အခန်း ၁၅၇၅
Vol. 111 Ch. 1575
အခန်း ( ၁၅၇၅ ) ကြောက်မက်ဖွယ်ကောင်းသော အဆင့်တက်လှမ်းမှုနှုန်း။
ထာဝရဧကရာဇ် အဆင့်သတ်မှတ်ချက်စာရင်း ဆိုသည်မှာ အင်မော်တယ်နယ်မြေ၏ သမိုင်းတစ်လျှောက်တွင် အစွမ်းထက်ဆုံးနှင့် ပါရမီအမြင့်မားဆုံး ဧကရာဇ်များ၏ စာရင်း ဖြစ်သည်။
၎င်းသည် အင်မော်တယ်နယ်မြေ၏ အလိုတော် သို့မဟုတ် ကောင်းကင်လမ်းစဥ်တို့နှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိချေ။
ထာဝရဧကရာဇ် အဆင့်သတ်မှတ်ချက်စာရင်းက မည်သည့်အချိန်တွင် စတင်ပေါ်ထွက်လာခဲ့သည်ကို မည်သူမျှ မသိကြပါ။
၎င်းက ကောင်းကင်နှင့် မြေပြင်ကို ကျော်လွန်လွှမ်းမိုးထားသော နိယာမတရားတစ်ခုအလား အလိုအလျောက် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
အကယ်၍ မဟာဧကရာဇ်တစ်ပါးသည် လုံလောက်အောင် အားကောင်းပြီး ပါရမီ မြင့်မားပါက ကမ္ဘာကြီးကို တိုက်ခိုက်သိမ်းပိုက်ပြီး ခတ်ကာလတစ်ခုကို စိုးမိုးအုပ်ချုပ်နိုင်သည်။
ထိုအခါမှသာ ထိုသူက ထာဝရဧကရာဇ် အဆင့်သတ်မှတ်ချက်စာရင်းကို ပေါ်ထွက်လာစေရန် နှိုးဆော်နိုင်ပြီး ထိုစာရင်းတွင် နာမည်ရေးထိုးခွင့် ရရှိမည် ဖြစ်သည်။
တာအိုကို သက်သေပြပြီး ဧကရာဇ်ဖြစ်လာချိန်တွင် ထာဝရဧကရာဇ် အဆင့်သတ်မှတ်ချက်စာရင်း၌ နာမည်စာရင်းဝင်နိုင်ခဲ့ပါက...
၎င်းက အကြွင်းမဲ့ ဒဏ္ဍာရီဆန်ပြီး တုနှိုင်းမဲ့သော ဂုဏ်သိက္ခာတစ်ခု ဖြစ်ပေလိမ့်မည်။
၎င်းသည် ကောင်းကင်မှ ပေးအပ်လိုက်သော ဧကရာဇ်ပလ္လင်ထက်ပင် ပို၍ စိတ်လှုပ်ရှားဖွယ်ကောင်းသည်ဟု ဆိုနိုင်သည်။
အကြောင်းမူ၊ ဤအရာက သမိုင်းတစ်လျှောက်ရှိ ဧကရာဇ်အားလုံးနှင့် နှိုင်းယှဉ်ရခြင်းကြောင့်ပင်။
ဟုတ်သည်၊ ဤစာရင်းက ဧကရာဇ်အဆင့်သို့ လောလောလတ်လတ် တက်လှမ်းလာသူတစ်ဦးကြောင့်သာ ပေါ်ထွက်လာနိုင်ခြင်း ဖြစ်သည်။
အကယ်၍ တစ်စုံတစ်ဦးက ဧကရာဇ်နယ်ပယ်အတွင်း၌ ဆက်လက်၍ အဆင့်များ ဖောက်ထွက်နေမည်ဆိုပါက ထာဝရဧကရာဇ် အဆင့်သတ်မှတ်ချက်စာရင်းသည် ပေါ်ထွက်လာတော့မည် မဟုတ်ချေ။
သို့သော်လည်း ထာဝရဧကရာဇ် အဆင့်သတ်မှတ်ချက်စာရင်း၌ အောက်ခြေအကျဆုံးနေရာတွင်သာ နာမည်ပါဝင်နိုင်ခဲ့လျှင်ပင်...
