အခန်း ၁၈၈
Vol. 19 Ch. 188
အခန်း (၁၈၈) ဝမ်းကိုက်ရောဂါ
တပ်မှူးကန်း၏ လက်များမှာ မထိန်းနိုင်ဘဲ တုန်ယင်နေခဲ့သည်။
သူသည် ဂျုံမှုန့်အိတ် တစ်အိတ်ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်ပြီး သူ၏ ကြမ်းတမ်းသော လက်များဖြင့် လျှော်ထည် အိတ်မျက်နှာပြင်ကို ညင်သာစွာ ပွတ်သပ်လိုက်၏။ ၎င်းမှာ အိပ်မက် မဟုတ်ကြောင်း အတည်ပြုချင်နေသကဲ့သို့ပင်။
ရှန်းကျန်းတိုက်ပွဲ၏ သွေးစွန်းသော စစ်မြေပြင်နှင့် လုရှန်းတောင်အောင်ပွဲကို ဖြတ်သန်းခဲ့ဖူးသော ဤစစ်မှုထမ်းဟောင်းကြီးမှာ ကလေးငယ်တစ်ယောက်ကဲ့သို့ သူ၏ မျက်ဝန်းများတွင် မျက်ရည်များ ပြည့်လျှံလာရသည်။
ငွေရောင်မီးခိုးရောင် စစ်သုံးတဲ သုံးလုံးမှာ နှင်းများကြားတွင် သပ်ရပ်စွာ စီရရီ တည်ရှိနေပြီး ကျန်းယဲ့သည် တဲတစ်လုံးချင်းစီကြားတွင် လှုပ်ရှားသွားလာကာ အလွတ်ဖြစ်နေသော တဲများကို ပြည့်ကျပ်နေသည့် ထောက်ပံ့ရေး ပစ္စည်း ဂိုဒေါင်များအဖြစ် ပြောင်းလဲပေးလိုက်၏။
သူ တဲထဲမှ ထွက်လာတိုင်း ထိုနေရာတွင် ဂျုံမှုန့် ရာပေါင်းများစွာ သို့မဟုတ် ဆေးဝါးသေတ္တာ ဒါဇင်ပေါင်းများစွာ ရှိနေကြောင်း စစ်သည်များ သိရှိသွားကြသည်။
စားဖိုမှူးကြီး လောင်လီသည် ယာယီ မီးဖိုရှေ့တွင် ရပ်နေပြီး သူ၏ ကြမ်းတမ်းသော လက်ချောင်းများက တုန်ယင်လျက် သန့်စင်ထားသော ဂျုံမှုန့်အိတ်ကို ဖြည်လိုက်၏။
နှင်းကဲ့သို့ ဖြူဖွေးသော ဂျုံမှုန့်များက မီးရောင်အောက်တွင် သိမ်မွေ့စွာ တောက်ပနေချေသည်။ သူသည် လက်တစ်ဆုပ်စာမျှ မယူဘဲ မနေနိုင်ခဲ့ဘဲ ဂျုံမှုန့်များက ရေတံခွန်ငယ်လေးတစ်ခုကဲ့သို့ သူ၏ လက်ချောင်းများကြားမှ စီးဆင်းသွားလေသည်။
“ဒါတွေက အလဟဿ ဖြစ်ကုန်တော့မှာပဲ....” ဝူဖုန်းက ဂျုံမှုန့်အိတ်တစ်ဝက်ကို အိုးထဲသို့ လောင်းထည့်လိုက်သည်ကို မြင်သောအခါ လောင်လီက စိတ်ပူစွာဖြင့် ခြေဆောင့်လိုက်၏။ “တောဟင်းသီးဟင်းရွက်လေးတွေ ရောလိုက်ရင် သုံးရက်စာတောင် စားလို့ ရသေးတယ်...”
“ရဲဘော်လီ...” ဝူဖုန်းက အခြောက်ခံထားသော ဟင်းသီးဟင်းရွက် အထုပ်တစ်ထုပ်ကို ဖွင့်ပြီး ထည့်လိုက်ရင်း ပြောလိုက်၏။ “ကျွန်တော်တို့ ပြောတဲ့အတိုင်းပဲ လုပ်ပါ။ ဒီနေ့ စစ်သည်တိုင်း ပူပူနွေးနွေး ခေါက်ဆွဲဟင်းရည် တစ်ပန်းကန်စီ သောက်ရမယ်...”
ကျန်းဝေ့က အမဲသား အကြီးကြီး တစ်တုံးကို ကိုင်၍ လျှောက်လာလေသည်။ “ဒါကိုလည်း ထည့်လိုက်... ကယ်လိုရီ အရမ်းမြင့်ပြီး ဗိုက်ဝစေတယ်..”
