← Chapters

အခန်း ၁၉၀

Vol. 19 Ch. 190

အခန်း ၁၉၀

Vol. 19 Ch. 190

အခန်း (၁၉၀) ခရီးစဉ်ကို စောင့်ကြည့်ခြင်း

​ညဉ့်နက်လာသော်လည်း မည်သူမျှ မထွက်ခွာချင်ကြချေ။

​မီးပုံပတ်လည်တွင် တရုတ်မျိုးဆက် နှစ်ဆက် ဤသို့ ထိုင်နေကြ၏။ တစ်ဆက်က ခက်ခဲစွာ ရရှိခဲ့သော ကြီးပွားချမ်းသာမှုများအကြောင်းကို ပြန်လည် ပြောပြနေပြီး နောက်တစ်ဆက်က သူတို့ အိပ်မက်မက်ခဲ့သော အနာဂတ်အကြောင်းကို နားထောင်နေခဲ့ကြသည်။

​နှင်းပွင့်များ ကျဆင်းလာသော်လည်း မီးတောက်များနှင့် နီးကပ်လာသောအခါ ရေစက်များအဖြစ် ပြောင်းလဲသွားလေသည်။ သူတို့၏ အသက်များဖြင့် ရင်းနှီးဝယ်ယူခဲ့ရသော အရုဏ်ဦးကို နောက်ဆုံးတွင် မြင်တွေ့ခဲ့ရသည့် သူရဲကောင်း ဝိညာဉ်များကဲ့သို့ပင်။

​မီးပုံက တဖြည်းဖြည်း ငြိမ်းသွားပြီး စခန်းတစ်ခုလုံး အိပ်စက်ခြင်းသို့ ရောက်သွား၏။

​စစ်သည်များက သူတို့၏ နွေးထွေးသော တဲများအတွင်း လူးလှိမ့်နေကြပြီး မျက်နှာပေါ်တွင် ချိုမြိန်သော အပြုံးများ ရှိနေလေသည်။

​ကျန်းရှောင်တောက်က အိပ်မက်ထဲတွင် “လေယာဉ်တင် သင်္ဘော” ဟု ရေရွတ်နေစဉ် အဘိုးကြီးစွန်း၏ မျက်နှာပေါ်ရှိ အရေးအကြောင်းများမှာ သူ၏ မြေးလေး ကျောပိုးအိတ်လွယ်ကာ ကျောင်းသွားနေသည်ကို မြင်နေရသည့်အလား ပြေလျော့သွားခဲ့သည်။

​တပ်မှူးကန်း၏ တင်းကျပ်စွာ တွန့်လိပ်နေသော မျက်မှောင်များပင် ပြေလျော့သွားပြီး သူ၏ ကြမ်းတမ်းသော လက်များက သူ၏ ခေါင်းအုံးဘေးတွင် ထားရှိသော စစ်ဝတ်စုံသစ်ကို မသိစိတ်မှ အလိုအလျောက် ပွတ်သပ်နေမိသည်။

​တစ်ချိန်တည်းမှာပင် မလှမ်းမကမ်းရှိ အခြားတဲတစ်လုံးတွင် ကျန်းယဲ့နှင့် သူ၏အဖွဲ့က အိပ်မပျော်နိုင်ဘဲ ဟိုဘက်ဒီဘက် လူးလှိမ့်နေခဲ့ကြသည်။

​ချန်ရွှဲသည် တဲ၏ မျက်နှာကြက်ကို စိုက်ကြည့်နေပြီး စစ်သည်များ၏ ရွှင်လန်းသော အောင်ပွဲခံ အော်ဟစ်သံများက သူမ၏ နားထဲတွင် ပဲ့တင်ထပ်နေဆဲပင်။

​ထိုရိုးရှင်းပြီး ရိုးသားသော အပြုံးများက သူမ၏ နှလုံးသားထဲသို့ ဓားတစ်လက်ကဲ့သို့ စွဲထင်နေခဲ့သည်။

​လူဘယ်နှယောက်လောက် အဲဒီအနာဂတ်ကို ဘယ်တော့မှ မြင်တွေ့ရတော့မှာ မဟုတ်ဘူးဆိုတာကို သူတို့ မသိကြဘူး။