ဘဝတစ်သက်တာ ဂုဏ်ယူစရာတစ်ခု ဖြစ်နေပြီ။
လွမ်ကုဧကရာဇ်၊ ကောင်းကင်စွန့်ခွာဧကရာဇ်ကြီး၊ အဆုံးမဲ့ဧကရာဇ်၊ နတ်ဆိုးနတ်ဘုရားဧကရာဇ်။
ရှေးခေတ်ကာလက ချင်မိသားစု၏ ပထမဆုံးသော ဧကရာဇ်...
ယွီဟွာနတ်ဘုရားမင်းဆက်ကို တည်ထောင်ခဲ့သော ဧကရာဇ် ယွီဟွာတို့သည်လည်း တစ်ချိန်က ထာဝရဧကရာဇ်စာရင်းတွင် နာမည်စာရင်းဝင်ခဲ့ဖူးသည်။
သူတို့အားလုံးသည် အင်မော်တယ်နယ်မြေတွင် ကျော်ကြားသော ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြ၏။
ထို့ပြင် မည်သည့်ခြွင်းချက်မျှမရှိဘဲ သူတို့အားလုံးက ထာဝရတည်တံ့မည့် အမွေအနှစ်များကို ချမှတ်နိုင်ခဲ့ကြပေသည်။
ယခုအခါတွင်မူ ရေတွက်၍မရနိုင်သော နှစ်ပေါင်းများစွာ ကြာပြီးနောက် ထာဝရဧကရာဇ် အဆင့်သတ်မှတ်ချက်စာရင်းသည် ပြန်လည်ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။
ထို့ထက်ပို၍ ထူးခြားသည်မှာ ဤအရာက အင်မော်တယ်နယ်မြေတစ်ခုလုံး၏ အမှောင်မိုက်ဆုံးနှင့် မျှော်လင့်ချက်အမဲ့ဆုံး အချိန်တွင် ဖြစ်ပေါ်လာခြင်း ဖြစ်၏။
ဤအရာက မှေးမှိန်ပျောက်ကွယ်လုနီးပါးဖြစ်နေသော နှလုံးသားများဆီသို့ ရှင်သန်ခြင်းမျှော်လင့်ချက် အလင်းတန်းတစ်ခုကို ယူဆောင်လာပေးခဲ့သည်မှာ သံသယဖြစ်စရာပင် မလိုတော့ပေ။
အမှန်ပင် မျှော်လင့်ချက်အလင်းတန်းတစ်ခု ဖြစ်သည်။
"ဝုန်း"
ထာဝရဧကရာဇ် အဆင့်သတ်မှတ်ချက်စာရင်းသည် ကြီးမားပြီး ကောင်းကင်ယံမှ ဧရာမ ကန့်လန့်ကာလိပ်တစ်ခုကို ဖြည်ချလိုက်သလိုပင်။
၎င်းအတွင်းမှ မရေတွက်နိုင်သော နာမည်များ ပေါ်ထွက်လာခဲ့သည်။
စုစုပေါင်း နေရာ တစ်ထောင် ရှိ၏။
လူဦးရေ တစ်ထောင်ဖြစ်၍ အနည်းငယ် များပြားသည်ဟု မသတ်မှတ်သင့်ပေ။
ဤသည်မှာ ရေတွက်၍ မရနိုင်သော မျိုးဆက်များနှင့် ခေတ်များစွာတစ်လျှောက်မှ စာရင်းကြီး ဖြစ်သည်။
အင်မော်တယ်နယ်မြေ၏ မျိုးဆက်တစ်ခုချင်းစီ၌ သန်းနှင့်ချီသော သက်ရှိများ ရှိသည်။
ဤမျှ ရှည်လျားသော အချိန်ကာလအတွင်း...
