← Chapters

အခန်း ၁၅၈၉

Vol. 112 Ch. 1589

အခန်း ၁၅၈၉

Vol. 112 Ch. 1589

အခန်း ( ၁၅၈၉ ) ကောင်းကင်ကိုးပါး တားမြစ်နယ်မြေကို ရှင်းလင်းခြင်း။

အခြေအနေက ဤကဲ့သို့သော ရလဒ်မျိုး ဖြစ်လာလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။

သူတို့သည် မူလက မောက်မာရိုင်းစိုင်းခဲ့ပြီး တစ်ဦးစီတိုင်းက သေမင်းနတ်ဘုရားများကဲ့သို့ ရှိနေခဲ့ကြသည်။

သို့သော်လည်း ယခုအခါတွင်မူ သူတို့က အရိုက်ခံနေရသော ခွေးအိုကြီးများကဲ့သို့ ဖြစ်သွားခဲ့ရပြီ။

ယခင်နှင့် ယခု အခြေအနေနှစ်ခုကြားမှ ကွာခြားချက်က အမှန်တကယ်ပင် ကြီးမားလွန်းလှသည်။

မုဆိုးက သားကောင် ဖြစ်သွားခဲ့ရ၏။

အင်မော်တယ်နယ်မြေ၏ အလုံးစုံ ပြန်လည်တိုက်ခိုက်မှုကြီးအတွင်း တားမြစ်နယ်မြေမှ ဧကရာဇ်ကြီးများစွာ သေကြေခဲ့ရသည်။

တားမြစ်နယ်မြေမှ ဧကရာဇ်ကြီးအချို့သာ အသက်လုပြီး ထွက်ပြေး လွတ်မြောက်သွားနိုင်ခဲ့ပေသည်။

ကျန်ရှိသော လူအများစုက အင်မော်တယ်နယ်မြေမှ အင်အားစုများ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။

ဥပမာအားဖြင့် သားရဲဂူမှ တောက်ထျဲဧကရာဇ်၊ ဟွင်းသွမ်းဧကရာဇ်၊ တောက်ဝူဧကရာဇ်နှင့် ချုံးချီဧကရာဇ်တို့ မိစ္ဆာသားရဲ ဧကရာဇ်လေးပါးတို့သည် ကျွင်းမိသားစု၊ ကျန်းမိသားစုနှင့် အခြားသော ရှေးဟောင်းလူသားမျိုးနွယ်စုကြီးများမှ သန်မာသော အကျော်အမော်များစွာ၏ သုတ်သင်ရှင်းလင်းခြင်းကို ခံလိုက်ရသည်။

သူတို့၏ ဝိညာဉ်များနှင့် စွမ်းအားများကို အတင်းအဓမ္မ ထုတ်ယူခြင်း ခံခဲ့ရ၏။

အကြောင်းမှာ၊ ကျွင်းရှောင်ယောက်က သားရဲဂူမှ မိစ္ဆာသားရဲဧကရာဇ်လေးပါး၏ ဝိညာဉ်များကို သူ့အတွက် အင်မော်တယ်လက်နက်များ သန့်စင်ရာတွင် အသုံးပြုနိုင်သည်ဟု ပြောဆိုခဲ့ဖူးကြောင်း ကျွင်းမိသားစုက မှတ်မိနေသောကြောင့်ပင်။

ထို့နောက်တွင် အင်မော်တယ်နယ်မြေမှ အကျော်အမော်များက တန်ပြန်တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ပြီး ကောင်းကင်ကိုးပါးဆီသို့ပင် တက်လှမ်းသွားခဲ့ကြသည်။

အမှောင်ထုနှင့် ကမောက်ကမဖြစ်ခြင်းတွင် ပါဝင်ခဲ့ကြသော တားမြစ်နယ်မြေများ အားလုံးက ပြင်းထန်သော ထိုးနှက်ချက်များကို ခံစားလိုက်ကြရ၏။

အချို့က သေဆုံးသွားခဲ့ကြပြီး အချို့ကလည်း ထွက်ပြေးသွားခဲ့ကြကာ တားမြစ်နယ်မြေတစ်ခုလုံး မြေလှန်ဖျက်ဆီးခြင်း ခံခဲ့ရပေသည်။

သက်ရှည်ကျွန်း၊ မြင့်မြတ်ဝိညာဉ်အပျက်အယွင်း၊ ဧကရာဇ်ကြွေလွင့်တောင်၊ သားရဲဂူနှင့် အင်မော်တယ်နတ်ဆိုးကောင်းကင်ဂူ...