​အဝေးမှ ကင်းလဲသော ကင်းသမားများ၏ ခြေသံများက နှင်းများကို နင်းခြေမိသံများအဖြစ် ထွက်ပေါ်နေလေသည်။

​လမင်း၏ အလင်းရောင်က တဲ၏ ဟာကွက်များမှတစ်ဆင့် ဝင်ရောက်လာပြီး အမှောင်ထုကို နှစ်ပိုင်းခွဲလိုက်သော ဆွဲထုတ်ထားသည့် ဓားတစ်လက်ကဲ့သို့ မြေပြင်ပေါ်တွင် ငွေရောင် မျဉ်းကြောင်းတစ်ခု ရေးဆွဲနေခဲ့သည်။

​ထိုညက အချို့လူများက သူတို့ တစ်ခါမျှ မမြင်ဖူးသော ဂုဏ်ကျက်သရေရှိသည့် ခေတ်ကာလတစ်ခုကို အိပ်မက်မက်နေကြပြီး အချို့လူများကမူ မိုးလင်းသည်အထိ နိုးကြားနေခဲ့ကြလေသည်။

​အရုဏ်ဦး၏ ပထမဆုံးအလင်းတန်းများက နှင်းပြင်ပေါ်သို့ ကျရောက်လာသောအခါ ထိုချိုမြိန်သော အိပ်မက်များက နံနက်ခင်း ဆီးနှင်းများကဲ့သို့ အငွေ့ပျံသွားလိမ့်မည်။

သို့သော် အနာဂတ်ကို သိရှိနေသော ဤစောင့်ကြည့်သူများကမူ ရှေ့တွင်ရှိနေသော အခက်အခဲများကို သိကြပြီး မရေမတွက်နိုင်သော လူများစွာက ထိုလမ်းပေါ်တွင် သေဆုံးသွားလိမ့်မည်ဖြစ်ကာ သူတို့သည် အောင်ပွဲရသည့်နေ့ကို မြင်တွေ့ရန် အသက်ရှင်နေနိုင်မည် မဟုတ်ကြောင်းကိုလည်း သိကြပေသည်။

​နံနက်ခင်း အလင်းရောင်က တိမ်များကို ဖောက်ထွင်းလာချိန်တွင် စခန်းတစ်ခုလုံး လှုပ်ရှားသွားလာမှုများဖြင့် စည်ကားနေပြီ ဖြစ်၏။

​ကျန်းယဲ့ တဲတံခါးကို မတင်လိုက်ရာ ကျန်းရှောင်တောက်၏ တောက်ပသော အပြုံးမျက်နှာနှင့် ကြိုဆိုခံလိုက်ရသည်။

​လူငယ်စစ်သည်သည် အသစ်စက်စက် အနွေးထည်ကို ဝတ်ဆင်ထားပြီး သူ၏ ကျောပိုးအိတ်ထဲတွင် ကယ်လိုရီမြင့် အစားအစာများ ပြည့်ကျပ်နေကာ ခါးတွင် ဘက်စုံသုံး စစ်သုံးဓားတစ်လက်ကို ချိတ်ဆွဲထား၏။ သူက ပေါ့ပလာသစ်ပင်ငယ်လေး တစ်ပင်ကဲ့သို့ တက်ကြွနေပုံရလေသည်။

​“ရဲဘော် ကျန်းယဲ့...” သူက အလေးပြုလိုက်ရာ သူ၏ ငယ်ရွယ်သော မျက်နှာပေါ်တွင် အပြုံးတစ်ခု ပျံ့နှံ့သွားခဲ့သည်။ “ကျွန်တော်က ခေတ်သစ် စစ်သည်တစ်ယောက်နဲ့ တူရဲ့လား...”

