← Chapters

အခန်း ၁၅၈၁

Vol. 112 Ch. 1581

အခန်း ၁၅၈၁

Vol. 112 Ch. 1581

ရှေးဟောင်းမြင့်မြတ်ခန္ဓာမှစတင်၍ (ကျွင်းရှောင်ယောက်)

မူရင်း စာစဉ်အမည် ; Scoring the Sacred Body of the Ancients from the Get-go

မူရင်း စာရေးသူ ; God j

ဘာသာပြန် ; နိုင်လင်းအောင်

အခန်း ( ၁၅၈၁ ) ရှောင်လွှဲမရသော ကံကြမ္မာ။

ဤအရာအားလုံးသည် တုန်ဟွဧကရာဇ်၏ စတေးခံခြင်းမှ စတင်ခဲ့ခြင်း ဖြစ်သည်။

အဆုံးမဲ့ဧကရာဇ်သည်လည်း အချိန်အဆုံးသတ်၏အရှင်သခင်ကို တိုက်ခိုက်ရန်အတွက် အရာအားလုံးကို စွန့်လွှတ်ခဲ့၏။

ထို့နောက်တွင်မူ ဝတ်စုံဖြူဝတ် နတ်ဘုရားဘုရင် ကျွင်းဝူဟွေ့က အသက်ချင်းထပ်ကာ တိုက်ခိုက်ခဲ့ပေသည်။

ယခုဆိုလျှင် သူက ကျွင်းချီထျန်းထံမှ နောက်ထပ် တိုက်ခိုက်မှုတစ်ခုကိုလည်း ခံစားခဲ့ရပြီး ဖြစ်သည်။

အချိန်အဆုံးသတ်၏အရှင်သခင်က အလွန်တရာ စွမ်းအားကြီးမားသည်ဟု ပြောရမည်။

သို့သော်လည်း ဤကဲ့သို့ အဆင့်ဆင့် အားနည်းသွားအောင် ပြုလုပ်ခြင်းများကြောင့် သူ့ခွန်အား သုံးဆယ်ရာခိုင်နှုန်းသာ ကျန်ရှိတော့သည်။

နောက်ဆုံးတွင်၊ အချိန်အဆုံးသတ်၏အရှင်သခင်က မည်မျှပင် သန်မာနေစေကာမူ ကန့်သတ်ချက်များ ရှိနေဆဲ ဖြစ်သည်။

အကယ်၍ သာမန် ဒဏ္ဍာရီလာဧကရာဇ်တစ်ပါးသာ ဤကဲ့သို့ အဆက်မပြတ် တိုက်ခိုက်မှုများကို ရင်ဆိုင်ရမည်ဆိုပါက သူ့ခြေအနေမှာ ပိုမို၍ပင် ဆိုးရွားသွားနိုင်ခြေ ရှိပေသည်။

သို့သော်၊ သူတို့ကို အလွန်စိတ်ဓာတ်ကျစေခြင်းမှာ...

သူ၏ ခွန်အား သုံးဆယ်ရာခိုင်နှုန်းသာ ကျန်ရှိတော့သည့်တိုင်အောင် အချိန်အဆုံးသတ်၏အရှင်သခင် အန်းတိက လောကတွင် အတုမဲ့နေဆဲ ဖြစ်သည်။

ဒဏ္ဍာရီလာ ဧကရာဇ်ကဲ့သို့သော တည်ရှိမှုတစ်ခုက အချိန်အဆုံးသတ်၏အရှင်သခင်ကို ဆန့်ကျင်တိုက်ခိုက်ရာတွင် ပါဝင်လာခြင်း မရှိပါက...

လက်တွေ့တွင် မည်သူမျှ သူ့ကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း သက်ရှည်ခြင်း ဧကရာဇ်နှင့် အခြားသူများအနေဖြင့် လှုပ်ရှားမှု ပြုလုပ်ရန်မှာ မဖြစ်နိုင်ပါ။

‌အင်မော်တယ်ခုံရုံး၊ မြေအောက်ကမ္ဘာနှင့် စန်းမျိုးနွယ်တို့ကတော့ ဝင်ရောက်စွက်ဖက်နိုင်စွမ်းရှိကြသည်။

သို့ရာတွင်၊ သူတို့က အချိန်အဆုံးသတ်၏အရှင်သခင်နှင့် ကျွင်းမိသားစုတို့ အပြန်အလှန် သတ်ဖြတ်နေကြသည်ကို ဤအတိုင်း လက်ပိုက်ကြည့်နေကြပေသည်။

နောက်ဆုံးမှာတော့ ကျွင်းရှောင်ယောက်ကို မဆိုထားဘိ...

