အခန်း ၁၉၂
Vol. 20 Ch. 192
အခန်း (၁၉၂) ဒီခေတ် ခရီးသွားအေဂျင်စီတွေကလည်း ထူးခြားလိုက်တာ
မှောင်မိုက်နေသော အချိန်ဥမင်လိုဏ်ခေါင်းအတွင်း ခရီးသွား ဘတ်စ်ကားလေးသည် တိတ်ဆိတ်စွာ မောင်းနှင်နေခဲ့သည်။
ကားတွဲအတွင်း ကျန်းယဲ့သည် ပြတင်းပေါက်အပြင်ဘက်ရှိ အဆုံးမဲ့ ဟင်းလင်းပြင်ကို ငေးကြည့်နေပြီး ညင်သာစွာ သက်ပြင်းချလိုက်၏။
ထို့နောက် လှည့်ကာ ကားထဲရှိ လူတိုင်းကို ကြည့်လိုက်လေသည်။ “ဒီခရီးစဉ်မှာ ပါဝင်ကူညီပေးခဲ့တဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်...”
ကျောက်ကန်း စကားပြောရန် ပြင်လိုက်ချိန်တွင် ဝူဖုန်းကလည်း တစ်ခုခု ပြောချင်သကဲ့သို့ လက်မြှောက်လိုက်၏။
နောက်တစ်စက္ကန့်တွင် ကားတွဲအတွင်း ကြယ်များကဲ့သို့ မျက်စိကျိန်းလောက်အောင် တောက်ပသော ဖြူစင်သည့် အလင်းတန်း နှစ်ဆယ် ရုတ်တရက် လင်းလက်သွားခဲ့သည်။
ထို့နောက် အလင်းရောင်က လူတိုင်း၏ ပုံရိပ်များကို လွှမ်းခြုံသွားချေသည်။
ချန်ရွှဲသည် တဖြည်းဖြည်း ဖောက်ထွင်းမြင်နိုင်လာသော သူမ၏ လက်များကို ငုံ့ကြည့်လိုက်ရာ သူမ၏ နှုတ်ခမ်းများပေါ်တွင် သက်သာရာရသွားသော အပြုံးတစ်ခု ပေါ်လာရသည်။ မာရှောင်ထျောင်သည် တစ်ခုခု ပြောချင်သကဲ့သို့ ပါးစပ်ဟလိုက်၏။ ကျောက်ကန်းသည်လည်း ခါးမတ်ကာ ကျန်းယဲ့ကို စစ်ရေးအလေးပြုလိုက်ပေသည်။
နှုတ်ဆက်စကား မရှိသလို မလိုအပ်သော စိတ်လှုပ်ရှားမှုများလည်း မရှိချေ။
အဖြူရောင် အလင်းတန်း တစ်ချက် လင်းလက်သွားပြီး...
