အခန်း ၁၉၉
Vol. 20 Ch. 199
အခန်း (၁၉၉) အင်မော်တယ်ရာချီမြို့၏ စည်းကမ်းချက်များ
လူအိုကြီးကျန်းက ဝင်ပြောလိုက်၏။ “ငါတို့လို သာမန်လူတွေ သိထားတဲ့ ပိုက်ဆံရှာတဲ့ နည်းလမ်းတွေဆိုတာ အားလုံးက လိမ်လည်မှုတွေချည်းပဲ။ သူတို့က ကျင်းတူးထားပြီး မင်းလို ရိုးအတဲ့သူတွေ ဒါမှမဟုတ် အလကားလိုချင်တဲ့သူတွေ ကျွံကျလာမယ့်အချိန်ကို စောင့်နေကြတာကွ”
“ငါတို့အကြံပေးတာကိုသာ နားထောင်စမ်းပါ။ အဲဒီခရီးသွားအေဂျင်စီတွေကို မျက်စိကျမနေဘဲ ကိုယ့်အလုပ်ကိုသာ သေသေချာချာလုပ်... အမြဲတမ်း ဝန်ထမ်းနေရာကို အမြန်ဆုံး ရအောင်ယူ။ အမြဲတမ်း ဝန်ထမ်းဖြစ်သွားရင် တစ်လကို ယွမ် ၁၀,၀၀၀ ရလိမ့်မယ်။ အဲဒါက ရှာရခက်တဲ့ လစာမျိုးပဲ” လူအိုကြီးလီက လေးနက်စွာ အကြံပေးလိုက်၏။
ရှောင်လင်က ဆက်မငြင်းတော့ဘဲ မနက် ၂:၅၅ နာရီအတွက် နှိုးစက်ကို တိတ်တဆိတ် ပေးလိုက်လေသည်။
ဒီည နှောင်းပိုင်းအထိ ကင်းစောင့်ရမည့်သူမှာ သူတစ်ယောက်တည်းဖြစ်ပြီး အင်တာနက်အမြန်နှုန်းကလည်း ဂစ်ဂါဘိုက် ဖိုင်ဘာအော့ပတစ်ဖြစ်ရာ အချိန်အခါ၊ နေရာနှင့် လူ အားလုံး အံဝင်ခွင်ကျဖြစ်နေခဲ့သည်။
“ကျွန်တော် ဧရိယာထဲ ကင်းလှည့်လိုက်ဦးမယ်...” သူက လက်နှိပ်ဓာတ်မီးကို ယူကာ အပြင်ထွက်သွားပြီး စင်္ကြံအဆုံးရှိ နာရေးကူညီမှုအသင်း ဝင်ပေါက်ဆီသို့ မီးရောင်ဖြင့် ဝေ့ကြည့်လိုက်၏။
ညလေပြင်းက တံခါးဟနေသော နေရာမှတစ်ဆင့် စက္ကူပိုက်ဆံပြာများကို လွင့်စင်လာစေပြီး ရှောင်လင်က သူသည် ဒါရိုက်တာကျန်း၏ သတ်မှတ်ချက်များနှင့် ကိုက်ညီကြောင်း သူက လုံလောက်စွာ သတ္တိရှိကြောင်း ရုတ်တရက် သဘောပေါက်သွားရသည်။
အအေးခန်းထဲမှ ကွန်ပရက်ဆာက တဝီဝီ မြည်လာချိန်တွင် ရှောင်လင်သည် ရင်ခွဲရုံတံခါးဝတွင် ရပ်ကာ သူ၏ဖုန်းကို အားသွင်းရန် ပေါ့ပေါ့ပါးပါးပင် ပလပ်ထိုးလိုက်လေသည်။
မနက် ၃ နာရီအချိန် မီးသင်္ဂြိုဟ်စက်ရုံဆိုသည်မှာ တမလွန်က ခရီးသွားအဖွဲ့ကို လုယူရန်အတွက် တကယ်ကို ပြီးပြည့်စုံသော နေရာတစ်ခုပင်။
ထိုညတွင် မရေမတွက်နိုင်သော မိုဘိုင်းလ်ဖုန်း စခရင်များက အမှောင်ထုထဲတွင် လင်းလက်နေကြ၏။
တက္ကသိုလ်ကျောင်းသားများက စောင်များထဲတွင် ကွေးနေကြပြီး ဖုန်းများကို ပါဝါဘဏ်နှင့် ချိတ်ဆက်ကာ နားကြပ်ကြိုးများ ရှုပ်ထွေးနေခဲ့သည်။ ရုံးဝန်ထမ်းများကလည်း ကော်ဖီခွက်များကို တန်းစီချထားကာ ကွန်ပျူတာ၏ ညာဘက်အောက်ထောင့်ရှိ နာရီကို စိုက်ကြည့်နေကြလေသည်။
