အခန်း ၁၉၁
Vol. 20 Ch. 191
အခန်း (၁၉၁) နှင်းတောင်ပေါ်မှ နှုတ်ဆက်ခွဲခွာခြင်း
နောက်ကလိုက်လာသော တပ်ဖွဲ့များ စခန်းသို့ ရောက်ရှိလာချိန်တွင် မယုံနိုင်စရာကောင်းသော အံ့ဖွယ်အမှုတစ်ခုက သူတို့ကို ဆီးကြိုနေခဲ့သည်။
“ဒါ... ဒါက...”
တပ်မှူးဟွမ်သည် သူ၏ရှေ့ရှိ တောင်လိုပုံနေသော ထောက်ပံ့ရေးပစ္စည်းများကို စိုက်ကြည့်နေပြီး သူ၏ ကြမ်းတမ်းသော လက်ချောင်းများက လေထဲတွင် ဝဲနေကာ အသစ်စက်စက် အသုံးအဆောင်များကို ကိုင်တွယ်ရန် တုံ့ဆိုင်းနေလေသည်။
သူ့နောက်ရှိ စစ်သည်များမှာလည်း လုံးဝ မှင်သက်နေကြ၏။
ဖြူဖွေးသန့်စင်ထားသော ဂျုံမှုန့်တောင်ပူစာလေး၊ သပ်ရပ်စွာ စီထားသော ဆောင်းရာသီ ဝတ်စုံများ၊ သတ္တုရောင် တောက်ပနေသော တောင်တက်ကိရိယာများနှင့် သူတို့ အိပ်မက်ထဲတွင်သာ မြင်ဖူးခဲ့သော အသားဗူးများ...
“ဒီရဲဘော်တွေက အကုန်ယူလာပေးတာပါ...” တပ်ခွဲမှူးလီက ပြုံးလျက် ကျန်းယဲ့ကို ရှေ့သို့ တွန်းပို့ရင်း ပြောလိုက်၏။
တပ်မှူးဟွမ်သည် ပါးစပ်ကို အကြိမ်ကြိမ် ဟလိုက် ပိတ်လိုက် လုပ်ပြီးနောက် နောက်ဆုံးတွင် စံပြ စစ်ရေးအလေးပြုခြင်းကို ပြုလုပ်လိုက်လေသည်။
သူ့နောက်ရှိ စစ်သည်များက ညာလက်ကို တညီတညွတ်တည်း မြှောက်လိုက်ကြပြီး မျက်လုံးရာပေါင်းများစွာက ကျန်းယဲ့နှင့် သူ၏အဖွဲ့ကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်ကြ၏။
“ရဲဘော်..... ဒီကျေးဇူးကတော့...”
“တကယ်ကို ကျေးဇူးတင်ပါတယ်...”
“ကျေးဇူးရှင်တွေပါပဲဗျာ....”
ကျေးဇူးတင်စကားများက ဒီရေကဲ့သို့ စီးဆင်းလာခဲ့သည်။
“လောင်လီ....” တပ်မှူးဟွမ်က ရုတ်တရက် လေးနက်စွာ ပြောလိုက်၏။ “ရဲဘော်တို့ကို ကျွန်တော်တို့ ကြွေးမြီကတိစာချုပ်တွေ ပေးဖို့ လိုတယ်...”
သူက တွန့်ကြေနေသော မှတ်စုစာအုပ် တစ်အုပ်ကို ထုတ်ယူလိုက်၏။ “တော်လှန်ရေး အောင်မြင်သွားတာနဲ့ ကျွန်တော်တို့ အတိုးနဲ့တကွ ပြန်ဆပ်ပါ့မယ်...”