“မဖြစ်ဘူး..မဖြစ်ဘူး...မလုပ်နဲ့...” လောင်လီက သူ၏ ပုဆိုးကို ပွတ်သပ်ရင်း စိုးရိမ်တကြီး အော်ဟစ်လိုက်၏။ “ဒီအိုးက တစ်တပ်ခွဲလုံး စားလို့ ရတဲ့ ပမာဏပဲ...”
မာရှောင်ထျောင်က အမဲသား ခြေထောက်တစ်ချောင်းကို ထပ်ယူလာပြီး ဘာမှမပြောဘဲ တုံးပေါ်သို့ ပစ်တင်လိုက်လေသည်။ “ဦးလေးလီ... အဲဒါက ဘယ်သူ့အတွက်မှ မလောက်ဘူး။ ရဲဘော်တွေ ဘယ်လောက် ပိန်နေလဲ ကြည့်ဦး... သူတို့ ပိုစားဖို့ လိုတယ်လေ...”
ဟင်းရည်ပေါ်တွင် ပျံ့နှံ့လာသော ရွှေရောင် အဆီဖတ်များကို ကြည့်ရင်း လောင်လီ၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ “ဒါ... ဒါက နှစ်သစ်ကူးပွဲထက်တောင် ပိုပြီး ဇိမ်ကျနေပါလား...”
“ဘာက ဇိမ်ကျတာလဲ...” ကျန်းဝေ့က ဟင်းရည်ထဲသို့ ဆားတစ်ဆုပ် ထပ်ဖြူးလိုက်သည်။ “အိမ်မှာရှိတဲ့ ဝက်တွေတောင် ဒီလောက် အရသာမပါတဲ့ ဟင်းကို မစားဘူး....”
တဲထဲမှ ရုတ်တရက် အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။
ကျန်းယဲ့က သစ်သီးဗူး ဒါဇင်ပေါင်းများစွာကို ထပ်ထုတ်ပေးလိုက်ခြင်း ဖြစ်ပြီး စစ်သည်များက ဤ ဇိမ်ခံ ပစ္စည်းများကို သတိကြီးစွာဖြင့် လက်ဆင့်ကမ်း ကြည့်ရှုနေကြလေသည်။
ကျန်းရှောင်တောက်က လိမ္မော်သီးစိမ်ဗူးကို တန်ဖိုးကြီး ရတနာတစ်ခုကဲ့သို့ ကိုင်ထား၏။ သူက ၎င်းကို အနားသို့ ကပ်၍ အသက်ပြင်းပြင်း ရှူရှိုက်လိုက်ရာ ချိုမြိန်သော ရနံ့ကြောင့် သူ၏ မျက်လုံးများ ပျော်ရွှင်စွာ မှေးစင်းသွားရသည်။
“ဦးလေးလီ... ကြည့်...” မာရှောင်ထျောင်က အဝေးတွင် တန်းစီနေသော စစ်သည်များကို လက်ညှိုးထိုးပြလိုက်၏။ “လူတိုင်း အမဲသားဗူး နှစ်ဗူး၊ သစ်သီးဗူး သုံးဗူး... ပြီးတော့ ကြိတ်သိပ်ထားတဲ့ ဘီစကွတ် ငါးခုစီ ရကြတယ်...”
ရှည်လျားသော ခရီးစဉ်တစ်လျှောက် သစ်ခေါက်များနှင့် တောဟင်းသီးဟင်းရွက်များဖြင့် စစ်သည်များစွာကို ကျွေးမွေးခဲ့ရသော စားဖိုမှူးကြီးသည် ရုတ်တရက် ကျောခိုင်းလိုက်ပြီး သူ၏ ပုဆိုးဖြင့် မျက်နှာကို ပြင်းပြင်းထန်ထန် ပွတ်သုတ်လိုက်၏။
သူ ပြန်လှည့်လာချိန်တွင် သူ၏ မျက်နှာပေါ်ရှိ အရေးအကြောင်းများမှာ ပြေလျော့သွားချေသည်။ “ကောင်းပြီ... ဒီနေ့တော့ နည်းနည်း ပိုသုံးလိုက်ကြတာပေါ့”
အိုးကြီးထဲမှ ဟင်းရည်မှာ ပွက်ပွက်ဆူနေပြီး အသားဟင်းရည်အနံ့နှင့် ခေါက်ဆွဲရနံ့တို့မှာ စခန်းအထက် လေထုထဲတွင် ပျံ့နှံ့နေလေသည်။
စစ်သည်များက ကြွေပန်းကန်လုံးများကို ကိုင်ကာ တန်းစီနေကြပြီး ပန်းကန်တိုင်းမှာ အပြည့် ဖြစ်နေခဲ့သည်။
တစ်ချိန်က သူ၏ရိက္ခာကို ပေးခဲ့ဖူးသော ရှောင်ကျန်းသည် ယခုအခါ မာရှောင်ထျောင် ထည့်ပေးလိုက်သည့် ချောကလက် တတိယမြောက်တုံးကို သူ၏ အိတ်ကပ်ထဲ ထည့်နေခဲ့သည်။
“စား... စားချင်သလောက် စား” မာရှောင်ထျောင်က အလုပ်များနေသော စပါးအုံးမြွေငယ်လေး တစ်ကောင်ကဲ့သို့ တဲများကြားတွင် ပြေးလွှားနေ၏။ “ကျွန်တော်တို့ဆီမှာ အများကြီး ရှိတယ်... အားလုံးအတွက် လုံလောက်တယ်...”