အင်တာနက်ကဖေးများတွင်မူ စက်အတော်များများက မျက်နှာပြင်တစ်ခုတည်းကိုသာ ပြသနေပြီး ဆေးလိပ်ပြာခွက်များတွင် စီးကရက်တိုများ ပြည့်လျှံနေခဲ့သည်။
မနက် ၂:၅၀ နာရီတွင် မရေမတွက်နိုင်သော နှိုးစက်များက နေရာအနှံ့အပြားမှ မြည်လာကြသည်။
တချို့က မျက်နှာကို ရေအေးဖြင့် ပက်ကြ၏။ တချို့က အိပ်မငိုက်စေရန် ကိုယ့်ပေါင်ကို ပြန်လိမ်ဆွဲကြပြီး များစွာသော သူများကတော့ မျက်နှာပြင်ကိုသာ စိုက်ကြည့်နေကာ သူတို့၏ လက်ချောင်းများက ယခုဝယ်မည်အပေါ်တွင် ရွယ်ထားကြလေသည်။
ညလေညင်းက မြို့တော်နှင့် သစ်တောများကို ဖြတ်သန်းတိုက်ခတ်သွားပြီး မအိပ်သေးသူများ၏ အသက်ရှူသံများကို သယ်ဆောင်ကာ မကြာမီ ပွင့်လာတော့မည့် အခြားကမ္ဘာတစ်ခု၏ ဝင်ပေါက်ဆီသို့ ဦးတည်သွားခဲ့သည်။
ကျန်းယဲ့သည် အမြဲတမ်း ည ၁၀:၃၀ တိတိတွင် မီးပိတ်လေ့ရှိပြီး သူ၏ ဇီဝနာရီက အမြဲတမ်း တိကျပေသည်။
သို့သော် ဒီညတွင်တော့ ဧည့်ခန်းမီးက ညဉ့်နက်သည်အထိ လင်းနေ၏။
“အကိုစနစ်... တစ်ခုလောက် ဆွေးနွေးရအောင်...” ကျန်းယဲ့က တတိယမြောက် လက်ဖက်ရည်ကြမ်းခွက်ကို မော့သောက်လိုက်ပြီး မောပန်းနွမ်းနယ်နေလေသည်။ “နောက်တစ်ခါဆို ဒီလို အချိန်အခါမဟုတ်တာတွေကို မရွေးပေးလို့ မရဘူးလား။ ငါ့အရိုးဟောင်းကြီးတွေက ဒီလို နှိပ်စက်တာကို မခံနိုင်တော့ဘူးလေ”
စနစ်က အသေကောင်လို ဟန်ဆောင်နေဆဲပင်။
ကျန်းယဲ့ကလည်း ကျင့်သားရနေပြီဖြစ်၍ လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့ ပေါ့ပေါ့ပါးပါး တင်လိုက်၏။
ဤစောက်သုံးမကျသော စနစ်က မစ်ရှင်ပေးသည့်အချိန်တွင်သာ ခေတ္တမျှ အသက်ပြန်ဝင်လာပြီး ကျန်အချိန်များတွင် မရှိသည့်အလားပင်။
တစ်ခါတစ်ရံ သူက စနစ်တစ်ခုနှင့် ချိတ်ဆက်မိတာလား... ခေါင်းတလားဖုံးတစ်ခုနှင့် ချိတ်ဆက်မိတာလားဟုပင် တကယ် တွေးမိ၏။
နံရံကပ်နာရီက တိတ်ဆိတ်စွာ တခြောက်ခြောက် မြည်နေပြီး အချိန် ၀၂:၅၈ သို့ ညွှန်ပြနေခဲ့သည်။
ကျန်းယဲ့က တဆစ်ဆစ် ကိုက်ခဲနေသော နားထင်များကို ပွတ်သပ်လိုက်ပြီး ခွက်ထဲရှိ နောက်ဆုံးကျန်နေသော လက်ဖက်ရည်ကြမ်း တစ်ငုံကို မော့သောက်လိုက်သည်။
ပူလောင်နေသော လက်ဖက်ရည်က လည်ချောင်းထဲသို့ စီးဆင်းသွားသော်လည်း လေးလံနေသော အိပ်ချင်စိတ်ကိုတော့ မဖယ်ရှားပေးနိုင်ချေ။
မနက် သုံးနာရီတိတိတွင် နာရီလက်တံနှင့် မိနစ်လက်တံတို့ ထပ်သွားသည့် အချိန်လေး၌ မျက်စိကျိန်းမတတ် ရွှေရောင်အလင်းတန်းတစ်ခုက ကောင်းကင်မှ ရုတ်တရက် ဆင်းသက်လာ၏။
