← Chapters

အခန်း ၁၉၁

Vol. 20 Ch. 191

အခန်း ၁၉၁

Vol. 20 Ch. 191

အခန်း (၁၉၁) နှင်းတောင်ပေါ်မှ နှုတ်ဆက်ခွဲခွာခြင်း

​နောက်ကလိုက်လာသော တပ်ဖွဲ့များ စခန်းသို့ ရောက်ရှိလာချိန်တွင် မယုံနိုင်စရာကောင်းသော အံ့ဖွယ်အမှုတစ်ခုက သူတို့ကို ဆီးကြိုနေခဲ့သည်။

​“ဒါ... ဒါက...”

​တပ်မှူးဟွမ်သည် သူ၏ရှေ့ရှိ တောင်လိုပုံနေသော ထောက်ပံ့ရေးပစ္စည်းများကို စိုက်ကြည့်နေပြီး သူ၏ ကြမ်းတမ်းသော လက်ချောင်းများက လေထဲတွင် ဝဲနေကာ အသစ်စက်စက် အသုံးအဆောင်များကို ကိုင်တွယ်ရန် တုံ့ဆိုင်းနေလေသည်။

​သူ့နောက်ရှိ စစ်သည်များမှာလည်း လုံးဝ မှင်သက်နေကြ၏။

​ဖြူဖွေးသန့်စင်ထားသော ဂျုံမှုန့်တောင်ပူစာလေး၊ သပ်ရပ်စွာ စီထားသော ဆောင်းရာသီ ဝတ်စုံများ၊ သတ္တုရောင် တောက်ပနေသော တောင်တက်ကိရိယာများနှင့် သူတို့ အိပ်မက်ထဲတွင်သာ မြင်ဖူးခဲ့သော အသားဗူးများ...

​“ဒီရဲဘော်တွေက အကုန်ယူလာပေးတာပါ...” တပ်ခွဲမှူးလီက ပြုံးလျက် ကျန်းယဲ့ကို ရှေ့သို့ တွန်းပို့ရင်း ပြောလိုက်၏။

​တပ်မှူးဟွမ်သည် ပါးစပ်ကို အကြိမ်ကြိမ် ဟလိုက် ပိတ်လိုက် လုပ်ပြီးနောက် နောက်ဆုံးတွင် စံပြ စစ်ရေးအလေးပြုခြင်းကို ပြုလုပ်လိုက်လေသည်။

​သူ့နောက်ရှိ စစ်သည်များက ညာလက်ကို တညီတညွတ်တည်း မြှောက်လိုက်ကြပြီး မျက်လုံးရာပေါင်းများစွာက ကျန်းယဲ့နှင့် သူ၏အဖွဲ့ကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်ကြ၏။

​“ရဲဘော်..... ဒီကျေးဇူးကတော့...”

​“တကယ်ကို ကျေးဇူးတင်ပါတယ်...”

​“ကျေးဇူးရှင်တွေပါပဲဗျာ....”

​ကျေးဇူးတင်စကားများက ဒီရေကဲ့သို့ စီးဆင်းလာခဲ့သည်။

​“လောင်လီ....” တပ်မှူးဟွမ်က ရုတ်တရက် လေးနက်စွာ ပြောလိုက်၏။ “ရဲဘော်တို့ကို ကျွန်တော်တို့ ကြွေးမြီကတိစာချုပ်တွေ ပေးဖို့ လိုတယ်...”

​သူက တွန့်ကြေနေသော မှတ်စုစာအုပ် တစ်အုပ်ကို ထုတ်ယူလိုက်၏။ “တော်လှန်ရေး အောင်မြင်သွားတာနဲ့ ကျွန်တော်တို့ အတိုးနဲ့တကွ ပြန်ဆပ်ပါ့မယ်...”