ကားတွဲမှာ တိတ်ဆိတ်သွားခဲ့သည်။
လွတ်နေသော ခုံများတွင် လွန်ခဲ့သော အချိန်အတန်ကြာက ကျဆင်းခဲ့သော နှင်းပွင့်အနည်းငယ်နှင့် ကျန်ရစ်နေသော နွေးထွေးမှုလေးသာ ရှိတော့ပြီး မီးရောင်အောက်တွင် ဖြည်းညှင်းစွာ အရည်ပျော်နေခဲ့သည်။
ဘတ်စ်ကားလေးက ဥမင်လိုဏ်ခေါင်း၏ အဆုံးဆီသို့ ဆက်လက် မောင်းနှင်သွားလေသည်။
ပြတင်းပေါက်အပြင်ဘက်တွင် အမှောင်ထုသာ ရှိနေဆဲဖြစ်ပြီး ခုလေးတင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက အချိန်မြစ်ကြောင်းရှည်ကြီးထဲက အိပ်မက်တစ်ခုသာ ဖြစ်ခဲ့သကဲ့သို့ပင်။
ကားတွဲအတွင်း ရွှေရောင်အလင်းတန်းတစ်ခုက စီးဆင်းနေသော အချိန်များကဲ့သို့ ကျန်းယဲ့၏ ခြေအောက်တွင် လွင့်မျောနေပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ညင်သာစွာ လွှမ်းခြုံသွားခဲ့သည်။
နောက်တစ်စက္ကန့်တွင် သူ၏ ရှေ့မှ ဟင်းလင်းပြင်မှာ အနည်းငယ် လိမ်ကောက်သွားလေသည်။ သူ မျက်လုံး ပြန်ဖွင့်လိုက်သောအခါ ပြတင်းပေါက်အပြင်ဘက်မှ နေရောင်ခြည်က စောင်း၍ ဝင်ရောက်လာရာ မသိစိတ်မှ အလိုအလျောက် မျက်လုံးမှေးလိုက်၏။
သူ ရီယဲ့ခရီးသွားအေဂျင်စီ၏ ဒုတိယထပ်ရှိ ပြတင်းပေါက်အနီးတွင် ရပ်နေခဲ့သည်။ ရင်းနှီးသော ပရိဘောဂများ၊ ရင်းနှီးသော အပူချိန်၊ လေထုထဲရှိ လက်ဖက်ရည် ရနံ့လေးပင်လျှင် သူ ထွက်ခွာသွားစဉ်ကနှင့် အတိအကျ တူညီနေ၏။
သို့သော် တစ်ခုခု ကွဲပြားနေသည်ဟု ကျန်းယဲ့ ခံစားနေရလေသည်။
သူ၏ ရင်ဘတ်မှာ လေးလံနေပြီး အေးစက်ကာ လေးလံသော နှင်းဖုံးနေသည့် တောင်များမှ လေပြင်းများ ပြည့်နှက်နေသကဲ့သို့ ဖြစ်နေခဲ့သည်။
ယခင်က မစ်ရှင်တစ်ခုမှ ပြန်လာပြီးတိုင်း သူသည် ဆိုဖာပေါ်သို့ သက်တောင့်သက်သာ ပစ်ချကာ ငွေဘယ်လောက် ရခဲ့သလဲဆိုတာကို တွက်ချက်နေတတ်လေသည်။
ဒါပေမဲ့ အခုတော့...
သူ၏ လက်က အိတ်ကပ်ထဲသို့ မသိစိတ်မှ အလိုအလျောက် ရောက်ရှိသွားပြီး သူ၏ လက်ဖျားများက မာကျောသော အရာဝတ္ထုတစ်ခုကို ထိမိသွားခဲ့သည်။ ၎င်းမှာ မနေ့ညက မအိပ်မီ တပ်ခွဲမှူးလီက သူတို့ တစ်ယောက်ချင်းစီကို ပေးခဲ့သော ငွေဒင်္ဂါးပြား ဖြစ်ပြီး ၎င်းမှာ သူတို့ တပ်ရင်းတစ်ခုလုံးတွင် ရှိသော ငွေဒင်္ဂါးပြား အားလုံးပင်။
နေရောင်က တောက်ပနေဆဲဖြစ်ပြီး အောက်ဘက် လမ်းမမှ ကားဟွန်းသံများကို ကြားနေရလေသည်။ ကျောင်းသားအချို့က ရယ်မော နောက်ပြောင်ကာ ဖြတ်လျှောက်သွားကြ၏။
အရာအားလုံးက ပုံမှန်လိုပင် ထင်ရသော်လည်း ဘဝတစ်ခုလုံး ပြီးဆုံးသွားသကဲ့သို့ ခံစားရသည်။
