အခန်း ၁၅၇၃
Vol. 111 Ch. 1573
အခန်း ( ၁၅၇၃ ) ခန္ဓာသုံးပါး တစ်သားတည်း ဖြစ်ခြင်း။
ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်အတွင်းရှိ သွေးစက်တိုင်းက ဆူပွက်နေပြီး လောင်ကျွမ်းတော့မည့်အလား ခံစားလိုက်ရသည်။
ယင်းက မည်သို့သော အဓိပ္ပာယ်မျိုး ဖြစ်သနည်း။
၎င်းက အလွန်ရိုးရှင်းသည်။
ကျွင်းရှောင်ယောက်၏ ကိုယ်ပိုင် ကျင့်ကြံမှုအဆင့် တက်လှမ်းမှုအပြင် သူနှင့် အနီးစပ်ဆုံး သွေးသားတော်စပ်သူတစ်ဦးက ပိုမြင့်မားသော အဆင့်တစ်ခုသို့ စတင်ဝင်ရောက်တော့မည် လက္ခဏာရပ် တစ်ခုပင်။
သူနှင့် အနီးစပ်ဆုံး သွေးသားတော်စပ်သူကိုတော့ အထူး စဉ်းစားစရာ မလိုတော့ပါ။
သူကား ကျွင်းရှောင်ယောက်၏ ဖခင်၊ ဝတ်စုံဖြူနတ်ဝတ် ဘုရားဘုရင် ကျွင်းဝူဟွေ့ပင် ဖြစ်သည်။
စင်စစ်တွင်၊ စေ့စပ်ပွဲ မတိုင်ခင်ကတည်းက ကျွင်းရှောင်ယောက်သည် သူ၏ သွေးထဲတွင် ထူးခြားသော လှုပ်ရှားမှုကို ခပ်ဝါးဝါး ခံစားခဲ့ရဖူးသည်။
ထိုစဉ်ကပင် သူ၏ဖခင် ကျွင်းဝူဟွေ့က တာအိုကို သက်သေပြပြီး အဆင့်ချိုးဖြတ်ရန် စတင်တော့မည်ဖြစ်ကြောင်း ခပ်ရေးရေး ကြိုတင်ခံစားခဲ့ရပေသည်။
အကယ်၍ ကျွင်းဝူဟွေသာ တာအိုကို သက်သေပြနိုင်ခဲ့လျှင် အကျိုးသက်ရောက်မှု အရှိဆုံးသူမှာ သူ၏ တိုက်ရိုက်မျိုးဆက်ဖြစ်သော ကျွင်းရှောင်ယောက်ပင် ဖြစ်သည်။
တစ်ဦး ကောင်းစားပါက တစ်အိမ်လုံး ကြွယ်ဝသလိုပင်။
ထို့ကြောင့်ပင် ဧကရာဇ်ကြီးများ၏ မျိုးဆက်များနှင့် ရှေးဟောင်းအုပ်စိုးရှင်များ၏ သားသမီးများက အလွန်အမင်း အားကောင်းသော သွေးမျိုးဆက်များကို ပိုင်ဆိုင်ထားကြခြင်း ဖြစ်သည်။
ဥပမာအားဖြင့် ဟွမ်နျဲ့တောက်၊ ကျောက်ဧကရာဇ်လေးနှင့် လုံရွှမ်ယီတို့က ထင်ရှားသော ဒုတိယမျိုးဆက် အမွေဆက်ခံသူများပင်။
ကျွင်းရှောင်ယောက်၏ ပါရမီ၊ ခွန်အားနှင့် သွေးမျိုးဆက်တို့မှာမူ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သဖြင့် ဒုတိယမျိုးဆက် အမွေဆက်ခံသူတစ်ယောက်အဖြစ် ရပ်တည်ရန် မလိုချေ။
သို့သော်လည်း မည်သို့ပင်ဆိုစေကာမူ၊ သူသည် ကျွင်းဝူဟွေ့၏ တစ်ဦးတည်းသောသား ဖြစ်သည်။
ကျွင်းဝူဟွေ့က တာအိုကို ရရှိပြီး ဧကရာဇ် ဖြစ်လာခဲ့လျှင် ကျွင်းရှောင်ယောက်သည်လည်း သဘာဝအတိုင်း အကြီးမားဆုံးသော အကျိုးကျေးဇူးများကို ရရှိလိမ့်မည်။
ဤအခိုက်တွင် သူ၏ခွန်အားနှင့် စွမ်းအင်အဆင့်က သိသိသာသာ တိုးတက်လာခြင်း မရှိသော်လည်း...