​လင်းယွီနှင့် အခြားမိန်းကလေးများ၏ မျက်လုံးများတွင် ချက်ချင်း မျက်ရည်များ ပြည့်လျှံလာရသည်။

​ပြတိုက်ထဲတွင် သူမ မြင်တွေ့ခဲ့ရသော အနီရောင် တပ်မတော်၏ ကတိစာချုပ်တစ်ခုကို သူမ ပြန်အမှတ်ရသွားရသည်။ “ရွာသူရွာသားများထံမှ ကန်စွန်းဥ ၃ ဂျင်ကို ချေးယူခဲ့ပါသည်။ တော်လှန်ရေး အောင်ပွဲခံပြီးနောက် ပြန်လည် ပေးဆပ်ပါမည်..”

​“မလိုပါဘူး...” ကျန်းဝေ့၏ အသံမှာ ဝမ်းနည်းမှုကြောင့် ဆို့နင့်နေရသည်။ “ခင်ဗျားတို့ ပြန်ဆပ်ပြီးပါပြီ... အများကြီး.... အများကြီးကို ပြန်ဆပ်ပြီးပါပြီဗျာ... ”

​တပ်မှူးဟွမ်သည် ရုတ်တရက် ငိုကြွေးလာကြသော လူငယ်စုကို ကြည့်ကာ နားမလည်နိုင်ဖြစ်သွားပြီး သူ၏ စစ်ဦးထုပ်ကို စိုးရိမ်တကြီး ပွတ်သပ်လိုက်၏။ “ငါ... ငါ တစ်ခုခု အမှားပြောမိလို့လား...”

​“မဟုတ်ပါဘူး....” ကျန်းယဲ့က သဲ့သဲ့လေး ပြုံးလိုက်လေသည်။ “ခင်ဗျားတို့ကို မြင်ရလို့ သူတို့ အရမ်း ပျော်သွားကြတာပါ...”

​လေက နှင်းပွင့်များကို စခန်းတစ်လျှောက် လွင့်စဉ်စေပြီး အသစ်ရောက်လာသော စစ်သည်များက သူတို့၏ အသုံးအဆောင်သစ်များကို စတင် လဲလှယ်ကြ၏။

​အချို့က ကြိတ်သိပ်ထားသော ဘီစကွတ်ကို ဂရုတစိုက် လျှာဖြင့်လျက်ပြီးနောက် တန်ဖိုးထားစွာဖြင့် သူတို့၏ အိတ်ကပ်ထဲသို့ ထည့်လိုက်ကြသည်။ အချို့က သူတို့၏ အသစ်စက်စက် ဝါဂွမ်းအင်္ကျီများထဲသို့ မျက်နှာအပ်ကာ အသက်ပြင်းပြင်း ရှူရှိုက်လိုက်ကြပြီး အအေးဒဏ်ကြောင့် နီရဲနေသော သူတို့၏ မျက်နှာများတွင် ကျေနပ်မှုနှင့် ပျော်ရွှင်မှု အပြည့်ရှိသော ဖြူစင်သည့် အပြုံးများ ပေါ်ထွက်လာချေသည်။

​လူအများအပြားက ဝူဖုန်း ပတ်လည်တွင် စုရုံးကာ နှင်းလျှောက်ဖိနပ်များနှင့် ခေတ်မီတောင်တက် ကိရိယာများကို အသုံးပြုနည်း လေ့လာနေကြ၏။

​နောက်ဆုံးတွင် တပ်မှူးဟွမ်သည် ကြွေးမြီကတိစာချုပ်ကို မပေးနိုင်ခဲ့ချေ။

​“ရဲဘော်တို့...” ထောက်ပံ့ရေး ပစ္စည်းများ ဝေငှနေသော ကျန်းယဲ့နှင့် သူ၏အဖွဲ့ကို သူက နောက်ထပ် အချိန်အကြာကြီး စစ်ရေးအလေးပြုလိုက်ပြန်သည်။

​သူ့နောက်ရှိ စစ်သည်များက လေတိုက်၍ ယိမ်းနွဲ့နေသော ဂျုံခင်းများကဲ့သို့ ညာလက်များကို တညီတညွတ်တည်း မြှောက်လိုက်ကြပြီး ထွက်စပြုလာသော နေမင်းအောက်တွင် ရာပေါင်းများစွာသော အလေးပြုမှုများက ဆက်တိုက် မျဉ်းတစ်ကြောင်းကို ဖြစ်ပေါ်စေခဲ့သည်။