ကျွင်းဝူဟွေ့တစ်ဦးတည်းကပင် သမိုင်းတစ်လျှောက်တွင် ဒသမမြောက်မြောက် ပါရမီအမြင့်မားဆုံးပုဂ္ဂိုလ်ဖြစ်နေခဲ့ပြီ ဖြစ်သည်။

သူက အင်မော်တယ်ခုံရုံးနှင့် အခြားသော အင်အားစုများအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေသေးသည်။

အင်မော်တယ်ခုံရုံး၊ မြေအောက်ကမ္ဘာ၊ စန်းမျိုးနွယ်နှင့် အခြားသော အင်အားစုအားလုံးက ကျွင်းဝူဟွေ့ကို မရှင်သန်စေလိုကြပါ။

သို့သော်လည်း သူတို့က ကျွင်းဝူဟွေ့ကို တိုက်ခိုက်ခြင်းဖြင့် လောကကြီး၏ အမျက်ဒေါသကို ခံယူရမည့် အန္တရာယ်ကိုတော့ မစွန့်စားဝံ့ကြပါချေ။

ယင်းက နာမည်ဂုဏ်သတင်း ပျက်စီးသွားရုံတင်မကဘဲ ခပ်သိမ်းသော သက်ရှိများ၏ ခေတ်အဆက်ဆက် ပြစ်တင်ရှုတ်ချခြင်းကိုလည်း ခံရလိမ့်မည် ဖြစ်သည်။

ထို့ကြောင့် ယခုအခါတွင် အချိန်အဆုံးသတ်၏အရှင်သခင်က ကျွင်းဝူဟွေ့နှင့် ကျွင်းရှောင်ယောက်တို့ကို သတ်ဖြတ်ပစ်စေရန် ကြိတ်ဆုတောင်းနေကြတော့သည်။

ထိုသို့သော အကြောင်းရင်းများကြောင့် လက်ရှိတွင် အချိန်အဆုံးသတ်၏အရှင်သခင်ကို ရင်ဆိုင်မည့် မည်သည့်အင်အားစုမျှ မရှိ‌ခြင်း ဖြစ်သည်။

ထို့ကြောင့်ပင် သူ့ခွန်အား သုံးဆယ်ရာခိုင်နှုန်းသာ ကျန်ရှိတော့သည့်တိုင်အောင် အချိန်အဆုံးသတ်၏အရှင်သခင်က တားဆီး၍မရနိုင်လောက်အောင် ဖြစ်နေသေးသည်။

"ကျွင်းမိသားစုပဲ... မုန်းစရာကောင်းလိုက်တဲ့ ကျွင်းမိသားစု"

အချိန်အဆုံးသတ်၏အရှင်သခင်က ကောင်းကင်ဆီသို့မော့ပြီး ဟိန်းဟောက်လိုက်သည်။

သူသည်ပင် နောက်ကွယ်မှ ကြိုးကိုင်သူတစ်ဦး၏ တည်ငြိမ်မှုမျိုးကို ဆက်လက် မထိန်းသိမ်းနိုင်တော့ချေ။

သူက ချိပ်ပိတ်ခြင်းကို ဖောက်ထွက်ပြီး မွေးဖွားလာခဲ့သည်နှင့်တစ်ပြိုင်နက် လောကကြီးကို လွှမ်းမိုးထားနိုင်လိမ့်မည် ဖြစ်သည်။

အရာအားလုံးကို ရှင်းလင်းဖျက်ဆီးပစ်ပြီး လက်တစ်ဖက်တည်းဖြင့် ကမ္ဘာကြီးကို ဖျက်ဆီးပစ်နိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ပေသည်။