သူ၏ ထူးကဲပြီးသား ပါရမီအဆင့်က တစ်ဖန် ဆင့်ကဲပြောင်းလဲလာတော့မည့် အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။
ကျွင်းရှောင်ယောက်က သူကိုယ်တိုင် ဧကရာဇ် ဖြစ်လာတော့မည့်အလား ခံစားလိုက်ရတော့သည်။
ပတ်ဝန်းကျင်ရှိ လောက နိယာမတရားများသည်ပင် သူ့စိတ်ထဲတွင် ကြည်လင်ပြတ်သားစွာ ပေါ်ထွက်လာခဲ့သည်။
ထာဝရကွဲလွဲမှုများ၏ဘုရင်ဖြစ်သော သူ့အရည်အချင်းက နောက်တစ်ဖန် တိုးတက်လာတော့မည်။
"ဟင်... တစ်ယောက်ယောက်က ဧကရာဇ်နယ်ပယ် ချိုးဖြတ်ချင်နေတာလား"
အချိန်အဆုံးသတ်၏အရှင်သခင်က အံ့အားသင့်သွားခဲ့သည်။
သူ့ကို အံ့အားသင့်စေသည်မှာ ဤအချိန်တွင် တစ်စုံတစ်ယောက်က ဧကရာဇ် ဖြစ်လိုခြင်းကြောင့် မဟုတ်ချေ။
သူ့အတွက်တော့ တာအိုကို အောင်မြင်စွာ သက်သေပြနိုင်ခဲ့သည့် စစ်မှန်သော ဧကရာဇ်ပင်လျှင် ပုရွက်ဆိတ်တစ်ကောင်နှင့် မခြားပါ။
သူ့ကို အမှန်တကယ် အံ့အားသင့်စေသည်မှာ ဤအရှိန်အဝါက တစ်စုံတစ်ရာ ထူးခြားနေခြင်းကြောင့် ဖြစ်သည်။
၎င်းက ကောင်းကင်နှင့် မြေပြင်၏ နိယာမများကိုပင် နှိုးဆော်လိုက်ပြီး သူ၏ တိုက်ခိုက်မှုကို ဖိနှိပ်လိုက်၏။
"ဒါက ဖြစ်နိုင်မလား..."
အချိန်အဆုံးသတ်၏အရှင်သခင်က တစ်စုံတစ်ခုကို စဉ်းစားနေပုံရပြီး ကျယ်ပြောလှသော အပျက်အယွင်းများ၏ အနက်ရှိုင်းဆုံးနေရာသို့ လှမ်းကြည့်လိုက်သည်။
သူက တစ်စုံတစ်ခုကို တွေးမိသွားခြင်း ဖြစ်၏။
"ဝုန်း"
ထိုစဉ်မှာပင် နယ်နိမိတ်ပင်လယ်အတွင်း၌ ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး လှိုင်းလုံးကြီးများ မြင့်တက်လာသည်။
မရေတွက်နိုင်သော ကမ္ဘာငယ်လေးများက စဉ်ဆက်မပြတ် ဖန်တီးလိုက် ပျက်စီးလိုက် ဖြစ်နေခဲ့၏။
တစ်စုံတစ်ရာက လှိုင်းလုံးများကို ဖောက်ထွက်ပြီး ပေါ်ထွက်လာတော့မည်ကဲ့သို့ပင်။
ထို့ပြင်၊ ၎င်းက နယ်နိမိတ်ပင်လယ် တစ်ခုတည်း မဟုတ်ပါ။
သေခြင်းတရား အရှိန်အဝါများ လွှမ်းခြုံနေသည့် ရှေးဟောင်းသင်္ချိုင်းမြေ၏ အနက်ရှိုင်းဆုံး နေရာတွင်...
