အခန်း ၁၅၈၈
Vol. 112 Ch. 1588
အခန်း ( ၁၅၈၈ ) ကောင်းကင်ကိုးပါးသို့ တန်ပြန်တိုက်ခိုက်ပြီ။
မီးခိုးများနှင့် ဖုန်မှုန့်များ ကင်းစင်သွားသည်နှင့်အမျှ လောကကြီးဆီသို့ အလင်းတန်းများ ကျရောက်လာခဲ့သည်။
ကွေ့ရှအပျက်အယွင်းနယ်မြေတစ်ခုလုံးက အင်မော်တယ်သတ်ဓားလေးလက်ဖြင့် ဖွဲ့စည်းထားသော အင်မော်တယ်သတ်ဓားအစီရင်၏ လုံးဝဥဿုံ ပိတ်ဆို့တံဆိပ်ခတ်ခြင်းကို ခံလိုက်ရ၏။
အတိအကျ ပြောရလျှင်၊ ဤအခိုက်အတန့်မှာ ကျွင်းရှောင်ယောက်နှင့် ကျွင်းဝူဟွေ့တို့ ထုတ်ဖော်လိုက်သော ဓားအစီရင်က ပြီးပြည့်စုံခြင်း မရှိသေးချေ။
အမှန်တကယ် ပြီးပြည့်စုံသော ဓားအစီရင်က အင်မော်တယ်များကိုပင် ခြိမ်းခြောက်နိုင်အောင် ကြောက်စရာကောင်းလွန်းသည်။
အကယ်၍ သူတို့ ရင်ဆိုင်ရသူက စွမ်းအားအထွတ်အထိပ်သို့ ရောက်ရှိနေသော ဒဏ္ဍာရီလာ ဧကရာဇ်တစ်ပါး ဖြစ်နေမည်ဆိုလျှင် ရိုးရှင်းသော အင်မော်တယ်သတ်ဓားအစီရင်တစ်ခုတည်းဖြင့် ဤမျှလွယ်ကူစွာ တံဆိပ်ခတ်နိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ပါချေ။
သို့သော်လည်း သက်ရှည်ခြင်းဧကရာဇ်၏ စွမ်းအားများမှာ စဉ်ဆက်မပြတ် အားနည်းလာခဲ့သည်။ ပြင်းထန်သော ဒဏ်ရာများလည်း ခံစားထားရ၏။
သူ၏ လက်ရှိအခြေအနေက အောက်ဆုံးအဆင့်သို့ ထိုးဆင်းသွားခဲ့ပြီ ဖြစ်သည်။
မြင့်မြတ်ဝိညာဉ်ဘိုးဘေး အပါအဝင် အခြားသော နတ်ဘုရားအဆင့်နှင့် နီးစပ်သည့် တည်ရှိမှု သုံးပါးမှာလည်း အခြေအနေ အလွန်တရာ ဆိုးရွားနေခဲ့ကြပေသည်။
ထို့ကြောင့်သာလျှင် သူတို့က အင်မော်တယ်သတ်ဓားအစီရင်၏ တံဆိပ်ခတ်ခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေ၊ ကောင်းကင်ကိုးပါး အင်မော်တယ်နယ်မြေက အေးချမ်းသာယာမှုဆီသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ။
စကြာဝဠာအတွင်းမှာတော့ ကျိုးပဲ့ပျက်စီးနေသော ကြယ်တာရာ အပိုင်းအစများ လွင့်မျောနေခဲ့ကြသည်။