ရလဒ်အနေဖြင့်၊ သူသည် ဤကဲ့သို့ ပြင်းထန်သည့် ရိုက်ခတ်မှုကို ခံလိုက်ရသည်။

"ဒီလိုဆိုနေမှတော့ ငါက အင်မော်တယ်နယ်မြေမှာရှိတဲ့ ကျွင်းမိသားစု သွေးမျိုးနွယ်အားလုံးကို ဝါးမျိုပစ်ပြီး တစ်ယောက်မှ အသက်ရှင်ခွင့် မပေးနိုင်တော့ဘူး"

အချိန်အဆုံးသတ်၏အရှင်သခင် အမှန်တကယ်ပင် ဒေါသအိုး ပေါက်ကွဲနေခဲ့ပြီ ဖြစ်သည်။

သူက ကျွင်းမိသားစုကိုပင် အမြစ်ပြတ်ချေမှုန်းပစ်ရန် ဆန္ဒဖြစ်ပေါ်နေပြီ။

ဤအရာက အခြားသော အုပ်စိုးသူအင်အားစုများ မြင်တွေ့လိုသည့် အရာဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

ထို့ကြောင့် အခြားသော အုပ်စိုးသူအင်အားစုများအနေဖြင့် ယခုအခါ ကူညီပေးရန်မှာ မဖြစ်နိုင်ပါချေ။

ကျွင်းမိသားစု အမှီပြုနိုင်သည့် တစ်ခုတည်းသော အရာမှာ သူတို့ကိုယ်တိုင်သာ ဖြစ်သည်။

သို့သော် ထိုအခိုက်အတန့်တွင်ပင် ကျွင်းဝူဟွေ့က ထိုနေရာတွင် မယိမ်းမယိုင်သော ကိုယ်ဟန်ဖြင့် ရပ်တည်နေခဲ့သည်။

သူ၏ ဝတ်စုံဖြူသည် သွေးများဖြင့် စွန်းထင်းနေခဲ့သော်လည်း သူ့ခန္ဓာကိုယ်ကမူ ကောင်းကင်ယံကို ထိုးဖောက်တော့မည့် ထက်မြက်သော ဓားတစ်စင်းကဲ့သို့ အခိုင်အမာ ရပ်တည်နေသေးသည်။

"ငါ့ရဲ့ ကျွင်းမိသားစုကို ဖျက်ဆီးပစ်ဖို့ ဘယ်သူက ပြောဝံ့သလဲ... အစစ်အမှန် အင်မော်တယ်တစ်ပါးတောင်မှ ဒါကို မလုပ်ဆောင်နိုင်ဘူး။ အသက်ဆက်နိုင်ဖို့ အသည်းအသန် ကြိုးစားနေရတဲ့ ဝေဒနာသည်တစ်ယောက်ဖြစ်တဲ့ မင်းဆိုရင် ပြောစရာတောင်မလိုဘူး"

သူ၏ ဆံပင်များက စူးရှတောက်ပသော အလင်းများ ဖြာထွက်နေခဲ့သည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက နှိုင်းယှဉ်၍မရနိုင်လောက်အောင် တောက်ပလှသော အလင်းရောင်ခြည်များဖြင့် ပြည့်နှက်နေခဲ့၏။

"အဖေ..."

ကျွင်းရှောင်ယောက်က တုန်လှုပ်သွားခဲ့ရသည်။

သူသည် ကျွင်းဝူဟွေ့နှင့်အတူ ရပ်တည်လိုသဖြင့် ရှေ့သို့ ခြေလှမ်းလှမ်းလိုက်၏။

"ရှောင်ယောက်... ထပ်ပြီး တိုးမလာနဲ့တော့"

ကျွင်းဝူဟွေ့က ပြန်လှည့်မကြည့်ဘဲ ပြောလိုက်သည်။

"ဒါပေမဲ့... အဖေ..."