လင်းယွီနှင့် အခြားမိန်းကလေးများ၏ မျက်လုံးများတွင် ချက်ချင်း မျက်ရည်များ ပြည့်လျှံလာရသည်။
ပြတိုက်ထဲတွင် သူမ မြင်တွေ့ခဲ့ရသော အနီရောင် တပ်မတော်၏ ကတိစာချုပ်တစ်ခုကို သူမ ပြန်အမှတ်ရသွားရသည်။ “ရွာသူရွာသားများထံမှ ကန်စွန်းဥ ၃ ဂျင်ကို ချေးယူခဲ့ပါသည်။ တော်လှန်ရေး အောင်ပွဲခံပြီးနောက် ပြန်လည် ပေးဆပ်ပါမည်..”
“မလိုပါဘူး...” ကျန်းဝေ့၏ အသံမှာ ဝမ်းနည်းမှုကြောင့် ဆို့နင့်နေရသည်။ “ခင်ဗျားတို့ ပြန်ဆပ်ပြီးပါပြီ... အများကြီး.... အများကြီးကို ပြန်ဆပ်ပြီးပါပြီဗျာ... ”
တပ်မှူးဟွမ်သည် ရုတ်တရက် ငိုကြွေးလာကြသော လူငယ်စုကို ကြည့်ကာ နားမလည်နိုင်ဖြစ်သွားပြီး သူ၏ စစ်ဦးထုပ်ကို စိုးရိမ်တကြီး ပွတ်သပ်လိုက်၏။ “ငါ... ငါ တစ်ခုခု အမှားပြောမိလို့လား...”
“မဟုတ်ပါဘူး....” ကျန်းယဲ့က သဲ့သဲ့လေး ပြုံးလိုက်လေသည်။ “ခင်ဗျားတို့ကို မြင်ရလို့ သူတို့ အရမ်း ပျော်သွားကြတာပါ...”
လေက နှင်းပွင့်များကို စခန်းတစ်လျှောက် လွင့်စဉ်စေပြီး အသစ်ရောက်လာသော စစ်သည်များက သူတို့၏ အသုံးအဆောင်သစ်များကို စတင် လဲလှယ်ကြ၏။
အချို့က ကြိတ်သိပ်ထားသော ဘီစကွတ်ကို ဂရုတစိုက် လျှာဖြင့်လျက်ပြီးနောက် တန်ဖိုးထားစွာဖြင့် သူတို့၏ အိတ်ကပ်ထဲသို့ ထည့်လိုက်ကြသည်။ အချို့က သူတို့၏ အသစ်စက်စက် ဝါဂွမ်းအင်္ကျီများထဲသို့ မျက်နှာအပ်ကာ အသက်ပြင်းပြင်း ရှူရှိုက်လိုက်ကြပြီး အအေးဒဏ်ကြောင့် နီရဲနေသော သူတို့၏ မျက်နှာများတွင် ကျေနပ်မှုနှင့် ပျော်ရွှင်မှု အပြည့်ရှိသော ဖြူစင်သည့် အပြုံးများ ပေါ်ထွက်လာချေသည်။
လူအများအပြားက ဝူဖုန်း ပတ်လည်တွင် စုရုံးကာ နှင်းလျှောက်ဖိနပ်များနှင့် ခေတ်မီတောင်တက် ကိရိယာများကို အသုံးပြုနည်း လေ့လာနေကြ၏။
နောက်ဆုံးတွင် တပ်မှူးဟွမ်သည် ကြွေးမြီကတိစာချုပ်ကို မပေးနိုင်ခဲ့ချေ။
“ရဲဘော်တို့...” ထောက်ပံ့ရေး ပစ္စည်းများ ဝေငှနေသော ကျန်းယဲ့နှင့် သူ၏အဖွဲ့ကို သူက နောက်ထပ် အချိန်အကြာကြီး စစ်ရေးအလေးပြုလိုက်ပြန်သည်။
