← Chapters

အခန်း ၁၉၈

Vol. 20 Ch. 198

အခန်း ၁၉၈

Vol. 20 Ch. 198

အခန်း (၁၉၈) ကပ်ဘေးခေတ် အင်မော်တယ်ရာချီမြို့တော်

​သံပြားပေါ်မှ ငါးကင်က တစီစီမြည်နေသော်လည်း လူခုနစ်ယောက်က တူကိုပင် မကိုင်နိုင်ဘဲ တက်ကြွစွာ ဆွေးနွေးနေခဲ့ကြသည်။

​"အင်မော်တယ်ရာချီမြို့ဆိုတဲ့ နာမည်က ကျင့်ကြံခြင်းလောကနဲ့ သက်ဆိုင်တာ သေချာတယ်။ အင်မော်တယ်မြို့လေ... အဲဒီနေရာက တိမ်တိုက်တွေနဲ့ မြူခိုးတွေ ဖုံးလွှမ်းနေပြီး ဓားပျံစီးလို့ရမယ့် နေရာမျိုး ဖြစ်ရမယ်" ဖန်ကောင်းချန်က ခန့်မှန်းလိုက်၏။

​"အဲဒီလိုတော့လည်း မဟုတ်လောက်ဘူး" ကျန်းခိုင်က ဘီယာတစ်ငုံ သောက်လိုက်ပြီး သဘောမတူစွာ ခေါင်းခါလိုက်၏။ "ကပ်ဘေးခေတ်လို့ ခေါ်တဲ့ ကျင့်ကြံခြင်းလောကက မြို့တစ်မြို့လား။ တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်ခဲ့တဲ့ပုံပဲ။ ငါထင်တာကတော့ ကျင့်ကြံခြင်းလောက ပျက်စီးသွားပြီးနောက်က ကမ္ဘာပျက်မြင်ကွင်းမျိုး ဖြစ်မယ်..."

​"လက်မှတ်တွေကို မနက် ၃ နာရီမှာ ရောင်းမယ်တဲ့...." ချောင်ဝမ်ပေါ်က သူ့ဖုန်းကို စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်လေသည်။ "ဒါရိုက်တာကျန်းက အရင်က ဒီလို အဆင်မပြေတဲ့ အချိန်မျိုး တစ်ခါမှ မသတ်မှတ်ဖူးဘူး... သေချာပေါက် တစ်ခုခု မှားနေပြီ"

​"ဈေးနှုန်းက ပိုပြီးတောင် အဓိပ္ပာယ်မရှိသေးတယ်" ကန်ချန်က လက်ချိုးရေတွက်လိုက်၏။ "ပြီးခဲ့တဲ့ ကမ္ဘာပျက်ခေတ် ၇ ရက်ကို ယွမ် ၁၂,၀၀၀ ပဲ ရှိတယ်။ ဒီတစ်ခါ နေ့တစ်ပိုင်းခရီးစဉ်လေးကို ယွမ် ၁၀,၀၀၀ တဲ့လား။ တန်ကြေးက ထိုးတက်သွားတာပဲ...."

​ဖုန်းယိမင်က မျက်လုံးကို ကျဉ်းလိုက်၏။ "ဈေးကြီးရတဲ့ အကြောင်းရင်းတော့ ရှိရမယ်။ အရမ်း အန္တရာယ်များလို့ ဒါမှမဟုတ် အရမ်း တန်ဖိုးကြီးလို့ ဖြစ်မယ်... ဒါမှမဟုတ် နှစ်ခုစလုံးပေါ့..."

​ဝူကျဲက ရုတ်တရက် အသံနှိမ့်လိုက်လေသည်။ "အထူးဆန်းဆုံးက ဒီတစ်ခါ အစစ်အမှန် မြင်ကွင်း ဓာတ်ပုံတစ်ပုံတောင် မပါတာပဲ။ ဒါရိုက်တာကျန်းက အရင်တုန်းက အကြိုဗီဒီယိုလေးတွေ မထုတ်ပြန်ဘဲ ဘယ်တုန်းက နေဖူးလို့လဲ...."