​ကျန်းယဲ့က ပြုံးကာ အခိုင်အမာ ခေါင်းညိတ်လိုက်၏။ “တူတယ်... အရမ်း တူတယ်”

​စခန်းတစ်ခုလုံးတွင် အပြည့်အစုံ တပ်ဆင်ထားပြီး ထွက်ခွာရန် အသင့်ဖြစ်နေသော စစ်သည်များဖြင့် ပြည့်နှက်နေချေသည်။

​အချို့လူများက သူတို့၏ နှင်းလျှောက်ဖိနပ်များကို ထပ်ခါတလဲလဲ စစ်ဆေးနေကြပြီး အချို့က တောင်တက်တုတ်ကောက်များ၏ အရှည်ကို အချိုးမကျစွာ ချိန်ညှိနေကြကာ လူအများအပြားက အသုံးအဆောင်သစ်များကို အသုံးပြုနည်း လေ့လာရန် ကျိုးကျွင်း ပတ်လည်တွင် စုရုံးနေခဲ့ကြသည်။

​ရယ်မောသံများနှင့် ရွှင်လန်းသော အသံများက နှင်းပြင်ပေါ်တွင် ပဲ့တင်ထပ်နေပြီး ၎င်းမှာ သေရေးရှင်ရေး ချီတက်မှုတစ်ခု မဟုတ်ဘဲ အချိန်အကြာကြီး စောင့်စားခဲ့ရသော တောင်တက်ခရီးတစ်ခုကဲ့သို့ ဖြစ်နေပေသည်။

​“ရဲဘော်တို့...” တပ်မှူးကန်းက ကျောက်တုံးတစ်ခုပေါ်မှ အော်လိုက်၏။ “အနာဂတ်က လာတဲ့ ဒီအဆင့်မြင့် အသုံးအဆောင်တွေနဲ့ဆိုရင် ကျွန်တော်တို့ မုံ့ပေါ်တောင်နဲ့ ချန်ပန်တောင်ကို ဘေးကင်းကင်း ဖြတ်ကျော်နိုင်မှာ သေချာတယ်..”

​နားကွဲမတတ် အောင်ပွဲခံ အော်ဟစ်သံများဖြင့် တုံ့ပြန်မှုကို သူ ရရှိလိုက်သည်။

​စစ်သည်များ၏ မျက်နှာများတွင် မျှော်လင့်ချက်များ တောက်ပနေပြီး သူတို့၏ မျက်လုံးများက အနာဂတ်အတွက် မျှော်လင့်ချက်များဖြင့် တောက်ပနေကြသည်။

​သူတို့က အချင်းချင်း ပခုံးကို ပုတ်ကာ ပြီးခဲ့သည့်ညက သူတို့ ကြားခဲ့ရသော ကြီးပွားချမ်းသာသည့် ခေတ်ကာလအကြောင်းကို ဆွေးနွေးနေကြ၏။

​‘လေယာဉ်တင် သင်္ဘောတွေ.. ကျည်ဆန်ရထားတွေ... ပြီးတော့ အဆုံးမရှိတဲ့ ဖြူဖွေးတဲ့ ပေါက်စီတွေ...’

​ချန်ရွှဲသည် ဆေးအိတ်၏ ကြိုးကို မသိစိတ်မှ အလိုအလျောက် ပိုမို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရာ အင်အားစိုက်ထုတ်မှုကြောင့် သူမ၏ လက်ဆစ်များမှာ ဖြူဖျော့သွားရသည်။

​စစ်သည်များ၏ အပြစ်ကင်းစင်သော အပြုံးများက သူမ၏ နှလုံးသားကို ထပ်ခါတလဲလဲ ထိုးဖောက်နေသော ချွန်ထက်သည့် ရေခဲစွယ်များကဲ့သို့ ဖြစ်နေချေသည်။

​သူမကို ပြုံးပြနေသော ငယ်ရွယ်သည့် မျက်နှာအချို့တွင် ကလေးဆန်မှု အနည်းငယ် ရှိနေသေးကြောင်း သူမ ကောင်းကောင်း သိပေသည်။ ပရော်ဖက်ရှင်နယ် တောင်တက် အသုံးအဆောင်များ ရှိနေလျှင်ပင် လူတိုင်း ဤနှင်းတောင်နှစ်လုံးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်မည်ဟု အာမခံချက် မရှိချေ။

​လူအများအပြားသည် ဤနှင်းဖုံးနေသော တောင်ပေါ်တွင် ထာဝရကျန်ရစ်ခဲ့ပြီး ရေခဲနှင့် နှင်းများ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားနိုင်၏။

​“အားလုံး မှတ်မိကြပြီလား...” ကျိုးကျွင်းက နောက်ဆုံး ညွှန်ကြားချက်များ ပေးနေခဲ့သည်။ “နှင်းကမ်းပါးယံတွေနဲ့ တွေ့ရင် သေချာပေါက် ကွေ့ရှောင်သွားပါ။ အက်ကြောင်းတွေထဲမှာ လမ်းကြောင်း ရှာဖို့ ခင်ဗျားတို့ရဲ့ တောင်တက်တုတ်ကောက်တွေကို သုံးပါ...”

