အခန်း ၄၀၁
Vol. 41 Ch. 401
အခန်း (၄၀၁) မျိုးစေ့ ငှားရမ်းခြင်း
မာလောင်တ၏ မိသားစုမှာ အရက်ချက်ကြပြီး ခြံဝင်းထဲတွင် အရက်စည်ပိုင်းများ တစ်လုံးပြီးတစ်လုံး ပြည့်နှက်နေသည်။
လီလန်သည် ချောင်တျန်းကျီရွာသို့ ရောက်ရှိလာသောအခါ မာလောင်တ၏ ခြံဝင်းထဲသို့ မဝင်ရသေးခင်မှာပင် သင်းပျံ့သော အရက်နံ့ကို ရလိုက်သည်။
လီလန်သည် အရက်အလွန်အကျွံ သောက်တတ်သူ မဟုတ်သော်လည်း အရက်သောက်တတ်သူဖြစ်ရာ ဤအရက်နံ့က သူ၏ ဗိုက်ထဲမှ အရက်သောက်ချင်စိတ်ကို ပေါ်လာစေခဲ့သည်။
"မာလောင်တ... ခင်ဗျား အခုနောက်ပိုင်း ဘယ်လိုနေလဲ..."
မာလောင်တသည် ခြံဝင်းထဲတွင် ခွက်ငယ်လေးတစ်ခုဖြင့် အရက်မြည်းစမ်းနေစဉ် လီလန်က နံရံအပြင်ဘက်မှ လှမ်းခေါ်လိုက်ခြင်း ဖြစ်သည်။
မာလောင်တသည် အသံကြားသောအခါ လှည့်ကြည့်လိုက်ရာ လီလန်ကို တွေ့လိုက်ရလေသည်။
"အိုး.. အဖွဲ့ခေါင်းဆောင်လီပဲ... တကယ့်ကို ရှားရှားပါးပါး ဧည့်သည်ပါလား..."
မာလောင်တသည် အရက်ခပ်ရန် အသုံးပြုသော ရေမှုတ်ကို ချက်ချင်းချထားလိုက်ပြီး အရက်စည်ပိုင်းကို အဖုံးဖြင့် အမြန်ဖုံးကာ လီလန်အတွက် တံခါးသွားဖွင့်ပေးရန် ပြေးသွားလေသည်။
"အဖွဲ့ခေါင်းဆောင်လီ... ဒီနေ့ ကျွန်တော့်ဆီ လာလည်ဖို့ ဘယ်လိုအချိန်ရသွားတာလဲ..."
မာလောင်တက နွေးထွေးသော အပြုံးဖြင့် မေးလိုက်လေသည်။
ထိုသို့ ပြောရင်း သူသည် ခေါင်းကို အနည်းငယ်ညွှတ်ကာ လီလန်ကို ခြံဝင်းထဲသို့ ဖိတ်ခေါ်လိုက်သည်။
"ကျွန်တော် အထဲမဝင်တော့ဘူး... အဝင်ဝမှာပဲ စကားပြောကြတာပေါ့... ခဏနေရင် ကျွန်တော် တောင်ပေါ်တက်ရဦးမယ်..."
လီလန်က ခေါင်းယမ်းရင်း ပြောလိုက်လေသည်။
"တောင်ပေါ်မှာ အမဲလိုက်သွားမလို့လား..."
မာလောင်တသည် လီလန်၏ နောက်ကျောဘက်သို့ ကြည့်ကာ သိချင်စိတ်ဖြင့် မေးလိုက်လေသည်။
အဖွဲ့ခေါင်းဆောင်လီသည် အမဲလိုက်သေနတ်ကို ယူမလာဘဲ အမဲလိုက်ခွေးနှစ်ကောင်သာ ပါလာသဖြင့် တောင်ပေါ်တွင် မည်သို့ အမဲလိုက်မည်နည်း။
"ထောင်ချောက်တွေ သွားဆင်မလို့... ပြီးတော့ တောရိုင်းဟင်းရွက်တွေ ခူးရင်း ဆေးမြစ်တွေပါ တူးမလို့..."