နေဝင်ချိန်တွင် စခန်းတစ်ခုလုံးမှာ ကြာရှည်စွာ ပျောက်ဆုံးနေသော ရယ်မောသံများနှင့် ပျော်ရွှင်ဖွယ် အသံများဖြင့် ပြည့်နှက်နေ၏။
စစ်သည်များ အစားအစာကို အငမ်းမရ စားသောက်နေသည်ကို မြင်သောအခါ လောင်လီက နောက်ဆုံး၌ အရမ်း ဇိမ်ကျလွန်းသည်ဟု မညည်းတွားတော့ဘဲ ဟင်းရည်ထဲသို့ ဝက်ဆီ နှစ်ဇွန်းကို တိတ်တဆိတ် ထပ်ဖြည့်လိုက်၏။
ဒဏ်ရာရစစ်သည်များ ရှိနေသော တဲထဲတွင် ပိုးသတ်ဆေး အနံ့များ ပြည့်နှက်နေချေသည်။ လီမင်သည် စစ်သည်တစ်ဦး၏ နှင်းကိုက်နာ ဖြစ်နေသော ခြေချောင်းများကို သန့်စင်နေပြီး အညှီနှင့် သွေးများကို ချည်သားတုံးများဖြင့် ဂရုတစိုက် သုတ်ပေးနေခဲ့သည်။
လင်းယွီက ဘေးတွင် ဆားရည်ကို ပြင်ဆင်နေပြီး ဖန်ပုလင်းများ တိုက်မိသံမှာ ပြတ်သားစွာ ထွက်ပေါ်နေလေသည်။
ချန်ရွှဲသည် အရိုးကျိုးနေသော လူနာတစ်ဦးကို အင်္ဂတေပတ်တီး စည်းပေးပြီးချိန်တွင် သူမ၏ နဖူးမှ ဆံပင်စများမှာ ချွေးများဖြင့် စိုစွတ်နေပြီ ဖြစ်၏။
ရုတ်တရက် တဲတံခါးကို အနည်းငယ် မတင်လိုက်ပြီး ငယ်ရွယ်သော မျက်နှာလေးတစ်ခု တိတ်တဆိတ် ခေါင်းပြူထွက်လာလေသည်။
သူမှာ အသက် ၁၅၊ ၁၆ နှစ်ခန့်သာ ရှိသေးသော လူငယ် စစ်သည်တစ်ဦး ဖြစ်ပြီး မီးခိုးရောင်စစ်ဝတ်စုံမှာ သူ၏ခန္ဓာကိုယ်တွင် ပွယောင်းနေကာ မျက်နှာမှာ အလွန် ပြာနှမ်းနေခဲ့သည်။
သူသည် ဒဏ်ရာရ စစ်သည်များနှင့် အလုပ်ရှုပ်နေသော ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများကို မြင်လိုက်ရသောအခါ ထွက်ခွာရန် တုံ့ဆိုင်းနေလေသည်။
“ရဲဘော်လေး...” မျက်စိရှင်သော ချန်ရွှဲက သူ့ကို လှမ်းခေါ်လိုက်၏။ “ဘယ်နေရာများ မသက်မသာ ဖြစ်နေတာလဲ...”
လူငယ်စစ်သည်သည် တံခါးဝတွင် အနေခက်စွာ ရပ်နေပြီး သူ၏ အင်္ကျီစွန်းကို လက်ချောင်းများဖြင့် လိမ်နေခဲ့သည်။ “ကျွန်တော်... ကျွန်တော့် ဗိုက် နည်းနည်း အောင့်တယ်... ပြီးတော့ ခေါင်းမူးသလိုလည်း ဖြစ်တယ်..”