​ဤစစ်ရေးအလေးပြုမှုက အလွန်.... အလွန် ကြာမြင့်စွာ တည်ရှိနေခဲ့၏။

​ကျန်းယဲ့နှင့် သူ၏အဖွဲ့က လုံးဝ ပြောင်းလဲသွားသော ဤတပ်ဖွဲ့ကို ကြည့်ရင်း ထိုနေရာတွင် ရပ်နေကြလေသည်။

​စစ်သည်များ၏ အသုံးအဆောင်သစ်များက မှိန်ဖျော့ဖျော့ တောက်ပနေခဲ့သည်။

​ထူထဲပြီး လေကာနိုင်သော အင်္ကျီများက စုတ်ပြတ်နေသည့် ဝါဂွမ်းအင်္ကျီများကို အစားထိုးလိုက်ပြီး ပရော်ဖက်ရှင်နယ် နှင်းဖိနပ်များက နှင်းကိုက်နေသော ခြေထောက်များကို ဖုံးအုပ်ပေးထားကာ လူတိုင်း၏ ကျောပိုးအိတ်များတွင် ကယ်လိုရီမြင့် အစားအစာများ ပြည့်ကျပ်နေချေသည်။

​သို့သော် သူတို့သည် ထိုဟောင်းနွမ်းနေသော ဟန်ယန် ရိုင်ဖယ်သေနတ်များကို ကိုင်ဆောင်ထားဆဲ ဖြစ်ပြီး သေနတ်ပြောင်းပေါ်ရှိ အပြာရောင်သုတ်ဆေးများမှာ ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သည်။ အသုံးအဆောင်များ မည်မျှပင် ကောင်းမွန်နေစေကာမူ ဤစစ်သည်များ၏ ခန္ဓာကိုယ်အနှံ့ရှိ အမာရွတ်များကို ဖုံးကွယ်မထားနိုင်သကဲ့သို့ပင်။

​“ထွက်ခွာ...”

​တပ်မှူးဟွမ်၏ အမိန့်က တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်၏။

​တစ်ပြိုက်နက် နိုးထလာသော နဂါးကြီးတစ်ကောင်ကဲ့သို့ တပ်ဖွဲ့ကြီးက နှင်းဖုံးနေသော တောင်တန်းများ၏ နက်ရှိုင်းရာသို့ ဖြည်းညှင်းစွာ တွားသွား ချီတက်သွားကြလေသည်။

​နွေးထွေးသော နေရောင်အောက်တွင် ထိုအရိပ်များမှာ အလွန် ရှည်လျားစွာ ဆန့်တန်းနေပြီး အနာဂတ်ဆီသို့ တိုးဝင်သွားမည့်အလား ဖြစ်နေခဲ့သည်။

​သူတို့ ထွက်ခွာသွားချိန်တွင် ကျန်းယဲ့သည် သူ၏ ညာလက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး သူ၏ လက်ဖျားများက နားထင်ကို ညင်သာစွာ ထိကပ်သွားမိသည်။

​သူ့နောက်တွင် ကျောက်ကန်း၊ ချန်ရွှဲ၊ ဝူဖုန်းနှင့် အခြားသူများက မတ်မတ်ရပ်ကာ တညီတညွတ်တည်း အလေးပြုလိုက်ကြရာ သူတို့၏ လှုပ်ရှားမှုများမှာ လူတစ်ယောက်တည်းအလား ပြီးပြည့်စုံစွာ ကိုက်ညီနေပေသည်။

​စစ်ရေးအလေးပြုမှုက နံနက်ခင်း နေရောင်အောက်တွင် အေးခဲသွားသကဲ့သို့ ငြိမ်သက်နေခဲ့သည်။

​ယခုအချိန်၌ တပ်မှူးဟွမ် ဦးဆောင်သော တပ်ဖွဲ့က နှင်းမျဉ်းပေါ်တွင် အနီရောင် အစက်ငယ်လေးများအဖြစ် ပြောင်းလဲသွားပြီ ဖြစ်၏။