ကျွင်းရှောင်ယောက်၏ နှလုံးသားက အနည်းငယ် တုန်ရလှုပ်သွားခဲ့သည်။

"မင်းက ကျွင်းမိသားစုရဲ့ အနာဂတ် မဏ္ဍိုင်ပဲ။ မင်းရဲ့ ရည်မှန်းချက်က ဒဏ္ဍာရီတစ်ခု ဖြစ်လာဖို့ မဟုတ်ဘူး... အင်မော်တယ်တစ်ပါး ဖြစ်လာဖို့ပဲ ဖြစ်ရမယ်"

"မင်းက ငါ့တို့ကျွင်းမိသားစုရဲ့ အတိတ်သမိုင်းကြောင်းကို ခြေရာခံရမှာဖြစ်ပြီး သူ့ရဲ့မြစ်ဖျားခံရာကို ရှာဖွေ... ကောင်းကင်ကို စွန့်ပယ်ခဲ့တဲ့ ငါတို့ ဘိုးဘေးကြီးရဲ့ ခြေရာကို လိုက်ရမှာ ဖြစ်တယ်"

"ဒီအရာအားလုံးက မင်းအပေါ်မှာပဲ မူတည်နေတာ"

"အရာအားလုံးကို စွန့်စားပြီး မင်းကိုယ်မင်း စတေးခံလိုက်မယ်ဆိုရင် ကျွင်းမိသားစုနဲ့ မင်းရဲ့ပတ်ဝန်းကျင်က လူတွေအပေါ် တာဝန်မဲ့ရာ ရောက်လိမ့်မယ်"

ကျွင်းဝူဟွေ့က လှည့်မကြည့်သော်လည်း သူ၏ စကားလုံးများက ပြတ်သားလွန်းလှသဖြင့် ငြင်းခုံရန် အခွင့်အရေး မရှိချေ။

"ဒါကြောင့် မင်းရဲ့အဖေဖြစ်တဲ့ ငါ့ကိုပဲ ဒါကို အဆုံးသတ်ခွင့်ပေးလိုက်ပါ"

ကျွင်းဝူဟွေ့က နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချလိုက်လေသည်။

သူသည်လည်း သားနှင့်၊ ဇနီးသည်တို့နှင့်အတူ မိသားစုဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းလိုသည်။

သို့သော်...

စွမ်းအားကြီးလေလေ၊ တာဝန်ပိုကြီးလေလေပင်။

သူ လုပ်ဆောင်ရမည့် အချို့သော အရာများ ရှိနေဆဲပင် ဖြစ်သည်။

သူ ထမ်းဆောင်ရမည့် အချို့သော ဝန်ထုပ်ဝန်ပိုးများ ရှိနေဆဲ ဖြစ်၏။

ဤသူကား လောကကြီးအတွက် အစွမ်းကုန် ကြိုးစားအားထုတ်‌ေနခဲ့သည့် ဝတ်စုံဖြူဝတ် နတ်ဘုရားဘုရင် ဖြစ်ပေတော့သည်။

"ဝူဟွေ့... ရှင် ဒီကို ပြန်လာခဲ့ပါ"

အင်မော်တယ်နယ်မြေရှိ ကျွင်းမိသားစုထံမှ ကျန်းရို့၏ နှလုံးကွဲကြေမတတ် ငိုကြွေးသံများ ထွက်ပေါ်လာခဲ့သည်။ သူမ၏ မျက်နှာထက်တွင်လည်း မျက်ရည်များဖြင့် ရွှဲနစ်နေလေ၏။

သူသည် အိမ်မှ မခွာနိုင်ဘဲ ခင်ပွန်းဖြစ်သူကို အမြဲတမ်း စောင့်နေခဲ့ရသူ ဖြစ်သည်။

သူမ မျှော်လင့်ထားသမျှ အရာအားလုံးက၊ တစ်နေ့နေ့တွင် ကျွင်းဝူဟွေ့ထံ၌ မည်သည့်နောင်တမျှ မရှိဘဲ မိသားစုလေး ငြိမ်းချမ်းစွာ ပြန်လည်ဆုံတွေ့နိုင်ရန်သာ။

သို့သော်လည်း ယခုအခါတွင်မူ ဤကဲ့သို့သော ရက်စက်လွန်းသည့် လက်တွေ့တရားက သူမ၏ ရှေ့တွင် ရှိနေခဲ့ပြီ ဖြစ်သည်။

အမျိုးသမီးတစ်ဦးအနေဖြင့် ကျန်းရို့မှာ ဤအခြေအနေကို မည်သို့မျိုး သည်းခံနိုင်ပါမည်နည်း။

"ငါ့ဘဝမှာ ဘာနောင်တမှ မရှိပါဘူး။ ဒီဘဝမှာ ငါက ကောင်းကင်နှင့် မြေကြီးရဲ့ မျှော်လင့်ချက်တွေကိုကော၊ ခပ်သိမ်းသော သက်ရှိတွေရဲ့ မျှော်လင့်ချက်တွေကိုကော ပြည့်မီအောင် ရှင်သန်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မင်းနဲ့ ရှောင်ယောက်အတွက်တော့..."