​"သတိပေးချက်တွေက တကယ်ကို ထူးဆန်းတယ်" ကျန်းထောင်က မေးစေ့ကို ပွတ်ရင်း ပြောလိုက်လေသည်။ "အရင်တုန်းကဆို အန္တရာယ် အနည်းငယ် ရှိနိုင်တယ်လို့လောက်ပဲ အများဆုံး ပြောတာလေ.... ဒါပေမဲ့ ဒီတစ်ခါတော့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကို လုံးဝ မလာဖို့ ပြောထားတာ မျက်နှာပေါ်မှာ လူသေနိုင်တယ်လို့ ရေးထားသလိုပဲ"

​လူခုနစ်ယောက်မှာ စကားပြောလေ ပို၍ စိတ်လှုပ်ရှားလာလေဖြစ်ကာ ဘေးဝိုင်းမှ လူများ၏ အကြည့်များကို မကြာခဏ ဆွဲဆောင်နေမိလေသည်။

​ငါးကင်မှာ အေးစက်သွားပြီး ဘီယာအမြှုပ်များလည်း ပျောက်ကွယ်သွားသော်လည်း မည်သူကမျှ စားသောက်ရန် ဂရုမစိုက်ကြချေ။

​"မင်းတို့တွေးကြည့်လေ..." ဖန်ကောင်းချန်က ရုတ်တရက် ရူးသွပ်သော အတွေးတစ်ခု ရလာခဲ့သည်။ "ဒါက အင်မော်တယ်ရာချီ ကျဆုံးခြင်းဇာတ်ကွက်မျိုးများ ဖြစ်နေမလား... မြို့တစ်ခုလုံး နတ်ဘုရားတွေရဲ့ အလောင်းတွေနဲ့ ပြည့်နေတာမျိုးလေ.."

​"သောက်ကျိုးနည်း... ငါ့ကို လာမခြောက်နဲ့ဟ" ကျန်းခိုင်က တုန်ယင်သွားရသည်။ "ဒါက ဇွန်ဘီတွေထက်တောင် ပိုဆိုးသေးတယ်နော်...."

​ချောင်ဝမ်ပေါ်မှာ စဉ်းစားခန်း ဝင်နေပုံရလေသည်။ "တကယ်လို့ နတ်ဘုရားတွေ စစ်ခင်းခဲ့တဲ့ အပျက်အစီးနေရာသာ ဆိုရင်တော့ တစ်ချက်လောက် သွားကြည့်ရဖို့ ယွမ် ၁၀,၀၀၀နဲ့ အလကားရလိုက်သလိုပဲ..."

​အငြင်းပွားနေကြစဉ် ကျန်းထောင်က သူ့ဘဏ်အကောင့်ထဲမှ လက်ကျန်ငွေကို စစ်ဆေးရန် မိုဘိုင်းလ်ဘဏ်စနစ်ကို တိတ်တဆိတ် ဖွင့်လိုက်လေသည်။ ယင်းကိုမြင်သောအခါ ကျန်ခြောက်ယောက်ကလည်း သူတို့၏ ဖုန်းများကို ကိုယ်စီ ထုတ်လိုက်ကြ၏။

​ထို့နောက် မနက် ၃ နာရီအတွက် နှိုးစက် ပေးထားလိုက်ကြသည်။

​"သွားကြမယ်... ဟိုတယ်အခန်း တစ်ခန်း သွားယူရအောင်..." ကျန်းခိုင်က နောက်ဆုံး ကျန်နေသော ဘီယာတစ်ငုံကို မော့သောက်လိုက်ပြီး ကျန်ခြောက်ယောက်ကို ခေါ်လိုက်၏။ "ဒီတစ်ခါ ငါတို့ ခုနစ်ယောက် အတူတူ လုကြမယ်... ဘယ်သူ အမြန်ဆုံးလဲဆိုတာ ကြည့်ကြတာပေါ့"

​ကျန်ခြောက်ယောက်က ချက်ချင်း တုံ့ပြန်လိုက်ကြပြီး ခုနစ်ယောက်သား ဘေလ်ကို အမြန်ရှင်းကာ အနီးနားရှိ အဈေးကြီးဆုံး ကြယ်ငါးပွင့်ဟိုတယ်ဆီသို့ တန်းတန်းမတ်မတ် ထွက်သွားလိုက်ကြသည်။