သူ၏ အသံမှာ တိုးဝင်သွားလေသည်။ “ခင်ဗျားတို့ အလုပ်ရှုပ်နေကြတာ ကျွန်တော် သိပါတယ်...”
ချန်ရွှဲသည် သွေးစွန်းနေသော လက်အိတ်များကို ချွတ်လိုက်ပြီး လျင်မြန်စွာ လျှောက်သွားကာ သူ့ကို အတွင်းသို့ ဆွဲခေါ်လိုက်၏။ “ဒီကုတင်ပေါ်မှာ လှဲလိုက်... ဘယ်အချိန်က စပြီး အောင့်တာလဲ...”
(NT-ဆရာသမီးဗိုက်က ခနခနအောင့်နေလို့....)
“မနေ့ညကပါ...” လူငယ် စစ်သည်က နာခံစွာ လှဲချလိုက်၏။ “အရင်ဆုံး ဝမ်းသွားတယ်... ဒီမနက်ကျတော့ အဖျား တက်လာတယ်”
ဆွေးနွေးမှု တိုးတက်လာသည်နှင့်အမျှ ချန်ရွှဲ၏ မျက်မှောင်များမှာ ပိုမို နက်ရှိုင်းလာရသည်။
သူမ လူငယ် စစ်သည်၏ အင်္ကျီကို မတင်လိုက်ပြီး သူ၏ ဝမ်းဗိုက်ကို စမ်းသပ်ကြည့်လိုက်ရာ အူလှုပ်ရှားမှုမှာ အလွန်မြန်ဆန်နေသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရလေသည်။
သာမိုမီတာတွင် အပူချိန် 39.2 ဒီဂရီ ဆဲလ်စီးယပ်ကို ပြသနေချိန်တွင် သူမ၏ အမူအရာမှာ အလွန် လေးနက်သွားရသည်။
“ဒါက သာမန် အအေးမိတာ မဟုတ်ဘူး။” ချန်ရွှဲက လှည့်ကာ စမ်းသပ်ကိရိယာကို ယူလိုက်၏။ “မင်းမှာ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဝမ်းကိုက်ရောဂါ ရှိနေတာ..”
တဲထဲတွင် ရုတ်တရက် တိတ်ဆိတ်သွားလေသည်။
အနီရောင် တပ်မတော် ဆေးဘက်ဆိုင်ရာ ဝန်ထမ်း အချို့ အချင်းချင်း ကြည့်လိုက်ကြ၏။ သူတို့ အားလုံးသည် ထိုစကားလုံးနှင့် အလွန် ရင်းနှီးနေကြခေသည်။
‘ပြီးခဲ့တဲ့လက ငါ့ရဲဘော် ခုနစ်ယောက် ဒီ ဝမ်းသွားတဲ့ရောဂါနဲ့ သေဆုံးသွားခဲ့ရတယ်..’
“ကျွန်တော်... ကျွန်တော် သေရတော့မှာလား” လူငယ် စစ်သည်က တုန်ယင်စွာ မေးလိုက်၏။ “ကျွန်တော့် တပ်စုထဲက နောက်ထပ် လူငါးယောက် ခြောက်ယောက်လည်း ဗိုက်အောင့်နေကြတယ်...”
လီမင်က သူ ကိုင်ထားသော ကိရိယာများကို ချက်ချင်း ချလိုက်ပြီး ရှေ့သို့ လျှောက်သွားလိုက်လေသည်။ “မင်းတို့ အတူတူ ထူးခြားတဲ့ အစားအစာတစ်ခုခု စားခဲ့သေးလား..”
“မစားပါဘူး..” လူငယ် စစ်သည်က ခေါင်းခါလိုက်လေသည်။ “ကျွန်တော်တို့က တခြားလူတွေလိုပဲ တောဟင်းသီးဟင်းရွက် စွပ်ပြုတ်ပဲ စားတာပါ... ဒါပေမဲ့...”
သူ ခေတ္တမျှ တုံ့ဆိုင်းပြီးနောက် ပြောလိုက်၏။ “တကယ် ဆာလောင်တဲ့ အချိန်ဆိုရင် ကျွန်တော်တို့က နှင်းတစ်ဆုပ်လောက် ခပ်ယူပြီး စားလိုက်တာပါ...”
