အခန်း ၁၉၀
Vol. 19 Ch. 190
အခန်း (၁၉၀) ခရီးစဉ်ကို စောင့်ကြည့်ခြင်း
ညဉ့်နက်လာသော်လည်း မည်သူမျှ မထွက်ခွာချင်ကြချေ။
မီးပုံပတ်လည်တွင် တရုတ်မျိုးဆက် နှစ်ဆက် ဤသို့ ထိုင်နေကြ၏။ တစ်ဆက်က ခက်ခဲစွာ ရရှိခဲ့သော ကြီးပွားချမ်းသာမှုများအကြောင်းကို ပြန်လည် ပြောပြနေပြီး နောက်တစ်ဆက်က သူတို့ အိပ်မက်မက်ခဲ့သော အနာဂတ်အကြောင်းကို နားထောင်နေခဲ့ကြသည်။
နှင်းပွင့်များ ကျဆင်းလာသော်လည်း မီးတောက်များနှင့် နီးကပ်လာသောအခါ ရေစက်များအဖြစ် ပြောင်းလဲသွားလေသည်။ သူတို့၏ အသက်များဖြင့် ရင်းနှီးဝယ်ယူခဲ့ရသော အရုဏ်ဦးကို နောက်ဆုံးတွင် မြင်တွေ့ခဲ့ရသည့် သူရဲကောင်း ဝိညာဉ်များကဲ့သို့ပင်။
မီးပုံက တဖြည်းဖြည်း ငြိမ်းသွားပြီး စခန်းတစ်ခုလုံး အိပ်စက်ခြင်းသို့ ရောက်သွား၏။
စစ်သည်များက သူတို့၏ နွေးထွေးသော တဲများအတွင်း လူးလှိမ့်နေကြပြီး မျက်နှာပေါ်တွင် ချိုမြိန်သော အပြုံးများ ရှိနေလေသည်။
ကျန်းရှောင်တောက်က အိပ်မက်ထဲတွင် “လေယာဉ်တင် သင်္ဘော” ဟု ရေရွတ်နေစဉ် အဘိုးကြီးစွန်း၏ မျက်နှာပေါ်ရှိ အရေးအကြောင်းများမှာ သူ၏ မြေးလေး ကျောပိုးအိတ်လွယ်ကာ ကျောင်းသွားနေသည်ကို မြင်နေရသည့်အလား ပြေလျော့သွားခဲ့သည်။
တပ်မှူးကန်း၏ တင်းကျပ်စွာ တွန့်လိပ်နေသော မျက်မှောင်များပင် ပြေလျော့သွားပြီး သူ၏ ကြမ်းတမ်းသော လက်များက သူ၏ ခေါင်းအုံးဘေးတွင် ထားရှိသော စစ်ဝတ်စုံသစ်ကို မသိစိတ်မှ အလိုအလျောက် ပွတ်သပ်နေမိသည်။
တစ်ချိန်တည်းမှာပင် မလှမ်းမကမ်းရှိ အခြားတဲတစ်လုံးတွင် ကျန်းယဲ့နှင့် သူ၏အဖွဲ့က အိပ်မပျော်နိုင်ဘဲ ဟိုဘက်ဒီဘက် လူးလှိမ့်နေခဲ့ကြသည်။
ချန်ရွှဲသည် တဲ၏ မျက်နှာကြက်ကို စိုက်ကြည့်နေပြီး စစ်သည်များ၏ ရွှင်လန်းသော အောင်ပွဲခံ အော်ဟစ်သံများက သူမ၏ နားထဲတွင် ပဲ့တင်ထပ်နေဆဲပင်။
ထိုရိုးရှင်းပြီး ရိုးသားသော အပြုံးများက သူမ၏ နှလုံးသားထဲသို့ ဓားတစ်လက်ကဲ့သို့ စွဲထင်နေခဲ့သည်။