လီလန်သည် သူ၏လက်ထဲရှိ ထောင်ချောက်များကို လှုပ်ရမ်းပြရင်း ပြောလိုက်လေသည်။
သူ မထွက်လာခင်က သားကောင်ဖမ်းရန် ထောင်ချောက်များကို ယူလာခဲ့သော်လည်း သေနတ်တော့ ယူမလာခဲ့ပေ။
"အဖွဲ့ခေါင်းဆောင်လီ... ခင်ဗျားက တကယ့်ကို လုံ့လဝီရိယရှိတာပဲ... မနက်ဖြန်က ခင်ဗျားတို့ရွာရဲ့ နွေဦးရာသီ အမဲလိုက်ပွဲ ရှိတာတောင် အခုထောင်ချောက်သွားဆင်ဖို့ တောင်ပေါ်တက်ဦးမလို့ကိုး..."
"တစ်ခုခု စားချင်နေလို့... မိုးပျံနဂါးတစ်ကောင်လောက် ဖမ်းပြီး စားချင်လို့ပါ..."
"ဪ... ဒါနဲ့ မနေ့က ကျောက်မီးသွေး သွားဝယ်တုန်းက ဆရာမာကို တွေ့ခဲ့သေးတယ်..."
ဆရာမာမှာ မာလောင်စန်းဖြစ်ပြီး မာလောင်စန်းမှာ မိခင်တစ်ဦးတည်းမှ မွေးဖွားလာသော မာလောင်တ၏ ညီအရင်း ဖြစ်သည်။
မာမိသားစု ညီအစ်ကို သုံးယောက်မှာ မာလောင်တ၊ မာလောင်အာနှင့် မာလောင်စန်း တို့ ဖြစ်ကြသည်။
မာလောင်တက အရက်ချက်ပြီး မာလောင်စန်းက ကျောက်မီးသွေး ပြုလုပ်သည်။
မာလောင်အာနှင့် ပတ်သက်၍မူ လီလန် မသိပေ။ သူ၏အကြောင်းကိုလည်း တစ်ခါမှ မကြားဖူးသလို မေးရန်လည်း ပျင်းရိနေခဲ့သည်။
ထိုသူမှာ ချောင်တျန်းကျီရွာတွင်မရှိဘဲ အပြင်ဘက် မြို့ကြီးတစ်မြို့တွင် အသက်မွေးဝမ်းကျောင်းပြုနေကာ နှစ်နှစ် သို့မဟုတ် သုံးနှစ်လျှင် တစ်ကြိမ်ခန့်သာ ဆွေမျိုးများထံ အလည်ပြန်လာတတ်ကြောင်းကိုသာ သူ သိထားလေသည်။
"ဪ... ခင်ဗျား လောင်စန်းကို တွေ့ခဲ့တာလား..."
"တွေ့ခဲ့တယ်... ဆရာမာက ခင်ဗျား ကျွန်တော့်ကို ရှာနေတယ်ဆိုလို့ ဒီနေ့ ကျွန်တော် ရောက်လာတာ..."
လီလန်က ပြန်လည်သတိရစွာဖြင့် ပြောလိုက်လေသည်။
မာလောင်တသည် ခေါင်းညိတ်လိုက်သည်။
"အဖွဲ့ခေါင်းဆောင်လီ... ကျွန်တော် ခင်ဗျားနဲ့ ဆွေးနွေးစရာတစ်ခုရှိတယ်... အကြောင်းက ဒီလိုပါ..."
မာလောင်တ စကားပြောနေစဉ် သူ၏ မျက်လုံးများမှာ လီလန်၏ အနောက်ရှိ အမဲလိုက်ခွေး နှစ်ကောင်ပေါ်သို့ စူးစိုက်ကျရောက်နေလေသည်။
"ဟင်..."
"မာလောင်တ... ခင်ဗျား ပြောချင်တာသာ ပြောပါ... ကျွန်တော်တို့ အရှေ့မြောက်ပိုင်းသားများ
က ပွင့်ပွင့်လင်းလင်း သမားတွေပါ..."
မာလောင်တသည် တစ်ခဏမျှ တွေဝေသွားပြီး ဆုံးဖြတ်ချက်ချလိုက်သည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်လေသည်။
"ကောင်းပြီ... ဒါဆို ကျွန်တော် တိုက်ရိုက်ပဲ ပြောလိုက်တော့မယ်..."