ချန်ရွှဲနှင့် လီမင် နှစ်ဦးစလုံး အံ့သြစွာ အသက်ရှူမှားသွားကြရသည်။
“ပြဿနာက နှင်းထဲမှာ ရှိနေတာပဲ...” ချန်ရွှဲက ပက်ထရီပန်းကန်ကို ကောက်ကိုင်ကာ ဂွမ်းစဖြင့် လူငယ် စစ်သည်၏ ပါးစပ်မှ နမူနာ ယူလိုက်လေသည်။ “နှင်းက သန့်ရှင်းတယ်လို့ ထင်ရပေမဲ့ တကယ်တော့ ဘက်တီးရီးယားတွေနဲ့ ပြည့်နေတာ... အထူးသဖြင့် ရှင်တို့ ဖြတ်သန်းလာတဲ့ နေရာတွေမှာ တိရစ္ဆာန် ဝမ်းတွေနဲ့ ညစ်ညမ်းနေနိုင်တယ်...”
တဲအတွင်းရှိ ဒဏ်ရာရသူများ အားလုံး နားစွင့်နေကြခဲ့သည်။
IV ပိုက်ဖြင့် ဆေးသွင်းနေသော စစ်သည်တစ်ဦး ရုတ်တရက် ထထိုင်လိုက်၏။ “ဘာ... နှင်းက လူသတ်နိုင်တာလား... ကျွန်တော်တို့ အိမ်မှာဆို နှစ်တိုင်း နှင်းရေပဲ သောက်နေကြတာဗျ... ”
လီမင်က ဒဏ်ရာရသူနှင့် အခြားလူအားလုံးကို ရှင်းပြလိုက်လေသည်။ “နှင်းက မြေကြီးပေါ် မကျခင် လေထဲက ဘက်တီးရီးယားတွေကို စုပ်ယူသွားတယ်။ အနီးနားမှာ သေနေတဲ့ တိရစ္ဆာန်တွေ ဒါမှမဟုတ် ဝမ်းတွေ ရှိနေရင် ဝမ်းကိုက် ဘက်တီးရီးယားတွေ ပါသွားနိုင်တယ်။ ဒီမျက်စိနဲ့ မမြင်နိုင်တဲ့ သေးငယ်တဲ့ အရာတွေက အူလမ်းကြောင်းထဲ ဝင်သွားရင်...”
“ဘက်တီးရီးယား... အဲဒါတွေက ဘာတွေလဲ”
“အဲဒါတွေက အရမ်း အရမ်း သေးငယ်တဲ့ သတ္တဝါလေးတွေပဲ... မျက်စိနဲ့ မမြင်နိုင်လောက်အောင် သေးငယ်တယ်...”
လူငယ် စစ်သည်က အံ့သြစွာ အော်လိုက်ကြ၏။ “ဒီလောက်... ဒီလောက် သေးငယ်တဲ့ အစက်လေးတွေက လူတစ်ယောက်ကို သေစေနိုင်တာလား...”
“ဒီဘက်တီးရီးယားတွေကို အထင်မသေးပါနဲ့... ဝမ်းကိုက် ဘက်တီးရီးယား တစ်ကောင်တည်းက ၂၄ နာရီအတွင်း သန်းပေါင်းများစွာ အထိ ပွားများနိုင်တယ်။ ရှင်တို့ အတန်းထဲမှာ ဗိုက်အောင့်နေတဲ့ လူတိုင်း ကုသမှု ခံယူဖို့ လာရမယ်... ဒီရောဂါက အရမ်း ကူးစက်လွယ်တယ်”
ထောင့်တွင် ကူညီပေးနေသော အနီရောင် တပ်မတော် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတစ်ဦး၏ မျက်လုံးများတွင် မျက်ရည်များ ရုတ်တရက် ပြည့်လျှံလာရသည်။ “ပြီးခဲ့တဲ့အပတ်က တတိယတပ်ခွဲက ရဲဘော် တစ်ဒါဇင်ကျော်... ဒီအတိုင်းပဲ သေဆုံးသွားခဲ့ရတာ။ အဲဒီတုန်းက သူတို့ မှိုဆိပ်သင့်တာလို့ ကျွန်တော်တို့ ထင်ခဲ့မိတာ..”
လင်းယွီက နော်ဖလောက်ဆာစင် နှင့် ရေဓာတ်ဖြည့်ဆားများကို ပြင်ဆင်ပြီးသွားပြီဖြစ်ကာ လူငယ် စစ်သည်ကို IV ပိုက် လျင်မြန်စွာ စတင် သွင်းလိုက်၏။ “အခုကစပြီး လူတိုင်း ရေနွေးပဲ သောက်ရမယ်။ ဘယ်လောက်ပဲ ဆာလောင်နေပါစေ နှင်းစိမ်းတွေကို မစားရတော့ဘူး...”
အခန်း ၁၈၈ပြီး၏။