​ဧည့်ကြိုကောင်တာမှ ဝန်ထမ်းမလေးမှာ ငိုက်မျဉ်းနေစဉ် ဗလတောင့်တောင့် လူခုနစ်ယောက် အတင်းဝင်လာသည်ကို ရုတ်တရက် မြင်လိုက်ရသဖြင့် ချက်ချင်း အိပ်ချင်ပြေသွားလေသည်။

​"သီးသန့်အခန်းကျယ် တစ်ခန်း ယူမယ်" ချောင်ဝမ်ပေါ်က သူ၏ ဘဏ်ကတ်ကို စကျင်ကျောက် ကောင်တာပေါ်သို့ ပုတ်ချလိုက်ပြီး ဆက်ပြောလိုက်သည်။ "ပြီးတော့ ကော်ဖီ ခုနစ်ခွက် လာပို့ပေးပါ..."

​ဧည့်ကြိုဝန်ထမ်းမလေးက ဘဏ်ကတ်ကို ယူလိုက်ပြီး သူမ၏ မျက်လုံးများက လူခုနစ်ယောက်ကို မသိမသာ ဝေ့ကြည့်လိုက်၏။ "အခန်းတစ်ခန်းတည်းလားရှင်.."

​"ဟုတ်တယ်..." လူခုနစ်ယောက်က တစ်ပြိုင်နက်တည်း ပြန်ဖြေလိုက်ကြလေသည်။

​မိန်းကလေးမှာ ကီးဘုတ်ပေါ်တွင် ခေတ္တရပ်တန့်သွားပြီး သူတို့ကို တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ကြည့်ကာ နောက်ဆုံးတွင် တိတ်တဆိတ် စာရင်းသွင်းပေးလိုက်လေသည်။

​လူခုနစ်ယောက် ပခုံးဖက်လျက် ဓာတ်လှေကားထဲ ဝင်သွားပြီးနောက် သူမက လုပ်ဖော်ကိုင်ဖက်ဖြစ်သူ၏ အင်္ကျီလက်ကို ချက်ချင်း ဆွဲလိုက်လေသည်။ "ဟဲ့... နင် မြင်လိုက်လား။ ယောကျ်ားကြီး ခုနစ်ယောက် သန်းခေါင်ယံကြီး အခန်းတစ်ခန်းတည်း လာယူကြတာ...."

​လုပ်ဖော်ကိုင်ဖက်မလေး၏ မျက်လုံးများ အရောင်လက်သွားလေသည်။ "ဒါများ... ဟိုဟာတွေလား.."

​"သေချာတာပေါ့..." ဧည့်ကြိုမလေးက တိုးတိုးပြောလိုက်၏။ "အင်္ကျီအမည်းနဲ့ တစ်ယောက်က သူ့ဘေးက မျက်မှန်နဲ့ တစ်ယောက်ရဲ့ ခါးကို ဖက်ထားတာ နင် သတိထားမိလား..."

​သူတို့နှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အတင်းပြောချင်သည့် အပြုံးများ တစ်ပြိုင်နက်တည်း ပေါ်လာခဲ့ကြသည်။

​"ရဲခေါ်လိုက်ရမလား... ဒီလူ ခုနစ်ယောက် အရှိန်လွန်ပြီး တစ်ခုခုဖြစ်သွားရင်ကော ဘယ်လိုလုပ်မလဲ။ ဒါဆို ငါတို့ ဟိုတယ်အတွက် မကောင်းဘူးလေ..."