ထို့နောက် အလင်းတန်းတစ်ခုက ရေတံခွန်တစ်ခုလို ကျဆင်းလာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
ရွှေရောင်အလင်းတန်း ပျောက်ကွယ်သွားသောအခါ ဧည့်ခန်းထဲတွင် အငွေ့တထောင်းထောင်း ထနေဆဲဖြစ်သော လက်ဖက်ရည်အိုး တစ်အိုးသာ ကျန်ရစ်ခဲ့လေသည်။
ကြွေဖြူခွက်၏ နှုတ်ခမ်းဝတွင် မခြောက်သေးသော ရေစက်ရာ ဝက်ခြမ်းလေးတစ်ခု ကျန်ရစ်နေခဲ့သည်။
ကြယ်ငါးပွင့် ဟိုတယ်၏ သီးသန့်အခန်းကျယ်ထဲတွင် လေထုက ခဲအေးသွားသကဲ့သို့ပင်။
ဖုန်းမျက်နှာပြင် ခုနစ်ခုက တစ်ပြိုင်နက်တည်း လင်းလက်လာပြီး ရေတွက်ချိန် သုညသို့ ရောက်သွားသည့်အချိန်တွင် လက်ချောင်းခုနစ်ချောင်းက မျက်နှာပြင်ကို တစ်ပြိုင်နက်တည်း ထိုးနှိပ်လိုက်ကြ၏။
“သောက်ကျိုးနည်း... ဟန်းသွားပြီဟ...”
“ရီဖရက်ရှ်လုပ်... အား... အခု ရီဖရက်ရှ်လုပ်စမ်း”
“ကျစ်... မျက်စိတစ်မှိတ်အတွင်း ကုန်သွားတာလားကွာ”
ဖုန်းခြောက်လုံးတွင် မျက်စိကျိန်းမတတ် အနီရောင် အသိပေးချက်တစ်ခု လင်းလက်သွားခဲ့သည်။ ‘ရောင်းကုန်သွားပါပြီ’။
“ငါ... ငါ ရပြီလား....” ကျန်းထောင်၏ အသံက ရုတ်တရက် ကျယ်လောင်သွားပြီး စခရင်ပေါ်တွင် လင်းလက်နေသော အောင်မြင်စွာ ဝယ်ယူပြီးပါပြီဆိုသည့် အသိပေးချက်ကို စိုက်ကြည့်ရင်း သူ၏ သူငယ်အိမ်များ ကျယ်လာရသည်။
ကျန်ခြောက်ယောက် မတုံ့ပြန်နိုင်မီမှာပင် အခန်း၏ မျက်နှာကျက်မှ ဖြူစင်သော အလင်းတန်းတစ်ခု ရုတ်တရက် ဖြာကျလာပြီး ကျန်းထောင်ကို တိုက်ရိုက် လွှမ်းခြုံသွားခေသည်။
ထို့နောက် သူ၏ ပုံရိပ်က တဖြည်းဖြည်း ဖောက်ထွင်းမြင်ရသလို ဖြစ်လာ၏။
“ငါ ပြန်လာတာကို စောင့်နေ...” ကျန်းထောင်မှာ စကားတစ်ဝက်သာ ပြောနိုင်လိုက်ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက မရေမတွက်နိုင်သော အလင်းမှုန်လေးများအဖြစ် ပြောင်းလဲကာ လေထဲတွင် ပျောက်ကွယ်သွားတော့သည်။
ကျန်နေခဲ့သော လူခြောက်ယောက်က ပျောက်ကွယ်သွားသော ကျန်းထောင်ကို အားကျစွာဖြင့် ကြည့်နေကြ၏။
“ဒါတွေကို ရဖို့က ပိုပိုပြီး ခက်လာပြီ။ အား... ဒါရိုက်တာကျန်းရဲ့ အဖွဲ့ထဲကို တကယ် ပြန်ဝင်ချင်သေးတယ်...” ကန်ချန်က ဆိုဖာပေါ်တွင် မှီကျရင်း ငိုရှိုက်လိုက်၏။
အခန်းထဲတွင် ထူးဆန်းသော တိတ်ဆိတ်မှုတစ်ခု ကျရောက်သွားပြီး အားကျမှု၊ မနာလိုမှု၊ ဒေါသထွက်မှုများ ပြည့်နှက်နေသော မျက်လုံး ခြောက်စုံက ကျန်းထောင် ပျောက်ကွယ်သွားသည့် နေရာကို စိုက်ကြည့်နေကြလေသည်။
........