သူ့နောက်ရှိ စစ်သည်များက လေတိုက်၍ ယိမ်းနွဲ့နေသော ဂျုံခင်းများကဲ့သို့ ညာလက်များကို တညီတညွတ်တည်း မြှောက်လိုက်ကြပြီး ထွက်စပြုလာသော နေမင်းအောက်တွင် ရာပေါင်းများစွာသော အလေးပြုမှုများက ဆက်တိုက် မျဉ်းတစ်ကြောင်းကို ဖြစ်ပေါ်စေခဲ့သည်။
ဤစစ်ရေးအလေးပြုမှုက အလွန်.... အလွန် ကြာမြင့်စွာ တည်ရှိနေခဲ့၏။
ကျန်းယဲ့နှင့် သူ၏အဖွဲ့က လုံးဝ ပြောင်းလဲသွားသော ဤတပ်ဖွဲ့ကို ကြည့်ရင်း ထိုနေရာတွင် ရပ်နေကြလေသည်။
စစ်သည်များ၏ အသုံးအဆောင်သစ်များက မှိန်ဖျော့ဖျော့ တောက်ပနေခဲ့သည်။
ထူထဲပြီး လေကာနိုင်သော အင်္ကျီများက စုတ်ပြတ်နေသည့် ဝါဂွမ်းအင်္ကျီများကို အစားထိုးလိုက်ပြီး ပရော်ဖက်ရှင်နယ် နှင်းဖိနပ်များက နှင်းကိုက်နေသော ခြေထောက်များကို ဖုံးအုပ်ပေးထားကာ လူတိုင်း၏ ကျောပိုးအိတ်များတွင် ကယ်လိုရီမြင့် အစားအစာများ ပြည့်ကျပ်နေချေသည်။
သို့သော် သူတို့သည် ထိုဟောင်းနွမ်းနေသော ဟန်ယန် ရိုင်ဖယ်သေနတ်များကို ကိုင်ဆောင်ထားဆဲ ဖြစ်ပြီး သေနတ်ပြောင်းပေါ်ရှိ အပြာရောင်သုတ်ဆေးများမှာ ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သည်။ အသုံးအဆောင်များ မည်မျှပင် ကောင်းမွန်နေစေကာမူ ဤစစ်သည်များ၏ ခန္ဓာကိုယ်အနှံ့ရှိ အမာရွတ်များကို ဖုံးကွယ်မထားနိုင်သကဲ့သို့ပင်။
“ထွက်ခွာ...”
တပ်မှူးဟွမ်၏ အမိန့်က တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်၏။
တစ်ပြိုက်နက် နိုးထလာသော နဂါးကြီးတစ်ကောင်ကဲ့သို့ တပ်ဖွဲ့ကြီးက နှင်းဖုံးနေသော တောင်တန်းများ၏ နက်ရှိုင်းရာသို့ ဖြည်းညှင်းစွာ တွားသွား ချီတက်သွားကြလေသည်။
နွေးထွေးသော နေရောင်အောက်တွင် ထိုအရိပ်များမှာ အလွန် ရှည်လျားစွာ ဆန့်တန်းနေပြီး အနာဂတ်ဆီသို့ တိုးဝင်သွားမည့်အလား ဖြစ်နေခဲ့သည်။
သူတို့ ထွက်ခွာသွားချိန်တွင် ကျန်းယဲ့သည် သူ၏ ညာလက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး သူ၏ လက်ဖျားများက နားထင်ကို ညင်သာစွာ ထိကပ်သွားမိသည်။
သူ့နောက်တွင် ကျောက်ကန်း၊ ချန်ရွှဲ၊ ဝူဖုန်းနှင့် အခြားသူများက မတ်မတ်ရပ်ကာ တညီတညွတ်တည်း အလေးပြုလိုက်ကြရာ သူတို့၏ လှုပ်ရှားမှုများမှာ လူတစ်ယောက်တည်းအလား ပြီးပြည့်စုံစွာ ကိုက်ညီနေပေသည်။
စစ်ရေးအလေးပြုမှုက နံနက်ခင်း နေရောင်အောက်တွင် အေးခဲသွားသကဲ့သို့ ငြိမ်သက်နေခဲ့သည်။
