← Chapters

အခန်း ၄၀၄

Vol. 41 Ch. 404

အခန်း ၄၀၄

Vol. 41 Ch. 404

အခန်း (၄၀၄) လင်ဇီးမှိုကို ခိုးယူသွားသော သူခိုးကို ခြေရာခံခြင်း

မုဆိုးများသည် တောင်ပေါ်တွင် နှစ်ပေါက်အောင် အချိန်ဖြုန်းလေ့ရှိကြသောကြောင့် သူတို့၏ လက်များမှာ ချွေးထွက်လေ့ရှိ၏။ ထို့ကြောင့် မီးခြစ်ဆံဘူးနှင့် ဆေးလိပ်တိုများတွင် လင်ဇီးမှိုများကို ခိုးဝှက်တူးယူသွားသော အဖွဲ့၏ အနံ့များ ကျန်ရစ်နေခြင်းမှာ သဘာဝပင် ဖြစ်လေသည်။

လီလန်သည် ဟေးလုံကို ခေါ်လိုက်ပြီး မီးခြစ်ဆံဘူးကို ၎င်း၏ နှာခေါင်းနားသို့ ကပ်ပေးလိုက်သည်။

"ဟေးလုံ အနံ့ခံစမ်း..."

ဟေးလုံသည် ရွှမ်းရွှေရွာတွင် တစ်ကောင်တည်းသော အနံ့ခံခေါင်းဆောင်ခွေးဖြစ်ပြီး ၎င်း၏ နှာခေါင်းမှာ သာမန်အမဲလိုက်ခွေးထက် အဆပေါင်းများစွာ ပို၍ အာရုံခံနိုင်စွမ်း ရှိလေသည်။

ဟေးလုံကို အနံ့ခံခိုင်းခြင်းက တရားခံကို ရှာဖွေရာတွင် အထောက်အကူ ဖြစ်စေမည်ဖြစ်သည်။

ဟေးလုံသည် ခေါင်းကိုငုံ့၍ အနံ့ခံလိုက်ရာ ၎င်း၏ နှာခေါင်းမှာ လှုပ်ခါသွား၏။ မီးခြစ်ဆံဘူးထဲတွင် ဖော့စဖရပ်အဖြူဖြင့် ပြုလုပ်ထားသော မီးခြစ်ဆံများ ပါရှိပြီး ထိုစူးရှသော အနံ့က ဟေးလုံ၏ အနံ့ခံနိုင်စွမ်းကို များစွာအနှောင့်အယှက် ဖြစ်စေလေသည်။

ဟေးလုံသည် မီးခြစ်ဆံဘူး မျက်နှာပြင်ပေါ်တွင် ကျန်ရစ်နေသော အနံ့ကို ခွဲခြားနိုင်ရန် အကြိမ်အနည်းငယ်မျှ အနံ့ခံလိုက်ရသည်။

ထို့နောက် ၎င်းသည် ခေါင်းကိုလှည့်ကာ နှာခေါင်းကို မော့၍ လေထဲရှိ အနံ့ကို ခံလိုက်လေသည်။

၎င်းသည် အရှေ့၊ တောင်၊ အနောက်နှင့် မြောက် ဟူသော အရပ်လေးမျက်နှာစလုံးကို အနံ့ခံကြည့်လိုက်၏။

ရုတ်တရက် အရှေ့ဘက်သို့ အနံ့ခံလိုက်မိသောအခါ ဟေးလုံက နှစ်ချက်မျှ ဟောင်လိုက်လေသည်။

"မာလောင်တ ဟေးလုံက အဲဒီလူတွေကို တွေ့သွားပြီ သွားကြစို့..."

လီလန်သည် ကြက်ပေါင်မှိုများကို ထုပ်ပိုးထားသော သူ၏ အပေါ်အင်္ကျီကို ကောက်ကိုင်လိုက်ပြီး မာလောင်တကို လှမ်းခေါ်လိုက်သည်။

"ကောင်းပြီလေ..."