​နောက်ဆုံး အနီရောင်အစက်လေး တောင်ကြောတစ်လျှောက် ပျောက်ကွယ်သွားသည်အထိ ကျန်းယဲ့ စောင့်ကြည့်နေလေသည်။

​နံနက် ၁၀ နာရီခန့် နေရောင်ခြည်က ပြီးပြည့်စုံနေပြီး နှင်းဖုံးနေသော မြေပြင်ကို မျက်စိကျိန်းလောက်အောင် တောက်ပစေ၏။

​ရင်ကွဲနာကျဖွယ် နှုတ်ဆက်ခြင်းမျိုး မရှိသလို စိတ်ခံစားမှုပြင်းထန်သည့် မျက်ရည်များလည်း မရှိချေ။ သမိုင်းတစ်လျှောက်ရှိ သာမန် နံနက်ခင်းတစ်ခုကဲ့သို့ပင် တပ်ဖွဲ့တစ်ခု ထွက်ခွာသွားပြီး အချို့လူများက ဘယ်တော့မှ ပြန်မလာကြတော့ချေ။

​ကျန်းယဲ့၏ လက်မောင်းများ နာကျင်လာသော်လည်း မည်သူမျှ လက်မချကြပေ။

​မာရှောင်ထျောင်၏ မျက်ရည်များက သူ၏ နှင်းကာ မျက်မှန်အတွင်း၌ အေးခဲသွားပြီး လင်းယွီ၏ လက်ဖျားများက လေအေးထဲတွင် တုန်ယင်နေကာ ကျောက်ကန်း၏ စစ်ရေးဟန်ပန်မှာ ထင်းရှူးပင်ကဲ့သို့ မတ်မတ်ရပ်နေဆဲပင်။

​သမိုင်းထဲသို့ ဝင်ရောက်သွားသော ထိုပုံရိပ်များကို အမြင့်မားဆုံးသော ရိုသေလေးစားမှုဖြင့် နှုတ်ဆက်ရင်း သူတို့ဟာ ရုပ်တုများကဲ့သို့ ထိုနေရာတွင် ရပ်နေခဲ့ကြသည်။

​လေက မျက်နှာကို စူးရှစွာ ရိုက်ခတ်သော နှင်းပွင့်များကို လွင့်စဉ်စေ၏။

​တပ်ခွဲမှူးလီက စခန်းတံခါးဝတွင် ရပ်ကာ အနာဂတ်မှ လာသော ဤလူငယ်စုကို ကြည့်နေပြီး ရာသီဥတုဒဏ် ခံထားရသော သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြည်းညှင်းစွာ ပွင့်လန်းလာချေသည်။

​ထိုအပြုံးတွင် သက်သာရာရမှု၊ စိတ်လှုပ်ရှားမှုနှင့်အတူ နက်ရှိုင်းသော တည်ငြိမ်မှုနှင့် လက်ခံနိုင်မှုတို့ ပါဝင်နေခဲ့သည်။

​ဤအခိုက်အတန့်တွင် အရာအားလုံးက တန်သည်ဟု သူ ခံစားလိုက်ရပေသည်။

​မှန်တယ်... အဲဒါက တန်တယ်....

​သစ်ခေါက်များနှင့် မြက်မြစ်များကို ဝါးစားခဲ့ရသော သူတို့၏ သွားများ၊ အရည်ကြည်ဖုများ ပေါက်ကာ သွေးထွက်ခဲ့ရသော သူတို့၏ ခြေထောက်များနှင့် တာဝန်ကျရာ နေရာတွင် အေးခဲသွားခဲ့ရသော သူတို့၏ ခန္ဓာကိုယ်များ.... အင်း.... အားလုံးက တန်ပါတယ်လေ............