မိုင်ပေါင်းသိန်းချီ၍ ဆန့်တန်းနေသော ဟင်းလင်းပြင် အက်ကြောင်းကြီးသည်လည်း အချိန်အတော်ကြာသည့်တိုင်အောင် ပြန်လည်စေ့စပ်နိုင်ခြင်း မရှိသေးချေ။
အမျိုးမျိုးသော ဟင်းလင်းပြင် လှုပ်ခတ်မှုများနှင့် ကစဉ့်ကလျား အက်ကြောင်းများ ဖြစ်ပေါ်လာခဲ့ပြီး ကျယ်ပြောလှသော စကြဝဠာကြီးတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
ကမ္ဘာပျက်ကပ်ဟု ဖော်ညွှန်းနိုင်သော ဤအမှောင်ထုနှင့် ကမောက်ကမဖြစ်ခြင်း ကာလက နောက်ဆုံးတွင် အဆုံးသတ်သို့ ရောက်ရှိသွားခဲ့ပြီ။
အမှောင်ထုနှင့် ကမောက်ကမဖြစ်ခြင်း၏ နောက်ကွယ်မှ စီစဉ်ညွှန်ကြားသူ၊ ကန့်လန့်ကာနောက်ကွယ်မှ လက်မည်းကြီး၊ ကမ္ဘာပျက်ကပ်၏ နတ်ဘုရားလေးပါးအနက် တစ်ဦးဖြစ်သော အန်းတိမှာ လောကကြီးထဲမှ ထာဝစဉ် ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်သည်။
အမှောင်ထုနှင့် ကမောက်ကမဖြစ်ခြင်း၏ နောက်ကွယ်မှ ကြိုးကိုင်သူတစ်ဦးဖြစ်သော သက်ရှည်ခြင်းဧကရာဇ်သည်လည်း အပျက်အယွင်း နယ်မြေထဲတွင် တံဆိပ်ခတ်ခြင်း ခံလိုက်ရ၏။
အခြားသော ယဇ်ဆရာသခင် သုံးပါးမှာလည်း တံဆိပ်ခတ်ခြင်း ခံလိုက်ရပေသည်။
ကမောက်ကမဖြစ်ခြင်းကို ဖန်တီးခဲ့ကြသော ပုဂ္ဂိုလ်ကြီးများအားလုံး သေဆုံးခြင်း သို့မဟုတ် တံဆိပ်ခတ်ခြင်းကို ခံလိုက်ကြရသည်။
ဤကမောက်ကမဖြစ်ခြင်း ခေတ်ကာလက နောက်ဆုံး၌ ပြီးဆုံးသွားခဲ့ပြီဟု ဆိုနိုင်ပေသည်။
"ပြီးသွားပြီ၊ လုံးဝကို ပြီးဆုံးသွားခဲ့ပြီ"
"ငါ အလင်းရောင်ကို မြင်နေရပြီ။ ဒါက အဆုံးမဲ့ဧကရာဇ်ကြီး ပြောခဲ့တဲ့ မျှော်လင့်ချက်လားတော့ မသိဘူး... ငါ့ရဲ့ နှလုံးသားထဲမှာ တစ်ခုခု မွေးဖွားလာခဲ့ပြီ"
"ဝမ်းနည်းစရာကောင်းတာက... ဝမ်းနည်းပူဆွေးမှုတွေ အရမ်းများလွန်းတယ်... လူပေါင်းများစွာ သေဆုံးသွားခဲ့ကြရပြီ"
အင်မော်တယ်နယ်မြေရှိ မရေတွက်နိုင်သော သက်ရှိသတ္တဝါများက ဝမ်းသာမျက်ရည်တို့ စီးကျနေရင်းမှ ငိုကြွေးလိုက်ကြတော့သည်။
