အခန်း ၁၉၃
Vol. 20 Ch. 193
အခန်း (၁၉၃) လူတိုင်း၏ ရင်ထဲမှ ခံစားချက်များ
ကျန်းယဲ့သည် ကွန်ပျူတာ မျက်နှာပြင်ကို စိုက်ကြည့်ရင်း လက်ချောင်းများက ကီးဘုတ်ပေါ်တွင် ခေါက်ကာ မုံ့ပေါ်တောင်မှ ရိုက်ကူးလာသော ဗီဒီယိုများကို တည်းဖြတ်နေခဲ့သည်။
ဗီဒီယိုထဲတွင် အသစ်စက်စက် အနွေးထည်များကို ဝတ်ဆင်ထားသော အနီရောင်တပ်မတော်စစ်သည်များက မီးပုံဘေးတွင် ခေတ်သစ်လူသားများ ပြောပြသော အနာဂတ်အကြောင်း ပုံပြင်များကို နားထောင်နေကြပြီး မီးရောင်က သူတို့၏ မျှော်လင့်ချက် ပြည့်နေသော မျက်နှာများပေါ်တွင် ထင်ဟပ်နေချေသည်။
ရုတ်တရက် ဝီချတ်အသိပေးသံ မြည်လာလေသည်။
ကျန်းထောင် - ‘ဒါရိုက်တာကျန်း.. ရှိလား....
ကျန်းယဲ့ သဲ့သဲ့လေး ပြုံးလိုက်၏။ ဒီကောင်က အရင်လိုပဲ ဆူဆူညံညံနဲ့ သွက်လက်နေတုန်းပဲ။
ကျန်းယဲ့ - ပြောလေ....
ကျန်းထောင် - ခင်ဗျားရဲ့ ပြီးခဲ့တဲ့ ကမ္ဘာပျက်ကပ် ခရီးသွားဗီဒီယိုက တကယ့်ကို အံ့သြစရာပဲ... ဒီတစ်ခါ မုံ့ပေါ်တောင်က ဗီဒီယိုလေးတချို့လောက် ပေးလို့ရမလား။ ဈေးကတော့ ညှိလို့ရပါတယ်...
ကျန်းယဲ့ တိုးတိုးလေး ရယ်မောလိုက်ပြီး ကီးဘုတ်ကို အမြန်ခေါက်လိုက်၏။
ကျန်းယဲ့ - ပိုက်ဆံပေးစရာ မလိုပါဘူး... ငါ ဗီဒီယိုဖိုင်တွေ ပို့ပေးလိုက်မယ်... မင်းဘာသာ တည်းဖြတ်လိုက်တော့
ကျန်းထောင် - ကျေးဇူးရှင်ကြီး.....
ထို့နောက် ဒူးထောက်ကာ ကျေးဇူးတင်နေသော အီမိုဂျီများ ဆက်တိုက် ဝင်လာလေသည်။
ကျန်းယဲ့ ခေါင်းခါလိုက်ပြီး အဓိက အကြောင်းအရာများ မပါဝင်သော ဗီဒီယိုဖိုင် အချို့ကို ပို့ပေးလိုက်သည်။
ကျန်းထောင် - ရပြီ... လောင်ကျန်း... စိတ်မပူနဲ့.... ဒါကို အရမ်းမိုက်တဲ့ဟာ ဖြစ်အောင် ကျွန်တော် သေချာပေါက် လုပ်ပေးမယ်.... ဒါနဲ့ နောက်တစ်ခါ အဖွဲ့လိုက် မဝယ်ခင် ကြိုပြောပေးလို့ ရမလား။ ကျွန်တော့်ရဲ့ ဖန်တွေ ရူးတော့မယ်...
ကျန်းယဲ့ - နောက်ထပ် ကြေညာချက်ကိုပဲ စောင့်ကြတာပေါ့...
ကျန်းထောင် - ကောင်းပြီ... လူကြည့်များတဲ့ ဗီဒီယိုတစ်ခု တည်းဖြတ်ပြီးတာနဲ့ ညစာကျွေးမယ်....
