← Chapters

အခန်း ၂၀၀

Vol. 20 Ch. 200

အခန်း ၂၀၀

Vol. 20 Ch. 200

အခန်း (၂၀၀) အသက်ရှင်သန်ရေး စည်းကမ်းချက်များ

​၃။ အချိန်နှင့် ဟင်းလင်းပြင် ခရီးသွားလမ်းညွှန်၏ အထူးအခွင့်အရေးများ...

​(၁) ကျန်းယဲ့သည် ဝိညာဉ်ဖိနှိပ်ရေးခေါင်းလောင်းကို ပိုင်ဆိုင်သည် (အဆင့်မြင့် မကောင်းဆိုးဝါးများကို ဟန့်တားနိုင်သည်)။

​(၂) နယ်နိမိတ်ချိုးဖျက် မျက်လုံးသိုင်းကို တစ်နေ့လျှင် ၃ ကြိမ် အသုံးပြုနိုင်ပါသည် (ထင်ယောင်ထင်မှားဖြစ်မှုများ၊ ထောင်ချောက်များကို ဖောက်ထွင်းမြင်နိုင်ရန်)။

​(၃) ရှောင်လွှဲမရနိုင်သော အခြေအနေများတွင် ခရီးစဉ်ကို စောစီးစွာ ရပ်ဆိုင်းနိုင်ပါသည် (ကျော်ကြားမှုအမှတ် နှစ်ဆ ကုန်ကျမည်)။

​၄။ အပိုဆောင်း ကာကွယ်ရေး ယန္တရားများ...

​(၁) လူတစ်ဝက်ထက်ပို၍ အန္တရာယ်ကင်း လက်ဖွဲ့ကို ဆုတ်ဖြဲလိုက်ပါက ကျန်ရှိနေသူများအားလုံးကို အတူတကွ အတင်းအကျပ် ပြန်လည်ပို့ဆောင်မည်ဖြစ်သည်။

​သူ မျက်မှောင်ကြုတ်လိုက်ချိန်မှာပင် ယာဉ်အတွင်း၌ အဖြူရောင် အလင်းတန်းများ ရုတ်တရက် တဖြတ်ဖြတ် လင်းလက်သွားလေသည်။

​မျက်စိကျိန်းမတတ် အလင်းတန်း နှစ်ဆယ်က ဆက်တိုက် ကျဆင်းလာပြီး ထိုင်ခုံများပေါ်တွင် လူပုံသဏ္ဌာန်များအဖြစ် စုစည်းသွားခဲ့ကြသည်။

​“ဒါက ဒဏ္ဍာရီလာ အချိန်ခရီးသွား ဘတ်စ်ကားကြီးပဲ....” ကျန်းထောင်၏ မျက်လုံးများက စူးစမ်းချင်စိတ်နှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး ယာဉ်ပတ်ပတ်လည်ကို အကဲခတ်ကြည့်ရှုကာ နောက်ဆုံးတွင် ရှေ့ဆုံးတန်းရှိ ပုံရိပ်ပေါ်သို့ ရပ်တန့်သွား၏။

​“ဒါရိုက်တာကျန်း”

​ထိုအော်သံကြောင့် ကားပေါ်ရှိ လူအားလုံး လန့်သွားပြီး ရှေ့ဆုံးတန်းသို့ လှည့်ကြည့်လိုက်ကြ၏။

​ကျန်းထောင်သည် အူကြောင်ကြောင်ဖြစ်နေသော လူအုပ်ကြားထဲမှ အမြောက်ဆန်တစ်ခုလို ထွက်လာကာ ကျန်းယဲ့၏ လက်ကိုဆွဲ၍ ပြင်းထန်စွာ လှုပ်ခါလိုက်လေသည်။

​“အား... ဒါရိုက်တာကျန်း... နောက်ဆုံးတော့ ကျွန်တော် နေရာတစ်နေရာ လုနိုင်ခဲ့ပြီ။ ခင်ဗျားနဲ့အတူ ခရီးပြန်သွားလို့ရပြီဗျ.... ” သူ အရမ်းစိတ်လှုပ်ရှားနေသဖြင့် အသံများပင် အက်ကွဲနေခဲ့သည်။

​ကျန်းယဲ့သည် ဤအလွန်အမင်း စိတ်လှုပ်ရှားနေသော ကောင်လေးကို ကြည့်ကာ စိတ်ထဲမှနေ၍ သူ့အတွက် ဖယောင်းတိုင်တစ်တိုင် တိတ်တဆိတ် ထွန်းညှိပေးလိုက်၏။

​‘ဒီသနားစရာ ကောင်လေးက သူ ဘယ်လိုကားပေါ် ရောက်လာလဲဆိုတာတောင် သိမှာမဟုတ်ဘူး...’