ကျန်းယဲ့သည် သူ၏ လက်ဖဝါးထဲရှိ ငွေဒင်္ဂါးပြားကို ငုံ့ကြည့်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်မှ နေရောင်ခြည်က မျက်စိကျိန်းလောက်အောင် တောက်ပလွန်းသည်ဟု ရုတ်တရက် ခံစားလိုက်ရ၏။
သူ လှည့်ကာ ကော်ဖီစားပွဲဆီသို့ လျှောက်သွားပြီး လက်ဖက်ရည်တစ်ခွက် ငဲ့ကာ သူ၏ ရင်ထဲမှ ဖော်ပြ၍မရနိုင်သော စိတ်ခံစားချက်များကို မျောချလိုက်သည်။
သူ၏ လက်ထဲတွင် လက်ဖက်ရည်ခွက်လေး အနည်းငယ် တုန်ယင်နေပြီး ရေပြင်က သူ၏ အနည်းငယ် နီရဲနေသော မျက်လုံးများကို ထင်ဟပ်နေခဲ့သည်။
အချို့သော ခရီးစဉ်များ၏ ခရီးဆုံးမှာ စတင်ရာနေရာသို့ ပြန်လည်ရောက်ရှိရန် မဟုတ်ဘဲ နှင်းဖုံးနေသော တောင်ပေါ်တွင် ထာဝရ ကျန်ရစ်ခဲ့သူများနှင့်အတူ သူတို့၏ အသက်များဖြင့် ရင်းနှီးဝယ်ယူခဲ့ရသော အနာဂတ်ကို အတူတကွ သက်သေခံရန် ဖြစ်ကြောင်း သူ ရုတ်တရက် သဘောပေါက်သွားရသည်။
ကျန်းယဲ့ ငွေဒင်္ဂါးပြားကို အံဆွဲထဲသို့ ထည့်လိုက်ချိန်တွင် အောက်ထပ်မှ တံခါးခေါက်သံ ကြားလိုက်ရ၏။
သူသည် သူ၏ နာကျင်နေသော မျက်လုံးများကို ပွတ်သပ်ပြီး အောက်ထပ်သို့ ဖြည်းညှင်းစွာ ဆင်းသွားလေသည်။
မှန်တံခါးမှတစ်ဆင့် သူသည် ဘေးအိမ်မှ စူပါမားကတ် ဖွင့်ထားသော အန်တီဝမ် ဖုန်းကို မြှောက်ကိုင်ထားပြီး သူ့ကို တံခါးဖွင့်ရန် စိုးရိမ်တကြီး လက်ဟန်ပြနေသည်ကို မြင်လိုက်ရ၏။
“အိုး... ရှောင်ကျန်း...” တံခါးဖွင့်လိုက်သည်နှင့် အန်တီဝမ်၏ ကျယ်လောင်သော အသံက ဟိန်းထွက်လာချေသည်။ “အိမ်မှာ ရှိနေရက်နဲ့ ဘာလို့ တံခါးမဖွင့်တာလဲ။ မင်း ခရီးသွားအေဂျင်စီကို ဘယ်လို ဆက်ဖွင့်မှာလဲ...”
ကျန်းယဲ့က အတင်း ပြုံးပြလိုက်၏။ “ကျွန်တော် အပေါ်ထပ်မှာ စာရင်းတွက်နေလို့ မကြားလိုက်တာပါ...”
အန်တီဝမ်က သူ့ကို သံသယဖြင့် အကဲခတ်ကြည့်လိုက်ပြီးနောက် သူမ၏ ဖုန်းကို သူ၏ မျက်နှာရှေ့သို့ ရုတ်တရက် ထိုးပေးလိုက်၏။ “မြန်မြန်... ငါ့မြေးက မင်းကို ကြည့်ချင်လို့တဲ့”
မျက်နှာပြင်ပေါ်တွင် မှဲ့ခြောက်များ ပြည့်နေသော မျက်နှာနှင့် အလယ်တန်း ကျောင်းသားတစ်ဦးက ကျန်းယဲ့ကို မျက်လုံးပြူးကာ စိုက်ကြည့်နေခဲ့သည်။
နောက်တစ်စက္ကန့်တွင်...
“အား.... တကယ် သူပဲဟ” ကောင်လေး၏ အော်သံက ဖုန်းထဲမှ ပေါက်ကွဲထွက်လာခေသည်။ “အဘွား.... သူပဲ... သူပဲ.... တစ်တော့မှာ အရမ်း နာမည်ကြီးနေတဲ့ အချိန်ခရီးသွားလမ်းညွှန်ပဲ....”