"ဒီလိုပါ... နှစ်သစ်ကူးပွဲတော် မတိုင်ခင်က ကျွန်တော့်ရဲ့ အမဲလိုက်ခွေး နှစ်ကောင်ကို တောင်ပေါ်က ဝံပုလွေတွေ စားသွားတာကို ခင်ဗျား သိပါတယ်..."
"ဟုတ်တယ်... ဝံပုလွေတွေ စားသွားတာ..."
လီလန်က ခေါင်းညိတ်လိုက်လေသည်။
လီလန်သည် နောက်ပိုင်းတွင် မာလောင်တ၏ ဝံပုလွေစားခံလိုက်ရသော အမဲလိုက်ခွေး နှစ်ကောင်ကို သွားရောက်ရှာဖွေရန် အဖွဲ့ကို ဦးဆောင်ခဲ့သော်လည်း သားရေတစ်ဝက်နှင့် ဝံပုလွေများ စားကြွင်းစားကျန်ဖြစ်သော ခွေးခေါင်းများသာ ကျန်ရစ်တော့သည်။
မာလောင်တ၏ အမဲလိုက်ခွေးနှစ်ကောင်မှာ တကယ့်ကို သနားစရာကောင်းလောက်အောင် သေဆုံးသွားခဲ့ရလေသည်။
ဝံပုလွေများ၏ စားသောက်ခြင်းကို ခံလိုက်ရသဖြင့် အရိုးအစအနလေးများပင် မကျန်တော့ဘဲ သားရေတစ်ဝက်သာ ကျန်ရှိတော့သည်။
"ကျွန်တော့် ခွေးအိုကြီးတွေက မရှိတော့ဘူး... ပြီးတော့ ကျွန်တော့် မိသားစုက အရက်ချက်တဲ့သူတွေဆိုတော့ အိမ်ကို စောင့်မယ့်သူ မရှိဘူး... ဒါကြောင့် အိမ်စောင့်ဖို့ အမဲလိုက်ခွေး နည်းနည်းလောက် မွေးဖို့ လိုနေတယ်..."
မာလောင်တ စကားပင် မဆုံးသေးခင်မှာပင် လီလန်က ကြားဖြတ်ပြောလိုက်လေသည်။
"မာလောင်တ... အဲဒါတော့ မဖြစ်နိုင်ဘူး..."
လီလန်က ခေါင်းယမ်းလိုက်လေသည်။
"ဟေးလုံနဲ့ ပိုင်လုံက ကျွန်တော့် ခွေးတွေလေ... သူတို့က အမဲလိုက်ခွေးတွေ ဖြစ်ပေမယ့် တောင်ပေါ်မှာ ကျွန်တော့်ကို အကြိမ်ကြိမ် ကယ်တင်ခဲ့ဖူးတယ်... သူတို့က ကျွန်တော့်ရဲ့ မိသားစုဝင်တွေ၊ ညီအစ်ကိုတွေလိုပဲ သေအတူရှင်မကွာ အဖော်တွေဖြစ်နေပြီ..."
"ခင်ဗျားက ဟေးလုံနဲ့ ပိုင်လုံကို လိုချင်တယ်ဆိုရင်တော့ ကျွန်တော် လုံးဝကို သဘောမတူနိုင်ဘူး..."
"ဟေးလုံပဲဖြစ်ဖြစ် ပိုင်လုံပဲဖြစ်ဖြစ် ခင်ဗျား ဘယ်လောက်ပဲ ပိုက်ဆံပေးပေး ကျွန်တော် မရောင်းဘူး... အဲ့အကြံကို စွန့်လွှတ်လိုက်ဖို့ အကြံပေးချင်တယ်..."
သို့သော် မာလောင်တသည် အလျင်စလို ရှင်းပြလိုက်လေသည်။
"ဟေး... အဖွဲ့ခေါင်းဆောင်လီ... ခင်ဗျား နားလည်မှုလွဲနေပြီ..."
"ကျွန်တော်က ခင်ဗျားရဲ့ အမဲလိုက်ခွေး နှစ်ကောင်ကို ဝယ်ချင်နေတာ မဟုတ်ပါဘူး..."
"ဟင်..."