​ကျန်းယဲ့က ယာဉ်၏ ရှေ့ဆုံးတွင် ရပ်လိုက်ပြီး ခရီးသည်တစ်ဦးစီကို တည်ငြိမ်စွာ ဝေ့ကြည့်လိုက်၏။ သူ၏ အသံမှာ တည်ငြိမ်ပြီး ရှင်းလင်းနေချေသည်။ “အချိန်ခရီးသွား ဘတ်စ်ကားပေါ်မှ ကြိုဆိုပါတယ်။ ကျွန်တော်ကတော့ ခင်ဗျားတို့ရဲ့ ခရီးသွားလမ်းညွှန် ကျန်းယဲ့ပါ... နောက်လာမယ့် ၁၂ နာရီအတွင်းမှာ ခင်ဗျားတို့ကို ခရီးစဉ်တစ်ခု လမ်းညွှန်ပေးသွားမှာပါ။ ကျွန်တော်တို့ရဲ့ ခရီးစဉ်ကတော့ အင်မော်တယ်ရာချီမြို့တော်ပဲ ဖြစ်ပါတယ်။”

​လူတိုင်း၏ အာရုံစိုက်မှုကို သေချာစေရန် သူ ခေတ္တရပ်လိုက်ပြီး ဆက်ပြောခေသည်။ “အင်မော်တယ်ရာချီမြို့နဲ့ ပတ်သက်ပြီး ကြိုတင်ရှင်းလင်းထားဖို့ လိုအပ်တဲ့ အချက်အချို့ ရှိပါတယ်...”

​သူ၏ လေသံတွင် မည်သည့် နောက်ပြောင်မှု၊ ချဲ့ကားမှုမျှ မပါဝင်ဘဲ တည်ငြိမ်စွာ ရှင်းပြလိုက်၏။ “အင်မော်တယ်ရာချီမြို့တော်ဆိုတာ ကြားရတာ နတ်ဘုံနတ်နန်းလို ထင်ရပေမယ့် တကယ့်လက်တွေ့မှာတော့ ခင်ဗျားတို့ စိတ်ကူးယဉ်ထားသလို ကြိုးကြာငှက်စီးလာမယ့် အင်မော်တယ်တွေ ဒါမှမဟုတ် မင်္ဂလာရှိတဲ့ တိမ်တိုက်တွေ ဝန်းရံနေတာမျိုး မရှိပါဘူး။ ပြောင်းပြန်အနေနဲ့ ပြောရရင် ဒါက မကောင်းဆိုးဝါးတွေ ကြီးစိုးနေတဲ့ တစ္ဆေမြို့တော်ကြီးဖြစ်ပါတယ်...”

​ယာဉ်အတွင်းမှာ လေထု အေးခဲ့သွားသကဲ့သို့ ချက်ချင်း တိတ်ဆိတ်သွား၏။

​ကျန်းယဲ့က ဆက်ပြောလေသည်။ “အင်မော်တယ်ရာချီမြို့မှာ မြို့သူမြို့သားမျိုးစုံ ကျက်စားနေကြတယ်။ ခုန်ဆွခုန်ဆွနဲ့ သွေးစုပ်တဲ့ ဇွန်ဘီတွေ၊ ရေစိုရွှဲပြီး တွားသွားနေတဲ့ ရေတစ္ဆေတွေ၊ မကျေနပ်ချက်တွေ ပြည့်နှက်နေပြီး အနီရောင်ဝတ်ဆင်ထားတဲ့ အမျိုးသမီး တစ္ဆေတွေနဲ့ သူတို့ရဲ့ ခန္ဓာကိုယ်ကို ရှာဖွေရင်း လွင့်မျောနေတဲ့ ခေါင်းပြတ်တစ္ဆေတွေ ရှိတယ်...”