မာလောင်တသည် တုံ့ဆိုင်းမနေဘဲ လီလန်၏ နောက်မှ လိုက်သွားတော့သည်။

ယနေ့ သူတို့ ချောင်တျန်းကျီတောင်သို့ လာခဲ့ခြင်းမှာ ထိုလင်ဇီးမှိုခင်းအတွက် သီးသန့်ဖြစ်လေသည်။

ယခုမူ မှိုခင်းထဲရှိ တောရိုင်း လင်ဇီးမှိုများအားလုံး ယူဆောင်သွားခံရပြီဖြစ်ရာ တောင်ပေါ်တွင် ဆက်နေရန် အကြောင်းအရင်း မရှိတော့ပေ။

ဟေးလုံက ဦးဆောင်သွားပြီး မြက်ခင်းထဲတွင် ထိုလူများ ချန်ရစ်ခဲ့သော အနံ့ကို အနံ့ခံရန် ခြေလှမ်းအနည်းငယ်တိုင်းတွင် ရပ်တန့်နေလေသည်။

မကြာမီမှာပင် ဟေးလုံက ခြေရာအချို့ကို တွေ့ရှိသွားတော့သည်။

ခြေရာများမှာ အလွန်လတ်ဆတ်နေဆဲဖြစ်ပြီး ပြီးခဲ့သော နှစ်ရက်အတွင်းက ချန်ရစ်ခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားလှပေသည်။

"မာလောင်တ မနေ့ညက တောင်ပေါ်မှာ မိုးရွာခဲ့သေးလား..."

လီလန်က မေးလိုက်၏။

"မိုးဖွဲဖွဲလေးတော့ ရွာတယ်..."

မာလောင်တက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။

"ဒါ့ကြောင့် လမ်းပေါ်ရှိ ခြေရာများကို ဒီလောက်အလွယ်တကူ မြင်နေရတာကိုး..."

လီလန်သည် ထိုစကားကို ကြားသောအခါ ခေါင်းညိတ်လိုက်၏။

တောင်ပေါ်တွင် မိုးရွာသောအခါ မြေကြီးမှာ စိုစွတ်သွားတတ်ပြီး လူများ လမ်းလျှောက်သည့်အခါ ခြေရာများ အလွယ်တကူ ကျန်ရစ်တတ်လေသည်။

ခြေရာများကို လိုက်လံရှာဖွေရင်း ဟေးလုံသည် လီလန်ကိုကြည့်ကာ ရုတ်တရက် နောက်ထပ် နှစ်ချက်မျှ ဟောင်လိုက်ပြန်သည်။

လီလန် ရှေ့သို့ လျှောက်သွားလိုက်ရာ ဆူးချုံတစ်ခုပေါ်တွင် ငြိနေသော စုတ်ပြဲနေသည့် အဝတ်စတစ်ခုကို တွေ့လိုက်ရ၏။

ချောင်တျန်းကျီတောင်ပေါ်ရှိ ဆူးချုံအများစုတွင် ဆူးများရှိတတ်ပြီး တစ်စုံတစ်ယောက်က သတိမထားဘဲ လျှောက်သွားမိပါက သူတို့၏ အင်္ကျီ သို့မဟုတ် ဘောင်းဘီများ အလွယ်တကူ ချိတ်မိနိုင်သလို လက်မောင်းများလည်း ခြစ်မိနိုင်လေသည်။

လီလန်သည် စုတ်ပြဲနေသော အဝတ်စကို ကောက်ယူလိုက်၏။ ၎င်းမှာ သာမန်လျှော်ထည်စဖြစ်ပြီး အပေါ်တွင် ဖာထေးထားသော အကွက်ငယ်တစ်ခု ပါရှိသည်။ ရွာသားများသည် တောင်ပေါ်သို့ အမဲလိုက်ထွက်သည့်အခါ အဟောင်းအနွမ်းများနှင့် ဖာထေးထားသော အင်္ကျီ၊ ဘောင်းဘီများကို ဝတ်ဆင်လေ့ရှိကြသည်။