လူဘယ်နှယောက်လောက် အဲဒီအနာဂတ်ကို ဘယ်တော့မှ မြင်တွေ့ရတော့မှာ မဟုတ်ဘူးဆိုတာကို သူတို့ မသိကြဘူး။
အဝေးမှ ကင်းလဲသော ကင်းသမားများ၏ ခြေသံများက နှင်းများကို နင်းခြေမိသံများအဖြစ် ထွက်ပေါ်နေလေသည်။
လမင်း၏ အလင်းရောင်က တဲ၏ ဟာကွက်များမှတစ်ဆင့် ဝင်ရောက်လာပြီး အမှောင်ထုကို နှစ်ပိုင်းခွဲလိုက်သော ဆွဲထုတ်ထားသည့် ဓားတစ်လက်ကဲ့သို့ မြေပြင်ပေါ်တွင် ငွေရောင် မျဉ်းကြောင်းတစ်ခု ရေးဆွဲနေခဲ့သည်။
ထိုညက အချို့လူများက သူတို့ တစ်ခါမျှ မမြင်ဖူးသော ဂုဏ်ကျက်သရေရှိသည့် ခေတ်ကာလတစ်ခုကို အိပ်မက်မက်နေကြပြီး အချို့လူများကမူ မိုးလင်းသည်အထိ နိုးကြားနေခဲ့ကြလေသည်။
အရုဏ်ဦး၏ ပထမဆုံးအလင်းတန်းများက နှင်းပြင်ပေါ်သို့ ကျရောက်လာသောအခါ ထိုချိုမြိန်သော အိပ်မက်များက နံနက်ခင်း ဆီးနှင်းများကဲ့သို့ အငွေ့ပျံသွားလိမ့်မည်။
သို့သော် အနာဂတ်ကို သိရှိနေသော ဤစောင့်ကြည့်သူများကမူ ရှေ့တွင်ရှိနေသော အခက်အခဲများကို သိကြပြီး မရေမတွက်နိုင်သော လူများစွာက ထိုလမ်းပေါ်တွင် သေဆုံးသွားလိမ့်မည်ဖြစ်ကာ သူတို့သည် အောင်ပွဲရသည့်နေ့ကို မြင်တွေ့ရန် အသက်ရှင်နေနိုင်မည် မဟုတ်ကြောင်းကိုလည်း သိကြပေသည်။
နံနက်ခင်း အလင်းရောင်က တိမ်များကို ဖောက်ထွင်းလာချိန်တွင် စခန်းတစ်ခုလုံး လှုပ်ရှားသွားလာမှုများဖြင့် စည်ကားနေပြီ ဖြစ်၏။
ကျန်းယဲ့ တဲတံခါးကို မတင်လိုက်ရာ ကျန်းရှောင်တောက်၏ တောက်ပသော အပြုံးမျက်နှာနှင့် ကြိုဆိုခံလိုက်ရသည်။
လူငယ်စစ်သည်သည် အသစ်စက်စက် အနွေးထည်ကို ဝတ်ဆင်ထားပြီး သူ၏ ကျောပိုးအိတ်ထဲတွင် ကယ်လိုရီမြင့် အစားအစာများ ပြည့်ကျပ်နေကာ ခါးတွင် ဘက်စုံသုံး စစ်သုံးဓားတစ်လက်ကို ချိတ်ဆွဲထား၏။ သူက ပေါ့ပလာသစ်ပင်ငယ်လေး တစ်ပင်ကဲ့သို့ တက်ကြွနေပုံရလေသည်။
“ရဲဘော် ကျန်းယဲ့...” သူက အလေးပြုလိုက်ရာ သူ၏ ငယ်ရွယ်သော မျက်နှာပေါ်တွင် အပြုံးတစ်ခု ပျံ့နှံ့သွားခဲ့သည်။ “ကျွန်တော်က ခေတ်သစ် စစ်သည်တစ်ယောက်နဲ့ တူရဲ့လား...”