​သူ မိတ်ဆက်ပေးလိုက်သည့် အရာတစ်ခုစီတိုင်းနှင့်အတူ ခရီးသည်များ၏ မျက်နှာအမူအရာများမှာ ပိုမို ကွဲပြားလာခဲ့ကြသည်။

​သူ ဥပမာပေး၍ ပြီးသွားချိန်တွင် ခရီးသည် အများစုမှာ မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်နေကြပြီဖြစ်၏။

​တချို့က ထိုင်ခုံလက်ရန်းများကို သူတို့၏ လက်ဆစ်များ ပြာနှမ်းသွားသည်အထိ တင်းကျပ်စွာ ဆုပ်ကိုင်ထားကြ၏။ တချို့က တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး သူတို့၏ မျက်လုံးများက အထိတ်တလန့်ဖြင့် ဟိုဟိုဒီဒီ ကြည့်နေကြလေသည်။ အချို့ကမူ မျက်လုံးများကို ပိတ်ကာ ဆုတောင်းနေသည့်အလား တိုးတိုးတိတ်တိတ် တစ်စုံတစ်ခုကို ရေရွတ်နေခဲ့ကြသည်။

​သို့သော် လူနည်းစုလေးကတော့ လုံးဝ ကွဲပြားခြားနားစွာ တုံ့ပြန်ကြလေသည်။

​ကျန်းထောင်က စိတ်လှုပ်ရှားစွာဖြင့် သူ၏ ပေါင်ကို ရိုက်လိုက်ပြီး မျက်လုံးများ တောက်ပနေခဲ့သည်။ “ဒါက အရမ်းစိတ်လှုပ်ရှားစရာ ကောင်းတာပဲ။ ဒါမျိုးမှ ခရီးစဉ်လို့ ခေါ်တာ... ”

​သူ့ဘေးတွင် ရပ်နေသော လင်ယီရှင်းက ပြုံးဖြဲဖြဲလုပ်ကာ တီးတိုးရေရွတ်လိုက်၏။ “ဇွန်ဘီတွေလား... ဓာတ်ပုံတွဲရိုက်လို့ရမလား မသိဘူး...”

​တာအိုဘုန်းကြီးငယ် ရွှမ်ချင်းမှာ တည်ငြိမ်နေပုံပေါ်သော်လည်း အနည်းငယ် နီရဲနေသော နားရွက်ဖျားများက သူ၏ အတွင်းစိတ်မှ စိတ်လှုပ်ရှားမှုကို ဖော်ပြနေပြီး နတ်ဆိုးမကောင်းဆိုးဝါးများကို နှိမ်နင်းခြင်းဆိုသည့် တကယ့် တိုက်ပွဲတစ်ခုကို မျှော်လင့်နေသကဲ့သို့ပင်။

​ကျန်းယဲ့သည် တြိဂံပုံစံခေါက်ထားသော နက်နဲသော ကောင်းကင်ဘုံ အန္တရာယ်ကင်းလက်ဖွဲ့ အခုနှစ်ဆယ်ကို ထုတ်ယူလိုက်ပြီး ခရီးသည်အားလုံးကို လေးနက်သော အမူအရာဖြင့် ကြည့်လိုက်၏။ “အခု ကျွန်တော် ပြောမယ့် စည်းကမ်းချက်တိုင်းက ခင်ဗျားတို့ရဲ့ အသက်ရှင်ခြင်း၊ သေဆုံးခြင်းနဲ့ သက်ဆိုင်ပါတယ်။ ကျေးဇူးပြုပြီး သေသေချာချာ မှတ်သားထားကြပါ...”

​“ပထမအချက်.... ဒီလက်ဖွဲ့ကို အချိန်တိုင်း ခန္ဓာကိုယ်နဲ့ ကပ်လျက် ဝတ်ဆင်ထားရမယ်။ လည်ပင်းမှာ ဆွဲထားဖို့ အကြံပြုချင်ပါတယ်။ လက်ဖွဲ့က ခန္ဓာကိုယ်ပေါ်မှာ ရှိနေသရွေ့ မကောင်းဆိုးဝါး အားလုံးရန်ကနေ ကာကွယ်ပေးထားမှာပါ။ ဒါပေမဲ့ ပျောက်ဆုံးသွားရင်တော့ ကိုယ့်အသက်အန္တရာယ်အတွက် ကိုယ်တိုင်ပဲ တာဝန်ယူရလိမ့်မယ်...”