အချို့သူများမှာလည်း ကောင်းကင်ကို မော့ကြည့်ကာ ငိုကြွေးနေကြသည်။
သူတို့၏ နှလုံးသားများတွင် စကားလုံးဖြင့် ဖော်ပြ၍မရနိုင်လောက်အောင် ဝမ်းနည်းပူဆွေးမှုနှင့် နာကျင်မှုများဖြင့် ပြည့်နှက်နေခဲ့ပေသည်။
သူတို့၏ ဆွေမျိုးများ၊ ချစ်သူများ၊ သူငယ်ချင်းများ၊ မိသားစုများ၊ အင်အားစုများနှင့် မျိုးနွယ်စုများ မရေတွက်နိုင်အောင် ပျက်စီးသေဆုံးသွားခဲ့ကြရသည်။
ဤအရာက အင်မော်တယ်နယ်မြေအတွက် ကြီးမားသော ကပ်ဘေးကြီးတစ်ခုဖြစ်ပြီး အရိုးထဲအထိ နက်ရှိုင်းသော ဒဏ်ရာကြီးတစ်ခု ဖြစ်ခဲ့ပေသည်။
၎င်းက လူတိုင်း၏ နှလုံးသားထဲတွင် အချိန်အတော်ကြာသည့်တိုင်အောင် တည်ရှိနေဦးမည် ပြန်တွေးမိတိုင်း နာကျင်မှုကို ခံစားကြရမည် ဖြစ်သည်။
ဤအခိုက်အတန့်တွင် မရေတွက်နိုင်သော အကြည့်များက အပျက်အယွင်းနယ်မြေ၏ ကောင်းကင်ယံဆီသို့ ကျရောက်သွားခဲ့သည်။
သွေးစွန်းနေသော ဝတ်စုံဖြူကို ဝတ်ဆင်ထားသည့် ပုံရိပ်ကို စိုက်ကြည့်နေကြခြင်း ဖြစ်၏။
ကျွင်းရှောင်ယောက် ဖြစ်သည်။
သူ၏ ဆံနွယ်များက လေထဲတွင် ဝေ့ဝဲနေလျက်ခဲ့သည်။
သူက တစ်ကိုယ်တည်း အထီးကျန်စွာဖြင့် ရပ်တည်နေခဲ့၏။
သူ့မျက်နှာပေါ်တွင် ဝမ်းနည်းခြင်း သို့မဟုတ် ပျော်ရွှင်ခြင်း အမူအရာများ မရှိပါချေ။
ထို့ကြောင့် သူ၏ စိတ်ခံစားချက်များကို ခန့်မှန်းရန် မဖြစ်နိုင်ပါ။
သို့သော် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသော လူအများ၏ မျက်ဝန်းများတွင် မျက်ရည်များ ပြည့်နှက်သွားခဲ့ရသည်။
သူတို့၏ နှလုံးသားထဲတွင်လည်း ဝမ်းနည်းမှုလှိုင်းလုံးတစ်ခု ဖြတ်သန်းသွားခဲ့ရ၏။
ကျွင်းရှောင်ယောက်က များစွာ စတေးခဲ့ရပြီးပြီ။
သူနှင့် စေ့စပ်ထားရုံမျှသာ ရှိသေးသော သူ၏ချစ်သူ ကျန်းစန်းယီပင်လျှင် သေဆုံးသွားခဲ့ရသည်။
ဤအရာက အဆုံးမဲ့ဧကရာဇ်နှင့် အနောက်ဘက်မှမယ်တော်ဘုရင်မတို့၏ ကံကြမ္မာနှင့် အဘယ်ကြောင့် ဤမျှတူညီနေရသနည်း။