ကျန်းယဲ့က ပြုံးကာ အခိုင်အမာ ခေါင်းညိတ်လိုက်၏။ “တူတယ်... အရမ်း တူတယ်”
စခန်းတစ်ခုလုံးတွင် အပြည့်အစုံ တပ်ဆင်ထားပြီး ထွက်ခွာရန် အသင့်ဖြစ်နေသော စစ်သည်များဖြင့် ပြည့်နှက်နေချေသည်။
အချို့လူများက သူတို့၏ နှင်းလျှောက်ဖိနပ်များကို ထပ်ခါတလဲလဲ စစ်ဆေးနေကြပြီး အချို့က တောင်တက်တုတ်ကောက်များ၏ အရှည်ကို အချိုးမကျစွာ ချိန်ညှိနေကြကာ လူအများအပြားက အသုံးအဆောင်သစ်များကို အသုံးပြုနည်း လေ့လာရန် ကျိုးကျွင်း ပတ်လည်တွင် စုရုံးနေခဲ့ကြသည်။
ရယ်မောသံများနှင့် ရွှင်လန်းသော အသံများက နှင်းပြင်ပေါ်တွင် ပဲ့တင်ထပ်နေပြီး ၎င်းမှာ သေရေးရှင်ရေး ချီတက်မှုတစ်ခု မဟုတ်ဘဲ အချိန်အကြာကြီး စောင့်စားခဲ့ရသော တောင်တက်ခရီးတစ်ခုကဲ့သို့ ဖြစ်နေပေသည်။
“ရဲဘော်တို့...” တပ်မှူးကန်းက ကျောက်တုံးတစ်ခုပေါ်မှ အော်လိုက်၏။ “အနာဂတ်က လာတဲ့ ဒီအဆင့်မြင့် အသုံးအဆောင်တွေနဲ့ဆိုရင် ကျွန်တော်တို့ မုံ့ပေါ်တောင်နဲ့ ချန်ပန်တောင်ကို ဘေးကင်းကင်း ဖြတ်ကျော်နိုင်မှာ သေချာတယ်..”
နားကွဲမတတ် အောင်ပွဲခံ အော်ဟစ်သံများဖြင့် တုံ့ပြန်မှုကို သူ ရရှိလိုက်သည်။
စစ်သည်များ၏ မျက်နှာများတွင် မျှော်လင့်ချက်များ တောက်ပနေပြီး သူတို့၏ မျက်လုံးများက အနာဂတ်အတွက် မျှော်လင့်ချက်များဖြင့် တောက်ပနေကြသည်။
သူတို့က အချင်းချင်း ပခုံးကို ပုတ်ကာ ပြီးခဲ့သည့်ညက သူတို့ ကြားခဲ့ရသော ကြီးပွားချမ်းသာသည့် ခေတ်ကာလအကြောင်းကို ဆွေးနွေးနေကြ၏။
‘လေယာဉ်တင် သင်္ဘောတွေ.. ကျည်ဆန်ရထားတွေ... ပြီးတော့ အဆုံးမရှိတဲ့ ဖြူဖွေးတဲ့ ပေါက်စီတွေ...’
ချန်ရွှဲသည် ဆေးအိတ်၏ ကြိုးကို မသိစိတ်မှ အလိုအလျောက် ပိုမို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရာ အင်အားစိုက်ထုတ်မှုကြောင့် သူမ၏ လက်ဆစ်များမှာ ဖြူဖျော့သွားရသည်။
စစ်သည်များ၏ အပြစ်ကင်းစင်သော အပြုံးများက သူမ၏ နှလုံးသားကို ထပ်ခါတလဲလဲ ထိုးဖောက်နေသော ချွန်ထက်သည့် ရေခဲစွယ်များကဲ့သို့ ဖြစ်နေချေသည်။
သူမကို ပြုံးပြနေသော ငယ်ရွယ်သည့် မျက်နှာအချို့တွင် ကလေးဆန်မှု အနည်းငယ် ရှိနေသေးကြောင်း သူမ ကောင်းကောင်း သိပေသည်။ ပရော်ဖက်ရှင်နယ် တောင်တက် အသုံးအဆောင်များ ရှိနေလျှင်ပင် လူတိုင်း ဤနှင်းတောင်နှစ်လုံးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်မည်ဟု အာမခံချက် မရှိချေ။
လူအများအပြားသည် ဤနှင်းဖုံးနေသော တောင်ပေါ်တွင် ထာဝရကျန်ရစ်ခဲ့ပြီး ရေခဲနှင့် နှင်းများ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားနိုင်၏။
“အားလုံး မှတ်မိကြပြီလား...” ကျိုးကျွင်းက နောက်ဆုံး ညွှန်ကြားချက်များ ပေးနေခဲ့သည်။ “နှင်းကမ်းပါးယံတွေနဲ့ တွေ့ရင် သေချာပေါက် ကွေ့ရှောင်သွားပါ။ အက်ကြောင်းတွေထဲမှာ လမ်းကြောင်း ရှာဖို့ ခင်ဗျားတို့ရဲ့ တောင်တက်တုတ်ကောက်တွေကို သုံးပါ...”