​“နားလည်ပါပြီ...” စစ်သည်များက တညီတညွတ်တည်း ပြန်ဖြေလိုက်ကြပြီး သူတို့၏ အသံများတွင် အနာဂတ်အတွက် မျှော်လင့်ချက်များ ပြည့်နှက်နေခဲ့ကြသည်။

​ထိုမြင်ကွင်းအား ကျောက်ကန်း မျက်နှာလွှဲလိုက်၏။

​အနာဂတ်မှ လာသော ဤထောက်ပံ့ရေး ပစ္စည်းများနှင့် အတွေ့အကြုံများက ဤနှင်းဖုံးနေသော မြေပေါ်တွင် အသက်စွန့်ခဲ့ရသော စစ်သည်အားလုံး၏ ကံကြမ္မာကို ပြန်လည် ရေးသားပေးနိုင်မည်ဟု သူ အသည်းအသန် မျှော်လင့်မိသည်။

​ဤငယ်ရွယ်သော အသက်ဝိညာဉ်များက ထိုအသက်အန္တရာယ်ရှိသော နှင်းတောင်နှစ်လုံးကို ဘေးကင်းစွာ ဖြတ်ကျော်နိုင်လိမ့်မည်ဟု သူ အသည်းအသန် မျှော်လင့်မိချေသည်။

​လူတိုင်း အောင်ပွဲခံမည့် အနာဂတ်ကို မြင်တွေ့နိုင်ပါစေဟု သူ အလွန် ဆန္ဒရှိ၏။

သို့သော်ငြားလည်း............

​ဤသံမဏိ စိတ်ဓာတ်ရှိသော အမျိုးသားသည် သူတို့ကို ပြန်လှည့်ကြည့်ရန်ပင် သတ္တိမရှိတော့ချေ။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ၏ မျက်လုံးများထဲတွင် လှိုင်းထန်နေသော စိတ်ခံစားချက်များ ပေါ်ထွက်သွားမည်ကို စိုးရိမ်သောကြောင့်ပင်။

​“ထွက်ခွာ...”

​တပ်မှူးကန်း၏ အမိန့်အရ တပ်ဖွဲ့ကြီးသည် နဂါးကြီး တစ်ကောင်ကဲ့သို့ ဖြည်းညှင်းစွာ စတင် လှုပ်ရှားသွားကြသည်။

​စစ်သည်များက ကျန်းယဲ့နှင့် သူ၏အဖွဲ့ကို နှုတ်ဆက်ရန် တစ်ယောက်ပြီး တစ်ယောက် လက်ဆွဲနှုတ်ဆက်ကြပြီး သူတို့၏ လက်ဖဝါးတိုင်းက ပူလောင်နေခဲ့သည်။

​“စစ်ပွဲပြီးသွားရင်... အလံတင် အခမ်းအနား ကြည့်ဖို့ ပေကျင်းကို သွားချင်တယ်ကွာ..”

​“ငါကတော့ ကောင်းကင်မှာ ပျံသန်းနေတဲ့ ခရီးသည်တင် လေယာဉ်ကြီးကို စီးချင်တယ်...”

​“ဟီး.... ရဲဘော်ကျန်းယဲ့.... အချိန်ရရင် ခင်ဗျား မိသားစုဆီ ဟော့ပေါ့လာစားမယ်နော်....”