ကျန်းယဲ့ ချတ်မျက်နှာပြင်ကို ပိတ်လိုက်ပြီး သူ့ရှေ့ရှိ တည်းဖြတ်ခြင်း အလုပ်ကို ဆက်လက် အာရုံစိုက်လိုက်ပြန်သည်။
မျက်နှာပြင်ပေါ်တွင် ကျန်းရှောင်တောက်က ကင်မရာကို ကြည့်ကာ ပြုံးဖြီးနေပြီး သူ၏ အသစ်စက်စက် နှင်းဖိနပ်များပေါ်တွင် နေရောင်ခြည်က တောက်ပနေခဲ့သည်။
ကျန်းယဲ့၏ လက်ချောင်းက ဖျက်ရန်ခလုတ်ပေါ်တွင် ခေတ္တမျှ ရပ်တန့်နေသော်လည်း နောက်ဆုံးတွင် ညင်သာစွာ ဖယ်ရှားလိုက်၏။
ထို့နောက် ကျန်းယဲ့သည် တင်ရန် ခလုတ်ကို နှိပ်လိုက်ပြီး တည်းဖြတ်ထားသော မုံ့ပေါ်တောင် ဗီဒီယိုကို ရီယဲ့ ခရီးသွားအေဂျင်စီ၏ တိုရင်အကောင့်သို့ တင်လိုက်လေသည်။
ဗီဒီယို မျက်နှာဖုံးတွင် ထွက်ပြူလာသော နေမင်းအောက်၌ ဝေးကွာသွားသော အနီရောင်တပ်မတော် စစ်သည်များ၏ ပုံရိပ်ကို ပြသထားပြီး သူတို့၏ လိမ္မော်ရောင်အနွေးထည်များက နှင်းပြင်ပေါ်တွင် ထင်ရှားနေခဲ့သည်။
ဆယ်မိနစ်အတွင်းမှာပင် မှတ်ချက်ပေးသည့် နေရာတွင် ပွက်လောရိုက်သွားလေသည်။
[အင်တာနက် အသုံးပြုသူ ၁] - စစ်သည်တွေ သူတို့ရဲ့ ဝါဂွမ်းအင်္ကျီသစ်တွေကို ထိကြည့်နေတာကို မြင်ရတော့ ကျွန်တော် အရူးတစ်ယောက်လို ငိုမိတယ်...
[အင်တာနက် အသုံးပြုသူ ၂] - နောက်ဆုံးမှာ အဲဒီ စစ်သည်လေး လှည့်ပြီး ပြုံးလိုက်တဲ့ အခိုက်အတန့်က ကျွန်တော့်ကို လုံးဝ လွှမ်းမိုးသွားတယ်ဗျာ...
[အင်တာနက် အသုံးပြုသူ ၃] - အာဇာနည်တွေကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်.... ခင်ဗျားတို့ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေသာ မရှိခဲ့ရင် ဒီနေ့ ကျွန်တော်တို့ ခံစားနေရတဲ့ ငြိမ်းချမ်းပြီး ကြီးပွားချမ်းသာတဲ့ ကမ္ဘာကြီး ရှိလာမှာ မဟုတ်ပါဘူး....
[အင်တာနက် အသုံးပြုသူ ၄] - အီးး.... ဒါက အရမ်း ရင်ကွဲဖို့ ကောင်းတယ်... ဝါး... ကျွန်မ မခံနိုင်တော့ဘူး... တကယ်ကို မခံနိုင်တော့ဘူး...
[အင်တာနက် အသုံးပြုသူ ၅] - ကျွန်တော့်ရဲ့ ဘိုးဘေးတွေက ရှည်လျားတဲ့ခရီးစဉ်မှာ အသက်စွန့်ခဲ့ရတယ်။ စစ်သည်တွေ ကြိတ်သိပ်ထားတဲ့ ဘီစကွတ်တွေကို ခွဲဝေစားသောက်နေတဲ့ မြင်ကွင်းကို ကြည့်ပြီး ကျွန်တော် မျက်ရည်မဆည်နိုင်ဘူး ဖြစ်နေရတယ်...
[အင်တာနက် အသုံးပြုသူ ၆] - ကျေးဇူးပြုပြီး ဒါရိုက်တာကျန်း... စာရင်းပေးတာကို ဖွင့်ပေးပါ... ကျွန်တော့် အဘိုးက အနီရောင်တပ်မတော်က စစ်မှုထမ်းဟောင်း တစ်ယောက်ပါ... သူ့ကိုယ်စား ကျွန်တော်သွားပြီး ရဲဘော်တွေကို ကြည့်ချင်လို့ပါ....