"နတ်ဘုရားသားတော်... အရှင် ဒီနေရာမှာ ရှိနေတာက... အင်မော်တယ်နယ်မြေအတွက် ဘဝပေါင်းများစွာ ကောင်းချီးတစ်ရပ်ပါပဲ"
အဘိုးအိုတစ်ဦးက တုန်ယင်စွာဖြင့် ကျွင်းရှောင်ယောက် ရှိရာ အရပ်မျက်နှာဆီသို့ ဒူးထောက်ကာ ဦးညွတ်လိုက်သည်။
ထို့နောက်တွင်မူ ဒုတိယလူ၊ တတိယမြောက်လူ... အသီးသီးပေါ်ထွက်လာခဲ့ကြ၏။
နောက်ဆုံးတွင်မူ ကောင်းကင်ကိုးပါး အင်မော်တယ်နယ်မြေတစ်ခုလုံးရှိ မရေတွက်နိုင်သော သက်ရှိသတ္တဝါများက ကျွင်းရှောင်ယောက်ကို ဝတ်ပြုအရိုအေသပြုလိုက်ကြတော့သည်။
၎င်းက သန်းနှင့်ချီသော သက်ရှိသတ္တဝါများ၏ ဝတ်ပြုကိုးကွယ်ခြင်းကို ခံရခြင်း ဖြစ်ပေသည်။
အတိုင်းအဆမရှိသော ယုံကြည်မှုစွမ်းအားများက စုစည်းလာခဲ့ကြ၏။
ကျွင်းရှောင်ယောက်အနေဖြင့် ဘာသာရေးဂိုဏ်းတစ်ခုကို တည်ထောင်ခြင်း မပြုခဲ့သည့်တိုင်အောင် သူ့တွင် မရေတွက်နိုင်သော ယုံကြည်သက်ဝင်သူများ ရှိနေခဲ့ပြီဟု ဆိုနိုင်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က ဤအရာများကို ဂရုမစိုက်နိုင်ခဲ့ချေ။
စကားလုံးဖြင့် ဖော်ပြရန် ခက်ခဲလှသော အပြုံးတစ်ခုက သူ၏ နှုတ်ခမ်းထောင့်စွန်းတွင် ပေါ်ထွက်လာခဲ့သည်။
ထိုအပြုံးထဲတွင် ကူကယ်ရာမဲ့မှုများနှင့် ခါးသီးမှုများ ကိန်းအောင်းနေခဲ့၏။
သူက သက်ရှိအားလုံး၏ ဝတ်ပြုကိုးကွယ်ခြင်းကို ဂရုမစိုက်ပါချေ။
သူသည် အင်မော်တယ်နယ်မြေ၏ သူရဲကောင်းတစ်ဦး ဖြစ်လာခြင်းကိုလည်း ဂရုမစိုက်ပါ။
သူရဲကောင်းတစ်ဦး မဖြစ်လိုသော်လည်း လောကကြီး၏ ဝတ်ပြုကိုးကွယ်ခြင်းကို ခံရသော သူရဲကောင်းတစ်ဦးအဖြစ် နောက်တစ်ကြိမ် ထပ်မံ ဖြစ်လာခဲ့ရသည်။
ဤအရာက ကံကြမ္မာ၏ ပြက်ရယ်ပြုမှုဖြစ်နေမလား။
ကျွင်းရှောင်ယောက်တွင် သူရဲကောင်းဖြစ်လိုသော အိပ်မက်များ လုံးဝ မရှိခဲ့ပါချေ။
သူ အလိုရှိခဲ့သည်မှာ အထွတ်အထိပ်သို့ ရောက်ရှိရန်နှင့် ထို့နောက်တွင်မူ ချစ်ရသူများနှင့်အတူ လှည့်လည်သွားလာရင်း လွတ်လပ်သော ဘဝတစ်ခုကို တည်ဆောက်ရန် ဖြစ်သည်။
"အဟွတ် အဟွတ်..."