​ကတိစကားများက နှင်းပွင့်များကဲ့သို့ ကျဆင်းလာပြီး ကျန်းယဲ့နှင့် သူ၏အဖွဲ့၏ ပခုံးများပေါ်သို့ လေးလံစွာ ကျရောက်လာကာ သူတို့ကို အသက်ရှူရ ခက်ခဲစေခဲ့သည်။

​မာရှောင်ထျောင်က ကျန်းရှောင်တောက်ထံသို့ လျှောက်သွားပြီး ချောကလက်တစ်ထုပ်ကို သူ၏ ရင်ခွင်ထဲသို့ ထိုးထည့်ကာ ပြောလိုက်၏။ “ခြွေတာပြီး စားနော်.... တောင်ရဲ့ တစ်ဖက်ကို ရောက်တဲ့အထိ စောင့်ပြီးမှ စား... မင်းကိုယ်မင်း သေချာ ဂရုစိုက်ပြီး အောင်ပွဲရတဲ့နေ့ကို မြင်အောင် ကြည့်ရမယ်....”

​အဆုံးတွင် မာရှောင်ထျောင်၏ အသံမှာ ဆို့နင့်နေချေပြီ။

​ကျန်းရှောင်တောက်က ခေါင်းကို အားပါပါ ညိတ်ပြပြီး တည်ကြည်စွာ ပြောလိုက်၏။ “ကျွန်တော်...... သေချာပေါက် ကြည့်မယ်”

​“အင်း....” မာရှောင်ထျောင်က မျက်လုံးများ နီရဲလျက် ခေါင်းကို အားပါပါ ညိတ်ပြလိုက်၏။ “မင်းကို ငါ ယုံတယ်.... ”

​အဖွဲ့ကြီး တဖြည်းဖြည်း ဝေးကွာသွားသည်နှင့်အမျှ သူတို့၏ တောက်ပသော လိမ္မော်နီရောင် မိုးကာအင်္ကျီများက နှင်းပြင်ပေါ်တွင် ထင်ရှားသော မျဉ်းကြောင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

​ကျန်းယဲ့ နှင်းထဲတွင် တိတ်ဆိတ်စွာ ရပ်နေပြီး တက်ကြွနေသော ပုံရိပ်များ အဝေးတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ကြည့်နေလိုက်၏။

​အေးစက်သော လေပြင်းက နှင်းပွင့်ငယ်များကို လွင့်စဉ်စေပြီး သူ၏ အမြင်အာရုံကို ဝေဝါးသွားစေသော်လည်း သူ၏ နှလုံးသားထဲမှ အသံကိုတော့ ပိုမို ရှင်းလင်းလာစေလေသည်။

​‘ရှေ့ကလမ်းမှာ အန္တရာယ်တွေ ပြည့်နေမှန်း သိသိရက်နဲ့... သူတို့က ရှေ့ဆက်ဖို့ ရွေးချယ်ခဲ့ကြတယ်။’

​လင်းယွီ၏ မျက်ရည်များမှာ ရေခဲပွင့်များအဖြစ် အေးခဲသွားပြီ ဖြစ်သည်။

​သူမသည် စစ်သည်များ နှင်းမျဉ်းအထက်တွင် ပျောက်ကွယ်သွားသည်ကို ကြည့်နေပြီး ညကောင်းကင်ယံတွင် ကြယ်တံခွန် မရေမတွက်နိုင်အောင် ဖြတ်ပြေးသွားသည်ကို ကြည့်နေရသကဲ့သို့ ခံစားရလေသည်။

​‘အရမ်း တောက်ပတယ်... အရမ်း လျင်မြန်တယ်...’

​သူတို့ ပေးနိုင်တာက အသုံးအဆောင်တွေပင်.... ဒါပေမဲ့ ဒုတိယ အသက်ကိုတော့ သူတို့ မပေးနိုင်ပေ။

​လေက ပိုမို ပြင်းထန်လာပြီး အဖွဲ့ကြီး ချန်ထားခဲ့သော ခြေရာများကို ဖယ်ရှားပစ်လိုက်ချေသည်။

​တပ်ခွဲမှူးလီသည် ကျန်းယဲ့နှင့် သူ၏အဖွဲ့၏ မျက်နှာများပေါ်ရှိ ဝမ်းနည်းနေသော အမူအရာများကို သတိပြုမိလိုက်၏။

​အသက် လေးဆယ်နီးပါး ရှိပြီဖြစ်သော စစ်မှုထမ်းဟောင်းကြီးက ပြုံးလိုက်ရာ သူ၏ မျက်လုံးထောင့်ရှိ အရေးအကြောင်းများမှာ လေတိုက်ခံရသော နှင်းများပေါ်ရှိ အစင်းကြောင်းများကဲ့သို့ ပြေလျော့သွားရသည်။

​“အရမ်း ဝမ်းနည်းမနေကြပါနဲ့...” သူ၏ အသံမှာ အက်ကွဲနေသော်လည်း နူးညံ့နေ၏။ “ရဲဘော်တွေ အားလုံးက ကိုယ့်လမ်းကိုယ် လျှောက်နေကြတာပါ...”