​ယာဉ်အတွင်းရှိ အပူချိန်မှာ ရုတ်တရက် ကျဆင်းသွားသကဲ့သို့ ခရီးသည် အတော်များများမှာ မရည်ရွယ်ဘဲ တုန်ယင်သွားကြရသည်။

​“ဒုတိယအချက်... အသက်အန္တရာယ်နဲ့ ကြုံတွေ့လာရရင် အန္တရာယ်ကင်းလက်ဖွဲ့ကို ချက်ချင်း ဆုတ်ဖြဲပစ်လိုက်ပါ။ ဒါဆိုရင် အရေးပေါ် နေရာရွှေ့ပြောင်းခြင်း အသက်ဝင်သွားပြီး တစ်စက္ကန့်အတွင်း ဘတ်စ်ကားပေါ်ကို ပြန်ရောက်လာလိမ့်မယ်။” ကျန်းယဲ့၏ အကြည့်က လူတိုင်းအပေါ် ဝေ့ဝဲသွားခဲ့သည်။ “ဒါပေမဲ့ အဲဒီအတွက် ပေးဆပ်ရမယ့် တန်ကြေးကတော့ အချိန်ခရီးသွားတာမှာ ပါဝင်ခွင့် တစ်နှစ်တိတိ ပိတ်ပင်ခံရပါလိမ့်မယ်”

​ခရီးသည်အများစုမှာ ထိုအခြေအနေများကို ကြားပြီးနောက် သိပ်ပြီး တုံ့ပြန်မှု မရှိကြချေ။

​တစ်နှစ်အတွင်း အချိန်ခရီးသွားခြင်း၌ မပါဝင်နိုင်ခြင်းနှင့် ကိုယ့်အသက်အန္တရာယ် ရင်ဆိုင်ရခြင်းတို့အကြားတွင် ဒုတိယတစ်ခုကို ရွေးချယ်ခြင်းက သေချာပေါက် ပို၍ တန်ဖိုးရှိပေသည်။

​“တတိယအချက်.... လူတစ်ဝက်ထက်ပိုပြီး အန္တရာယ်ကင်းလက်ဖွဲ့ကို ဆုတ်ဖြဲလိုက်မယ်ဆိုရင် ကျန်နေတဲ့သူတွေကို အတူတကွ အတင်းအကျပ် ပြန်လည်ပို့ဆောင်ပေးပါလိမ့်မယ်။ ဒါက အသက်ကယ်တင်ဖို့အတွက် နောက်ဆုံး နည်းလမ်းပဲ...”

​လက်ဖွဲ့များ ဝေငှနေချိန်တွင် တာအိုဘုန်းကြီးငယ် ရွှမ်ချင်းသည် အန္တရာယ်ကင်း လက်ဖွဲ့ကို လက်ခံရရှိလိုက်သည်နှင့် မျက်လုံးများ အရောင်လက်သွားခဲ့သည်။

​သူက လက်ဖွဲ့စာရွက်ပေါ်ရှိ ပုံစံများကို လက်ချောင်းထိပ်ဖြင့် ဂရုတစိုက် လိုက်ဆွဲကြည့်လိုက်ပြီးနောက် ရုတ်တရက် သူ၏ မျက်နှာအမူအရာ ပြောင်းလဲသွားလေသည်။ “ဒီလို ဆွဲတဲ့နည်းစနစ်က...”

​“မလှုပ်နဲ့...” ကျန်းထောင်က လက်ဖွဲ့ကို ဖြုတ်ကြည့်ရန် ကြိုးစားနေသော သူ၏လက်ကို ဖမ်းဆွဲလိုက်၏။ “ဒါရိုက်တာကျန်းက ခုလေးတင် ခန္ဓာကိုယ်နဲ့ ကပ်ထားဖို့ ပြောထားတယ်လေ...”