​"နင် ရူးနေလား။ ခုနက ကတ်ထုတ်ပေးတဲ့သူက ငါတို့ဟိုတယ်ရဲ့ VVIP ဆိုတာ နင် မမြင်ဘူးလား...." ဧည့်ကြိုမလေးက ကျန်တစ်ယောက် ရဲခေါ်မည့်အလုပ်ကို အမြန်တားလိုက်ရသည်။ "ဒါက ငါတို့ရဲ့ ခန့်မှန်းချက်သက်သက်ပဲလေ။ အကယ်လို့ ငါတို့ထင်တာ မှားပြီး ဧည့်သည်ကြီးကို စော်ကားသလို ဖြစ်သွားရင် ငါတို့နှစ်ယောက်လုံး အလုပ်ပြုတ်သွားလိမ့်မယ်ဟ..."

​လုပ်ဖော်ကိုင်ဖက်မလေးမှာ နောက်တွန့်သွားပြီး ရဲခေါ်မည့်အကြောင်းကို ထပ်မဟရဲတော့ချေ။

​ထိုအချိန်တွင် ဓာတ်လှေကားထဲရှိ လူခုနစ်ယောက်မှာမူ အခြားသူများ၏ အမြင်တွင် ဂေးအုပ်စုဖြစ်နေမှန်း လုံးဝမသိဘဲ လက်မှတ်ဝယ်မည့် ဗျူဟာများကို စိတ်အားထက်သန်စွာ ဆွေးနွေးနေကြ၏။

​ညလေပြင်းက ဟောင်းနွမ်းပျက်စီးနေသော တာအိုကျောင်းဆောင်၏ ခေါင်မိုးစွန်းများကြားမှ တဝီဝီ တိုက်ခတ်နေခဲ့သည်။

​တာအိုဘုန်းကြီးငယ် ရွှမ်ချင်းသည် စန်းချင်ခန်းမဆောင်ရှိ တိုင်တစ်တိုင်နောက်တွင် ကွေးကွေးလေး ပုန်းနေပြီး သူ၏ ဖုန်းစခရင်မှ မှိန်ဖျော့ဖျော့ အလင်းရောင်က သူ၏ နုပျိုသော မျက်နှာပေါ်တွင် ရောင်ပြန်ဟပ်နေခဲ့သည်။

​တာအိုကျောင်းဆောင်မှာ နှစ်ကာလများစွာ ကြာလာသည်နှင့်အမျှ ယိုယွင်းပျက်စီးနေပြီး အမိုးကြွပ်ပြားများကြားမှ ဖြာကျနေသော လရောင်က မြေပြင်ပေါ်တွင် အလင်းအမှောင်အရိပ်များ ကျရောက်နေစေလေသည်။

​သူက တိုရင်ကို ဖွင့်လိုက်ရာ ကျန်းယဲ့၏ နောက်ဆုံးဗီဒီယိုကို တိုက်ဆိုင်စွာ မြင်တွေ့သွားခဲ့သည်။

​"အင်မော်တယ်ရာချီမြို့..." ရွှမ်ချင်း၏ မျက်လုံးများ အရောင်လက်သွားပြီး တီးတိုးရေရွတ်လိုက်၏။ "ဒီနာမည်က... ရှေးဟောင်းစာအုပ်တွေမှာ မှတ်တမ်းတင်ထားတဲ့ အင်မော်တယ်ဆီသို့ တက်လှမ်းရာစင်မြင့်များ ဖြစ်နေမလား.."

​ဗီဒီယိုထဲတွင် ကျန်းယဲ့က ကပ်ဘေးခေတ်အကြောင်း ပြောသောအခါ သူ မျက်မှောင်ကြုတ်သွားသော်လည်း အင်မော်တယ်မြို့ဆိုသည့် စကားလုံးကို ကြားသောအခါ သူ မတောင့်တဘဲ မနေနိုင်တော့ချေ။

​"တကယ်လို့ ငါသာ အဲဒီကို သွားနိုင်ခဲ့ရင် ကျင့်ကြံဖို့ အခွင့်အရေးစစ်စစ်ကို ရှာတွေ့နိုင်မှာပဲ...." ထို့နောက် သူက မနက် ၂:၅၅ နာရီအတွက် နှိုးစက်ကို အမြန်ပေးလိုက်ပြီး သူ့ဆရာကို ဘယ်လို ဖုံးကွယ်ရမလဲဆိုတာ စဉ်းစားနေခဲ့သည်။