ဤမျှ များပြားလှသော သက်ရှိများထဲမှ အယောက်တစ်ထောင်သာလျှင် ထာဝရဧကရာဇ်အဆင့်သတ်မှတ်ချက်စာရင်း၌ နာမည်စာရင်းဝင်နိုင်ခြင်း ဖြစ်သည်။
ဤအရာက ဤနေရာစာရင်း တစ်ထောင်မှာ မည်မျှတန်ဖိုးရှိကြောင်း ပြသနေပေသည်။
အကယ်၍ ကျွင်းဝူဟွေ့သည် အောက်ခြေနားနီးကပ်သော ကိုးရာကျော်အဆင့်လောက်တွင်သာ နာမည်ပါဝင်နိုင်ခဲ့လျှင်ပင်...
ဤအရာက အင်မော်တယ်နယ်မြေရှိ သန်းပေါင်းများစွာသော သက်ရှိများကို နတ်ဘုရားတစ်ပါးကဲ့သို့ ရိုသေလေးစားစေလိမ့်မည် ဖြစ်သည်။
"အလို... စိတ်ဝင်စားဖို့ကောင်းသားပဲ။ ငါ့ရဲ့ ကမ္ဘာဖျက်ဆီးခြင်း ဇာတ်ညွှန်းထဲမှာ ဒီလိုမျိုး မမျှော်လင့်ထားတဲ့ မြင်ကွင်းတစ်ခု ရှိလာလိမ့်မယ်လို့ တစ်ခါမှ မတွေးထားခဲ့ဘူး"
"ငါအရှင်က သိချင်မိတယ်၊ ဒီကျွင်းမိသားစုဝင်က ဘယ်အဆင့်မှာ ရှိနေနိုင်မလဲ"
ထာဝရဧကရာဇ် အဆင့်သတ်မှတ်ချက်စာရင်း ပေါ်ထွက်လာသည်ကို မြင်ရသောအခါ အချိန်အဆုံးသတ်၏အရှင်သခင်က ပို၍ပင် စိတ်ဝင်စားသွားခဲ့သည်။
ကျွင်းဝူဟွေ့က ပို၍ အားကောင်းလာလေလေ...၊ သူက ၎င်းကို ပို၍ ကြေမွအောင် ဖျက်ဆီးချင်လေလေပင်။
ထို့ပြင် သူ့ကို ဖျက်ဆီးပစ်ရသည်မှာလည်း ပို၍ စိတ်ဝင်စားဖို့ကောင်းလေလေ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ၊ ကမ္ဘာကြီးကို ဖျက်ဆီးခြင်းမှာ သူ့အတွက် အနှေးနှင့်အမြန်ဖြစ်၍ အနည်းငယ် စောင့်ဆိုင်းရခြင်းကို စိတ်ထဲမထားတော့ပါ။
ထို့ပြင် အခြားသော အကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။
ဤအခိုက်တွင်၊ ကျွင်းဝူဟွေ့၏ ပေါ်ထွက်လာမှုကြောင့် သက်ရှိအားလုံးမှာ မျှော်လင့်ချက်အရိပ်အယောင်များ ပြန်ပေါ်လာခဲ့ရ၏။
သို့သော်လည်း နောက်ဆုံးတွင် သူတို့ကို ပိုမိုနက်ရှိုင်းသော မျှော်လင့်ချက်မဲ့ခြင်းထဲသို့ ကျဆင်းသွားရစေလိမ့်မည်။
ထိုကဲ့သို့သော မျှော်လင့်ချက်မဲ့ခြင်းမျိုးက အလွန်အမင်း လှပနေလိမ့်မည် မဟုတ်ပါလော။
အချိန်အဆုံးသတ်အရှင်သခင်က အေးစက်ပြီး အက်ရှရှနိုင်သော အသံမျိုးဖြင့် ရယ်မောလိုက်သည်။
ဤအခိုက်အတန့်တွင် လူအများကလည်း ကမ္ဘာပျက်ကပ်၏ ကြောက်ရွံ့မှုကိုပင် ယာယီမေ့လျော့သွားကြပေသည်။
သူတို့သည် ထာဝရဧကရာဇ်အဆင့်သတ်မှတ်ချက်စာရင်းကိုသာ စူးစိုက်ကြည့်နေမိကြသည်။
ဝတ်စုံဖြူဝတ် နတ်ဘုရားဘုရင်၏ ပေါ်ထွက်လာမှုက အင်မော်တယ်နယ်မြေဆီသို့ ရှင်သန်ခြင်းမျှော်လင့်ချက်ကို ယူဆောင်လာပေးနိုင်ပါမည်လော။
လူတိုင်း၏ စောင့်ကြည့်နေမှုအောက်တွင်...