သွေးများက ကျွင်းရှောင်ယောက်၏ နှုတ်ခမ်းထောင့်စွန်းမှ စီးကျလာခဲ့သည်။
ဤအခိုက်အတန့်တွင်မူ ကျွင်းရှောင်ယောက်၏ စွမ်းအားများ အဆုံးစွန်ထိ ကုန်ခမ်းသွားခဲ့ရပြီ။
သူ၏ ခန္ဓာကိုယ်အခြေအနေမှာ ယခင်ကထက် များစွာ ပိုမိုဆိုးရွားနေခဲ့သည်။
ထို့နောက်တွင်မူ ကျွင်းရှောင်ယောက်က သူ၏ အမြင်အာရုံများ မှောင်မိုက်သွားခဲ့ရပြီး၊ သူ့ခန္ဓာကိုယ်မှာလည်း ပျော့ခွေသွားကာ လေထဲမှ အောက်သို့ တိုက်ရိုက် ပြုတ်ကျသွားတော့သည်။
သို့သော်လည်း နောက်တစ်ခဏတွင်မူ ကျွင်းရှောင်ယောက်က နူးညံ့ကသော ရင်ခွင်တစ်ခုထဲသို့ ကျရောက်သွားခဲ့ရသည်။
ကျွင်းရှောင်ယောက်က သူ၏ မျက်ဝန်းများကို မနည်းပင် ကြိုးစား၍ ဖွင့်ကြည့်လိုက်၏။
ထို့နောက်တွင်မူ ငွေရောင်ဆံနွယ်များ ဝေ့ဝဲနေလျက်ရှိပြီး လူသားအားလုံးအပေါ် အေးစက်ကာ လှပလွန်းသော မျက်နှာတစ်ခုကို မြင်တွေ့လိုက်ရတော့သည်။
ဤအခိုက်တွင်၊ ထိုတုနှိုင်းမဲ့ လှပလွန်းလှသော မျက်နှာပိုင်ရှင်က စိတ်မရှည်ဟန် အရိပ်အယောင်များဖြင့် ပြောဆိုလိုက်သည်။
"ကောင်လေး... ငါ နင့်ကို သေခွင့်မပြုနိုင်ဘူး... မဟုတ်ရင် နောက်ထပ် ဘဝတစ်ခုစာ ပြန်လည်တည်ဆောက်ဖို့အတွက် ငါကြိုးစားရလိမ့်မယ်"
သူ့ကို လှမ်း၍ ဖမ်းထိန်းပေးလိုက်သူမှာမူ သဘာဝအတိုင်း ပြန်လည်ဝင်စားခြင်းအင်မော်တယ်အရှင် ဖြစ်သည်။
ကျွင်းရှောင်ယောက်လည်း ခါးသီးစွာ ပြုံးလိုက်မိပြီး နောက်ဆုံးတွင်မူ သတိလစ်မေ့မြောသွားခဲ့ရတော့သည်။
တစ်ချိန်တည်းမှာပင် ကျွင်းဝူဟွေ့၊ တုကူးဓားနတ်ဘုရားနှင့် အခြားသူများက ပြန်လည်ဝင်စားခြင်းအင်မော်တယ်အရှင်ကို စိုက်ကြည့်နေခဲ့ကြသည်။
သူတို့၏ မျက်ဝန်းများထဲတွင် စစ်ဆေးမေးမြန်းလိုသော အရိပ်အယောင်များ ကိန်းအောင်းနေခဲ့၏။
ပြန်လည်ဝင်စားခြင်း အင်မော်တယ်အရှင်က နောက်ပိုင်းတွင် ကျွင်းရှောင်ယောက်တို့ကို ကူညီပေးခဲ့သော်လည်း...
နောက်ဆုံးမှာတော့ အင်မော်တယ်နယ်မြေရှိ သန်းနှင့်ချီသော သက်ရှိသတ္တဝါများကို သတ်ဖြတ်ခဲ့သည့် ရှေးဟောင်း ပဉ္စမမြောက် ယဇ်ဆရာသခင်တစ်ဦး ဖြစ်နေဆဲပင်။
သူသည် အဆုံးမဲ့ဧကရာဇ်နှင့်လည်း သွေးကြွေးရန်ငြိုးများ ရှိနေခဲ့သည်။