တောင်ပေါ်သို့ သွားရာတွင် အဝတ်ဟောင်းများ ဝတ်ဆင်ရသည့် အကြောင်းရင်းမှာ ဆူးချုံများ ပေါများပြီး အဝတ်အစားများကို အလွယ်တကူ ငြိတွယ်ကာ စုတ်ပြဲစေနိုင်သောကြောင့် ဖြစ်သည်။ အဝတ်ဟောင်းများမှာ စုတ်ပြဲ၍ ဖာထေးထားပြီးဖြစ်ရာ ထပ်မံပျက်စီးသွားလျှင်လည်း နှမြောစရာ မရှိပေ။

အဝတ်သစ်၊ အင်္ကျီသစ်နှင့် ဘောင်းဘီသစ်များကို များသောအားဖြင့် မြို့သို့သွားသည့်အခါ သို့မဟုတ် ဆွေမျိုးများထံ လည်ပတ်သည့်အခါမျိုးတွင်သာ ဝတ်ဆင်လေ့ရှိကြ၏။

တောင်ပေါ်ခရီးစဉ်များအတွက် မည်သူမျှ အဝတ်သစ်များကို မဝတ်ဆင်ရဲကြပေ။ အဘယ်ကြောင့်ဆိုသော် အဝတ်အစားအသစ်များ ချုပ်ရန်အတွက် အထည်လက်မှတ်များ လိုအပ်ပြီး တစ်နှစ်တာအတွင်း အထည်လက်မှတ်များ များများစားစား မရရှိသောကြောင့် ဖြစ်သည်။

အထည်လက်မှတ်များမှာ အလွန်ရှားပါးလှပေသည်။

ရွာထဲရှိ ကလေးများအားလုံးမှာ သူတို့၏ အစ်ကို၊ အစ်မများ သို့မဟုတ် လူကြီးများထံမှ အရွယ်အစား ပြင်ဆင်ချုပ်လုပ်ထားသော အဝတ်ဟောင်းများကိုသာ ဝတ်ဆင်ကြရသည်။ အင်္ကျီတစ်ထည်ကို အစ်ကိုကြီးက ဝတ်ဆင်ပြီးနောက် ညီဖြစ်သူထံ လက်ဆင့်ကမ်းကာ ထိုမှတစ်ဆင့် အငယ်ဆုံးညီအတွက် ထပ်မံပြင်ဆင် ချုပ်လုပ်လေ့ရှိကြ၏။

အဝတ်အစားတစ်ထည်ကို မိသားစု အမွေအနှစ်တစ်ခုပမာ လက်ဆင့်ကမ်းကာ အလှည့်ကျ ဝတ်ဆင်ကြသည့် ဤအလေ့အထမှာ ရွှမ်းရွှေရွာနှင့် အနီးနားရှိ ကျေးရွာအချို့တွင် အလွန် အဖြစ်များလှသည်။

ရွေးချယ်စရာ မရှိပေ။ သူတို့မှာ ဆင်းရဲကြသည် မဟုတ်ပါလား။

ထို့အပြင် ရွာတွင် အငတ်ဘေး ဆိုက်ရောက်နေသဖြင့် အဝတ်အစားကို မဆိုထားဘိ လူများမှာ ဆာလောင်လွန်း၍ သစ်ခေါက်များကို ကိုက်ခဲစားသောက်ကာ တောရိုင်းဟင်းရွက်များကိုပင် စားသောက်နေကြရလေသည်။

"ဟေးလုံ အနံ့ခံစမ်း..."

လီလန်သည် ဖာထေးထားသော အဝတ်စကို ဟေးလုံ၏ နှာခေါင်းအောက်သို့ တေ့ပေးလိုက်သည်။

ထိုစုတ်ပြဲနေသော အဝတ်စပေါ်ရှိ အနံ့မှာ မီးခြစ်ဆံဘူးပေါ်က အနံ့ထက် ပိုမိုပြင်းထန်သဖြင့် ဟေးလုံအတွက် ခွဲခြားရ ပိုမိုလွယ်ကူစေလေသည်။

ဟေးလုံသည် တစ်ချက်မျှသာ အနံ့ခံပြီးနောက် တိကျသော ဦးတည်ရာတစ်ခုသို့ ချက်ချင်း ပြေးထွက်သွားရာ ၎င်း၏ ပန်းတိုင်မှာ အလွန် ရှင်းလင်းနေပေသည်။

"ဟေးလုံ တွေ့သွားပြီထင်တယ်..."