ခေတ်အဆက်ဆက်ရှိ ဧကရာဇ်များ၏ နာမည်စာရင်းပေါ်တွင် ကျွင်းဝူဟွေ့၏ နာမည်က စတင်ရွေ့လျားလာခဲ့သည်။
"ဝမ်"
ကျွင်းဝူဟွေ့၏ နာမည်သည် အောက်ခြေ အယောက် တစ်ထောင် မှနေ၍ တားဆီး၍မရသော အရှိန်အဟုန်ဖြင့် အပေါ်သို့ လျင်မြန်စွာ မြင့်တက်လာခဲ့၏။
ထိုအရှိန်အဟုန်က ကြယ်ကြွေသကဲ့သို့၊ လျှပ်စီးလက်သကဲ့သို့ပင်။
ကိုးရာ...
ရှစ်ရာ...
ခုနစ်ရာ...
ခြောက်ရာ...
ငါးရာ...
ဤအရှိန်အဟုန်ကို မြင်ရသောအခါ သန်းပေါင်းများစွာသော သက်ရှိများကို မဆိုထားဘိ...၊
မြင့်မြတ်ဝိညာဉ်ဘိုးဘေး၊ ဧကရာဇ်ကြွေလွင့်ကောင်းကင်အရှင်၊ သတ်ဖြတ်ခြင်းသားရဲနတ်ဘုရားနှင့် အခြားသူများပင်လျှင် အသက်ပြင်းပြင်း ရှူလိုက်မိကြသည်။
သက်ရှည်ခြင်းဧကရာဇ်သည်လည်း တုန်လှုပ်သွားခဲ့၏။
အင်မော်တယ်နယ်မြေနှင့် သီးခြားလွတ်လပ်နေသော ကောင်းကင်ကိုးပါး၏ အထူးနိယာမတရားများကြောင့် ကောင်းကင်ကိုးပါးမှ ဤအကျော်အမော်များသည် ဤစာရင်းတွင် ပါဝင်ခြင်း မရှိခဲ့ကြချေ။
သို့သော်လည်း သက်ရှည်ခြင်းဧကရာဇ်ကမူ သူကိုယ်တိုင် တာအိုကို သက်သေပြပြီး ဧကရာဇ်ဖြစ်လာခဲ့စဉ်က ပါရမီနှင့် ခွန်အားတို့အရ သူသည်လည်း ဤအရာကို အောင်မြင်နိုင်သည်ဟု ခံစားရသည်။
ထာဝရဧကရာဇ် အဆင့်သတ်မှတ်ချက်စာရင်း၏ ထိပ်တန်းအယောက် တစ်ရာအတွင်းသို့ ဝင်ရောက်ရန်ပင် မခက်ခဲသင့်ချေ။
အဆင့်တစ်ရာက မနိမ့်ကျတော့ပါ။
ဤအရာသည် အင်မော်တယ်နယ်မြေ၏ သမိုင်းတစ်လျှောက်တွင် အစွမ်းထက်ဆုံးသော ဧကရာဇ်အဆင့် တည်ရှိမှု အယောက် တစ်ရာကို ကိုယ်စားပြုခြင်း ဖြစ်သည်။
သမိုင်းတစ်လျှောက်တွင် အကျော်အမော် အယောက် တစ်ရာသာလျှင် ဤအရာကို အောင်မြင်ခဲ့ကြခြင်း ဖြစ်ပေသည်။
သက်ရှည်ခြင်းဧကရာဇ်က မိမိကိုယ်ကိုယ် ဤကဲ့သို့ အကဲဖြတ်ခြင်းကပင် သူဟာ အတော်အတန် ယုံကြည်မှုရှိကြောင်း ပြသနေခဲ့ပေသည်။
သို့သော်လည်း ကျွင်းဝူဟွေ့၏ အဆင့်မှာ ဆက်လက်၍ မြင့်တက်နေဆဲပင် ဖြစ်သည်။
လေးရာ...