​ထိုအချိန်မှာပင် နောက်ကျောဘက်မှ တကျွိကျွိ မြည်သံ ထွက်ပေါ်လာ၏။

​"ရွှမ်ချင်း... ညကြီးမိုးချုပ် ဘာလုပ်နေတာလဲ" တာအိုဘုန်းကြီးအို၏ အသံမှာ သြဇာပါပါနှင့် လေးနက်နေချေသည်။

​ရွှမ်ချင်း၏ လက်များ တုန်ယင်သွားပြီး ဖုန်းက လက်ထဲမှ လွတ်ကျမတတ် ဖြစ်သွားရသည်။

​သူက စခရင်လော့ခ်ကို အမြန်ချလိုက်ကာ လှည့်လာပြီး လေးစားစွာ ခေါင်းညိတ်ပြလိုက်၏။ "ဆရာ... တပည့်က ချင်ကျင်းကျင်းကို ရွတ်ဖတ်နေပြီး တစ်ညလုံး တရားမှတ်ဖို့ ရည်ရွယ်ထားပါတယ်..."

​တာအိုဘုန်းကြီးအိုက မျက်လုံးမှေးကာ သူ့ကို သံသယဖြင့် အကဲခတ်လိုက်လေသည်။

​ရွှမ်ချင်းက အမြန်ဖြည့်စွက် ပြောလိုက်၏။ "မကြာသေးခင်က ကျင့်ကြံနေရင်းနဲ့ အသိအမြင် တချို့ ရခဲ့ပါတယ်။ ကျွန်တော့်ရဲ့ တာအိုစိတ်က မတည်ငြိမ်ဘူးလို့ အမြဲခံစားနေရလို့ စိတ်ငြိမ်သွားအောင် ကျမ်းစာတွေကို နောက်ထပ် အကြိမ်အနည်းငယ်လောက် ရွတ်ဖတ်ချင်လို့ပါ..."

​ထိုစကားကို ကြားသောအခါ တာအိုဘုန်းကြီးအို၏ မျက်နှာအမူအရာ အနည်းငယ် ပျော့ပျောင်းသွားပြီး သူ၏ မုတ်ဆိတ်ကို ပွတ်သပ်လိုက်၏။ "အင်း... မင်းမှာ ဒီလို ရည်ရွယ်ချက်ကောင်းရှိတာ ချီးကျူးစရာပါပဲ။ ဒါပေမဲ့ မင်းရဲ့ ကျန်းမာရေးကိုလည်း ဂရုစိုက်သင့်တယ်လေ..."

​"ဟုတ်ကဲ့ပါ ဆရာ..." ရွှမ်ချင်းက နာခံတတ်သော ပုံစံဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။

​တာအိုဘုန်းကြီးအိုက ကျေနပ်စွာ ခေါင်းညိတ်ပြပြီးနောက် လှည့်ကာ သူ၏ အခန်းထဲသို့ အနားယူရန် ပြန်သွားလိုက်သည်။

​ခြေသံများ အဝေးသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသောအခါမှ ရွှမ်ချင်းဟာ သက်ပြင်းချနိုင်ခဲ့ပြီး သူ၏ ဖုန်းကို ပြန်ထုတ်လိုက်၏။

​စခရင်ပေါ်တွင် ကျန်းယဲ့၏ ဗီဒီယို မျက်နှာပြင် ရှိနေဆဲဖြစ်ပြီး အင်မော်တယ်ရာချီမြို့၏ တိမ်တိုက်များနှင့် မြူခိုးများက သူ့ကို လက်ယပ်ခေါ်နေသည့်အလား ဝဲပျံနေခဲ့သည်။

​"မနက် ၃ နာရီ..." သူက ဖုန်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး သူ့မျက်လုံးများထဲတွင် မျှော်လင့်ချက် အရောင်များ တောက်ပနေ၏။ "ဒီတစ်ခါတော့ ရအောင်လုမယ်...."