ကျွင်းဝူဟွေ့၏ နှလုံးသားမှာလည်း ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

သူသည် ကောင်းကင်နှင့် မြေပြင်၊ လူသားတို့၏ မျှော်လင့်ချက်များအတိုင်း ရှင်သန်နိုင်ခဲ့သည်။

သူ အကြွေးတင်နေသည်ဟု ခံစားရသည့် တစ်ဦးတည်းသော လူများမှာ သူ၏ဇနီးနှင့် သားသမီးဖြစ်ကြသည့် ကျန်းရို့နှင့် ကျွင်းရှောင်ယောက်တို့သာ ဖြစ်ပေသည်။

ဤအရာကို မြင်လိုက်ရသည့်အခါ အင်မော်တယ်နယ်မြေရှိ မရေတွက်နိုင်သော သက်ရှိများလည်း မျက်ရည်ကျခဲ့ကြရသည်။

"နတ်ဘုရားဘုရင်"

မရေမတွက်နိုင်သော အလင်းစက်များကဲ့သို့ပင် အတိုင်းအဆမရှိသော ကိုးကွယ်ယုံကြည်မှုစွမ်းအားများက ကျွင်းဝူဟွေ့ထံသို့ စုဆောင်းရောက်ရှိလာခဲ့ကြသည်။

ကျွင်းဝူဟွေ့၏ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း နတ်ဘုရားအလင်းတန်းများဖြင့် ဖုံးလွှမ်းခြင်း ခံထားရ၏။

သူသည် သူပိုင်ဆိုင်ထားသမျှ အရာအားလုံးကို လောင်ကျွမ်းပစ်လုနီးပါး ဖြစ်နေခဲ့ပြီ။

ဧကရာဇ်လမ်းစဉ် နိယာမတရားများသည်ပင် စတင်၍ လောင်ကျွမ်းလုနီးပါး ဖြစ်နေခဲ့သည်။

ဤအခိုက်တွင်၊ ကျွင်းဝူဟွေ့၏ ခန္ဓာကိုယ်တစ်ခုလုံးက တောက်ပသော ရွှေရောင်လှံတစ်စင်းအဖြစ်သို့ ပြောင်းလဲသွားပုံရ၏။

မမှားပေ...

သူက ခပ်သိမ်းသော သက်ရှိများအတွက် အရုဏ်ဦး၏ လှံပင် ဖြစ်ပေတော့သည်။

အမှောင်ထုကို ထိုးဖောက်လျက် ခပ်သိမ်းသော သက်ရှိများအတွက် အရုဏ်ဦးအသစ်ကို ဆောင်ကြဉ်းပေးမည် ဖြစ်သည်။

ထိုအခိုက်အတန့်တွင် လောကကြီးက ထူးထူးခြားခြား တိတ်ဆိတ်ခြင်းထဲသို့ ကျရောက်သွားပုံရသည်။

ကျွင်းရှောင်ယောက်က အဆုံးမဲ့ အလင်း‌ေရာင်တောက်ပမှုများကြားထဲ၌ တဖြည်းဖြည်း အသွင်ပြောင်းလဲနေသည့် ကျွင်းဝူဟွေ့ကို ငေးကြည့်နေမိ၏။

သူ့နှလုံးသားကလည်း ပြင်းထန်စွာ ခုန်ပေါက်နေရတော့သည်။

မဖြစ်နိုင်ပေ။

ဤကဲ့သို့သော ရလဒ်မျိုးကို လုံးဝ လက်မခံနိုင်ပါ။

သူသည် အချိန်အဆုံးသတ်၏အရှင်သခင်နှင့်အတူ ပျက်စီးသွားရန်အတွက် သူ့အဖေ၏ အသက်ကို အဘယ်ကြောင့် စတေးခံရမည်နည်း။