ဤအဓိက တားမြစ်နယ်မြေကြီးများမှာ မြေလှန်ပစ်ခြင်းကို ခံလိုက်ရသလောက် ဖြစ်သွားခဲ့သည်။

အင်မော်တယ်နတ်ဆိုးကောင်းကင်ဂူကို ဝါးမျိုတောက်လောင်နေသည့် မီးတောက်ကြီးများကို ကြည့်ရင်း မိန်းကလေးတစ်ယောက်က သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိလေသည်။

"ကောင်းကင်ကိုးပါး တားမြစ်နယ်မြေက ဒီလိုမျိုးနဲ့ အဆုံးသတ်သွားခဲ့ရပြီပေါ့"

ဤမိန်းကလေးက အခြားသူမဟုတ်ဘဲ ကျိချင်းယီပင် ဖြစ်သည်။

"ချင်းယီ... အင်မော်တယ်နတ်ဆိုးပန်းချီကားကို ရခဲ့ပြီလား..."

သူမ၏ ဘေးတွင်မူ မြင့်မြတ်၍ ထည်ဝါသော ပုံရိပ်တစ်ခုရှိနေသည်။ သူက ကျီမိသားစုမှ ဧကရာဇ်ကြီးတစ်ပါး ဖြစ်၏။

ကျိချင်းယီသည် အင်မော်တယ်နတ်ဆိုးကောင်းကင်ဂူတွင် ကျင့်ကြံနေခဲ့ခြင်း ဖြစ်သော်လည်း...

ကျိမိသားစု၏ မိသားစုဝင်တစ်ဦး ဖြစ်နေသောကြောင့် သဘာဝကျစွာပင် မည်သည့်သက်ရောက်မှုမျှ ခံရမည် မဟုတ်ချေ။

"ကျွန်မရဲ့လက်ထဲကို ရောက်နေပါပြီ... ဒါပေမဲ့ ကျွင်းသခင်လေးက အမှောင်ထုနဲ့ ကမောက်ကမဖြစ်ခြင်းရဲ့ ရလဒ်ကို တစ်ကိုယ်တည်း ပြောင်းပြန်လှန်ပစ်နိုင်လိမ့်မယ်လို့ တကယ် မမျှော်လင့်ထားခဲ့ဘူး"

ကျိချင်းယီက ပြောလိုက်သည်။

"အမှန်ပါပဲ၊ ဒီကောင်လေးသာ ငါတို့ ကျိမိသားစုမှာ မွေးဖွားခဲ့မယ်ဆိုရင်... ငါတို့ ကျိမိသားစုအနေနဲ့ ထိပ်တန်းကို ရောက်ရှိလာပြီး ဒုတိယမြောက် ကျွင်းမိသားစု ဖြစ်မလာနိုင်မှာကို ဘာလို့ စိုးရိမ်နေရဦးမှာလဲ"

ကျိမိသားစုမှ ဧကရာဇ်ကြီးက ဤသို့ ပြောဆိုပြီးနောက်၊ ရုတ်တရက် ကျိချင်းယီကို ကြည့်ကာ ပြောလိုက်ပြန်သည်။

"ဒါနဲ့... ချင်းယီ... မင်းက ကျွင်းရှောင်ယောက်နဲ့ ပတ်သက်မှုတချို့ ရှိနေပုံရတယ်မလား။ တကယ်လို့ မင်းသာ သူနဲ့ အတူတူ ရှိနိုင်မယ်ဆိုရင်..."

"ချင်းယီမှာ အဲဒီလို အတွေးမျိုး မရှိပါဘူး"

ကျိချင်းယီက ကမန်းကတန်း ငြင်းဆိုရင်း အနည်းငယ် ခေါင်းငုံ့လိုက်သည်။

သူမ၏ မျက်နှာဖုံးအောက်မှ မျက်နှာလေးမှာတော့ အနည်းငယ် နီမြန်းသွားခဲ့လေသည်။

"ထားပါ၊ ပြောမဲ့သာပြောရပေမဲ့ ဒီတစ်ခေါက် ကျွင်းရှောင်ယောက်ရဲ့ တိုက်ခိုက်မှု စွမ်းအားတွေအရ သူဟာ စိတ်ကူးကြည့်လို့မရနိုင်တဲ့ တန်ဖိုးတွေကို ပေးဆပ်ခဲ့ရမှာ သေချာတယ်"

"သူ အသက်ရှင်နိုင်ဦးမလားဆိုတာကတောင် မသေချာတော့ဘူးလေ"

"သူ အသက်ရှင်ကျန်ရစ်ခဲ့ရင်တောင်မှ သူရဲ့ ကျင့်ကြံခြင်း အနာဂတ်အပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိစေလိမ့်မယ်။ တကယ့်ကို နှမြောစရာပါပဲ..."