[အင်တာနက် အသုံးပြုသူ ၇] - နှင်းထဲမှာ ရပ်ပြီး အလေးပြုနေတဲ့ အဲဒီပုံရိပ်တွေ.... သွေးနဲ့ အသားကို သုံးပြီး တောင်တန်းတွေနဲ့ မြစ်တွေကို တည်ဆောက်တယ်ဆိုတဲ့အဓိပ္ပာယ်ကို ကျွန်တော် ရုတ်တရက် နားလည်သွားတယ်....
[အင်တာနက် အသုံးပြုသူ ၈] - ဒါက ခရီးသွား ဗီဒီယို လုံးဝ မဟုတ်ဘူး... အသက်ဝင်ဆုံး သမိုင်းသင်ခန်းစာ တစ်ခုပဲ...
[အင်တာနက် အသုံးပြုသူ ၉] - ကျေးဇူးပြုပြီး နောက်ထပ် အဖွဲ့တစ်ခု ဖွဲ့ပေးပါ.... ကျွန်တော် သွားချင်တယ်.... ကျွန်တော် သူတို့ကို ထောက်ပံ့ရေး ပစ္စည်းတွေ သွားပို့ပေးမယ်..... ဂျပန်မကောင်းဆိုးဝါးတွေကို အနိုင်ယူဖို့ သူတို့ကို ကူညီပေးမယ်...
ကျန်းယဲ့သည် မှတ်ချက်များကို ပွတ်ဆွဲကြည့်နေရင်း သူ၏ လက်ချောင်းက မှတ်ချက်တစ်ခုပေါ်တွင် ရပ်တန့်သွားခဲ့သည်။
အင်တာနက် အသုံးပြုသူတစ်ဦးက ကျန်းရှောင်တောက်၏ အနီးကပ်ပုံတစ်ပုံကို တင်ကာ စာသားရေးထား၏။ "ဒီရဲဘော်လေး နောက်ပိုင်း ဘယ်လိုဖြစ်သွားလဲ..."
ကျန်းယဲ့သည် မျက်နှာပြင်ကို စိုက်ကြည့်နေပြီး အပြာရောင်အလင်းတန်းက သူ၏ မျက်နှာပေါ်တွင် တဖျပ်ဖျပ် တောက်ပနေသော အရိပ်များကို ကျရောက်နေစေလေသည်။
သူ၏ လက်ချောင်းများက ကီးဘုတ်ပေါ်တွင် အချိန်အကြာကြီး ရပ်ဝဲနေသော်လည်း နောက်ဆုံးတွင် ထိုနာမည်ကို ရိုက်ထည့်ရန် သူ့မှာ သတ္တိမရှိခဲ့ချေ။
ကြီးမားကျယ်ပြန့်လှသော သမိုင်းမှတ်တမ်းများကြားတွင် ကျန်းရှောင်တောက်ဆိုသည့် နာမည်က ဘယ်သောအခါမှ မှတ်တမ်းတင်ခံရမည် မဟုတ်ပေ။
အထူဆုံး သမိုင်းစာအုပ်များကပင် သူတို့ လာခဲ့ကြတယ်... တိုက်ပွဲဝင်ခဲ့ကြတယ်.... ပြီးတော့ အဲဒီ ဆောင်းရာသီမှာပဲ ထာဝရ ကျန်ရစ်ခဲ့ကြတယ်ဆိုသည့် စာကြောင်းတစ်ကြောင်းဖြင့်သာ အကျဉ်းချုပ်နိုင်လောက်အောင် သူတို့လို မထင်မရှား သူရဲကောင်းတွေ အများကြီး ရှိနေခဲ့၏။
ဟိုင်ရှီတောင်ထွတ် တောင်တက်ကလပ်....
နှစ်မိနစ်ခန့် ပျောက်ကွယ်သွားခဲ့သော ကျိုးကျွင်းသည် အဖြူရောင် အလင်းတန်း တစ်ချက်နှင့်အတူ လူတိုင်း၏ မြင်ကွင်းထဲသို့ ပြန်လည် ရောက်ရှိလာလေသည်။
သူ ပြန်ရောက်လာသည်နှင့် အဖွဲ့ဝင်များက သူ့ကို စိတ်လှုပ်ရှားစွာဖြင့် မေးခွန်းများ မေးကြတော့၏။
“လောင်ကျိုး...”
“နည်းပြ...”
အဖွဲ့ဝင် တစ်ဒါဇင်ခန့်က သူ့ကို ချက်ချင်း ဝိုင်းအုံသွားကြသည်။
“အချိန်ခရီးသွားရတာ ဘယ်လိုနေလဲ...”