ကျွင်းရှောင်ယောက်က ဤကဲ့သို့သော အရာမျိုး ဖြစ်ပျက်လာရန် ခွင့်ပြုလိမ့်မည် မဟုတ်ချေ။

သူ့ထံသို့ ဤကဲ့သို့သော ဝမ်းနည်းစရာ အဖြစ်ဆိုးမျိုး ကျရောက်လာရန် ခွင့်ပြုလိမ့်မည် မဟုတ်ပါ။

သူသည် သူ၏ မိခင်ဖြစ်သူ ကျန်းရို့ကိုလည်း ခင်ပွန်းဖြစ်သူ ဆုံးရှုံးရသည့် နာကျင်မှုကို ခံစားရရန် ခွင့်ပြုလိမ့်မည် မဟုတ်ပါချေ။

'ငါသာ ပိုပြီးတော့ အားကောင်းနိုင်မယ်ဆိုရင်...'

ဤအခိုက်အတန့်တွင် ကျွင်းရှောင်ယောက်က စွမ်းအားမဲ့မှု ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

အကယ်၍ သူသည် လုံလောက်သော စွမ်းအားကို ပိုင်ဆိုင်ထားခဲ့မည်ဆိုပါက...

အကယ်၍ သူသာ ပို၍ မြန်ဆန်စွာ ကျင့်ကြံနိုင်ခဲ့မည်ဆိုပါက...

အရာအားလုံး ကွဲပြားခြားနားသွားနိုင်ခြေ ရှိပေသည်။

သို့သော်လည်း လက်တွေ့တွင်မူ ကျွင်းရှောင်ယောက်က သူ့ကိုယ်သူ အလွန်အမင်း ဖိအားပေးနေခြင်းသာ ဖြစ်သည်။

သူ၏ ကျင့်ကြံခြင်းအရှိန်က ရွယ်တူများကြားထဲတွင် လုံးဝ ဖောက်ထွက်နေခဲ့ပြီးပြီ။

သမိုင်းတစ်လျှောက်တွင် မည်သူမျှ ကျွင်းရှောင်ယောက်ထက် ပို၍ မြန်ဆန်စွာ ကျင့်ကြံနိုင်ခဲ့ခြင်း မရှိဘူးဟုပင် ဆိုရမည်။

သို့သော်လည်း သူက သူ့ကိုယ်သူ အပြစ်တင်နေသေးသည်။

သို့သော်၊ ကျွင်းရှောင်ယောက် မမြင်တွေ့ခဲ့သော အရာတစ်ခု ရှိသည်။

အခြားသော အရပ်မျက်နှာတစ်ခုတွင်၊ နူးညံ့သိမ်မွေ့သော အကြည့်တစ်ခုက သူ့အား တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့၏။

သူကား ကျန်းစန်းယီပင် ဖြစ်တော့သည်။

သူသည် ကျွင်းရှောင်ယောက်၏ မျက်နှာထက်မှ မိမိကိုယ်မိမိ အပြစ်တင်မှုနှင့် နာကျင်မှုတို့ကို မြင်တွေ့ခဲ့ရသည်။

ဤသည်မှာ ယခင်က တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးသော ကျွင်းရှောင်ယောက်၏ ပုံစံမျိုး ဖြစ်၏။

သူမ၏ မှတ်ဉာဏ်ထဲတွင်...

ကျွင်းရှောင်ယောက်က အစမှအဆုံးအထိ တည်ငြိမ်ပြီး အေးဆေးသော အမူအရာကို အမြဲတမ်း ထိန်းသိမ်းထားခဲ့သူ ဖြစ်သည်။

အခြားသော အရာအားလုံးက သူ့မျက်လုံးထဲတွင် သာမန်အတိုင်း ဖြတ်သန်းသွားသော တိမ်တိုက်များမျှသာ ဖြစ်ခဲ့ပုံရ၏။

သို့သော် ယခုအခါတွင်မူ ကျွင်းရှောင်ယောက်တွင် သာမန်လူသားတို့၏ ခံစားချက်များ ရှိနေခဲ့ပြီ။