သူက အမှန်တကယ်ပင် စိတ်သဘောထားကောင်းမွန်နေခြင်းလား သို့မဟုတ် မည်သည့်ဘက်တွင် ရှိနေသလဲ ဆိုသည်မှာမူ မေးခွန်းထုတ်စရာအဖြစ် ရှိနေသေးသည်။
ဤသို့ စစ်ဆေးမေးမြန်းလိုသော အကြည့်များကို ခံစားလိုက်ရသည့်အခါ ပြန်လည်ဝင်စားခြင်းအင်မော်တယ်အရှင်က အေးစက်စွာ ပြောဆိုလိုက်သည်။
"ဒီအင်မော်တယ်အရှင်က ဒီကောင်လေးကို အသက်ရှင်စေချင်ရုံသက်သက်ပဲ"
"ဒါ့အပြင်... ငါက သက်ရှည်ခြင်းဧကရာဇ်တို့၊ အခြားသူတွေနဲ့ တကယ်ပဲ အဆက်အသွယ် အများကြီး မရှိပါဘူး"
"ငါ ယဇ်ဆရာသခင် ဖြစ်လာခဲ့တာကလည်း ပျင်းလို့ ကစားချင်ရုံ သက်သက်ပဲ"
ပြန်လည်ဝင်စားခြင်း အင်မော်တယ်အရှင်က အေးစက်စွာ ပြောလိုက်သည်။
သူသည် အတိတ်ကာလက အင်မော်တယ်နယ်မြေရှိ မရေတွက်နိုင်သော သက်ရှိများကို သတ်ဖြတ်ခဲ့ခြင်းအတွက် မည်သည့်နောင်တရမှုမျှ မရှိပါချေ။
သူမအနေဖြင့် တောင်းပန်စကား ပြောဆိုရန်မှာလည်း လုံးဝမဖြစ်နိုင်ပါ။
သူက အရာအားလုံးကို စိတ်အလိုအတိုင်းသာ လုပ်ဆောင်သည်။
"ထားလိုက်ပါတော့... ဒါက အဆုံးသတ် မဟုတ်သေးဘူး... တချို့အရာတွေကို ဖြေရှင်းဖို့ လိုအပ်နေသေးတယ်"
ကျွင်းဝူဟွေ့က သူ့အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်သည်။
ထို့နောက်၊ ကောင်းကင်ကိုးပါး အင်မော်တယ်နယ်မြေဆီသို့ ဝေ့ဝဲကြည့်ရှုလိုက်၏။
အချိန်အဆုံးသတ်၏အရှင်သခင်၊ သက်ရှည်ခြင်းဧကရာဇ်တို့နှင့် သက်ဆိုင်သည့် ကိစ္စရပ်များမှာ ဖြေရှင်းပြီးသွားခဲ့ပြီ ဖြစ်သော်လည်း...
သုတ်သင်ရှင်းလင်းခြင်းမှာ ပါဝင်ခဲ့သူများက သူတို့ချည်း မဟုတ်ပေ။
သားရဲဂူမှ တောက်ထျဲဧကရာဇ်၊ ဟွင်းသွမ်းဧကရာဇ်၊ တောက်ဝူဧကရာဇ်နှင့် ချုံးချီဧကရာဇ် အစရှိဿာ နတ်ဆိုးဧကရာဇ်လေးပါး၊ အင်မော်တယ်နတ်ဆိုးကောင်းကင်ဂူမှ အင်မော်တယ်နှင့် နတ်ဆိုး အဘိုးအို နှစ်ပါးနှင့် အခြားသော တည်ရှိမှုများကိုလည်း ဖြေရှင်းရန် လိုအပ်နေသေးသည်။
"ကောင်းကင်ကိုးပါး တားမြစ်နယ်မြေဟာ မျိုးဆက်ပေါင်းများစွာတည်းက ငါတို့ အင်မော်တယ်နယ်မြေကို သွေးစွန်းစေခဲ့တယ်။ အခုအချိန်က ငါတို့ အင်မော်တယ်နယ်မြေကနေ ကောင်းကင်ကိုးပါးဆီကို ပြန်လည်တိုက်ခိုက်ရမဲ့ အချိန်ပဲ"
ကျွင်းဝူဟွေ့၏ အသံက ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။
"သတ်... သတ်... သတ်..."