ယခုအချိန်၌ တပ်မှူးဟွမ် ဦးဆောင်သော တပ်ဖွဲ့က နှင်းမျဉ်းပေါ်တွင် အနီရောင် အစက်ငယ်လေးများအဖြစ် ပြောင်းလဲသွားပြီ ဖြစ်၏။
နောက်ဆုံး အနီရောင်အစက်လေး တောင်ကြောတစ်လျှောက် ပျောက်ကွယ်သွားသည်အထိ ကျန်းယဲ့ စောင့်ကြည့်နေလေသည်။
နံနက် ၁၀ နာရီခန့် နေရောင်ခြည်က ပြီးပြည့်စုံနေပြီး နှင်းဖုံးနေသော မြေပြင်ကို မျက်စိကျိန်းလောက်အောင် တောက်ပစေ၏။
ရင်ကွဲနာကျဖွယ် နှုတ်ဆက်ခြင်းမျိုး မရှိသလို စိတ်ခံစားမှုပြင်းထန်သည့် မျက်ရည်များလည်း မရှိချေ။ သမိုင်းတစ်လျှောက်ရှိ သာမန် နံနက်ခင်းတစ်ခုကဲ့သို့ပင် တပ်ဖွဲ့တစ်ခု ထွက်ခွာသွားပြီး အချို့လူများက ဘယ်တော့မှ ပြန်မလာကြတော့ချေ။
ကျန်းယဲ့၏ လက်မောင်းများ နာကျင်လာသော်လည်း မည်သူမျှ လက်မချကြပေ။
မာရှောင်ထျောင်၏ မျက်ရည်များက သူ၏ နှင်းကာ မျက်မှန်အတွင်း၌ အေးခဲသွားပြီး လင်းယွီ၏ လက်ဖျားများက လေအေးထဲတွင် တုန်ယင်နေကာ ကျောက်ကန်း၏ စစ်ရေးဟန်ပန်မှာ ထင်းရှူးပင်ကဲ့သို့ မတ်မတ်ရပ်နေဆဲပင်။
သမိုင်းထဲသို့ ဝင်ရောက်သွားသော ထိုပုံရိပ်များကို အမြင့်မားဆုံးသော ရိုသေလေးစားမှုဖြင့် နှုတ်ဆက်ရင်း သူတို့ဟာ ရုပ်တုများကဲ့သို့ ထိုနေရာတွင် ရပ်နေခဲ့ကြသည်။
လေက မျက်နှာကို စူးရှစွာ ရိုက်ခတ်သော နှင်းပွင့်များကို လွင့်စဉ်စေ၏။
တပ်ခွဲမှူးလီက စခန်းတံခါးဝတွင် ရပ်ကာ အနာဂတ်မှ လာသော ဤလူငယ်စုကို ကြည့်နေပြီး ရာသီဥတုဒဏ် ခံထားရသော သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြည်းညှင်းစွာ ပွင့်လန်းလာချေသည်။
ထိုအပြုံးတွင် သက်သာရာရမှု၊ စိတ်လှုပ်ရှားမှုနှင့်အတူ နက်ရှိုင်းသော တည်ငြိမ်မှုနှင့် လက်ခံနိုင်မှုတို့ ပါဝင်နေခဲ့သည်။
ဤအခိုက်အတန့်တွင် အရာအားလုံးက တန်သည်ဟု သူ ခံစားလိုက်ရပေသည်။
မှန်တယ်... အဲဒါက တန်တယ်....
သစ်ခေါက်များနှင့် မြက်မြစ်များကို ဝါးစားခဲ့ရသော သူတို့၏ သွားများ၊ အရည်ကြည်ဖုများ ပေါက်ကာ သွေးထွက်ခဲ့ရသော သူတို့၏ ခြေထောက်များနှင့် တာဝန်ကျရာ နေရာတွင် အေးခဲသွားခဲ့ရသော သူတို့၏ ခန္ဓာကိုယ်များ.... အင်း.... အားလုံးက တန်ပါတယ်လေ............