ရွှမ်ချင်းက စန်းချင်ခန်းမဆောင်၏ ခေါင်မိုးစွန်းအောက်တွင် ဆောင့်ကြောင့်ထိုင်နေပြီး သူ၏ လက်ချောင်းများက ဖုန်းမျက်နှာပြင်ပေါ်တွင် အနည်းငယ် တုန်ယင်စွာဖြင့် ရွယ်ထားခဲ့သည်။
တောင်ပေါ်လေက နံနက် ၁ မှ ၃ နာရီတွင် အထူးပြင်းထန်သဖြင့် သူ၏ တာအိုဝတ်ရုံစကို အသံမြည်အောင် တဖျတ်ဖျတ် လွင့်ခါနေစေခဲ့သည်။
“၃:၀၀...”
သူ၏ လက်ချောင်းထိပ်လေး ဖိချလိုက်သည့်အချိန်တွင် ရွှမ်ချင်းက မျက်နှာပြင်ပေါ်ရှိ စာသားများကိုပင် မဖတ်ရသေးမီ မျက်စိကျိန်းမတတ် အဖြူရောင် အလင်းတန်းတစ်ခုက ကောင်းကင်မှ ကျဆင်းလာပြီး သူ့ကိုရော သူ၏ဖုန်းကိုပါ လုံးဝ ဖုံးလွှမ်းသွားပေသည်။
တစ်ချိန်တည်းမှာပင် ဘေးခန်းတွင် တရားထိုင်နေသော တာအိုဘုန်းကြီးအိုက ရုတ်တရက် မျက်လုံးဖွင့်လာပြီး သူ၏ တည်ငြိမ်လှုပ်ရှားမှုမရှိသော အကြည့်များက ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ လှမ်းကြည့်လိုက်၏။
ထို့နောက် ထရပ်လိုက်ပြီး တံခါးကို တွန်းဖွင့်လိုက်ရာ ခေါင်မိုးစွန်းအောက်တွင် ရှိနေသင့်သော သူ၏ တပည့်ငယ်လေးမှာ အရိပ်အယောင်ပင် မတွေ့ရတော့ချေ။
“ရွှမ်ချင်း...”
မည်သူမျှ ပြန်မထူးပေ။
ထိုစဉ် တောင်ပေါ်တွင် ဘယ်ကမှန်းမသိ ပေါ်လာသော တောကြောင်တစ်ကောင်က ရုတ်တရက် စူးရှစွာ အော်ဟစ်လိုက်၏။
တာအိုဘုန်းကြီးအိုက ကြယ်များ စီရီလင်းလက်နေသော ညကောင်းကင်ယံကို မော့ကြည့်လိုက်ပြီး ဒီည သန်းခေါင်ယံမှာ ခရမ်းရောင်ကြယ်၏ဘေးတွင် သွေးရောင်ဧည့်သည်ကြယ်တစ်လုံး ရုတ်တရက် ပေါ်လာခဲ့ပုံကို တွေးတောနေမိသည်။
.......