ကျန်းယဲ့ မတုံ့ပြန်နိုင်မီမှာပင် အန်တီဝမ်က သူမ၏ မြေးဖြစ်သူ၏ ညွှန်ကြားချက်ကို လိုက်နာကာ ဖုန်းကင်မရာဖြင့် သူ့ကို အပေါ်အောက် အကြိမ်အနည်းငယ် ရိုက်ကူးနေပြီ ဖြစ်သည်။
“အဘွား.... သူ့ကို နောက်ခရီးစဉ်အတွက် နေရာတစ်ခု မြန်မြန် တောင်းလိုက်...” ကောင်လေးက စိတ်လှုပ်ရှားစွာ အော်ဟစ်ပြီး လက်ခြေများကို ဝှေ့ယမ်းပြနေချေသည်။ “ကျွန်တော့် အတန်းဖော်ရဲ့ အန်တီရဲ့ အိမ်နီးချင်းရဲ့ ကောင်လေးက ပြီးခဲ့တဲ့ အခေါက်က ပါသွားတယ်... အရမ်း မိုက်တယ်တဲ့...”
အန်တီဝမ်က နားမလည်သော မျက်နှာဖြင့် ကျန်းယဲ့ဘက်သို့ လှည့်လာလိုက်သည်။ “ဘာနေရာလဲ.... ငါ့မြေးက မင်းရဲ့ ခရီးသွားအဖွဲ့မှာ ပါချင်တယ်လို့ ပြောနေတယ်...”
“အင်း...” ကျန်းယဲ့က အနေခက်စွာဖြင့် ခေါင်းကို ကုတ်လိုက်၏။ “နေရာတွေကို အွန်လိုင်းကနေပဲ ကြိုတင်စာရင်းပေးလို့ ရတယ်... အပြင်ကနေ မရဘူး။ ခရီးသွားအဖွဲ့မှာ ပါချင်ရင်တော့ အွန်လိုင်းကနေ ကြိုးစားပြီး ဝယ်ရလိမ့်မယ်”
မျက်နှာပြင်ပေါ်ရှိ ကောင်လေးမှာ ချက်ချင်း စိတ်ပျက်သွားပုံရလေသည်။ “အွန်လိုင်းကနေ စာရင်းပေးဖို့ ကြိုးစားနေတဲ့ လူတွေ အရမ်း များလွန်းတယ်... ကျွန်တော် မရဘူး... ဒါရိုက်တာကျန်း... ကျွန်တော် ခင်ဗျားဆီမှာ တိုက်ရိုက် စာရင်းပေးလို့ တကယ် မရဘူးလား။ ခင်ဗျားရဲ့ ခရီးသွားအဖွဲ့မှာ ပါဖို့အတွက် ကျွန်တော့် မုန့်ဖိုးတွေကို သုံးလတိတိ စုထားတာပါ....”
“တကယ် မရဘူးကွ....” ကျန်းယဲ့က ကောင်လေး၏ စိတ်ပျက်နေသော အမူအရာကို ကြည့်ကာ အားနာစွာ ပြောလိုက်၏။ “ကျွန်တော်တို့က စည်းမျဉ်းတွေကို လိုက်နာရမယ်... စည်းမျဉ်းတွေကို ချိုးဖောက်လို့ မရဘူးလေ”
အနီးနားတွင် နားထောင်နေသော အန်တီဝမ်က ဘာတွေဖြစ်နေလဲဆိုတာ နားလည်သွားပြီး နားမလည်နိုင်စွာ မေးလိုက်၏။ “ရှောင်ကျန်း... ဘာလို့ မင်းတို့ ခရီးသွားအဖွဲ့က အပြင်ကနေ တိုက်ရိုက် စာရင်းပေးလို့ မရတာလဲ။ မင်း မိဘတွေ ရှိတုန်းကတော့ အားလုံး အဆင်ပြေပါတယ်။ မင်း ဒီလို စီးပွားရေးလုပ်လို့ မရဘူးလေ....”