ပိုင်ရှင်ဖြစ်သူ လီလန်သည် သူ၏ အမဲလိုက်ခွေး၏ အလေ့အထများကို အလွန်ရင်းနှီးကျွမ်းဝင်နေပေသည်။

မာလောင်တသည် အနံ့ခံခေါင်းဆောင်ခွေး ဟေးလုံကို လွန်စွာအားကျသော အကြည့်ဖြင့် ကြည့်လိုက်၏။

"အဖွဲ့ခေါင်းဆောင်လီ နောက်ပိုင်းကျရင် ကျွန်တော်တို့ သဘောတူထားတာကို မမေ့နဲ့ဦးနော်..."

"ဘာကိုလဲ..."

လီလန်က အနည်းငယ် တုံ့ဆိုင်းသွားသည်။

ထို့နောက် သူ မှတ်မိသွားကာ

"ဪ ခွေးသားဖောက်မယ့် ကိစ္စကို ပြောတာမလား... စိတ်မပူပါနဲ့ သင့်တော်တဲ့ ခွေးမတစ်ကောင် ရှာတွေ့တာနဲ့ ဟေးလုံနဲ့ ပိုင်လုံကို မျိုးစပ်ဖို့ အသေအချာ ငှားပေးပါ့မယ်..."

ဟေးလုံနှင့် ပိုင်လုံတို့မှာ အလွန် ထူးချွန်လွန်းလှသဖြင့် သူတို့၏ ကောင်းမွန်သော မျိုးဗီဇများကို ထိန်းသိမ်းထားရန် လိုအပ်ပေသည်။ လီလန်သည် ဤကိစ္စကို အချိန်အတော်ကြာကတည်းက စဉ်းစားထားခဲ့သော်လည်း အလုပ်များနေသဖြင့် စီစဉ်ရန် အချိန်မရခဲ့ခြင်း ဖြစ်၏။

သူတို့နှစ်ဦးသည် ဟေးလုံ၏ နောက်သို့ ဆက်လက် လိုက်ပါသွားကြပြီး ခြေရာများအတိုင်း နာရီဝက်ကျော်မျှ လမ်းလျှောက်လာခဲ့ရာ မသိမသာပင် တောင်ခြေသို့ ရောက်ရှိလာခဲ့တော့သည်။

တောင်ဆင်းရသည်မှာ တောင်တက်ရသည်ထက် ပိုမိုလွယ်ကူပြီး လူရှာနေခြင်းဖြစ်သောကြောင့် သူတို့၏ အရှိန်မှာ ပို၍ မြန်ဆန်နေလေသည်။

မူလက တောင်တက်ခြင်း၊ ထောင်ချောက်ဆင်ခြင်းနှင့် မှိုခူးခြင်းတို့အတွက် လီလန်နှင့် မာလောင်တတို့မှာ တစ်နာရီကျော် အချိန်ယူခဲ့ရသော်လည်း တောင်ဆင်းရာတွင်မူ နာရီဝက်ကျော်သာ ကြာမြင့်ခဲ့ပေသည်။

"ချောင်တျန်းကျီရွာက လူတစ်ယောက်များလား..."

လီလန် တောင်ပေါ်မှ ဆင်းလာသောအခါ ထိုရွာမှာ အခြားမဟုတ်ဘဲ မာလောင်တ နေထိုင်သည့် ချောင်တျန်းကျီရွာ ဖြစ်နေကြောင်း တွေ့လိုက်ရ၏။

"မာလောင်တ ခင်ဗျားတို့ရွာမှာ သစ္စာဖောက်တစ်ယောက် ရှိနေတယ်..."

လီလန်က မာလောင်တကို ပြုံးစစဖြင့် ကြည့်လိုက်လေသည်။

မာလောင်တ၏ မျက်နှာမှာ ပြာနှမ်းသွားပြီး

"သွားကြစို့ အဲဒီခွေးကောင်ကို ဆွဲထုတ်ကြရအောင်..."