​အဘယ်ကြောင့်ဆိုသော် သူတို့ရှေ့ရှိ ဤကလေးများသည် အကောင်းဆုံး သက်သေပင်။

​နောင်လာနောက်သားများ စစ်တိုက်စရာ မလိုတော့မည့် အနာဂတ်တစ်ခုကို အမှန်တကယ် ရရှိရန် သူတို့သည် သူတို့၏ သွေးနှင့် အသားကို အသုံးပြုခဲ့ကြသည်။

​စနစ်၏ အသိပေးသံကို ကြားရသည့်အချိန်အထိ ကျန်းယဲ့နှင့် သူ၏အဖွဲ့မှာ တိတ်ဆိတ်နေခဲ့ကြလေသည်။

​【ဒင်... တယ်လီပို့စ် ရေတွက်မှု - စက္ကန့် ၃၀】

​သူတို့၏ လက်များမှာ နောက်ဆုံးတွင် ဖြည်းညှင်းစွာ ကျဆင်းသွားကြသည်။

​ကျန်းယဲ့က တပ်ခွဲမှူးလီကို လှည့်ကြည့်ကာ တိုးညင်းစွာ ပြောလိုက်၏။ “ဦးလေးလီ... ကျွန်တော်တို့ သွားရတော့မယ်”

​သူ၏ အသံတွင် တွန့်ဆုတ်နေမှု အရိပ်အယောင် အနည်းငယ် ပါဝင်နေချေသည်။

​တပ်ခွဲမှူးလီသည် အနာဂတ်မှ လာသော ဤလူငယ်စုကို လေးစားသော မျက်လုံးများဖြင့် ကြည့်လိုက်၏။

​သူ၏ ကြမ်းတမ်းသော လက်က ကျန်းယဲ့၏ ပခုံးကို ပုတ်လိုက်ရာ အင်အားက အရမ်းလည်း မပေါ့သလို အရမ်းလည်း မပြင်းချေ။ သို့သော် စကားလုံး ထောင်ပေါင်းများစွာကို သယ်ဆောင်ထားသကဲ့သို့ ဖြစ်နေခ​ြ့သည်။

​“သွားကြတော့...” တပ်ခွဲမှူးလီ၏ အသံမှာ အက်ကွဲနေသော်လည်း နွေးထွေးနေ၏။ “မင်းတို့ ရောက်လာတာက ငါတို့ကို တစ်ခုခု သဘောပေါက်သွားစေတယ်..”

​သူ ခေတ္တမျှ ရပ်လိုက်ပြီး သူ၏ အကြည့်များက စခန်းအတွင်းရှိ ထောက်ပံ့ရေး ပစ္စည်းများ၊ စစ်သည်များ၏ အသစ်စက်စက် အသုံးအဆောင်များအပေါ်သို့ ဝေ့ဝဲသွားကာ နောက်ဆုံးတွင် အဝေးရှိ ခန့်ညားလှသော နှင်းတောင်များပေါ်၌ ရပ်တန့်သွားလေသည်။

​“ငါတို့ရဲ့ သွေးတွေက အလဟဿ မဖြစ်ခဲ့ဘူး.... ပြီးတော့ ငါတို့ လမ်းလည်း မမှားခဲ့ပါဘူး... ”

​ဤစကားလုံးများက သော့တစ်ချောင်းကဲ့သို့ ကျန်းယဲ့၏ နှလုံးသားထဲမှ အနက်ရှိုင်းဆုံးသော စိတ်ခံစားမှု တံခါးများကို ဖွင့်လှစ်ပေးလိုက်၏။

​တပ်ခွဲမှူးလီ၏ မျက်လုံးများတွင် တောက်ပနေသော မျက်ရည်များကို သူ မြင်လိုက်ရလေသည်။ ၎င်းတို့က ဝမ်းနည်းမှု မျက်ရည်များ မဟုတ်ဘဲ သက်သာရာရမှုနှင့် ကျေနပ်မှု မျက်ရည်များသာ...