သုံးရာ...
နှစ်ရာ...
တစ်ရာ...
ကျွင်းဝူဟွေ့က ထိပ်တန်းအယောက် တစ်ရာအတွင်းသို့ ချိုးဖောက်ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။
သူသည် အင်မော်တယ်နယ်မြေ၏ သမိုင်းတစ်လျှောက်တွင် ပါရမီအမြင့်မားဆုံး အကျော်အမော်အယောက် ၁၀၀ ကို ကိုယ်စားပြုသွားခဲ့ပြီ ဖြစ်သည်။
လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပြီး ကောင်းကင်နှင့် မြေပြင်သည်ပင် တုန်လှုပ်သွားခဲ့တော့သည်။
"ခေတ်အဆက်ဆက်က ထိပ်တန်းဧကရာဇ် အယောက် တစ်စာရင်းထဲကို နောက်ထပ် ကျွင်းမိသားစုဝင်တစ်ယောက် ထပ်ရောက်လာခဲ့ပြီ"
အင်မော်တယ်ခုံရုံး၊ မြေအောက်ကမ္ဘာနှင့် စန်းမျိုးနွယ်တို့မှ အစွမ်းထက် ပုဂ္ဂိုလ်ကြီးများက အမှောင်ရိပ်ထဲမှနေ၍ စောင့်ကြည့်နေကြသည်။
ထာဝရဧကရာဇ် အဆင့်သတ်မှတ်ချက်စာရင်း၏ ထိပ်တန်းအယောက် တစ်ရာထဲတွင် ကျွင်းဟူသော မျိုးရိုးအမည်ဖြင့် လူအတော်များများ ရှိနေခဲ့ကြသည်။
တစ်ဝက်ခန့်မရှိလျှင်ပင် အနည်းဆုံးတော့ ငါးပုံတစ်ပုံခန့် ရှိပေလိမ့်မည်။
အင်မော်တယ်နယ်မြေ၏ ထိပ်တန်းဧကရာဇ် အယောက် တစ်ရာစာရင်းတွင် ကျွင်းမိသားစုဝင် နှစ်ဆယ်ကျော် ပါဝင်နေခဲ့သည်။
ကျွင်းမိသားစု၏ ဆန်းကျယ်သော ပထမဆုံးဘိုးဘေးကြီး...
ကောင်းကင်ကို စွန့်ခွာသွားခဲ့သော ဝေးကွာသည့် ဘိုးဘေးကြီးလည်း ရှိသေးသည်။
ကျွင်းမိသားစုမှ ပိုမိုရှေးကျသည့် အခြား ပုဂ္ဂိုလ်ကြီးများလည်း ရှိကြသည်။
ဤလူများထဲမှ အချို့မှာ အသက်ရှင်နေဆဲဖြစ်သော်လည်း အများစုမှာမူ အင်မော်တယ်နယ်မြေတွင် မိသားစုနှင့်အတူ မရှိကြတော့ချေ။
ယခုအခါတွင်မူ ကျွင်းမိသားစုက ထိပ်တန်းအယောက်တစ်ရာ စာရင်းထဲသို့ နောက်ထပ် တောက်ပသော နာမည်တစ်ခုကို ထည့်သွင်းလိုက်ပြန်ပြီ ဖြစ်သည်။
"ဒီထာဝရဧကရာဇ် အဆင့်သတ်မှတ်ချက်စာရင်းက ကျွင်းမိသားစုအတွက် သီးသန့်ထုတ်လုပ်ထားတာများလား"
ထိပ်တန်းအယောက် တစ်ရာ စာရင်းပေါ်ရှိ တောက်ပသော "ကျွင်း"မျိုးရိုး စာလုံးများကို ကြည့်ရင်း အင်အားစုအသီးသီးမှ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ကြီးများ တိတ်ဆိတ်သွားခဲ့ကြရသည်။