စကားပြောရင်း အန်တီဝမ်က လူငယ်ကို ဆုံးမစကားများ စတင် ပြောကြားလေတော့သည်။
ကျန်းယဲ့က မငြင်းဆန်ဘဲ မရှင်းပြဘဲ တိတ်ဆိတ်စွာ နားထောင်နေလိုက်၏။
သက်ကြီးရွယ်အိုတွေ.... သူတို့ နားမလည်နိုင်တဲ့ အရာတွေ ရှိပါတယ်။
မြေးဖြစ်သူနှင့် ဗီဒီယိုခေါ်ဆိုမှုကို ချလိုက်ပြီးနောက် အန်တီဝမ်က မနေနိုင်ဘဲ ပြောလိုက်၏။ “ရှောင်ကျန်း... ကြည့်လေ... ငါတို့က အိမ်နီးချင်းဟောင်းတွေပဲ။ ငါ့မြေးကို ကြားဖြတ်ပြီး ထည့်ပေးလို့ မရဘူးလား။ ငါတို့က ရွာတစ်ရွာတည်းသားတွေပဲကွယ်... ဒီလောက်တော့ မျက်နှာနာသင့်တယ် မဟုတ်ဘူးလား”
ကျန်းယဲ့ : "……"
“တကယ် မရလို့ပါဗျာ.... ” ကျန်းယဲ့က ခါးသီးစွာ ပြုံးလိုက်၏။ “ဒီအတွက် စည်းမျဉ်းတွေ ရှိပါတယ်။ ကျွန်တော် အခု စီမံခန့်ခွဲနေတဲ့ ခရီးသွားနေရာက တော်တော်လေး ထူးခြားတယ်။ အဲဒီမှာ သတ်မှတ်ချက်တွေ အများကြီး ရှိတယ်...”
အန်တီဝမ်က မျက်မှောင်ကြုတ်သွားခဲ့သည်။ “ဒါက ဘယ်လို အသုံးမကျတဲ့ ခရီးသွားနေရာလဲ... ထူးဆန်းတဲ့ စည်းမျဉ်းတွေ အများကြီးပဲ။ ဒီခရီးသွားနေရာက ပိုက်ဆံတောင် မရှာချင်ဘူးလား။ နင်က ပိုက်ဆံရှာဖို့ဆို ဘာမှ မသိပါလား....”
ကျန်းယဲ့က သဘောတူကြောင်း ခေါင်းညိတ်ပြပြီး ခရီးသွားနေရာ၏ ရယ်စရာကောင်းသော စည်းမျဉ်းများကို ဝင်ရောက် ညည်းတွားလိုက်၏။
သူမ ထွက်ခွာသွားစဉ် အန်တီဝမ်က ရေရွတ်နေလေသည်။ “ဒီခေတ်က လူတွေနဲ့ ခရီးသွားနေရာတွေက ပိုပိုပြီး ထူးဆန်းလာတယ်.... ပိုက်ဆံရှိရင်တောင် သွားချင်တိုင်း သွားမရပါလား... ”
မှန်တံခါး ပြန်ပိတ်သွားပြီး ကျန်းယဲ့သည် မနေနိုင်ဘဲ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်၏။
သူ လှည့်လိုက်သည်နှင့် သူ၏ နောက်မှ မှန်တံခါးမှာ ထပ်မံ တွန်းဖွင့်ခံလိုက်ရပြီး လေခေါင်းလောင်းလေး၏ ရှင်းလင်းသော အသံက တစ်ဖန် ထွက်ပေါ်လာပြန်သည်။
ထို့နောက် လင်ရှောင်နှင့် ချန်ချင်းတို့ တစ်ယောက်ပြီး တစ်ယောက် ဝင်လာကြလေသည်။