“နားလည်ပါပြီ...” စစ်သည်များက တညီတညွတ်တည်း ပြန်ဖြေလိုက်ကြပြီး သူတို့၏ အသံများတွင် အနာဂတ်အတွက် မျှော်လင့်ချက်များ ပြည့်နှက်နေခဲ့ကြသည်။
ထိုမြင်ကွင်းအား ကျောက်ကန်း မျက်နှာလွှဲလိုက်၏။
အနာဂတ်မှ လာသော ဤထောက်ပံ့ရေး ပစ္စည်းများနှင့် အတွေ့အကြုံများက ဤနှင်းဖုံးနေသော မြေပေါ်တွင် အသက်စွန့်ခဲ့ရသော စစ်သည်အားလုံး၏ ကံကြမ္မာကို ပြန်လည် ရေးသားပေးနိုင်မည်ဟု သူ အသည်းအသန် မျှော်လင့်မိသည်။
ဤငယ်ရွယ်သော အသက်ဝိညာဉ်များက ထိုအသက်အန္တရာယ်ရှိသော နှင်းတောင်နှစ်လုံးကို ဘေးကင်းစွာ ဖြတ်ကျော်နိုင်လိမ့်မည်ဟု သူ အသည်းအသန် မျှော်လင့်မိချေသည်။
လူတိုင်း အောင်ပွဲခံမည့် အနာဂတ်ကို မြင်တွေ့နိုင်ပါစေဟု သူ အလွန် ဆန္ဒရှိ၏။
သို့သော်ငြားလည်း............
ဤသံမဏိ စိတ်ဓာတ်ရှိသော အမျိုးသားသည် သူတို့ကို ပြန်လှည့်ကြည့်ရန်ပင် သတ္တိမရှိတော့ချေ။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ၏ မျက်လုံးများထဲတွင် လှိုင်းထန်နေသော စိတ်ခံစားချက်များ ပေါ်ထွက်သွားမည်ကို စိုးရိမ်သောကြောင့်ပင်။
“ထွက်ခွာ...”
တပ်မှူးကန်း၏ အမိန့်အရ တပ်ဖွဲ့ကြီးသည် နဂါးကြီး တစ်ကောင်ကဲ့သို့ ဖြည်းညှင်းစွာ စတင် လှုပ်ရှားသွားကြသည်။
စစ်သည်များက ကျန်းယဲ့နှင့် သူ၏အဖွဲ့ကို နှုတ်ဆက်ရန် တစ်ယောက်ပြီး တစ်ယောက် လက်ဆွဲနှုတ်ဆက်ကြပြီး သူတို့၏ လက်ဖဝါးတိုင်းက ပူလောင်နေခဲ့သည်။
“စစ်ပွဲပြီးသွားရင်... အလံတင် အခမ်းအနား ကြည့်ဖို့ ပေကျင်းကို သွားချင်တယ်ကွာ..”
“ငါကတော့ ကောင်းကင်မှာ ပျံသန်းနေတဲ့ ခရီးသည်တင် လေယာဉ်ကြီးကို စီးချင်တယ်...”
“ဟီး.... ရဲဘော်ကျန်းယဲ့.... အချိန်ရရင် ခင်ဗျား မိသားစုဆီ ဟော့ပေါ့လာစားမယ်နော်....”