“အနီရောင် တပ်မတော်ကို တွေ့ခဲ့ရလား”
“အဲဒီတုန်းက နှင်းတောင်တွေက အခုခေတ်နဲ့ ဘယ်လို ကွာခြားလဲ....”
“အဲဒီတုန်းက နှင်းတောင်တွေက အခုထက် ပိုအန္တရာယ်များတယ်လို့ ကြားတယ်... တကယ်ပဲလား”
လောင်ကျိုးသည် သူ၏ မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ကာ မလှုပ်မယှက် ရပ်နေလေသည်။
“နည်းပြ....” လူငယ် အဖွဲ့ဝင် ရှောင်လင်က သူ၏ မျက်စိရှေ့တွင် လက်ဝှေ့ယမ်းလိုက်၏။ “ဘာဖြစ်သွားတာလဲ...”
ရုတ်တရက် လေ့ကျင့်ရေး ခန်းမ၏ သစ်သားကြမ်းပြင်ပေါ်သို့ ရေစက်များ ကျလာခဲ့သည်။
ထိုအချိန်မှသာ လောင်ကျိုးသည် သူ၏ မျက်နှာကို ကြမ်းတမ်းသော လက်များဖြင့် အုပ်ထားပြီး လက်ချောင်းများကြားမှ မျက်ရည်များ စီးကျနေသည်ကို လူတိုင်း သတိပြုမိသွားကြရသည်။
“အရမ်း ခက်ခဲလွန်းတယ်...” လောင်ကျိုး၏ အသံက အလွန်ဝေးကွာသော နေရာတစ်ခုမှ လာနေသကဲ့သို့ ဖြစ်နေပေသည်။ “သူတို့ရဲ့ ခရီးစဉ်က အရမ်း... အရမ်းက်ု ခက်ခဲလွန်းတယ်... ”
လေ့ကျင့်ရေး ခန်းမသည် ချက်ချင်း တိတ်ဆိတ်သွားရသည်။
မည်သူမျှ ထပ်မမေးကြတော့ချေ။
အဖွဲ့ဝင်အားလုံး ငြိမ်သက်စွာ ရပ်နေကြပြီး ပခုံးများ အနည်းငယ် တုန်ယင်နေသော သူတို့၏ ကြံ့ခိုင်သည့် နည်းပြကို ကြည့်နေကြ၏။
ရှန်းကျန်းရှိ ဆေးရုံတစ်ရုံ....
ဌာန၏ အနားယူခန်းတွင် သူနာပြုတစ်ဦးက ခေါင်းငုံ့ကာ မက်ဆေ့ချ် ရိုက်နေပြီး သူမ၏ ဌာနမှ ဆရာဝန်များ အချိန်ခရီးသွား နေရာတစ်ခုကို ဘယ်လို ရသွားလဲဆိုတာ သူငယ်ချင်းများကို မျှဝေနေလေသည်။
သူမ မက်ဆေ့ချ် ပို့လိုက်သည်နှင့် သူမ၏ ဖုန်းက အကြောင်းပြန်စာများဖြင့် ချက်ချင်း မြည်လာခဲ့သည်။
သူနာပြုက တတိယလူကို အကြောင်းပြန်နေစဉ် မျက်စိကျိန်းလောက်အောင် တောက်ပသော အဖြူရောင် အလင်းတန်းက ထပ်မံ လင်းလက်သွားပြီး ပျောက်ကွယ်သွားခဲ့သော ဒေါက်တာလီ ပြန်လည် ရောက်ရှိလာခဲ့သည်။
“ဒေါက်တာလီ...” သူနာပြုက သူမ၏ ဖုန်းကို အံ့သြစွာ ချလိုက်၏။ “ပြန်ရောက်လာပြီပဲ...”