ခေတ်အဆက်ဆက် ချိပ်ပိတ်ခံထားရသော သင်္ချိုင်းနယ်မြေက ဤအခိုက်အတန့်တွင် ပြင်းထန်စွာ တုန်ခါလာခဲ့သည်။
"ဟင်... ဒီအရှိန်အဝါက..."
နက်နဲပြီး အားကောင်းသော အရှိန်အဝါရှိသည့် ပုံရိပ်တစ်ခုက တုန်လှုပ်သွားခဲ့သည်။
သူကား အခြားသူမဟုတ်ဘဲ ကျွင်းဝူဟွေ့၏ လက်အောက်ရှိ အစောင့်အရှောက် ရှစ်ဦးထဲမှ တစ်ဦးဖြစ်သူ နတ်ဆိုးဘုရင် လီရှင်းပင်။
"ဒီအရှိန်အဝါက ငါတို့ရဲ့ အရှင်သခင်ပဲ"
လီရှင်းက မယုံကြည်နိုင်သော မျက်ဝန်းတို့ဖြင့် မတ်တပ်ရပ်လိုက်သည်။
ကျွင်းဝူဟွေ့သည် ချီတစ်ခုကို သုံးခုပြောင်းလဲခြင်း ကျင့်စဉ်ဖြင့် ခန္ဓာသုံးခု ခွဲထုတ်ထားခဲ့သည်။
ခန္ဓာကိုယ်တစ်ခုက သင်္ချိုင်းကမ္ဘာကို ဖိနှိပ်ထားသည်။ အခြားခန္ဓာကိုယ်တစ်ခုက တိုင်းတပါးကို ဖိနှိပ်ထားပြီး နောက်ထပ် ခန္ဓာကိုယ်တစ်ခုဖြင့် နယ်နိမိတ်ပင်လယ်ကို ဖိနှိပ်ထား၏။
ယခုအခါ သင်္ချိုင်းကမ္ဘာတွင် ထူးခြားမှုတစ်ခု ဖြစ်ပေါ်လာပြီး အတုမဲ့ အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာခဲ့ပြီ။
တစ်ချိန်တည်းမှာပင် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်များလည်း ပေါက်ကွဲထွက်လာခဲ့သည်။
၎င်းက အင်မော်တယ်သတ်ဓား၏ အရှိန်အဝါ မဟုတ်သော်လည်း အင်မော်တယ်သတ်ဓားနှင့် မူလရင်းမြစ် တူညီပေသည်။
တစ်ချိန်တည်းမှာပင် အခြားသော နယ်ပယ်တစ်ခုတွင်လည်း အလားတူ လှုပ်ရှားမှုများ ပေါ်ထွက်လာခဲ့သည်။
ကျွင်းရှောင်ယောက်၊ ကျွင်းဝူဟွေ့နှင့် အခြားသူများသည် တိုင်းတပါးရှိ အန္တိမကပ်ဘေးကြီးကို ယခင်က ဖြေရှင်းပေးခဲ့ကြသော်လည်း...