အဘယ်ကြောင့်ဆိုသော် သူတို့ရှေ့ရှိ ဤကလေးများသည် အကောင်းဆုံး သက်သေပင်။
နောင်လာနောက်သားများ စစ်တိုက်စရာ မလိုတော့မည့် အနာဂတ်တစ်ခုကို အမှန်တကယ် ရရှိရန် သူတို့သည် သူတို့၏ သွေးနှင့် အသားကို အသုံးပြုခဲ့ကြသည်။
စနစ်၏ အသိပေးသံကို ကြားရသည့်အချိန်အထိ ကျန်းယဲ့နှင့် သူ၏အဖွဲ့မှာ တိတ်ဆိတ်နေခဲ့ကြလေသည်။
【ဒင်... တယ်လီပို့စ် ရေတွက်မှု - စက္ကန့် ၃၀】
သူတို့၏ လက်များမှာ နောက်ဆုံးတွင် ဖြည်းညှင်းစွာ ကျဆင်းသွားကြသည်။
ကျန်းယဲ့က တပ်ခွဲမှူးလီကို လှည့်ကြည့်ကာ တိုးညင်းစွာ ပြောလိုက်၏။ “ဦးလေးလီ... ကျွန်တော်တို့ သွားရတော့မယ်”
သူ၏ အသံတွင် တွန့်ဆုတ်နေမှု အရိပ်အယောင် အနည်းငယ် ပါဝင်နေချေသည်။
တပ်ခွဲမှူးလီသည် အနာဂတ်မှ လာသော ဤလူငယ်စုကို လေးစားသော မျက်လုံးများဖြင့် ကြည့်လိုက်၏။
သူ၏ ကြမ်းတမ်းသော လက်က ကျန်းယဲ့၏ ပခုံးကို ပုတ်လိုက်ရာ အင်အားက အရမ်းလည်း မပေါ့သလို အရမ်းလည်း မပြင်းချေ။ သို့သော် စကားလုံး ထောင်ပေါင်းများစွာကို သယ်ဆောင်ထားသကဲ့သို့ ဖြစ်နေခြ့သည်။
“သွားကြတော့...” တပ်ခွဲမှူးလီ၏ အသံမှာ အက်ကွဲနေသော်လည်း နွေးထွေးနေ၏။ “မင်းတို့ ရောက်လာတာက ငါတို့ကို တစ်ခုခု သဘောပေါက်သွားစေတယ်..”
သူ ခေတ္တမျှ ရပ်လိုက်ပြီး သူ၏ အကြည့်များက စခန်းအတွင်းရှိ ထောက်ပံ့ရေး ပစ္စည်းများ၊ စစ်သည်များ၏ အသစ်စက်စက် အသုံးအဆောင်များအပေါ်သို့ ဝေ့ဝဲသွားကာ နောက်ဆုံးတွင် အဝေးရှိ ခန့်ညားလှသော နှင်းတောင်များပေါ်၌ ရပ်တန့်သွားလေသည်။
“ငါတို့ရဲ့ သွေးတွေက အလဟဿ မဖြစ်ခဲ့ဘူး.... ပြီးတော့ ငါတို့ လမ်းလည်း မမှားခဲ့ပါဘူး... ”
ဤစကားလုံးများက သော့တစ်ချောင်းကဲ့သို့ ကျန်းယဲ့၏ နှလုံးသားထဲမှ အနက်ရှိုင်းဆုံးသော စိတ်ခံစားမှု တံခါးများကို ဖွင့်လှစ်ပေးလိုက်၏။
တပ်ခွဲမှူးလီ၏ မျက်လုံးများတွင် တောက်ပနေသော မျက်ရည်များကို သူ မြင်လိုက်ရလေသည်။ ၎င်းတို့က ဝမ်းနည်းမှု မျက်ရည်များ မဟုတ်ဘဲ သက်သာရာရမှုနှင့် ကျေနပ်မှု မျက်ရည်များသာ...