​ချန်ရွှဲက ရှေ့သို့ တိုးလာပြီး ဆေးဝါးများ ပြည့်နေသော ရှေးဦးသူနာပြု သေတ္တာတစ်ခုကို တပ်ခွဲမှူးလီအား ကမ်းပေးရင်း ပြောလိုက်လေသည်။ “ဒါတွေက နောက်မှာ ကျန်ခဲ့တဲ့ ရဲဘော်တွေအတွက်ပါ... ”

​တပ်ခွဲမှူးလီသည် ကြက်ခြေနီ အမှတ်အသားပါသော ထုပ်ပိုးမှုကို ငုံ့ကြည့်လိုက်ပြီးနောက် ရုတ်တရက် ပြုံးလိုက်၏။ “ကောင်းပြီ... ကောင်းပြီ”

​နာရီလက်တံက ၁၁ နာရီတိတိကို ညွှန်ပြချိန်တွင် နေရောင်ခြည်က တိမ်များကို ဖောက်ထွင်း၍ လူတိုင်းအပေါ်သို့ ကျရောက်လာခဲ့သည်။

​“အချိန်ရောက်ပြီ..” ကျန်းယဲ့က တိုးညင်းစွာ ပြောလိုက်၏။

​တပ်ခွဲမှူးလီက နောက်သို့ တစ်လှမ်းဆုတ်ကာ ခါးမတ်လိုက်ပြီး ညာလက်ကို တည်ကြည်စွာ မြှောက်၍ အလေးပြုလိုက်ပြန်သည်။

​သူ့နောက်ရှိ စစ်သည်များကလည်း သူတို့၏ လက်များကို တညီတညွတ်တည်း မြှောက်လိုက်ကြ၏။

​ကျန်းယဲ့နှင့် သူ၏အဖွဲ့ကလည်း စစ်ရေးအလေးပြုမှုဖြင့် ပြန်လည် အလေးပြုလိုက်ကြလေသည်။

​လက်နှစ်ဆယ့်တစ်ဖက်ကို မြှောက်လိုက်သည့် အခိုက်အတန့်တွင် သူတို့၏ ပုံရိပ်များက တဖြည်းဖြည်း ဖောက်ထွင်းမြင်နိုင်လာလေသည်။

​“သွားတော့နော်...” တပ်ခွဲမှူးလီက ပြုံးကာ လက်ဝှေ့ယမ်းလိုက်ပြီး သူ၏ အသံမှာ ဟိန်းထွက်လာသည်။ “ဒီလှပတဲ့ ကမ္ဘာကြီးကို ကျွန်တော်တို့အတွက်ပါ ကြည့်ပေးကြပါဦး... ”

​နေရောင်ခြည်က ရုတ်တရက် မျက်စိကျိန်းလောက်အောင် တောက်ပလာ၏။

​အလင်းရောင် မှေးမှိန်သွားသောအခါ နှင်းပေါ်တွင် တိမ်သော ခြေရာအချို့သာ ကျန်ရစ်တော့ပေသည်။

​တပ်ခွဲမှူးလီ၏ လက်မှာ လေထဲတွင် မြှောက်ထားဆဲဖြစ်ပြီး သူက အချိန်အကြာကြီး အောက်မချခဲ့ပေ။

​သူသည် ဟာလာဟင်းလင်း ဖြစ်နေသော စခန်းကို စိုက်ကြည့်နေပြီး သူ၏ နှုတ်ခမ်းများပေါ်တွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်နေခဲ့သည်။

​လေက နှင်းပွင့်များကို သယ်ဆောင်၍ ဖြတ်တိုက်သွားပြီး အခြားကမ္ဘာမှလာသော လေထု၏ နောက်ဆုံး အရိပ်အယောင်ကို ဖယ်ရှားပစ်လိုက်၏။

​အဝေးတွင် နှင်းဖုံးနေသော တောင်တန်းများက ခန့်ညားစွာ ရပ်တည်နေပြီး နံနက်ခင်းနေရောင်အောက်တွင် အနီရောင်အလံများ လွင့်ပျံနေကာ အသက်စွန့်လွှတ်မှုနှင့် မျှော်လင့်ချက်များ၏ ထာဝရ ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြနေသကဲ့သို့ပင်။

အခန်း ၁၉၁ပြီး၏။

All Chapters