ကတိစကားများက နှင်းပွင့်များကဲ့သို့ ကျဆင်းလာပြီး ကျန်းယဲ့နှင့် သူ၏အဖွဲ့၏ ပခုံးများပေါ်သို့ လေးလံစွာ ကျရောက်လာကာ သူတို့ကို အသက်ရှူရ ခက်ခဲစေခဲ့သည်။
မာရှောင်ထျောင်က ကျန်းရှောင်တောက်ထံသို့ လျှောက်သွားပြီး ချောကလက်တစ်ထုပ်ကို သူ၏ ရင်ခွင်ထဲသို့ ထိုးထည့်ကာ ပြောလိုက်၏။ “ခြွေတာပြီး စားနော်.... တောင်ရဲ့ တစ်ဖက်ကို ရောက်တဲ့အထိ စောင့်ပြီးမှ စား... မင်းကိုယ်မင်း သေချာ ဂရုစိုက်ပြီး အောင်ပွဲရတဲ့နေ့ကို မြင်အောင် ကြည့်ရမယ်....”
အဆုံးတွင် မာရှောင်ထျောင်၏ အသံမှာ ဆို့နင့်နေချေပြီ။
ကျန်းရှောင်တောက်က ခေါင်းကို အားပါပါ ညိတ်ပြပြီး တည်ကြည်စွာ ပြောလိုက်၏။ “ကျွန်တော်...... သေချာပေါက် ကြည့်မယ်”
“အင်း....” မာရှောင်ထျောင်က မျက်လုံးများ နီရဲလျက် ခေါင်းကို အားပါပါ ညိတ်ပြလိုက်၏။ “မင်းကို ငါ ယုံတယ်.... ”
အဖွဲ့ကြီး တဖြည်းဖြည်း ဝေးကွာသွားသည်နှင့်အမျှ သူတို့၏ တောက်ပသော လိမ္မော်နီရောင် မိုးကာအင်္ကျီများက နှင်းပြင်ပေါ်တွင် ထင်ရှားသော မျဉ်းကြောင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
ကျန်းယဲ့ နှင်းထဲတွင် တိတ်ဆိတ်စွာ ရပ်နေပြီး တက်ကြွနေသော ပုံရိပ်များ အဝေးတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ကြည့်နေလိုက်၏။
အေးစက်သော လေပြင်းက နှင်းပွင့်ငယ်များကို လွင့်စဉ်စေပြီး သူ၏ အမြင်အာရုံကို ဝေဝါးသွားစေသော်လည်း သူ၏ နှလုံးသားထဲမှ အသံကိုတော့ ပိုမို ရှင်းလင်းလာစေလေသည်။
‘ရှေ့ကလမ်းမှာ အန္တရာယ်တွေ ပြည့်နေမှန်း သိသိရက်နဲ့... သူတို့က ရှေ့ဆက်ဖို့ ရွေးချယ်ခဲ့ကြတယ်။’
လင်းယွီ၏ မျက်ရည်များမှာ ရေခဲပွင့်များအဖြစ် အေးခဲသွားပြီ ဖြစ်သည်။
သူမသည် စစ်သည်များ နှင်းမျဉ်းအထက်တွင် ပျောက်ကွယ်သွားသည်ကို ကြည့်နေပြီး ညကောင်းကင်ယံတွင် ကြယ်တံခွန် မရေမတွက်နိုင်အောင် ဖြတ်ပြေးသွားသည်ကို ကြည့်နေရသကဲ့သို့ ခံစားရလေသည်။
‘အရမ်း တောက်ပတယ်... အရမ်း လျင်မြန်တယ်...’
သူတို့ ပေးနိုင်တာက အသုံးအဆောင်တွေပင်.... ဒါပေမဲ့ ဒုတိယ အသက်ကိုတော့ သူတို့ မပေးနိုင်ပေ။
လေက ပိုမို ပြင်းထန်လာပြီး အဖွဲ့ကြီး ချန်ထားခဲ့သော ခြေရာများကို ဖယ်ရှားပစ်လိုက်ချေသည်။
တပ်ခွဲမှူးလီသည် ကျန်းယဲ့နှင့် သူ၏အဖွဲ့၏ မျက်နှာများပေါ်ရှိ ဝမ်းနည်းနေသော အမူအရာများကို သတိပြုမိလိုက်၏။
အသက် လေးဆယ်နီးပါး ရှိပြီဖြစ်သော စစ်မှုထမ်းဟောင်းကြီးက ပြုံးလိုက်ရာ သူ၏ မျက်လုံးထောင့်ရှိ အရေးအကြောင်းများမှာ လေတိုက်ခံရသော နှင်းများပေါ်ရှိ အစင်းကြောင်းများကဲ့သို့ ပြေလျော့သွားရသည်။
“အရမ်း ဝမ်းနည်းမနေကြပါနဲ့...” သူ၏ အသံမှာ အက်ကွဲနေသော်လည်း နူးညံ့နေ၏။ “ရဲဘော်တွေ အားလုံးက ကိုယ့်လမ်းကိုယ် လျှောက်နေကြတာပါ...”