မီးသင်္ဂြိုဟ်စက်ရုံ တာဝန်ကျအခန်းရှိ နာရီက သုံးနာရီသို့ ညွှန်ပြနေပြီး လင်ယီရှင်း၏ လက်ချောင်းက ဖုန်းမျက်နှာပြင်ပေါ်သို့ အရှိန်ဖြင့် ကျဆင်းသွားခဲ့သည်။
အအေးခန်းရှိ ကွန်ပရက်ဆာက တိုက်ဆိုင်စွာပင် ရပ်တန့်သွားပြီး တာဝန်ကျအခန်း တစ်ခုလုံးမှာ ထူးဆန်းစွာ တိတ်ဆိတ်သွားချေသည်။
“ရပြီကွ... ”
သူက အောင်မြင်စွာ ဝယ်ယူပြီးပါပြီဆိုသည့် အသိပေးချက်ကို အော်ဟစ်လိုက်ချိန်မှာပင် နို့နှစ်ရောင် အလင်းစက်ဝန်းတစ်ခုက မျက်နှာကျက်မှ ရုတ်တရက် စိမ့်ဆင်းလာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။
အဖြူရောင် အလင်းတန်း ဆုတ်ခွာသွားချိန်တွင် လင်ယီရှင်း၏ ပုံရိပ်ကလည်း ၎င်းနှင့်အတူ ပျောက်ကွယ်သွားပြီး တာဝန်ကျကုလားထိုင်ပေါ်တွင် သောက်လက်စ အသင့်ဖျော် ကော်ဖီခွက် တစ်ခွက်သာ ကျန်ရစ်ခဲ့၏။
ထိုညတွင် အဖြူရောင် အလင်းတန်းက မသိရသော ထောင့်ပေါင်းများစွာကို လင်းထိန်စေခဲ့လေသည်။
ရုံးခန်းအဆောက်အအုံတစ်ခုတွင် အချိန်ပိုဆင်းနေသော ပရိုဂရမ်မာတစ်ယောက်က စခရင်ပေါ်တွင် အောင်မြင်စွာ ဝယ်ယူနိုင်ခဲ့ကြောင်း ပြသနေသည်ကို မြင်ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်သွားရသည်။
နောက်တစ်စက္ကန့်တွင် ထိုလူသည် သူ၏ အလုပ်ခုံမှ ပျောက်ကွယ်သွားပြီး လည်ပတ်နေဆဲဖြစ်သော ကုလားထိုင်လေးသာ အနည်းငယ် ယိမ်းထိုးလျက် ကျန်ရစ်လိုက်၏။
တက္ကသိုလ် အဆောင်တစ်ခုတွင် စောင်ခြုံထားသော ကျောင်းသားတစ်ယောက်သည်လည်း သူ၏ မိုဘိုင်းလ်ဖုန်းနှင့်အတူ အလင်းမှုန်လေးများအဖြစ် ပြောင်းလဲသွားပြီး ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
သို့သော် သူ၏ အခန်းဖော်များမှာမူ လုံးဝ သတိမထားမိကြဘဲ နှစ်ခြိုက်စွာ ဆက်အိပ်နေကြလေသည်။
မြို့စွန်ရှိ ဗီလာတစ်ခုတွင် သူဌေးသားတစ်ယောက်သည် သီးသန့်ရုပ်ရှင်ရုံထဲမှ ပျောက်ကွယ်သွားပြီး ပေါက်ပေါက်ဆုပ်ပုံးက လေထဲတွင် လန်ကျကာ ကော်ဇောပေါ်သို့ ကျသွား၏။
တောင်တန်းကြီးများအတွင်းရှိ သစ်တောစောင့် တဲလေးထဲတွင် ရေနံဆီမီးခွက်က လင်းနေဆဲဖြစ်ပြီး အလူမီနီယမ် ထမင်းချိုင့်က အငွေ့ထနေသော်လည်း လူကိုမူ အရိပ်အယောင်မျှ မတွေ့ရချေ။
နံနက်စောစော အင်တာနက်ကဖေးတစ်ခုတွင် ကွန်ပျူတာရှေ့ရှိ ကုလားထိုင်နောက်မှီတွင် တင်ထားသော သားရေအင်္ကျီတစ်ထည်သာ ကျန်ရစ်ခဲ့သည်။