"သူ ကျော်ဖြတ်သွားပြီ၊ နတ်ဘုရားဘုရင်က ယွီဟွာနတ်ဘုရားမင်းဆက်ကို တည်ထောင်ခဲ့တဲ့ ဧကရာဇ် ယွီဟွာကို ကျော်တက်သွားပြီ"
တစ်စုံတစ်ယောက်က အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။
ယွီဟွာနတ်ဘုရားမင်းဆက်ကို တည်ထောင်ခဲ့သော ဧကရာဇ် ယွီဟွာသည် ခေတ်အဆက်ဆက် ဧကရာဇ်များ၏ စာရင်းတွင် အဆင့် ကိုးဆယ့်ငါးနေရာ၌ ရှိနေခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ကျွင်းဝူဟွေ့၏ ကျော်တက်ခြင်းကို ခံလိုက်ရပြီ။
ယွီဟွာနတ်ဘုရားမင်းဆက်၏ အားကောင်းသော ပုဂ္ဂိုလ်ကြီးများက ရှုပ်ထွေးသော အမူအရာများဖြင့် ဆိတ်ဆိတ်နေခဲ့ကြသည်။
ယွီဟွာဝမ်နှင့် ယွီယွန့်ရှန့်တို့၏ မျက်နှာပေါ်ရှိ အမူအရာများသည်လည်း ရှုပ်ထွေးနေခဲ့ကြ၏။
သူတို့၏ နှလုံးသားထဲတွင်လည်း ခံစားချက်မျိုးစုံဖြင့် ပြည့်နှက်နေခဲ့ကြပေသည်။
သူတို့ကမူ ဤအရာက ကျွင်းဝူဟွေ့ကြောင့်လား သို့မဟုတ် ကျွင်းဝူဟွေ့ထက်ပင် ပိုမို၍ ထူးကဲပြောင်မြောက်နိုင်ခြေရှိသော သူ့သားကြောင့်လားဟူသည်ကို မသဲကွဲကြချေ။
"ညီနောင်ကျွင်း... မင်းရဲ့နာမည်ကလည်း နောင်အနာဂတ်မှာ ခေတ်အဆက်ဆက် ထာဝရဧကရာဇ်စာရင်းပေါ်မှာ ဒီလိုမျိုး တောက်ပနေလိမ့်မလား"
ယွီဟွာဝမ်က တိုးညှင်းစွာ ရေရွတ်လိုက်သည်။
"သူက နောက်တစ်ကြိမ် ကျော်တက်သွားပြန်ပြီ၊ ချင်မိသားစုရဲ့ ပထမဆုံး ဧကရာဇ်ကိုတောင် ကျော်တက်သွားပြီဟေ့"
ကျွင်းဝူဟွေ့၏ နာမည်က ချင်မိသားစု၏ ပထမဆုံး ဧကရာဇ်၏ နာမည်ကို အမှန်တကယ် ကျော်တက်သွားခဲ့သည်။
ချင်မိသားစုဝင်များသည်လည်း ခံစားချက်မျိုးစုံ ရှိနေခဲ့ကြ၏။
သို့သော်လည်း ကျွင်းဝူဟွေ့ဟူသော နာမည်က ယခုထက်တိုင် ရပ်တန့်သွားခြင်း မရှိသေးချေ။
“အစ်ကိုကြီးတောင် ဝူဟွေ့ရဲ့ ကျော်တက်ခြင်းကို ခံလိုက်ရပြီပဲ”
ဒုတိယဘိုးဘေး ကျွင်းလင်ရှောင်းက သက်ပြင်းချရင်း ရယ်မောလိုက်သည်။
ကျွင်းဝူဟွေ့၏ အဆင့်က ကျွင်းမိသားစု၏ ဆန်းကျယ်သော ပထမဆုံးဘိုးဘေး၏ အဆင့်ကို ကျော်တက်သွားခဲ့ပြီး အဆင့် ငါးဆယ်ကိုပင် ချိုးဖောက်သွားခဲ့ပြီ။