၎င်းက အခြားသော ခြိမ်းခြောက်မှုများ မရှိတော့ဘူးဟု မဆိုလိုချေ။
တိုင်းတပါးတွင် ကပ်ဘေးအဆင့် အင်မော်တယ်များနှင့် အားကောင်းသော အဆုံးစွန် ဧကရာဇ်မျိုးနွယ်များ ရှိနေဆဲ ဖြစ်သည်။
အန္တိမကပ်ဘေးကြီး မရှိလျှင်ပင် တိုင်းတပါးက အင်မော်တယ်နယ်မြေအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေသေးသည်။
ထို့ကြောင့် နောက်ပိုင်းတွင် အန္တိမကပ်ဘေးကြီးကို ဖြေရှင်းပြီးနောက် ကျွင်းဝူဟွေ့၏ ခန္ဓာကိုယ်တစ်ခုက တိုင်းတပါး၏ အနက်ရှိုင်းဆုံးနေရာ၌ ဆက်လက် နေထိုင်ခဲ့ခြင်း ဖြစ်သည်။
တိုင်းတပါး၊ သင်္ချိုင်းကမ္ဘာ၊ နယ်နိမိတ်ပင်လယ်။
တားမြစ်နယ်မြေ သုံးခု၌ ထူးခြားသော လှုပ်ရှားမှုများ တပြိုင်နက်တည်း ဖြစ်ပေါ်လာခဲ့သည်။
နတ်ဘုရားအလင်းများက ကောင်းကင်ကိုးပါး တစ်ခုလုံးသို့ တောက်ပစွာ လင်းလက်သွားခဲ့၏။
"ဒါ... ဒါက..."
ဤအခိုက်အတန့်တွင် မရေမတွက်နိုင်သော လူအားလုံး မှင်သက်သွားကြရသည်။
မူလက အဆုံးမဲ့အမှောင်ထုသည် အင်မော်တယ်နယ်မြေကို ဝါးမျိုကာ အရာအားလုံးကို ဖျက်ဆီးတော့မည့်အလား ဖြစ်ခဲ့သည်။
သို့သော်လည်း ဤကဲ့သို့ အသက်ရှုရန်ခက်ခဲစေသော အမှောင်ထုအတွင်း၌ တားမြစ်နယ်မြေသုံးခုမှ နတ်အလင်းရောင်များကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်ခဲ့၏။
ထိုအလင်းရောင်က အလွန်တောက်ပပြီး ကျယ်ပြောလှသော အမှောင်ထုကို ဖြတ်တောက်လိုက်သည်။
၎င်းက သက်ရှိသတ္တဝါအားလုံးနှင့် သူတို့၏ မျှော်လင့်ချက်မဲ့နေသော နှလုံးသားများဆီသို့ အလင်းရောင် အစအနတစ်ခုကို ယူဆောင်လာပေးခဲ့ပေသည်။
"ဒီအရှိန်အဝါက... ဖြစ်နိုင်မလား..."
"ငါ့ရဲ့ ကျေးဇူးရှင်... ကျေးဇူးရှင်ပဲ"
နယ်စပ်တွင် အမာရွတ်လေးခု သခင်ကြီးက စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ ကောင်းကင်သို့မော့ပြီး ဟိန်းဟောက်လိုက်သည်။
ကျွင်းမိသားစုဘက်တွင်မူ အကျော်အမော်တစ်ဦးက တုန်လှုပ်သွားခဲ့ပြီးနောက် ပြုံးလိုက်၏။
"ဒါ ဝူဟွေ့ပဲ"
ကျွင်းမိသားစု နေအိမ်တွင် လှပသော အမျိုးသမီးတစ်ဦးက မြောက်ဘက်အရပ်ရှိ ကြယ်တာရာ ကောင်းကင်ယံကို စိုက်ကြည့်ရင်း မျက်ရည်များ ဝဲလာခဲ့သည်။
သူကား ကျန်းရို့ ပင် ဖြစ်တော့သည်။
"ဝူဟွေ့... ရှင်ပြန်လာခဲ့ပါတော့"