ဆေးရုံ၏ အရေးပေါ်ခန်းတွင် ကာကွယ်ရေးဝတ်စုံကို ယခုလေးတင် လဲလှယ်ထားသော ဆရာဝန်တစ်ယောက်သည် စင်္ကြံအဆုံးတွင် အဖြူရောင် အလင်းတန်းတစ်ခု၏ ဝါးမျိုခြင်းကို ခံလိုက်ရ၏။
ဖြတ်သန်းသွားသော အလင်းတန်း ဆယ့်ခုနစ်ခုက ညကောင်းကင်ယံတွင် ဖြတ်ပြေးသွားပြီး မည်သူမျှ မမြင်လိုက်ရသော ကြယ်တံခွန်မိုး ရွာကျသကဲ့သို့ပင်။
မှောင်မိုက်နေသော အချိန်ဥမင်လိုဏ်ခေါင်းထဲတွင် ခရီးသည်တင်ယာဉ်ကြီးက တိတ်ဆိတ်စွာ ခရီးနှင်နေပြီး ၎င်း၏ အတွင်းဘက်မှ နွေးထွေးသော အဝါရောင်မီးရောင်က ရွေ့လျားနေသော ကြယ်တစ်ပွင့်နှင့် တူနေလေသည်။
ကျန်းယဲ့သည် ယာဉ်မောင်းခုံနောက် ပထမဆုံးတန်းတွင် ထိုင်နေပြီး သူ၏ လက်ချောင်းထိပ်များက ဖောက်ထွင်းမြင်နိုင်သော စနစ်မျက်နှာပြင်ပေါ်တွင် ပွတ်ဆွဲနေကာ ခရီးစဉ်၏ အသေးစိတ် အချက်အလက်များကို ဂရုတစိုက် ဖတ်ရှုနေ၏။
[ကပ်ဘေးခေတ် - အင်မော်တယ်ရာချီမြို့၏ စည်းကမ်းချက်များ]
၁။ အန္တရာယ်ကင်း လက်ဖွဲ့များအတွက် စည်းကမ်းချက်များ
(၁) ခရီးသည်တစ်ဦးစီတိုင်းက နက်နဲသော ကောင်းကင်ဘုံအန္တရာယ်ကင်းလက်ဖွဲ့တစ်ခုစီ ရရှိမည်ဖြစ်ပြီး ၎င်းကို ခန္ဓာကိုယ်နှင့် ကပ်၍ ဝတ်ဆင်ထားရမည် (လည်ပင်းတွင် ဆွဲထားရန် အကြံပြုပါသည်)။
(၂) လက်ဖွဲ့က သင့်ခန္ဓာကိုယ်ပေါ်တွင် ရှိနေချိန်၌ မကောင်းဆိုးဝါး အားလုံးရန်မှ ကာကွယ်ပေးထားမည် ဖြစ်သည်။
(၃) အကယ်၍ လက်ဖွဲ့ ပျောက်ဆုံးသွားပါက အသက်ဆုံးရှုံးမှု သို့မဟုတ် သေဆုံးမှုအတွက် တာဝန်ရှိသူက အပြည့်အဝ တာဝန်ယူရမည်။
၂။ အရေးပေါ် ရှောင်ရှားခြင်းဆိုင်ရာ သတ်မှတ်ချက်
(၁) လက်ဖွဲ့ကို ဆုတ်ဖြဲလိုက်ခြင်းက အရေးပေါ် နေရာရွှေ့ပြောင်းခြင်းကို အသက်ဝင်စေမည်ဖြစ်ပြီး သင့်ကို ၁ စက္ကန့်အတွင်း ဘတ်စ်ကားပေါ်သို့ ပြန်လည်ရောက်ရှိစေမည်။
မှတ်ချက် - သင့်အား အချိန်ခရီးသွား လှုပ်ရှားမှုများတွင် ပါဝင်ခြင်းမှ တစ်နှစ်တိတိ ပိတ်ပင်ထားမည်။ (စနစ်မှ သင့်အား အမည်ပျက်စာရင်းသို့ အလိုအလျောက် သွင်းမည်ဖြစ်သည်)။
(၂) အထူး အန္တရာယ်ရှိသော အခြေအနေများတွင် ခရီးသွားလမ်းညွှန်သည် အဖွဲ့လိုက် ပြန်လည်ခေါ်ယူခြင်းကို အသက်ဝင်စေနိုင်ပါသည် (ကျော်ကြားမှုအမှတ် ၅၀၀ ကုန်ကျမည်)။
အခန်း ၁၉၉ပြီး၏။