မာလောင်တသည် သူ၏ အရက်ချက်သည့် ကျွမ်းကျင်မှုကြောင့် ရွာထဲတွင် နာမည်ကောင်း ရရှိထားသူ ဖြစ်သည်။ လူအများအပြားမှာ သူ၏ အရက်ကို သောက်ရရန်အတွက်ပင် သူနှင့် ရင်းနှီးအောင် တက်တက်ကြွကြွ ကြိုးစားကြလေ့ရှိ၏။

မည်သည့် လူယုတ်မာက သူ မှတ်သားထားသော လင်ဇီးမှိုခင်းကို အကုန်အစင် ယူငင်သွားကာ သူ့ကို မလေးမစား လုပ်ရဲသနည်း။

၎င်းတို့က ယူဆောင်သွားရုံသာမက သူ့ကိုရော လီလန်ကိုပါ အချည်းနှီး ခရီးစဉ်တစ်ခု ဖြစ်စေခဲ့သဖြင့် လီလန်၏ ရှေ့တွင် သူ မျက်နှာပျက်ခဲ့ရလေသည်။

လင်ဇီးမှိုခင်း အခိုးခံရခြင်းမှာ ကိစ္စသေးသော်လည်း မျက်နှာပျက်ရခြင်းကမူ ကိစ္စကြီးပေတည်း။ ဤကိစ္စသာ သတင်းပေါက်ကြားသွားပါက မာလောင်တအနေဖြင့် ချောင်တျန်းကျီရွာတွင် မည်သို့နေထိုင်နိုင်ပါမည်နည်း။

အဖွဲ့ခေါင်းဆောင်လီကို သူ ကတိပေးထားသော လင်ဇီးမှိုခင်းက အတုကြီးလား... ဗလာကြီးလား…။

ထိုသို့သာဆိုလျှင် သူက လှောင်ပြောင်စရာတစ်ခု ဖြစ်သွားမည် မဟုတ်ပါလား။

လီလန်သည်လည်း ဤကိစ္စ၏ နောက်ကွယ်ရှိ အကြောင်းရင်းကို နားလည်သဖြင့် လင်ဇီးမှိုခင်းအတွက် သိပ်ဂရုမစိုက်လှပေ။ သူသည် မာလောင်တ စိတ်အနှောင့်အယှက်ဖြစ်ကာ မျက်နှာပျက်မည်ကိုသာ စိုးရိမ်သောကြောင့် မာလောင်တ၏ စိတ်ကို သက်သာရာရစေရန်နှင့် သူ၏ ဂုဏ်သိက္ခာကို အနည်းငယ် ပြန်လည်ဆယ်တင်နိုင်စေရန် ဟေးလုံကို အကူအညီတောင်းကာ တရားခံကို ရှာဖွေစေချင်ခဲ့ခြင်း ဖြစ်သည်။

"ဟေးလုံ သွားစမ်း..."

လီလန်က အမိန့်ပေးလိုက်၏။

ဟေးလုံမှာ လိမ္မာသဖြင့် ရွာထဲတွင် လွင့်ပျံနေသော ရင်းနှီးသည့် အနံ့နောက်သို့ လိုက်ကာ ရှေ့သို့ ဆက်သွားလေသည်။

မကြာမီမှာပင် ဟေးလုံသည် လီလန်နှင့် မာလောင်တတို့ကို အိမ်တစ်လုံးဆီသို့ ဦးဆောင်ခေါ်သွားတော့သည်။

၎င်းမှာ အလွန်ဟောင်းနွမ်းယိုယွင်းနေသော သစ်သားအိမ်တစ်လုံးဖြစ်၏။ ဘယ်ဘက်ခြမ်းရှိ သိုလှောင်ခန်း၏ အမိုးတွင် ပြိုကျနေသော အပေါက်ကြီးတစ်ခု ရှိနေသော်လည်း အိမ်ရှင်မှာ ပြင်ဆင်ရန် ဂရုမစိုက်ဘဲ ထိုအတိုင်းသာ ပစ်ထားလေသည်။

သစ်သားအိမ်ရှေ့တွင် ခြံဝန်းငယ်တစ်ခုရှိပြီး မကျယ်ဝန်းလှဘဲ လီလန်၏ အိမ်အရွယ်အစား တစ်ဝက်ခန့်သာ ရှိသည်။