ထိုစကားကို ကြားလိုက်ရသောအခါ လီလန်က အနည်းငယ် ရှုပ်ထွေးသွားလေသည်။
ဟေးလုံနှင့် ပိုင်လုံကို မဝယ်ဘူးဆိုလျှင် စောစောက သူ၏ မျက်လုံးထဲမှ အကြည့်က မည်သည့် အဓိပ္ပာယ်နည်း။ ယောကျ်ားတစ်ယောက်က ဝတ်လစ်စလစ် မိန်းမတစ်ယောက်ကို မြင်လိုက်ရသကဲ့သို့ပင် ဖြစ်နေသည်။
"မာလောင်တ... ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်းပဲ ပြောကြရအောင်... စီးပွားရေးသမားတွေရဲ့ ကစားကွက်တွေ မသုံးပါနဲ့..."
လီလန်က အနည်းငယ် စိတ်မရှည်စွာဖြင့် ခေါင်းယမ်းရင်း ပြောလိုက်လေသည်။
မာလောင်တသည် အရက်ချက်ပြီး လူများနှင့် မကြာခဏ ဆက်ဆံရသဖြင့် လူမှုဆက်ဆံရေး အလေ့အထများကို အလွယ်တကူ ရရှိထားသူဖြစ်သည်။
"အဖွဲ့ခေါင်းဆောင်လီ... ကျွန်တော် တိုက်ရိုက်ပဲ ပြောလိုက်တော့မယ်... ကျွန်တော် ခင်ဗျားရဲ့ အမဲလိုက်ခွေး နှစ်ကောင်နဲ့ မျိုးစပ်ချင်လို့ပါ..."
မာလောင်တသည် လီလန်၏ စိတ်မရှည်သော လေသံကို သတိပြုမိသွားသဖြင့် ပွင့်ပွင့်လင်းလင်းပင် ပြောချလိုက်လေသည်။
"မျိုးစပ်မယ်..."
"ဟုတ်တယ်... မျိုးစပ်မှာ..."
"ခင်ဗျားရဲ့ အမဲလိုက်ခွေး နှစ်ကောင်ထဲက တစ်ကောင်က မွန်ဂိုလီးယား အမဲလိုက်ခွေး ဖစ်ပြီး နောက်တစ်ကောင်ကတော့ နိုင်ငံခြားမျိုးစိတ်ဖြစ်တဲ့ အာဂျင်တီးနားဒိုဂို လေ... နှစ်ကောင်လုံးက အထီးတွေဆိုတော့ အခု နွေဦးရာသီရောက်ပြီဆိုတော့ မျိုးစပ်ဖို့ အချိန်ကောင်းပဲ..."
ဟေးလုံနှင့် ပိုင်လုံတို့မှာ ခွေးထီးများဖြစ်ကြပြီး အထူးသဖြင့် ပိုင်လုံမှာ ကြမ်းတမ်းပြီး ရဲရင့်သော အာဂျင်တီးနားဒိုဂို တစ်ကောင်ဖြစ်သည်။ သူ၏ အရွယ်အစားနှင့်ဆိုလျှင် တောဝက် တစ်ကောင်နှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်းရှိသည်။
မာလောင်တသည် ပိုင်လုံ၏ ဇာစ်မြစ်ကို ကြိုတင်စုံစမ်းထားသည်မှာ ထင်ရှားလှသည်။ သို့မဟုတ်ပါက တောင်ပေါ်ရွာငယ်လေးမှ အရက်ချက်သူတစ်ဦးသည် ပိုင်လုံကို နိုင်ငံခြားမှ တင်သွင်းလာသော အာဂျင်တီးနားဒိုဂိုဟု သိနိုင်မည် မဟုတ်ပေ။
လီလန် တွေဝေနေသည်ကို မြင်သောအခါ မာလောင်တက အလျင်အမြန် ပြောလိုက်လေသည်။
"အဖွဲ့ခေါင်းဆောင်လီ... စိတ်မပူပါနဲ့... မျိုးစပ်ခြင်းက အလကားမဟုတ်ပါဘူး... တစ်ခါ မျိုးစပ်ရင် ခင်ဗျားကို နှစ်ယွမ်ပေးမယ်... ခွေးမလေး ခွေးပေါက်လေးတွေ မွေးလာတဲ့အခါ အပိုတစ်ကောင်ပါလာရင် ခင်ဗျားကို တစ်ကောင်ပေးမယ်... ပြီးတော့ ခင်ဗျားကို တရုတ်ဆေးမြစ်အရက် သုံးပုလင်းလည်း ပေးဦးမှာပါ..."