​ညလေပြင်းက တာအိုကျောင်းဆောင်၏ စုတ်ပြဲနေသော ဆုတောင်းအလံများကို တဖျတ်ဖျတ် လွင့်ခါစေသော်လည်း ရွှမ်ချင်းကမူ အင်မော်တယ်တစ်ပါး ဖြစ်လာမည့် စိတ်ကူးယဉ် အိပ်မက်များထဲ နစ်မြောနေကာ ဘာကိုမျှ သတိမထားမိတော့ချေ။

.......

​မီးသင်္ဂြိုဟ်စက်ရုံ၏ တာဝန်ကျအခန်းထဲတွင် လျှပ်စစ်မီးသီးများက တဝီဝီ မြည်နေခဲ့သည်။

​အသက် ၂၃ နှစ်အရွယ် အလုပ်သင် ရှောင်လင်မှာ တာဝန်ကျကုလားထိုင်ပေါ်တွင် ကွေးကွေးလေးထိုင်ကာ ဖုန်းပွတ်နေရင်းမှ ရုတ်တရက် မတ်မတ် ထိုင်လိုက်၏။

​"ဒါရိုက်တာကျန်းမှာ ခရီးသွားအဖွဲ့အသစ် ရှိလာပြီ" သူက ဘေးရှိ လူအိုကြီးကျန်း၏ မျက်နှာရှေ့သို့ ဖုန်းကို မထိုးပြဘဲ မနေနိုင်တော့ချေ။ "အင်မော်တယ်ရာချီမြို့ နေ့တစ်ပိုင်းခရီးစဉ်တဲ့... လက်မှတ်တွေကို မနက် ၃ နာရီမှာ ရောင်းမယ်...."

​လူအိုကြီးကျန်းက စခရင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် တာဝန်ကျမှတ်တမ်းကို ဆက်လက် စီစဉ်နေလိုက်သည်။ "အချိန်ခရီးသွားတာကို ပြောပြန်ပြီလား။ လူငယ်တွေက ဒီလို သဘာဝလွန်ကိစ္စတွေကို မယုံကြည်သင့်ဘူး...."

​"ဟုတ်ပါ့..." ခေါက်ဆွဲပြုတ်နေသော လူအိုကြီးဝမ်က ဝင်ပြောလိုက်လေသည်။ "ဒီပိုနေတဲ့ပိုက်ဆံကို စုထားပြီး နောက်နှစ်အနည်းငယ်ကြာရင် နာရေးသုံးပစ္စည်းဆိုင် ဖွင့်တာက ပိုကောင်းလိမ့်မယ်.."

​ရှောင်လင်က နှုတ်ခမ်းကို စူလိုက်ပြီး ဖုန်းကို သိမ်းလိုက်၏။ "ဒါရိုက်တာကျန်းရဲ့ ခရီးသွားအဖွဲ့မှာ ပါတဲ့သူတိုင်း ညတွင်းချင်း ချမ်းသာသွားကြတာချည်းပဲ။ အကယ်လို့ ကျွန်တော်သာ တစ်နေရာ ရခဲ့ရင် ဒီမှာ အလုပ်လုပ်နေစရာ မလိုတော့ဘူး... ဆိုင်ဖွင့်ဖို့ဆို ပြောမနေနဲ့တော့။ အေးအေးဆေးဆေးနဲ့ ပူပင်သောကကင်းတဲ့ ဘဝကို ဖြတ်သန်းလို့ ရပြီလေ..."

​"ဟက်..." လူအိုကြီးလီက အလောင်းတွန်းပြီး ရင်ခွဲရုံမှ ပြန်လာကာ လက်အိတ်ကို ချွတ်ရင်း ရယ်မောလိုက်လေသည်။ "မျှော်လင့်ချက်တွေ သိပ်မထားပါနဲ့ ကလေးရာ... အလကားရတဲ့ နေ့လယ်စာဆိုတာ မရှိဘူးကွ... တကယ်လို့ ရှိခဲ့ရင်တောင် ငါတို့အလှည့် ရောက်မှာမဟုတ်ဘူး... သူဌေးတွေနဲ့ အာဏာရှိတဲ့သူတွေက အစောကြီးကတည်းက လက်ဝါးကြီးအုပ်ထားလောက်ပြီ"

အခန်း ၁၉၈ပြီး၏။

All Chapters