သို့သော် လီမင်၏ မှိုင်းညို့နေသော မျက်လုံးများနှင့် ဆုံလိုက်ရချိန်တွင် သူမ မျက်နှာပေါ်ရှိ အပြုံးမှာ တောင့်တင်းသွားရသည်။
လီမင်က ပြတင်းပေါက်အနီးတွင် ရပ်နေပြီး မှန်ကို ဖြတ်သန်းလာသော နေရောင်ခြည်က သူ့အပေါ် ကျရောက်နေသော်လည်း သူ၏ ရင်ထဲရှိ လေးလံသော အအေးဓာတ်ကိုတော့ မဖယ်ရှားပေးနိုင်ခဲ့ချေ။
“အဆင်ပြေရဲ့လား...” သူနာပြုက သတိကြီးစွာ မေးလိုက်၏။
လီမင်က ခေါင်းခါလိုက်ပြီး သူ၏ အကြည့်များက ပြတင်းပေါက်အပြင်ဘက် မြက်ခင်းပြင်ပေါ်တွင် ရယ်မော နောက်ပြောင်နေကြသော လူနာရှင်များအပေါ်သို့ ကျရောက်သွားလေသည်။
ထိုတက်ကြွသော အပြုံးမျက်နှာများက ယာယီ လူနာထမ်းစင်များပေါ်တွင် လဲလျောင်းနေခဲ့သော အပြစ်ကင်းစင်သည့် မျက်နှာများနှင့် ထပ်တူကျသွားခဲ့သည်။
“ဘာမှမဖြစ်ပါဘူး...” ၎င်းက သူ အနိုင်နိုင် ပြောနိုင်ခဲ့သော စကားသာ....
သူတို့ နှစ်ယောက်တည်း ဤသို့ စိတ်ဓာတ်ကျနေခြင်း မဟုတ်ချေ။
ပြန်ရောက်လာချိန်တွင် ဤခရီးစဉ်၌ ပါဝင်ခဲ့သော အဖွဲ့ဝင်အားလုံးက တူညီသော တိတ်ဆိတ်မှုထဲသို့ ကျရောက်သွားကြရသည်။
အောင်ပွဲခံ အော်ဟစ်သံများ မရှိသလို ကြွားလုံးထုတ်မှုများလည်း မရှိချေ။ ဤအချိန်ခရီးသွားခြင်းမှ လူတိုင်းကို ချန်ရစ်ခဲ့သည်မှာ ဖော်ပြ၍မရနိုင်သော လေးလံမှုတစ်ခုသာ ဖြစ်၏။
ကျန်းချန်ရှိ တိုက်ခန်းတစ်ခု...
ဧည့်ခန်းထဲတွင် ကျန်းဝေ့နှင့် လင်းယွီတို့ဟာ ဆိုဖာပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေကြပြီး အပြင်ဘက်ရှိ နီယွန်မီးများက မှန်ကို ဖြတ်သန်းကာ ကြမ်းပြင်ပေါ်တွင် အစက်အပြောက် အရိပ်များကို ကျရောက်နေစေခဲ့သည်။
နောက်ခဏ၌ ဖုန်းမျက်နှာပြင် လင်းလာပြီး တိုရင်မှ အသိပေးချက် တစ်ခု ပေါ်လာသည်။ ရီယဲ့ခရီးသွားအေဂျင်စီက ဗီဒီယိုအသစ်တစ်ခု တင်လိုက်သည်....
လက်ချောင်းဖြင့် ညင်သာစွာ ပွတ်ဆွဲလိုက်ရာ မုံ့ပေါ်တောင်၏ မြင်ကွင်းက မျက်စိရှေ့တွင် တစ်ဖန် ပြန်လည် ပေါ်လာလေသည်။
မီးပုံဘေးတွင် ကျန်းရှောင်တောက်က ကြိတ်သိပ်ထားသော ဘီစကွတ်တစ်ခုကို ကိုင်ထားပြီး ပြုံးနေသဖြင့် မျက်လုံးများက လခြမ်းကွေးလေးများအဖြစ် ပြောင်းနေခဲ့သည်။
အသစ်စက်စက် ဝါဂွမ်းအင်္ကျီကို ခြုံထားသော အဘ်ုးကြီးစွန်းက အင်္ကျီ၏ အတွင်းသားကို သူ၏ ကြမ်းတမ်းသော လက်ချောင်းများဖြင့် ဂရုတစိုက် ပွတ်သပ်နေ၏။ ကင်းစောင့်နေသော စစ်သည်ကလည်း လေပြင်းနှင့် နှင်းများကြားတွင် မတ်မတ်ရပ်ကာ အလေးပြုနေချေသည်...