ကျိမိသားစုမှ ဧကရာဇ်ကြီးက ခေါင်းကို အသာအယာ ခါယမ်းလိုက်မိသည်။

ကျီချင်းယီ၏ မျက်ဝန်းများသည် အနည်းငယ်မျှ လှုပ်ခတ်သွားခဲ့သည်။

ထို့နောက် ကျိချင်းယီက ရုတ်တရက် ပြောလိုက်၏။

"အရာအားလုံးက ဒီလောက်အထိ မရိုးရှင်းပါဘူး"

"ဘယ်လိုကြောင့်ဘဲ.."

ကျီမိသားစုမှ ဧကရာဇ်ကြီးက အနည်းငယ် အံ့ဩသွားခဲ့သည်။

"သူက တစ်ခုခုကို မလုပ်ခင်မှာ အကျိုးဆက်တွေကို အမြဲတမ်း ကြိုတင်စဉ်းစားထားတတ်တယ်"

"ကျွင်းသခင်လေးက စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့ ရိုးရှင်းတဲ့ လူတစ်ယောက် မဟုတ်ပါဘူး..."

ကျီချင်းယီက သက်ပြင်းချလိုက်လေသည်။

အခြားတစ်ဖက်တွင်၊ ပြန်လည်ဝင်စားခြင်းပင်လယ်၌...

သူတို့သည် ဤသုတ်သင်ရှင်းလင်းခြင်းတွင် ပါဝင်ခဲ့ကြသော်လည်း...

ပြန်လည်ဝင်စားခြင်းအင်မော်တယ်အရှင်၏ လွှမ်းမိုးမှုကြောင့် အင်မော်တယ်နယ်မြေ၏ အင်အားစုများသည် ပြန်လည်ဝင်စားခြင်းပင်လယ်ကို အပြည့်အဝ မြေလှန်ပစ်ခြင်း မပြုခဲ့ကြပါချေ။

သို့သော်လည်း အင်မော်တယ်နယ်မြေကို တိုက်ခိုက်ခဲ့ကြသော ပြန်လည်ဝင်စားခြင်းပင်လယ်မှ ဧကရာဇ်ကြီးများမှာမူ အင်မော်တယ်နယ်မြေမှ ဧကရာဇ်ကြီးများ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။

ပြန်လည်ဝင်စားခြင်း အင်မော်တယ်အရှင်ကလည်း ဤအရာကို လုံးဝ ဂရုမစိုက်ခဲ့ချေ။

သူမ၏ စရိုက်အရ၊ သူဟာ အမှန်တကယ်ပင် အေးစက်ပြီး နှလုံးသားမရှိသူ၊ စိတ်ခံစားချက် လုံးဝ ကင်းမဲ့နေသူတစ်ဦး ဖြစ်သည်။

သူက သူမ၏ ကိုယ်ပိုင်ကျင့်ကြံခြင်းကိုသာ ဂရုစိုက်ပေသည်။

ပြန်လည်ဝင်စားခြင်းပင်လယ်တွင်...

သုတ်သင်ရှင်းလင်းခြင်းတွင် ပါဝင်ခဲ့ကြသော ဧကရာဇ်အချို့ သတ်ဖြတ်ခြင်း ခံခဲ့ရသည် ဖြစ်သော်လည်း သက်ရှိအများစုမှာမူ အသက်ရှင်ကျန်ရစ်ခဲ့ကြသည်။

ဤအရာက သူမ၏ မျက်နှာကို ထောက်ထားပေးခဲ့ခြင်း ဖြစ်သည်။

ရှန်းလင်ဘက်တွင်မူ၊ ထိုအမျိုးသမီးအားလုံး အံ့သြမင်သက်နေခဲ့ကြပေသည်။

ဂျန်းလော့လီကို တစ်ချိန်က စောင့်ရှောက်ပေးခဲ့ဖူးသော ဒေါ်လေးရွှမ်သည်လည်း ဤအခိုက်အတန့်တွင် တည်ငြိမ်စွာ မနေနိုင်တော့ချေ။

သူက ချုံးရှောင်းမျိုးရိုး လူများကို ကြည့်ကာ စကားဆိုလိုက်သည်။

"ရှင်တို့တွေက အခုထိ... ကျွင်းသခင်လေးရဲ့ အတိတ်က သတိပေးချက်ဟာ ကျွန်တို့ ရှန်းလင်ကို အထင်သေးတာလို့ ထင်နေတုန်းပဲလား..."