မာလောင်တသည် သူ၏ ရိုးသားမှုကို ပြသရန်အတွက် ရက်ရောသော ပမာဏတစ်ခုကို ကမ်းလှမ်းလိုက်သည်။
လီလန်သည် အမဲလိုက်ခွေး နှစ်ကောင်ဖြစ်သော ဟေးလုံနှင့် ပိုင်လုံကို ကြည့်ကာ မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားလိုက်လေသည်။
ဟေးလုံမှာ အသက်အရွယ်ရလာပြီဖြစ်သော ခွေးအိုကြီးဖြစ်ပြီး နောက်တစ်နှစ် သို့မဟုတ် နှစ်နှစ်အတွင်း အနားယူရတော့မည်ဖြစ်သည်။
သို့သော် ပိုင်လုံမှာမူ အသက် နှစ်နှစ် သို့မဟုတ် သုံးနှစ်ခန့်သာရှိသေးပြီး ငယ်ရွယ်သေးသည်။
ဤသို့မျိုးစပ်ခြင်းက ဟေးလုံနှင့် ပိုင်လုံ၏ မျိုးဗီဇများကို ထိန်းသိမ်းထားခြင်းနှင့် တူညီသောကြောင့် ကောင်းမွန်သော အရာတစ်ခုဖြစ်သည်။
ထို့အပြင် မျိုးစပ်ခြင်းဖြင့် ငွေနှင့် အရက်ကို ရရှိမည်ဖြစ်ပြီး ခွေးမလေးမှ ခွေးပေါက်များ မွေးဖွားလာသောအခါ လီလန်သည် ခွေးပေါက်လေးများကိုပင် ဝေစုရရှိမည်ဖြစ်သည်။
ဤမျှကောင်းမွန်သော အပေးအယူကို အခွင့်အရေးမယူလျှင် လူမိုက်သာ ဖြစ်ပေလိမ့်မည်။
အလွန်ဆုံးဖြစ်လှ ဟေးလုံနှင့် ပိုင်လုံတို့အတွက် အနည်းငယ် ပင်ပန်းရုံသာဖြစ်ပြီး သူတို့၏ ကျောက်ကပ်များ အနည်းငယ် ညောင်းညာသွားကာ ခွေးသုတ်ရည်အချို့ ကုန်ဆုံးသွားနိုင်သော်လည်း နောက်ပိုင်းတွင် အရိုးများနှင့် ကလီစာများ ပိုကျွေးခြင်းဖြင့် အပြည့်အဝ ပြန်လည်ဖြည့်တင်းပေးနိုင်လေသည်။
ထို့ပြင် ဟေးလုံနှင့် ပိုင်လုံတို့ နှစ်ကောင်လုံးမှာ လူပျိုကြီးများဖြစ်ကြသည်။ နွေဦးရာသီ ရောက်လာပြီဖြစ်ရာ သူတို့အတွက် ဇနီးသည်များ ရှာပေးရန် အချိန်တန်ပြီ ဖြစ်သည်။
နွေဦးရာသီ ရောက်လာပြီဖြစ်ပြီး အရာခပ်သိမ်း ပြန်လည်နိုးထလာရာ သားကောင်ရှာဖွေရန်နှင့် မျိုးပွားရန်အတွက် အချိန်ကောင်းပင် ဖြစ်လေသည်။
"ဘယ်သူ့ရဲ့ ခွေးမလေးနဲ့ မျိုးစပ်ပေးမှာလဲ..."
လီလန်က မေးလိုက်လေသည်။
ထိုစကားကို ကြားလိုက်ရသောအခါ မာလောင်တမှာ ချက်ချင်းပင် ဝမ်းသာသွားတော့သည်။
လီလန်က မျိုးစပ်မည့် ခွေးမလေးအကြောင်းကို စိတ်ဝင်စားနေခြင်းက သူသည် ဤကိစ္စကို စိတ်ဝင်စားနေသည်ဟု ဆိုလိုခြင်းဖြစ်သည်။
"အဖွဲ့ခေါင်းဆောင်လီ... အဲဒီအတွက် ခင်ဗျား စိတ်ပူစရာမလိုပါဘူး... ခင်ဗျားရဲ့ ဟေးလုံ နဲ့ ပိုင်လုံအတွက် သင့်တော်တဲ့ မျိုးစိတ်တွေကို ကျွန်တော် ရှာပေးနိုင်တယ်လို့ အာမခံပါတယ်..."
