ မှာ လူတွေက ဒီလောက်အထိ အံ့သြစရာ ကောင်းလာတာလား...”

​“သူတို့က ဘယ်လို တပ်မတော်မျိုးလဲလို့ မေးလိုက်တာ....”

​“အဲဒီသဘောက ငါတို့ နိုင်သွားပြီလား။ ဂျပန်မကောင်းဆိုးဝါးတွေကို မောင်းထုတ်နိုင်ခဲ့ပြီလား....”

​...

​ကျန်းယဲ့၏ ကျွမ်းကျင်သော လှုပ်ရှားမှုက သူတို့ မယုံကြည်ချင်လျှင်ပင် အတင်းအကျပ် ယုံကြည်သွားစေခဲ့သည်။

​‘ရန်သူက ဘယ်လောက်ပဲ အစွမ်းထက်တယ်ဆိုဆို ဒီလောက်အထိတော့ မစွမ်းနိုင်ပါဘူး...’

​နည်းပြနှင့် တပ်မှူးကန်းတို့ အချင်းချင်း ကြည့်လိုက်ကြပြီးနောက် နည်းပြက ရှေ့သို့တိုးကာ ပြောလိုက်ခေသည်။ “ရဲဘော်တို့... တဲထဲဝင်ပြီး စကားပြောကြရအောင်”

​ကျန်းယဲ့က ခေါင်းညိတ်လိုက်ပြီး သူတို့ ပထမအဆင့် အောင်မြင်သွားပြီဖြစ်ကြောင်း သိလိုက်ပေသည်။

​ကျန်းယဲ့နှင့် သူ၏အဖွဲ့က နည်းပြနှင့် အခြားသူများ နောက်သို့ လိုက်ကာ ယာယီတဲဆီသို့ သွားလိုက်ကြသည်။ သူတို့ ဖြတ်သန်းသွားသော အနီရောင် တပ်မတော်စစ်သည်တိုင်းက သူတို့ကို သိချင်စိတ်နှင့် ကြီးမားသော စိတ်ဝင်စားမှုဖြင့် ကြည့်နေကြ၏။

​သေချာတာပေါ့.... သူတို့ထဲက တချို့ကလည်း သံသယဖြင့် စောင့်ကြည့်နေခဲ့ကြသည်။

​သူတို့က အကဲခတ်နေသကဲ့သို့ပင် ကျန်းယဲ့နှင့် သူ၏အဖွဲ့ကလည်း သူတို့ကို အကဲခတ်နေပြီး ယာယီစခန်းကို စောင့်ကြည့်နေခဲ့ကြသည်။

​ဤနေရာရှိ ဆင်းရဲမွဲတေမှုနှင့် အခက်အခဲများက သူတို့၏ မြင်ကွင်းထဲသို့ တဖြည်းဖြည်း ဝင်ရောက်လာလေသည်။

​အပြင်ဘက်မှ ဆူညံသံများကို ကြားသောအခါ ဒဏ်ရာရ စစ်သည်များ၏ တဲများမှ စစ်သည်များစွာက တံခါးဝတွင် ချိုင်းထောက်များကို မှီကာ ကောင်းမွန်စွာ ဝတ်ဆင်ထားသော လူစုကို သိချင်စိတ်ဖြင့် စောင့်ကြည့်နေကြ၏။

​ယာယီ ကွပ်ကဲရေးစခန်း၏ တဲအတွင်းတွင် နိုင်ငံရေး နည်းပြ၊ တပ်ခွဲမှူးလီ၊ တပ်မှူးကန်းနှင့် အခြားသူများက ရိုးရှင်းသော သစ်သားသေတ္တာများပေါ်တွင် ထိုင်နေကြပြီး သူတို့၏ အကြည့်များက မျက်နှာချင်းဆိုင်ရှိ ကျန်းယဲ့နှင့် သူ၏အဖွဲ့အပေါ်သို့ စူးစိုက်နေ၏။

​“စီနီယာ...” ကျန်းယဲ့က လေးနက်စွာ ပြောလေသည်။ “ခင်ဗျားတို့ အလွယ်တကူ မယုံနိုင်ဘူးဆိုတာ ကျွန်တော် သိပါတယ်... ဒါပေမဲ့ ကျွန်တော်တို့က ၂၀၂၅ က လာတယ်ဆိုတာ သက်သေပြနိုင်ပါတယ်”

​“ရဲဘော်လေး.... မင်းကို ငါ ယုံပါတယ်”