ကျန်းရို့က မနေနိုင်ဘဲ အော်လိုက်သည်။
သူမ၏ အသံက မကျယ်သော်လည်း ဟင်းလင်းပြင်အလွှာများစွာကို ဖြတ်ကျော်ကာ တိုင်းတပါး၊ သင်္ချိုင်းကမ္ဘာနှင့် နယ်နိမိတ်ပင်လယ်တို့ဆီသို့ ပဲ့တင်ထပ်သွားပုံရပေသည်။
၎င်းက ခင်ပွန်းဖြစ်သူအပေါ် ဇနီးသည်တစ်ဦး၏ လွမ်းဆွတ်မှုပင် ဖြစ်သည်။
ဤအခိုက်အတန့်တွင် မရေတွက်နိုင်သော သက်ရှိများသည်လည်း ဘယ်သူ ပြန်လာသလဲဆိုတာကို နားလည်သွားကြပေသည်။
"အရှင်၊ ပြန်လာခဲ့ပါ"
"နတ်ဘုရားဘုရင်...၊ ဝတ်စုံဖြူနတ်ဘုရားဘုရင်ပဲ"
"နောင်တမရှိတဲ့ နတ်ဘုရားဘုရင် ဝူဟွေ့... ဒါ တကယ်ပဲ သူလား"
"နတ်ဘုရားဘုရင်၊ ကျေးဇူးပြုပြီး ပြန်လာပါ"
သန်းပေါင်းများစွာသော သက်ရှိများ၏ ဝတ်ပြုကိုးကွယ်သံ၊ ချီးမွမ်းဂုဏ်ပြုသံများက အဆုံးမရှိကျယ်ပြောသော ကောင်းကင်နှင့် မြေပြင် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။
ယင်းက အချိန်အဆုံးသတ်၏အရှင်သခင်ကိုပင် အံ့အားသင့်စေခဲ့ပေသည်။
ဤပုရွက်ဆိတ်ကဲ့သို့ သက်ရှိများက လူတစ်ယောက်ကို ဤကဲ့သို့ ခေါ်ယူရန်အတွက် မည်မျှယုံကြည်ကိုးစားကြသနည်း။
"အဖေ"
ကျွင်းရှောင်ယောက်၏ မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။
ဤအခိုက်အတန့်တွင် ကမ္ဘာကြီးက အဆုံးမဲ့သော ခေါ်သံများဖြင့် ပြည့်နှက်နေခဲ့၏။
ရုတ်တရက်၊ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ သုံးခုက တိုင်းတပါး၊ သင်္ချိုင်းကမ္ဘာနှင့် နယ်နိမိတ်ပင်လယ် နယ်မြေသုံးခုမှ ပေါ်ထွက်လာခဲ့သည်။
တောက်ပသော နေသုံးစင်းကဲ့သို့ပင် ၎င်းတို့က အင်မော်တယ်နယ်မြေ၏ မှောင်မိုက်ခြင်းနှင့် သွေးနီရောင် မြူခိုးများကို ဖယ်ရှားပစ်လိုက်ကြ၏။
နေသုံးစင်း၏ အလယ်တွင် ဝတ်စုံဖြူ ဝတ်ဆင်ထားသော ပုံရိပ်သုံးခု ဝေဝါးစွာ ပေါ်ထွက်လာသည်ကို လူတိုင်း မြင်တွေ့လိုက်ရသည်။
ထို့နောက် မရေတွက်နိုင်သော လူများ၏ စောင့်ကြည့်နေမှုအောက်တွင် ပုံရိပ် သုံးခုက ဟင်းလင်းပြင်အလွှာများကို ဖြတ်ကျော်လာခဲ့ပြီး ကျယ်လောင်သော အသံသံကြီးနှင့်အတူ အချင်းချင်း တိုက်မိသွားကြတော့သည်။
ရုတ်တရက်၊ ကမ္ဘာလောကတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။
နောက်တစ်ခဏတွင်မူ...