မာလောင်တ၏ စကားများမှာ ဟေးလုံအတွက် မွန်ဂိုလီးယား အမဲလိုက်ခွေးနှင့် ပိုင်လုံအတွက် အာဂျင်တီးနားဒိုဂိုကို ရှာပေးမည်ဟု ဆိုလိုခြင်းဖြစ်သည်။
"ဟေးလုံက မွန်ဂိုလီးယား အမဲလိုက်ခွေးလေ... ကျွန်တော် သိသလောက်တော့ အိမ်နီးချင်းမြို့နယ်မှာ အဲဒီလိုခွေး မျိုးကွဲတွေ အများကြီးရှိတယ်... အဲ့ခွေးမျိုးစိတ်က သိပ်မရှားပါဘူး..."
"ဒါပေမဲ့ ပိုင်လုံကတော့ နိုင်ငံခြားမျိုးစိတ်ဖြစ်တဲ့ အာဂျင်တီးနားဒိုဂိုလေ... သူ့ကို မျိုးစပ်ဖို့ အဲဒီလိုမျိုးတူ ခွေးမလေးကို ခင်ဗျား ဘယ်က သွားရှာမှာလဲ..."
သို့သော် မာလောင်တက ရယ်မောလိုက်ပြီး သူ့ကို ဆိုင်းငံ့ထားလိုက်လေသည်။
"ကျွန်တော့်မှာ ခွေးမွေးမြူရေး လုပ်ငန်းကြီးလုပ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်... သူ့ဆီမှာ အာဂျင်တီးနားဒိုဂိုတွေ ရနိုင်တဲ့ အဆက်အသွယ်ရှိတယ်..."
"ဪ... အဲ့လိုကိုး..."
လီလန်က ခေါင်းညိတ်လိုက်လေသည်။
"ဒါဆိုရင် ကျွန်တော့်ဘက်က ပြဿနာမရှိပါဘူး... မာလောင်တ... ခင်ဗျား ခွေးမလေးတွေကို ရှာတွေ့တဲ့အခါ ကျွန်တော့်ကို အသိပေးလိုက်ပါ... ဟေးလုံနဲ့ ပိုင်လု ကို ခေါ်လာပြီး ကြင်ဖက်တွေ့ပေးပါ့မယ်..."
အမဲလိုက်ခွေးများအတွက် ဇနီးသည်များ ရှာဖွေပေးခြင်းမှာ တစ်မူထူးခြားသော ကြင်ဖက်တွေ့ခြင်း တစ်မျိုးပင် ဖြစ်လေသည်။
"အဖွဲ့ခေါင်းဆောင်လီ... ခင်ဗျားက တကယ့်ကို ပွင့်လင်းဖြောင့်မတ်တဲ့ သူတစ်ယောက်ပဲ..."
မာလောင်တက အပြုံးဖြင့် ပြောလိုက်လေသည်။
လီလန်သည် ပြုံးရုံသာပြုံးလိုက်ပြီးနောက် သူ့ကို သတိပေးရန် စကားဆိုလိုက်လေသည်။
"မာလောင်တ... ခင်ဗျား တစ်ခုခုကို မေ့မနေဘူးလား..."
"ဘာများလဲ..."
"မနှစ်က ခင်ဗျား ကျွန်တော့်ကို ပေးမယ်လို့ ကတိပေးထားတဲ့ ဆုလာဘ်လေ..."
"အိုး... အဲဒါကို ကျွန်တော် မေ့တောင်မေ့နေပြီ... လင်ဇီးမှို အခင်းကို ပြောတာမလား..."
"သွားကြစို့... သွားကြစို့... ကျွန်တော် ခင်ဗျားကို ခေါ်သွားပေးမယ်... အခုပဲ အဲဒီကို ခေါ်သွားပေးမယ်..."