“ကျွန်တော်တို့ အပေါ်ထပ်မှာ စကားပြောကြတာပေါ့...” ကျန်းယဲ့က အတိုချုပ် ပြောလိုက်ပြီး “ယာယီ ပိတ်ထားသည်” ဟူသော ဆိုင်းဘုတ်ကို တံခါးပေါ်တွင် ပေါ့ပေါ့ပါးပါး ချိတ်ဆွဲလိုက်လေသည်။
ဒုတိယထပ်ရှိ ဧည့်ခန်းတွင် ကျန်းယဲ့က အံဆွဲထဲမှ ရွှေရောင် အနားကွပ်ထားသော အနက်ရောင် ကတ်ပြားကို ထုတ်ယူကာ ကော်ဖီစားပွဲ၏ ဆန့်ကျင်ဘက်သို့ တွန်းပေးလိုက်ပြီး ပြောလိုက်၏။ “ပိုင်ရှင်ဆီကို ပြန်ပေးပါတယ်”
လင်ရှောင်က မလှုပ်ရှားချေ။ ချန်ချင်းက ပြုံးကာ ပြောလိုက်သည်။ “သိမ်းထားလိုက်ပါ... နောက်ပိုင်း ခင်ဗျား လိုအပ်ကောင်း လိုအပ်လာလိမ့်မယ်”
ကျန်းယဲ့ ထပ်မငြင်းတော့ဘဲ လှည့်ကာ ကွန်ပျူတာမှ ငွေရောင် USB ဒရိုက်ကို ဖြုတ်လိုက်၏။ “တောင်ပေါ် ဝင်သွားကတည်းကနေ စခန်းကို ရောက်တဲ့အထိ အားလုံး အဲဒီထဲမှာ ရှိတယ်... တစ်ကွက်မှ မဖြတ်ထားဘူး”
ချန်ချင်းက USB ဒရိုက်ကို ယူလိုက်ပြီး သူ၏ လက်ဆွဲအိတ်ထဲသို့ ဂရုတစိုက် ထည့်လိုက်၏။
“ကျွန်တော် အကောင့်ထဲမှာ ဗီဒီယိုတချို့ တင်ချင်တယ်..” ကျန်းယဲ့က ရုတ်တရက် ပြောလေသည်။
“ပြဿနာ မရှိပါဘူး...” လင်ရှောင်က လိုလိုလားလား ပြန်ဖြေလိုက်၏။ “ဒီအရာတွေကို လူတွေ သိဖို့ ထိုက်တန်ပါတယ်”
လက်ဖက်ရည် ရနံ့များကြားတွင် တိတ်ဆိတ်မှုက ပျံ့နှံ့သွားခဲ့သည်။
ချန်ချင်းက မေးလိုက်၏။ “နောက် ခရီးစဉ်က ဘယ်ကိုလဲ။ ခရီးသွားနေရာ အသစ်လား... အဟောင်းလား”
“ကျွန်တော် မသိသေးဘူး” ကျန်းယဲ့က ခေါင်းခါလိုက်လေသည်။
နေရာကို သိရန် စနစ်က မစ်ရှင်ပေးမည့်အချိန်ကို သူလည်း စောင့်ရဦးမည် ဖြစ်၏။
ထိုနှစ်ဦး အချင်းချင်း ကြည့်လိုက်ကြပြီးနောက် နှုတ်ဆက်ရန် တိတ်တဆိတ် မတ်တပ်ရပ်လိုက်ကြလေသည်။
သူတို့ လှေကားခွင်သို့ ရောက်သောအခါ လင်ရှောင်က ရုတ်တရက် ပြန်လှည့်လာပြီး ပြောလိုက်ပြန်သည်။ “အဲဒီကတ်ကို ခင်ဗျား တကယ် နှမြောနေစရာ မလိုပါဘူး...”
ကျန်းယဲ့က သူ မှတ်သားထားကြောင်း ပြသသည့်အနေဖြင့် လက်ဝှေ့ယမ်းပြလိုက်၏။
အခန်း ၁၉၂ပြီး၏။