ထိုအချိန်၌ လင်းယွီ၏ မျက်ရည်များက တိတ်ဆိတ်စွာ စီးကျလာပြီး ဖုန်းမျက်နှာပြင်ပေါ်သို့ ကျရောက်သွားလေသည်။
ကျန်းဝေ့ အသက်ပြင်းပြင်း ရှူလိုက်ရာ သူ၏ လက်ချောင်းများ အနည်းငယ် တုန်ယင်နေခဲ့သည်။
ထိုနှစ်ဦး အချင်းချင်း ကြည့်လိုက်ကြပြီးနောက် စကားတစ်ခွန်းမှ မပြောဘဲ တိတ်ဆိတ်စွာ မတ်တပ်ရပ်ကာ ကွန်ပျူတာဆီသို့ လျှောက်သွားလိုက်ကြသည်။
ကျန်းဝေ့သည် မီဒီယာ လိုင်ဘရီကို ဖွင့်လိုက်၏။ သူရိုက်ကူးထားသော ဗီဒီယိုများက ကျန်းယဲ့၏ ဗီဒီယိုများထက် ပိုမို ရှင်းလင်းပြီး ပရော်ဖက်ရှင်နယ် ဆန်ပေသည်။
စစ်သည်များ နှင်းဖိနပ်ကို ပထမဆုံး စီးလိုက်ရချိန်က အံ့သြနေသည့် အမူအရာများ၊ ဒဏ်ရာရသူများ၏ နှင်းကိုက်နာများကို ကုသပေးနေစဉ် ဒေါက်တာလီမင်၏ အာရုံစိုက်နေသော မျက်နှာဘေးတိုက် မြင်ကွင်း၊ ကျန်းရှောင်တောက်ကို အပူပေးအိတ်များ မည်သို့ အသုံးပြုရမည်ကို ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ သင်ပေးနေသည့် ချန်ရွှဲ၏ နူးညံ့သော အခိုက်အတန့်...
တည်းဖြတ်ဆော့ဖ်ဝဲလ်မှ အလင်းရောင်က သူတို့၏ မျက်နှာများကို လင်းထိန်နေစေခဲ့သည်။ ကျန်းဝေ့၏ လက်ချောင်းများက ကီးဘုတ်ပေါ်တွင် လှုပ်ရှားနေပြီး လင်းယွီက အသေးစိတ် အချက်အလက်များကို တိတ်တဆိတ် သတိပေးနေ၏။
“ဒီအပိုင်း...” လင်းယွီက မျက်နှာပြင်ကို လက်ညှိုးထိုးပြလိုက်သည်။ “တပ်စုမှူးကြီးက ပြောတယ်.... ကျွန်တော်တို့ နိုင်တဲ့အခါ ဒီကောင်းမွန်တဲ့ ဘဝကို ကိုယ်တိုင် ကိုယ်ကျ မြင်တွေ့ရမယ်... တဲ့”
ကျန်းဝေ့က ခေါင်းညိတ်လိုက်ပြီး ဗီဒီယိုကို အနှေးပြကွက်လုပ်ကာ နက်ရှိုင်းသော စန္ဒရားတေးသွားတစ်ခုကို ပေါင်းထည့်လိုက်လေသည်။
ထို့နောက် ဗီဒီယိုကို တစ်နာရီအကြာတွင် တင်လိုက်၏။
ကျန်းဝေ့၏ တိုရင်အကောင့်ဖြစ်သော Extreme Zhang တွင် ပို့စ်အသစ်တစ်ခု တက်လာလေသည်။ [အေဒီ၁၉၃၅ .... နှင်းတောင်၏ အပူချိန် .... မမေ့သင့်သော ခရီးစဉ်တစ်ခု]
ဖန်သုံးသန်း၏ ဖုန်းများ တစ်ပြိုင်နက်တည်း လင်းလာခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် ဧည့်ခန်းထဲတွင် ကျန်းဝေ့နှင့် လင်ယွီတို့သည် တိတ်ဆိတ်စွာ ပွေ့ဖက်ထားကြပြီး စည်ကားနေသော မြို့တော်ကို ကြည့်ကာ သူတို့၏ နှလုံးသားထဲတွင် ဖော်ပြ၍မရနိုင်သော စိတ်ခံစားချက်များ ပြည့်နှက်နေလေသည်။
ဤကြီးပွားချမ်းသာပြီး ဂုဏ်ကျက်သရေရှိသော ခေတ်ကာလက နှင်းဖုံးနေသော တောင်ပေါ်မှ စစ်သည်များ သူတို့ ဘဝတစ်လျှောက်လုံး မြင်တွေ့ချင်ခဲ့သော အရာပင်။
အခန်း ၁၉၃ပြီး၏။