​ချန်ရွှဲ မျက်နှာကို ရုတ်တရက် လွှဲလိုက်ပြီး သူမ၏ ပခုံးများမှာ မသိမသာ တုန်ယင်နေလေသည်။

​တပ်ခွဲမှူးလီ၏ စကားများက တုံးနေသော ဓားတစ်လက်ကဲ့သို့ လူတိုင်း၏ နှလုံးသားကို ဖြည်းညှင်းစွာ လှီးဖြတ်နေခဲ့သည်။

​ခရီးထွက်သွားသော ထိုတက်ကြွသည့် စစ်သည်များထဲမှ မည်မျှလောက်သည် ဤနှင်းဖုံးနေသော တောင်ပေါ်မှ ဘယ်တော့မှ ထွက်ခွာနိုင်မည် မဟုတ်ကြောင်းကို သူ မသိချေ။

​“မင်းတို့ အားလုံးက ကလေးကောင်းတွေပါ.... ” တပ်ခွဲမှူးလီက သူတို့ တစ်ယောက်စီ၏ ပခုံးကို ပုတ်ကာ လေးနက်စွာ ပြောလိုက်၏။ “ဒီအသုံးအဆောင်တွေသာ မရှိရင် ကျွန်တော်တို့ အများစုဟာ နှင်းတောင်ပေါ်မှာပဲ သောင်တင်နေလောက်ပြီ...”

​လူအုပ်ကြီးသည် ထွက်ခွာသွားသော ပုံရိပ်များကို တိတ်ဆိတ်စွာ ကြည့်နေကြပြီး မည်သူမျှ အသံမထွက်ကြချေ။

​“မင်းတို့ ပျော်သင့်တာပေါ့...” တပ်ခွဲမှူးလီက ပြုံးကာ သူ၏ လက်များကို ပွတ်သပ်ရင်း ပြောလိုက်ပြန်သည်။ “ကျွန်တော်တို့ အနီရောင်တပ်မတော်က တခြားဘာကိုမှ မကြောက်ဘူး.. ဒါပေမဲ့...”

​သူ၏ စကားများ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

​ကျန်းယဲ့ မော့ကြည့်လိုက်ရာ ဤသံမဏိ စိတ်ဓာတ်ရှိသော အမျိုးသား၏ မျက်လုံးများ ရုတ်တရက် နီရဲလာသည်ကို တွေ့လိုက်ရ၏။

​တပ်ခွဲမှူးလီက အလျင်အမြန် လှည့်ကာ ထောက်ပံ့ရေး သေတ္တာများကို စီစဉ်နေဟန်ဆောင်လိုက်သော်လည်း လက်ဖြင့် မျက်နှာကို သုတ်လိုက်သည်ကို လူတိုင်း မြင်တွေ့လိုက်ကြရသည်။

​‘ဒါဆို သူ သိတာပေါ့....’

​တန်ပြန် ဝိုင်းဝန်းပိတ်ဆို့ရေး စစ်ဆင်ရေး လေးကြိမ်ကို ဖြတ်သန်းခဲ့ဖူးသော ဤစစ်မှုထမ်းဟောင်းကြီးသည် နှင်းဖုံးနေသော တောင်များက ဘာတွေကို ယူဆောင်သွားမည်ကို ကောင်းကောင်း သိချေသည်။

​သူက အနာဂတ်မှ လာသော ဤကလေးများကို အနူးညံ့ဆုံး နည်းလမ်းဖြင့် ဖြေသိမ့်ပေးနေခြင်းသာ ဖြစ်၏။

အခန်း ၁၉၀ပြီး၏။

All Chapters