ကျွင်းဝူဟွေ့၏ နာမည်က ထိပ်တန်းအဆင့် ငါးဆယ်ကို ချိုးဖောက်ဝင်ရောက်သွားပြီးနောက်မှသာ အရှိန်အဟုန် တဖြည်းဖြည်းချင်း နှေးကွေးသွားခဲ့သည်။
လူတိုင်းက သူ့အထက်ကို ကြည့်လိုက်ကြသည့်အခါ သူတို့အားလုံး ရုတ်တရက် အသက်ရှူရပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
နာမည်တစ်ခုက ကြီးစိုးသော အရှိန်အဝါများဖြင့် ခေတ်အဆက်ဆက်ကို လွှမ်းမိုးထားပြီး ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နေခဲ့၏။
အဆင့် သုံးဆယ့်နှစ်... လွမ်ကုဧကရာဇ်။
အင်မော်တယ်နယ်မြေကြီး၏ ခေတ်အဆက်ဆက်မှ အစွမ်းထက် ဧကရာဇ်ကြီးများကြားတွင် သုံးဆယ့်နှစ်နေရာမြောက် ဖြစ်သည်။
၎င်းက မည်သည့်အခါမျှ ဖျောက်ဖျက်၍မရနိုင်သော နာမည်တစ်ခုလည်း ဖြစ်၏။
သို့သော်...
ကျွင်းဝူဟွေ့က လွမ်ကုဧကရာဇ်ကို ကျော်ဖြတ်သွားခဲ့သည်။
ဟုတ်သည်၊ ဤသည်မှာ ကျွင်းဝူဟွေ့က လက်ရှိ လွမ်ကုဧကရာဇ်ကို အနိုင်ယူနိုင်သည်ဟု မဆိုလိုချေ။
ထိုအစား ကျွင်းဝူဟွေ့၏ လက်ရှိခွန်အားက လွမ်ကုဧကရာဇ် ဧကရာဇ်ဖြစ်လာခဲ့စဉ်က ရှိခဲ့သော ခွန်အားထက် သာလွန်နေခြင်းကိုသာ ဆိုလိုသည်။
ထာဝရဧကရာဇ် အဆင့်သတ်မှတ်ချက်စာရင်းသည် လူတိုင်း၏ တာအိုကို သက်သေပြပြီး ဧကရာဇ်ဖြစ်လာချိန်၌ ရှိခဲ့သော ပါရမီ၊ ခွန်အား၊ အလားအလာနှင့် တိုက်ခိုက်ရေးစွမ်းရည်တို့ကိုသာ နှိုင်းယှဉ်ခြင်း ဖြစ်ချေသည်။
ဤအရာက ကျွင်းဝူဟွေ့သည် ယခုအချိန်တွင် လွမ်ကုဧကရာဇ်ထက် ပို၍ အားကောင်းသည်ဟု မဆိုလိုချေ။
သို့သော်လည်း အရည်အချင်းက နောင်အနာဂတ်၏ အောင်မြင်မှုများကို ဆုံးဖြတ်ပေးနိုင်သည်။
ကျွင်းဝူဟွေ့က နောင်အနာဂတ်တွင် လွမ်ကုဧကရာဇ်ထက် ပို၍ အားကောင်းလာရန်အတွက် အခွင့်အလမ်း များပြားပေသည်။
သို့ရာတွင်... 'ကျွင်းဝူဟွေ့'ဟူသော နာမည်က ရပ်တန့်မသွားသေးပါ။
ဤအခိုက်အတန့်တွင် လူတိုင်း အမှန်တကယ်ပင် ခေတ္တ အသက်ရှုရပ်သွားမိကြသည်။
အကြောင်းမူ၊ ကျွင်းဝူဟွေ့၏ နာမည်ရှေ့တွင် ထာဝရ ခေတ်ကာလများအထိ တောက်ပနေမည့် နာမည်တစ်ခု ရှိနေခြင်းကြောင့်ပင်။
ထိုနာမည်ကလည်း အခြားမဟုတ်...
'အဆုံးမဲ့ဧကရာဇ်'ပင် ဖြစ်ချေတော့သည်။