သူသည် စွမ်းအားမဲ့မှုနှင့် အပြစ်ရှိသကဲ့သို့ ခံစားနေရသည်။

ကျန်းစန်းယီက ကျွင်းရှောင်ယောက်ကို ဤကဲ့သို့သော နာကျင်မှုမျိုး ခံစားနေရသည်ကို မမြင်တွေ့လိုပါချေ။

သူသည် ကျွင်းရှောင်ယောက်အတွက် အဖေကိုဆုံးရှုံးရခြင်း သို့မဟုတ် ကျန်းရို့အတွက် သူမ၏ ခင်ပွန်းကို ဆုံးရှုံးရသည်ကိုဖြစ်စေ... မမြင်တွေ့လိုပါ။

သို့သော်လည်း ဤခက်ခဲသော အခြေအနေဆိုးမှ ရုန်းထွက်နိုင်ရန်အတွက် နည်းလမ်းတစ်ခုသာ ရှိသည်။

၎င်းက ကျွင်းရှောင်ယောက်ကို အဆုံးမဲ့ဧကရာဇ်ကြီးကဲ့သို့ပင် အမှန်တကယ် ပြီးပြည့်စုံသော မြင့်မြတ်ခန္ဓာ တာအိုသန္ဓေတစ်ခု ဖြစ်လာစေရန် ပံ့ပိုးလိုက်ခြင်းပင်။

ထိုနည်းလမ်းဖြင့်ဆိုလျှင် ဤအခြေအနေအတွက် မျှော်လင့်ချက် အရိပ်အယောင်တစ်ခု ရှိနေနိုင်သည်။

ထိုအခိုက်အတန့်တွင် ကျန်းစန်းယီက ကံကြမ္မာကို အမှန်တကယ်ပင် ယုံကြည်သွားခဲ့သည်။

သို့သော်လည်း သူမက ဤအရာကို လိုလိုလားလားဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။

ကျန်းစန်းယီက သူမ၏ နူးညံ့သော လက်တစ်ဖက်ကို မြှောက်လိုက်ရာ စူးရှတောက်ပလှသလို နှိုင်းယှဉ်၍မရနိုင်လောက်အောင် ထက်မြက်သော အလင်းတစ်ခု ထွက်ပေ့်လာတော့သည်။

သူက ကျွင်းရှောင်ယောက်ကို နောက်ဆုံးတစ်ကြိမ် ကြည့်လိုက်သည်။

ထိုအကြည့်က အဆုံးမရှိသော သံယောဇဉ်နှင့် မျှော်လင့်တောင့်တမှုများဖြင့် ပြည့်နှက်နေခဲ့၏။

သူဟာ ကျွင်းရှောင်ယောက်နှင့်အတူ ထာဝရ ရှိနေလိုလှသည်။

သို့သော်လည်း သူ့ခံစားချက်နှင့် နှိုင်းယှဉ်ပါက...

သူမသည် ကျွင်းရှောင်ယောက် ထာဝရ နာကျင်မှုများကို ခံစားရပြီး ဖခင်ကို ဆုံးရှုံးရခြင်းအတွက် မိမိကိုယ်မိမိ အပြစ်တင်မှုများကြားထဲတွင် ပိတ်မိနေသည်ကို ပို၍ မမြင်တွေ့လိုပါချေ။

ထို့ကြောင့် အနည်းငယ်မျှ တုံ့ဆိုင်းမှုမျှ မရှိတော့ဘဲ ကျန်းစန်းယီသည် သူမ၏ ဗလာလက်ဖဝါးဖြင့် သူ၏ ရင်ဘတ်ဆီသို့ ဓားဖြင့်ခွဲသလို ခွဲထုတ်လိုက်တော့သည်။

ပူနွေးသော သွေးများ စီးကျလာခဲ့သည်။

ကျန်းစန်းယီ၏ ရင်ဘတ်အက်ကွဲကြောင်းဆီမှ အတိုင်းအဆမရှိသော ကောင်းကင်အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ကောင်းကင်နှင့် မြေကြီးကို လင်းထိန်သွားစေခဲ့ရ၏။

၎င်းမှာ ကမ္ဘာလောကပေါ်သို့ ဆင်းသက်လာခဲ့သည့် အစစ်အမှန် အင်မော်တယ်တစ်ပါးကဲ့သို့ပင် ဖြစ်တော့သည်။

All Chapters