ချန်ရွှဲ မျက်နှာကို ရုတ်တရက် လွှဲလိုက်ပြီး သူမ၏ ပခုံးများမှာ မသိမသာ တုန်ယင်နေလေသည်။
တပ်ခွဲမှူးလီ၏ စကားများက တုံးနေသော ဓားတစ်လက်ကဲ့သို့ လူတိုင်း၏ နှလုံးသားကို ဖြည်းညှင်းစွာ လှီးဖြတ်နေခဲ့သည်။
ခရီးထွက်သွားသော ထိုတက်ကြွသည့် စစ်သည်များထဲမှ မည်မျှလောက်သည် ဤနှင်းဖုံးနေသော တောင်ပေါ်မှ ဘယ်တော့မှ ထွက်ခွာနိုင်မည် မဟုတ်ကြောင်းကို သူ မသိချေ။
“မင်းတို့ အားလုံးက ကလေးကောင်းတွေပါ.... ” တပ်ခွဲမှူးလီက သူတို့ တစ်ယောက်စီ၏ ပခုံးကို ပုတ်ကာ လေးနက်စွာ ပြောလိုက်၏။ “ဒီအသုံးအဆောင်တွေသာ မရှိရင် ကျွန်တော်တို့ အများစုဟာ နှင်းတောင်ပေါ်မှာပဲ သောင်တင်နေလောက်ပြီ...”
လူအုပ်ကြီးသည် ထွက်ခွာသွားသော ပုံရိပ်များကို တိတ်ဆိတ်စွာ ကြည့်နေကြပြီး မည်သူမျှ အသံမထွက်ကြချေ။
“မင်းတို့ ပျော်သင့်တာပေါ့...” တပ်ခွဲမှူးလီက ပြုံးကာ သူ၏ လက်များကို ပွတ်သပ်ရင်း ပြောလိုက်ပြန်သည်။ “ကျွန်တော်တို့ အနီရောင်တပ်မတော်က တခြားဘာကိုမှ မကြောက်ဘူး.. ဒါပေမဲ့...”
သူ၏ စကားများ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
ကျန်းယဲ့ မော့ကြည့်လိုက်ရာ ဤသံမဏိ စိတ်ဓာတ်ရှိသော အမျိုးသား၏ မျက်လုံးများ ရုတ်တရက် နီရဲလာသည်ကို တွေ့လိုက်ရ၏။
တပ်ခွဲမှူးလီက အလျင်အမြန် လှည့်ကာ ထောက်ပံ့ရေး သေတ္တာများကို စီစဉ်နေဟန်ဆောင်လိုက်သော်လည်း လက်ဖြင့် မျက်နှာကို သုတ်လိုက်သည်ကို လူတိုင်း မြင်တွေ့လိုက်ကြရသည်။
‘ဒါဆို သူ သိတာပေါ့....’
တန်ပြန် ဝိုင်းဝန်းပိတ်ဆို့ရေး စစ်ဆင်ရေး လေးကြိမ်ကို ဖြတ်သန်းခဲ့ဖူးသော ဤစစ်မှုထမ်းဟောင်းကြီးသည် နှင်းဖုံးနေသော တောင်များက ဘာတွေကို ယူဆောင်သွားမည်ကို ကောင်းကောင်း သိချေသည်။
သူက အနာဂတ်မှ လာသော ဤကလေးများကို အနူးညံ့ဆုံး နည်းလမ်းဖြင့် ဖြေသိမ့်ပေးနေခြင်းသာ ဖြစ်၏။
အခန်း ၁၉၀ပြီး၏။