"ကောင်းကင်ကိုးပါး တားမြစ်နယ်မြေကို ဆန့်ကျင်ကြ။ သွေးကြွေးကို သွေးနဲ့ပဲ ဆပ်ရမယ်"
အင်မော်တယ်နယ်မြေရှိ မရေတွက်နိုင်သော သက်ရှိများက ဟိန်းဟောက်လိုက်ကြသည်။
ကြောက်စရာကောင်းအောင် သတ်ဖြတ်လိုသည့် စိတ်ဆန္ဒများကို ထုတ်ဖော်လိုက်ကြ၏။
ထိုတားမြစ်နယ်မြေများမှ ဧကရာဇ်ကြီးများ၏ အမူအရာများလည်း သိသိသာသာ ပြောင်းလဲသွားသည်။
"မြန်မြန် ဆုတ်ခွာကြစို့"
အင်မော်တယ်နှင့် နတ်ဆိုး အဘိုးအို နှစ်ပါး၊ သားရဲဂူမှ မိစ္ဆာဧကရာဇ်လေးပါးနှင့် အခြားသော တားမြစ်နယ်မြေမှ ဧကရာဇ်ကြီးများ အားလုံးသည် မျက်နှာပျက်သွားခဲ့ကြရပြီး သွေးပျက်စွာဖြင့် စတင်ဆုတ်ခွာပြေးကြတော့သည်။
"မင်းတို့တွေက အခုအချိန်မှ အထိအခိုက်မရှိဘဲ ထွက်ပြေးနိုင်မယ်လို့ ထင်နေတာလား။ အိပ်မက်ပဲ မက်လိုက်ပါ"
ကျွင်းလင်ရှောင်းနှင့် ဘိုးဘေးနှစ်ဦးက အခြားသူများနှင့်အတူ ဓားများကို ဆွဲထုတ်ကာ ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးဝင်တိုက်ခိုက်လိုက်ကြသည်။
ကျွင်းမိသားစုနှင့် ပူးပေါင်းထားသော အင်အားစုများမှ အခြားသော အကျော်အမော်များသည်လည်း လှုပ်ရှားလိုက်ကြ၏။
ထို့ပြင် ကျွင်းဧကရာဇ်ခုံရုံးမှ ပုဂ္ဂိုလ်ကြီးများသည်လည်း လှုပ်ရှားလာကြတော့သည်။
သို့သော်လည်း အံ့ဩစရာ အကောင်းဆုံးအရာမှာ...
အင်မော်တယ်ခုံရုံးဘက်မှ အေးစက်သော အော်ဟစ်သံများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
"ကောင်းကင်ကိုးပါး တားမြစ်နယ်မြေက ငါတို့ အင်မော်တယ်နယ်မြေကို ကျူးကျော်ခဲ့တယ်။ ဒါကို အင်မော်တယ်ခုံရုံးအနေနဲ့ ဒီအတိုင်း လက်ပိုက်ကြည့်မနေနိုင်ဘူး"
"ဝုန်း..."
စကားသံဆုံးသွားသည်နှင့် တပြိုင်နက်၊ အင်မော်တယ်ခုံရုံး တည်ရှိရာ အရပ်မျက်နှာမှ ဧကရာဇ်ကြီး ခုနစ်ပါး၊ ရှစ်ပါးမျှ ပေါ်ထွက်လာခဲ့ကြသည်။
သူတို့က ဟာလာဟင်းလင်းပြင်ကို ဖြတ်သန်းကာ တားမြစ်နယ်မြေမှ ဧကရာဇ်ကြီးများကို ဝင်ရောက်တိုက်ခိုက်လိုက်ကြ၏။
"အင်မော်တယ်ခုံရုံး"
တားမြစ်နယ်မြေမှ ဧကရာဇ်ကြီးတစ်ပါးက ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်သည်။
သို့သော်လည်း အခြေအနေက ဤမျှလောက်ဖြင့် ပြီးဆုံးသွားခြင်း မရှိသေးချေ။
အမှောင်ထုထဲမှ မကောင်းဆိုးဝါးဆန်သော အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြန်သည်။
"ကောင်းကင်ကိုးပါး တားမြစ်နယ်မြေမှာ... ငါတို့ မြေအောက်ကမ္ဘာက စိတ်ဝင်စားတဲ့ သွေးမျိုးဆက်တွေ အတော်များများ ရှိနေတာပဲ..."
"ဝုန်း... ဝုန်း..."