"ဝုန်း"
ကျယ်ပြောလှသော ဟင်းလင်းပြင်ကြီး တုန်ခါသွားခဲ့ပြီး ကမ္ဘာကြီး ကမောက်ကမ ဖြစ်သွားခဲ့၏။
မရေတွက်နိုင်သော သက်ရှိများက ဤအခိုက်အတန့်တွင် အချိန်အဆုံးသတ်၏အရှင်သခင်ကိုပင် မေ့လျော့သွားကြသည်။
သူတို့က သူတို့ရှေ့မှောက်ရှိ ထူးခြားဆန်းပြားသော မြင်ကွင်းကိုသာ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြတော့သည်။
ထိုစဉ်မှာပင် ကောင်းကင်ယံမှ ပန်းမိုးများ ရုတ်တရက် ရွာသွန်းလာခဲ့ပြီး မြေပြင်မှ ရွှေရောင်ကြာပန်းများ ပွင့်လာခဲ့ကြသည်။
အားကောင်းသော စွမ်းအင်များက စီးဆင်းလာခဲ့ပြီး မဟာလမ်းစဉ်၏ နိယာမများလည်း တစ်ခုနှင့်တစ်ခု ဆက်နွှယ်သွားကြ၏။
ဤလှုပ်ရှားမှုကြောင့် အချိန်အဆုံးသတ်၏အရှင်သခင်သည်လည်း လှုပ်ရှားရန် ယာယီ မေ့သွားခဲ့ရသည်။
၎င်းကလည်း သူ၏ ကမ္ဘာပျက်ကိန်း ဇာတ်ညွှန်းထဲတွင် ပါဝင်ခြင်း မရှိချေ။
မရေမတွက်နိုင်သော သက်ရှိများ၏ စောင့်ကြည့်နေမှုအောက်၌ ရုတ်တရက် ကောင်းကင်ကြီး ကွဲအက်သွားခဲ့သည်။
ခန့်ညားထည်ဝါသော ဧကရာဇ်ပလ္လင်တစ်ခုသည် ကောင်းကင်ယံမှ ဆင်းသက်လာခဲ့ပြီး နတ်ဘုရားတို့၏ အရှင်သခင် အရှိန်အဝါမျိုးဖြင့် အဆုံးမဲ့ ဟင်းလင်းပြင်ကို ဖိနှိပ်လိုက်၏။
"မင်းဟာ တာအိုကို သက်သေပြနိုင်ခဲ့တာကြောင့် ပလ္လင်တော်ကို အပ်နှင်းခြင်း ခံရပြီ။ အခု မင်းဟာ ဧကရာဇ်အားလုံးရဲ့ အရှင်သခင်နဲ့ နတ်ဘုရားအားလုံးရဲ့ ဘုရင် ဖြစ်လာနိုင်ပြီ"
ကောင်းကင်ယံ၌ နက်ရှိုင်းသော သံတစ်ခု ပဲ့တင်ထပ်လာခဲ့သည်။
၎င်းမှာ အင်မော်တယ်နယ်မြေ၏ အလိုတော် ဖြစ်၏။
၎င်းက ကောင်းကင်မှ ပဲ့တင်သံပင် ဖြစ်ချေတော့သည်။
"ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
စန်းမျိုးနွယ်စုပင်လျှင် မှင်သက်သွားခဲ့သည်။
၎င်းက ကောင်းကင်မှ အပ်နှင်းသော ပလ္လင် ဖြစ်၏။
အကယ်၍ ၎င်းပေါ်တွင် ထိုင်လိုက်မည်ဆိုလျှင် ဧကရာဇ်အားလုံး၏ အုပ်စိုးသူနှင့် နတ်ဘုရားအားလုံး၏ ဘုရင် တိုက်ရိုက် ဖြစ်လာနိုင်သည်။
၎င်းက မကြုံစဖူးသော အဆင့်အတန်းနှင့် ဂုဏ်ဒြပ် တစ်ခုပင်။
ကောင်းကင်သရဖူ ဆိုသည်မှာ ဤဧကရာဇ်ပလ္လင်ရှေ့တွင် ဘာတန်ဖိုးမျှ မရှိတော့ချေ။
ခန္ဓာသုံးပါး တစ်သားတည်း ပေါင်းစည်းသွားသည့် ထိုနေရာတွင်...
အရပ်အမောင်း မြင့်မားပြီး ခန့်ညားသော ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။
သူ့ထံမှ တည်ငြိမ်သော စကားသံ ထွက်ပေါ်လာခဲ့၏။
"ငါ့ကို မျက်နှာသာပေးချင်တာလား..."
"မင်း ကောင်းကင်အလိုတော်မှာ... အဲဒီအတွက် အရည်အချင်း မရှိဘူး"