​ရွှမ်ချင်းမှာ သတိဝင်လာပြီး လက်ဖွဲ့ကို လည်ပင်းတွင် အနေခက်စွာ ဆွဲလိုက်ကာ ပြောလိုက်၏။ “ကျွန်တော်က ဒီလက်ဖွဲ့ပေါ်က စာလုံးအရေးအသားကို ရင်းနှီးနေသလို ခံစားရလို့ပါ...”

​ခရီးသည်အားလုံး အန္တရာယ်ကင်း လက်ဖွဲ့များကို ဝတ်ဆင်ပြီးသွားသောအခါ ယာဉ်အတွင်းရှိ တင်းမာနေသော လေထုမှာ သိသာစွာ လျော့ကျသွားချေသည်။

​တချို့က သက်ပြင်းချလိုက်ကြ၏။ တချို့က လက်ဖွဲ့ရှိသည့် နေရာကို အထပ်ထပ်အခါခါ စစ်ဆေးနေကြပြီး တချို့ကမူ ဒီရတနာပါလာမှတော့ ပြဿနာ မရှိလောက်တော့ဘူးမလားဟု ရေရွတ်နေခဲ့ကြသည်။

​အားလုံး၏ တုံ့ပြန်မှုကို မြင်ပြီးနောက် ကျန်းယဲ့က ဖြည့်စွက်ပြောလိုက်လေသည်။ “မှတ်ထားပါ... အန္တရာယ်ကင်းလက်ဖွဲ့က အင်မော်တယ်ရာချီမြို့မှာ ခင်ဗျားတို့ရဲ့ တစ်ခုတည်းသော ကာကွယ်မှုပါပဲ။ ကဲ... အခု ထွက်ခွာဖို့ ပြင်ဆင်ကြစို့....”

​လူတိုင်းက အချိန်ဥမင်လိုဏ်ခေါင်း၏ ထူးဆန်းသော မြင်ကွင်းထဲတွင် နစ်မျောနေပြီး ကားပြတင်းပေါက်များမှတစ်ဆင့် အပြင်ဘက်သို့ ငေးကြည့်နေကြစဉ် ရှေ့တွင် မျက်စိကျိန်းမတတ် အဖြူရောင် အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။

​အလင်းက အဝေးမှ အလင်းစက်တစ်ခုအဖြစ် စတင်ခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် လျင်မြန်စွာ ကျယ်ပြန့်လာပြီး ဘတ်စ်ကားဆီသို့ ဒီရေလှိုင်းတစ်ခုလို လိမ့်တက်လာလေသည်။

​“အဲဒါ ဘာကြီးလဲ...” တစ်စုံတစ်ယောက်က နားမလည်စွာ မေးလိုက်ချိန်မှာပင် အဖြူရောင်အလင်းတန်းက ယာဉ်တစ်ခုလုံးကို ဝါးမျိုသွားခဲ့ပြီ ဖြစ်သည်။

​မျက်စိကျိန်းမတတ် အလင်းရောင်ကြောင့် လူတိုင်းက အလိုအလျောက် မျက်လုံးများကို မှိတ်လိုက်ကြ၏။ တချို့က မျက်စိကို ကာကွယ်ရန် လက်ကို မြှောက်လိုက်ကြပြီး တချို့ကမူ ခေါင်းကို လှည့်ကာ ထိုင်ခုံနောက်မှီများတွင် အတင်းတိုးကပ်ထားလိုက်ကြလေသည်။

​ယာဉ်တစ်စီးလုံး နေ့ခင်းဘက်လိုပင် လင်းထိန်သွားခဲ့သည်။

​နောက်ခဏ၌ စူးရှသော အဖြူရောင်အလင်းတန်းထဲတွင် ဘတ်စ်ကားမှာ စွမ်းအားတစ်ခု၏ ဆွဲငင်ခြင်းကို ခံရသကဲ့သို့ ဖြစ်သွားပြီး ဘတ်စ်ကားနှင့် ခရီးသည်များမှာ တဖြည်းဖြည်း ဖောက်ထွင်းမြင်ရလာကာ နောက်ဆုံးတွင် အချိန်ဥမင်လိုဏ်ခေါင်းထဲသို့ လုံးဝ ပျောက်ကွယ်သွားတော့သည်။