မြေအောက်ကမ္ဘာမှ ပုဂ္ဂိုလ်ကြီးများကလည်း ဝင်ရောက်စွက်ဖက်လာခဲ့ကြသည်။
တားမြစ်နယ်မြေမှ ဧကရာဇ်ကြီးများကို ကြားဖြတ်သတ်ဖြတ်ရန် ကြိုးစားလိုက်ကြ၏။
ထို့နောက်တွင်မူ စန်းမျိုးနွယ်စုအတွင်း၌ပင် လှုပ်ခတ်မှုများ ဖြစ်ပေါ်လာတော့သည်။
သူတို့၏ ခန္ဓာကိုယ်များကို ဝေဝါးသော စိမ်းပြာရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းနေသည်။
အတုမရှိသော အရှိန်အဝါများကို ထုတ်ဖော်နေကြသော ဧကရာဇ်အချို့ ပေါ်ထွက်လာခဲ့ကြ၏။
သူတို့က တားမြစ်နယ်မြေဆီသို့ ဦးတည်ပြေးလွှားနေသော ဧကရာဇ်ကြီးများကို စတင်တိုက်ခိုက်လိုက်ကြတော့သည်။
"ငါတို့ စန်းမျိုးနွယ်စုက အင်မော်တယ်နယ်မြေရဲ့ စည်းမျဉ်းတွေကို ထိန်းသိမ်းစောင့်ရှောက်သူတွေပဲ။ မင်းတို့ ကောင်းကင်ကိုးပါး တားမြစ်နယ်မြေက ဒီစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တာကြောင့် နောက်ဆက်တွဲ အကျိုးဆက်တွေကို ခံစားရမယ်"
"စန်းမျိုးနွယ်စု"
တားမြစ်နယ်မြေမှ ဧကရာဇ်ကြီးက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
ဤအင်အားစုများက အလွန်တရာ အရှက်မရှိကြပါချေ။
သူတို့သည် ယခင်က ဘေးမှနေ၍သာ ကြည့်နေခဲ့ကြသော်လည်း...
ယခုအခါတွင်မူ တားမြစ်နယ်မြေက တပ်ပျက်၍ ဆုတ်ခွာနေကြသည်ကို မြင်လိုက်ရသည့်အခါ ရေနစ်သူကို ဝါးကူထိုးရန် ဆုံးဖြတ်ခဲ့ကြပေသည်။
ရှေးဟောင်းတော်ဝင်မျိုးရိုးများတွင်ပင် ပြန်လည်နိုးထလာခဲ့ကြသော ရှေးဟောင်းဧကရာဇ်များက တားမြစ်နယ်မြေမှ ဧကရာဇ်ကြီးများကို လိုက်လံရှာဖွေ သတ်ဖြတ်နေခဲ့ကြသည်။
ဟုတ်သည်၊ အင်မော်တယ်နယ်မြေရှိ သက်ရှိသတ္တဝါများက သဘာဝအတိုင်း မနုံချာကြပေ။
ဤကမောက်ကမဖြစ်ခြင်းကို ငြိမ်းအေးစေရန်အတွက် မည်သူက အကြီးမားဆုံး ပံ့ပိုးကူညီခဲ့သလဲ ဆိုသည်ကို လူတိုင်း၏ နှလုံးသားထဲတွင် သိရှိထားကြသည်။
အင်မော်တယ်ခုံရုံး၊ မြေအောက်ကမ္ဘာ၊ စန်းမျိုးနွယ်စုနှင့် အခြားသော အင်အားစုများ၏ လှုပ်ရှားမှုများက သူတို့၏ ဂုဏ်သတင်းနှင့် မျက်နှာသာကို ပြန်လည်အဖက်ဆည်နိုင်ခြင်း မရှိခဲ့ပေ။
ဆန့်ကျင်ဘက်အနေဖြင့် ၎င်းက လူအများအား သူတို့၏ လုပ်ရပ်များအပေါ် ပို၍ပင် အထင်မြင်သေး ရွံရှာသွားစေရန် လုပ်ဆောင်သကဲ့သို့သာ ဖြစ်နေတော့သည်။