​တပ်မှူးကန်းက ရုတ်တရက် ပြောလိုက်ရာ သူ၏ အသံမှာ တည်ငြိမ်ပြီး အားပါနေချေသည်။

​ဤအဖြေက ကျန်းယဲ့နှင့် အခြားသူများကို မှင်သက်သွားစေပြီး ပြင်ဆင်ထားသော စကားလုံးများအားလုံး လည်ချောင်းထဲတွင် တစ်ဆို့သွားရသည်။

​တပ်မှူးကန်း၏ အကြည့်က ကျောက်ကန်းနှင့် အခြား ခြောက်ဦးအပေါ်သို့ ဖြည်းညှင်းစွာ ဝေ့ဝဲသွား၏။

​အနာဂတ်မှ လာသည်ဟုဆိုသော ဤစစ်သည်များသည် သူ တစ်ခါမျှ မမြင်ဖူးသော အသုံးအဆောင်များကို ဝတ်ဆင်ထားသော်လည်း သူတို့၏ မတ်မတ်ရပ်နေသော ကျောပြင်များ၊ တည်ကြည်သော မျက်လုံးများနှင့် အရိုးထဲအထိ စွဲမြဲနေသော စည်းကမ်းများက သူ့ကို ဖော်ပြ၍မရနိုင်သော ရင်းနှီးသည့် ခံစားချက်ကို ပေးစွမ်းနေချေသည်။

​ဒါက တူညီတဲ့ အရောင်အဝါပဲ....

​ဂျင်ကန်းတောင်တွင် သူတို့ ဆုံတွေ့ခဲ့စဉ်ကကဲ့သို့ပင် မတူညီသော အခြေစိုက်စခန်းများမှ အနီရောင် တပ်မတော်စစ်သည်များသည် တစ်ခါမျှ မတွေ့ဖူးကြသော်လည်း တစ်ယောက်၏ အနီရောင် အမှတ်အသားများကို အခြားတစ်ယောက်က တစ်ချက်ကြည့်ရုံဖြင့် သိရှိနိုင်ကြသည်။

​ဤအခိုက်အတန့်တွင် ကျောက်ကန်းနှင့် အခြား ခြောက်ဦး၏ ဟန်ပန်နှင့် လှုပ်ရှားမှုများထဲတွင် အချိန်နှင့် ဟင်းလင်းပြင်ကို ဖြတ်ကျော်လာသော ဤကဲ့သို့ အမွေအနှစ် ဆက်ခံခြင်းကို သူ မြင်တွေ့လိုက်ရ၏။

​နှစ်ကိုးဆယ် ကြာပြီးနောက် တရုတ်ပြည်သူများသည် သူတို့ မျိုးဆက်က ဖန်တီးခဲ့သော စစ်ရေးစိတ်ဓာတ်ကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်၏။

​တဲအပြင်ဘက်တွင် လေပြင်းနှင့် နှင်းများ မြည်ဟည်းနေပြီး တပ်မှူးကန်း၏ အကြည့်က ကျောက်ကန်း၏ ရင်ဘတ်ပေါ်ရှိ မရင်းနှီးသော တံဆိပ်ပေါ်သို့ ကျရောက်သွားခဲ့သည်။

​၎င်းပေါ်ရှိ ပုံစံကို သူ မသိသော်လည်း ၎င်း၏ ကြီးမားသော အဓိပ္ပာယ်ကိုမူ သူ ခံစားသိရှိနိုင်ပေသည်။

​“လေထဲကနေ ဂျုံမှုန့် ဆယ်အိတ် ထွက်လာတယ်... ” တပ်မှူးကန်းက ရုတ်တရက် ရယ်မောလိုက်ရာ သူ၏ မျက်လုံးထောင့်ရှိ အရေးအကြောင်းများ ပြေလျော့သွားလေသည်။ “မင်းက နတ်ဘုရားတစ်ပါးလို့ ပြောရင်တောင် လူတွေက ယုံကြမှာပဲ...”

​ဤအခိုက်အတန့်တွင် မတူညီသော ခေတ်နှစ်ခုမှ စစ်သည်များသည် မျက်နှာချင်းဆိုင် ထိုင်နေခဲ့ကြသည်။

​နောက်ထပ် ရှင်းပြရန် မလိုအပ်တော့ချေ။ အချိန်နှင့် ဟင်းလင်းပြင်ကို ဖြတ်ကျော်လာသော တိတ်ဆိတ်သည့် နားလည်မှုတစ်ခုက လေထုထဲတွင် စီးဆင်းနေပြီ ဖြစ်၏။

အခန်း ၁၈၆ပြီး၏။

All Chapters