​အလင်းရောင် နောက်ဆုံးတွင် မှေးမှိန်သွားပြီး လူတိုင်းက မျက်လုံးများကို တုံ့ဆိုင်းဆိုင်းဖြင့် ဖွင့်ကြည့်လိုက်သောအခါ သူတို့ရှေ့ရှိ မြင်ကွင်းမှာ လုံးဝ ပြောင်းလဲသွားပြီ ဖြစ်၏။

​တစ်ချိန်က မှောင်မည်းနေသော အချိန်ဥမင်လိုဏ်ခေါင်းမှာ ပျောက်ကွယ်သွားပြီး မီးခိုးရောင်နှင့် မြူများ ဖုံးလွှမ်းနေသော ကမ္ဘာတစ်ခုက အစားထိုး ဝင်ရောက်လာခဲ့သည်။

​ကားပြတင်းပေါက် အပြင်ဘက်ရှိ ကောင်းကင်ယံမှာ ထူထပ်သော မြူထုကြီးတစ်ခု ဖုံးလွှမ်းထားသကဲ့သို့ ဖြစ်နေပြီး မကျန်းမမာဖြစ်နေသော ခဲရောင် အသွင်အပြင်ဖြစ်လေသည်။

​လေထုထဲတွင် ခပ်ဖျော့ဖျော့ မြူခိုးများ လွင့်မျောနေပြီး အဝေးမှ မြင်ကွင်းများကို မြူပဝါတစ်ချပ်ဖြင့် လွှမ်းခြုံထား၏။

​ဘတ်စ်ကားမှာ စွန့်ပစ်ခံထားရသော ရှေးဟောင်းလမ်းတစ်ခုပေါ်တွင် ရပ်တန့်နေပြီး ဘီးအောက်ရှိ ကျောက်ပြားများ၏ အက်ကွဲကြောင်းများထဲတွင် အစိမ်းပုပ်ရောင် ရေညှိများ ပေါက်ရောက်နေခဲ့သည်။

​မီးငြိမ်းနေသည်မှာ ကြာပြီဖြစ်သော မီးပုံးအတော်များများက လမ်း၏ တစ်ဖက်တစ်ချက်စီတွင် ယိုင်နဲ့စွာ ရှိနေကြပြီး ၎င်းတို့၏ အရောင်လွင့်နေသော အနီရောင် စက္ကူများက လေပြေထဲတွင် ညင်သာစွာ တုန်ခါနေကာ တရှဲရှဲ အသံကို ဖြစ်ပေါ်စေသည်။

​“ငါတို့ ရောက်ပြီလား...” တစ်စုံတစ်ယောက်က တိုးတိုးလေး မေးလိုက်ရာ ထိုအသံမှာ တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် အထူး ရှင်းလင်းစွာ ထွက်ပေါ်လာပေသည်။

​ယာဉ်ပေါ်ရှိ လူတိုင်းက အသက်အောင့်ထားကြပြီး ပြတင်းပေါက်များမှတစ်ဆင့် ဤထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော ကမ္ဘာကို စိုက်ကြည့်နေကြ၏။

​လေထုထဲတွင် ဖော်ပြ၍မရသော အနံ့တစ်ခု ပြည့်နှက်နေပြီး စိုထိုင်းနေသော မှိုနံ့နှင့် ဖျော့တော့သော နံ့သာပေါင်းအနံ့တို့ ရောနှောနေသကဲ့သို့ပင်။

​အဝေးတွင် ရှေးဟောင်းမြို့တော်တစ်ခု၏ အကြမ်းဖျင်းပုံစံကို မြူခိုးများကြားမှ ဝိုးတဝါး မြင်တွေ့နိုင်၏။

​မိုးထိုးနေသော မြို့ရိုးများမှာ မှုန်မှိုင်းနေသော ကောင်းကင်အောက်တွင် အထူး ကြောက်မက်ဖွယ်ကောင်းနေပြီး အမိုးစွန်းများ ကော့တက်နေသော အဆောက်အအုံများစွာက မြူခိုးများထဲတွင် ပေါ်လာလိုက် ပျောက်သွားလိုက်နှင့် ချောင်းမြောင်းနေသော သားရဲတစ်ကောင်နှင့် တူနေခဲ့သည်။

အခန်း ၂၀၀ပြီး၏။

All Chapters