ချန်ရွှဲက ရှေ့သို့ တိုးလာပြီး ဆေးဝါးများ ပြည့်နေသော ရှေးဦးသူနာပြု သေတ္တာတစ်ခုကို တပ်ခွဲမှူးလီအား ကမ်းပေးရင်း ပြောလိုက်လေသည်။ “ဒါတွေက နောက်မှာ ကျန်ခဲ့တဲ့ ရဲဘော်တွေအတွက်ပါ... ”
တပ်ခွဲမှူးလီသည် ကြက်ခြေနီ အမှတ်အသားပါသော ထုပ်ပိုးမှုကို ငုံ့ကြည့်လိုက်ပြီးနောက် ရုတ်တရက် ပြုံးလိုက်၏။ “ကောင်းပြီ... ကောင်းပြီ”
နာရီလက်တံက ၁၁ နာရီတိတိကို ညွှန်ပြချိန်တွင် နေရောင်ခြည်က တိမ်များကို ဖောက်ထွင်း၍ လူတိုင်းအပေါ်သို့ ကျရောက်လာခဲ့သည်။
“အချိန်ရောက်ပြီ..” ကျန်းယဲ့က တိုးညင်းစွာ ပြောလိုက်၏။
တပ်ခွဲမှူးလီက နောက်သို့ တစ်လှမ်းဆုတ်ကာ ခါးမတ်လိုက်ပြီး ညာလက်ကို တည်ကြည်စွာ မြှောက်၍ အလေးပြုလိုက်ပြန်သည်။
သူ့နောက်ရှိ စစ်သည်များကလည်း သူတို့၏ လက်များကို တညီတညွတ်တည်း မြှောက်လိုက်ကြ၏။
ကျန်းယဲ့နှင့် သူ၏အဖွဲ့ကလည်း စစ်ရေးအလေးပြုမှုဖြင့် ပြန်လည် အလေးပြုလိုက်ကြလေသည်။
လက်နှစ်ဆယ့်တစ်ဖက်ကို မြှောက်လိုက်သည့် အခိုက်အတန့်တွင် သူတို့၏ ပုံရိပ်များက တဖြည်းဖြည်း ဖောက်ထွင်းမြင်နိုင်လာလေသည်။
“သွားတော့နော်...” တပ်ခွဲမှူးလီက ပြုံးကာ လက်ဝှေ့ယမ်းလိုက်ပြီး သူ၏ အသံမှာ ဟိန်းထွက်လာသည်။ “ဒီလှပတဲ့ ကမ္ဘာကြီးကို ကျွန်တော်တို့အတွက်ပါ ကြည့်ပေးကြပါဦး... ”
နေရောင်ခြည်က ရုတ်တရက် မျက်စိကျိန်းလောက်အောင် တောက်ပလာ၏။
အလင်းရောင် မှေးမှိန်သွားသောအခါ နှင်းပေါ်တွင် တိမ်သော ခြေရာအချို့သာ ကျန်ရစ်တော့ပေသည်။
တပ်ခွဲမှူးလီ၏ လက်မှာ လေထဲတွင် မြှောက်ထားဆဲဖြစ်ပြီး သူက အချိန်အကြာကြီး အောက်မချခဲ့ပေ။
သူသည် ဟာလာဟင်းလင်း ဖြစ်နေသော စခန်းကို စိုက်ကြည့်နေပြီး သူ၏ နှုတ်ခမ်းများပေါ်တွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်နေခဲ့သည်။
လေက နှင်းပွင့်များကို သယ်ဆောင်၍ ဖြတ်တိုက်သွားပြီး အခြားကမ္ဘာမှလာသော လေထု၏ နောက်ဆုံး အရိပ်အယောင်ကို ဖယ်ရှားပစ်လိုက်၏။
အဝေးတွင် နှင်းဖုံးနေသော တောင်တန်းများက ခန့်ညားစွာ ရပ်တည်နေပြီး နံနက်ခင်းနေရောင်အောက်တွင် အနီရောင်အလံများ လွင့်ပျံနေကာ အသက်စွန့်လွှတ်မှုနှင့် မျှော်လင့်ချက်များ၏ ထာဝရ ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြနေသကဲ့သို့ပင်။
အခန်း ၁၉၁ပြီး၏။