ခြံဝန်းထဲတွင် ပေါင်းပင်များ ထူထပ်စွာ ပေါက်ရောက်နေပြီး ခြံစည်းရိုးတစ်လျှောက်လုံးတွင် အမှိုက်များ ပြန့်ကျဲနေ၏။ အရက်ပုလင်းခွံများ၊ မီးခြစ်ဆံဘူးများ၊ ဆေးလိပ်တိုများနှင့် မြေပဲခွံများ…

အိမ်ရှင်မှာ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပုံမရပေ။

"ဘာလို့ အဲဒီလောက် နံဟောင်နေရတာလဲ..."

လီလန်သည် မျက်မှောင်ကြုတ်လိုက်၏။ ခြံဝန်းထဲမှ ထွက်ပေါ်လာသော ပုပ်စော်နံသည့် အနံ့ကို သူ ရလိုက်လေသည်။

"ဘယ်လိုလုပ် မနံဘဲနေပါ့မလဲ... အဲဒါက လူပျိုကြီး ရှီအာဟူရဲ့ အိမ်လေ..."

"ဘယ်သူ..."

"ရှီအာဟူလေ... အဖွဲ့ခေါင်းဆောင်လီ မေ့သွားပြီလား... ပြီးခဲ့တဲ့အကြိမ် ခွေးတွေ လိုက်ရှာတုန်းက ကျွန်တော်တို့ကို ဝံပုလွေအုပ်ဆီ အသေခံလုနီးပါးဖြစ်အောင် လုပ်ခဲ့တဲ့ကောင်လေ..."

မာလောင်တ ထိုသို့ပြောလိုက်သည်နှင့် လီလန် မှတ်မိသွားတော့သည်။

ရှီအာဟူဆိုသည်မှာ လီလန်ကို ခေါင်းဆောင်အဖြစ် မလေးစားသောကြောင့် တောင်ပေါ်တွင် တမင်တကာ ပြဿနာရှာခဲ့သော ထို "အဖွဲ့ခေါင်းဆောင်ရှီ" ပင် ဖြစ်၏။

"ဒါဆို လင်ဇီးမှိုတွေကို ခိုးသွားတာသူပေါ့..."

လီလန်၏ နှုတ်ခမ်းများမှာ မသိမသာ တွန့်ကွေးသွားတော့သည်။

ကမ္ဘာကြီးက ကျဉ်းလွန်းလှပေသည်။

ဤကိစ္စမှာ လီလုံ၊ လီဟူနှင့် လီရှန်းဟွာတို့၏ ထူးဆန်းသော မိသားစုနှင့် တကယ့်ကို ဆက်နွှယ်နေပေသည်။

ရှီအာဟူသည် လီရှန်းဟွာ၊ လီလုံနှင့် လီဟူ မောင်နှမသုံးယောက်၏ မိခင်ဘက်မှ ဝမ်းကွဲအစ်ကို ဖြစ်လေသည်။

သူသည် မုဆိုးမဝူ၏ ဝမ်းကွဲမောင်လည်း ဖြစ်၏။

"မှတ်မှတ်ရရ တောင်ပေါ်မှာတုန်းက ရှီအာဟူရဲ့ လက်တစ်ဖက်ကို ဝံပုလွေ ကိုက်ဖြတ်သွားတာပဲ..."

လီလန်က ပြန်တွေးရင်း ပြောလိုက်သည်။

ထိုစဉ်က တောင်ပေါ်တွင် ရှီအာဟူ၏ သစ္စာရှိသော ခွေးအကြီးစားသည် သူ့ကို ကယ်တင်ရန် အရှေ့မြောက်ပိုင်းဝံပုလွေ နှစ်ကောင်နှင့် တိုက်ခိုက်ခဲ့ပြီး ၎င်း၏ အသက်ကို ရဲရင့်စွာ စတေးခဲ့လေသည်။

တကယ့်ကို ကောင်းမွန်သော ခွေးတစ်ကောင်ပင်တည်း။

သခင်မှားသွားသည်မှာ ဆိုးရွားလှပေသည်။

All Chapters