"တကယ်တော့ အဲဒီအရာကပဲ ကျွန်မတို့ ရှန်းလင်ရဲ့အသက်ကို ကယ်တင်ပေးခဲ့တာ"

ဒေါ်လေးရွှမ်၏ စကားများကို ကြားလိုက်ရသည့်အခါ

ချုံးရှောင်းမျိုးရိုးမှ လူများသည်လည်း အားလုံး နှုတ်ဆိတ်သွားခဲ့ကြရသည်။

ကျွင်းရှောင်ယောက်သည် ကျန်းလော့လီကို ပြန်လည်ခေါ်ဆောင်သွားခဲ့စဉ်က၊ သူတို့အား ကမောက်ကမဖြစ်ခြင်းများထဲတွင် ဝင်ရောက်မပတ်သက်လျှင် အကောင်းဆုံးဖြစ်လိမ့်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ဖူးသည်။

ထိုအချိန်က ချုံးရှောင်းမျိုးရိုးသည် အလွန်တရာ ဒေါသထွက်ခဲ့ကြသည်။

ကျွင်းရှောင်ယောက်က သူတို့ရှန်းလင်ကို အထင်သေးစော်ကားနေခြင်း ဖြစ်သည်ဟု ယူဆခဲ့ကြ၏။

ယခုအခါတွင်မူ...

သေဆုံးခဲ့ရသူများနှင့် ထွက်ပြေးသွားခဲ့ကြရသူများကို မြင်တွေ့လိုက်ရပြီး သက်ရှည်ကျွန်းကဲ့သို့သော တားမြစ်နယ်မြေများ မြေလှန်ပစ်ခြင်း ခံလိုက်ရသည်ကို မြင်လိုက်ရသည့်အခါမှသာ ချုံးရှောင်းမျိုးရိုးမှ ကျင့်ကြံသူများသည် ကြီးစွာသော ကြောက်ရွံ့ထိတ်လန့်မှုများကို ခံစားလိုက်ရတော့သည်။

ချုံးရှောင်းမျိုးရိုးမှဖြစ်သော လျိုးချုံးယန်သည်လည်း တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်မိလေသည်။

"သူ အမှန်တကယ် လုပ်နိုင်ခဲ့တာပဲ"

ရှန်းလင်သည် အတိတ်ကာလက သုတ်သင်ရှင်းလင်းမှုများတွင် ပါဝင်ခဲ့ဖူးသော်လည်း...

ဤခေတ်မှာတော့ မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်ခဲ့ချေ။

ထို့ပြင် ကျန်းလော့လီကြောင့်လည်း ရှန်းလင်နှင့် နောက်ထပ် ချိတ်ဆက်မှုတစ်ခု ရှိနေခဲ့သည်။

ထို့ကြောင့်သာလျှင် အင်မော်တယ်နယ်မြေ၏ မဟာမိတ် အင်အားစုများက ရှန်းလင်ကို ဝင်ရောက်တိုက်ခိုက်ခြင်း မပြုခဲ့ကြခြင်း ဖြစ်သည်။

ကျန်ရှိနေသော ဓားသင်္ချိုင်းနှင့် ခွန်းလွန်းတောင်ကဲ့သို့ တားမြစ်နယ်မြေနှစ်ခုမှာမူ သဘာဝကျစွာဖြင့် အင်မော်တယ်နယ်မြေနှင့် ရင်းနှီးကျွမ်းတင်မှုများ ရရှိခဲ့ကြသည်။

ထို့ပြင် နောက်ထပ် ထူးခြားသော တားမြစ်နယ်မြေတစ်ခု ရှိနေသေးသည်။

၎င်းက ကောင်းကင်အိပ်မက်နယ်မြေပင် ဖြစ်သည်။

နတ်ဆိုးဧကရီလေး၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေခဲ့ပြီး ရန်ယုမန်သည်လည်း သူမ၏ ဘေးတွင် ရှိနေခဲ့လေသည်။

သူမအနေဖြင့် မိမိကိုယ်ကိုယ် စတေးရလိမ့်မည်ကို ကြိုတင်မျှော်လင့်ထားခဲ့ခြင်းကြောင့်လား မသိပါချေ။

အိပ်မက်ဧကရာဇ်က သူမ၏ အမျိုးမျိုးသော ကျင့်ကြံခြင်းဆိုင်ရာ သိမြင်နားလည်မှုများ၊ နည်းလမ်းများနှင့် အင်မော်တယ်ကျမ်းများကို ကြိုတင်လက်ဆင့်ကမ်းပေးခဲ့သည်။

၎င်းတို့အားလုံးကို နတ်ဆိုးဧကရီလေးနှင့် ရန်ယုမန်တို့ထံသို့ ချန်ထားရစ်ခဲ့၏။

အိပ်မက်ဧကရာဇ် ချန်ထားရစ်ခဲ့သော အရင်းအမြစ်များနှင့်အတူ ရန်ယုမန်၏ နောင်အနာဂတ် အောင်မြင်မှုများမှာ ကျနေမည် မဟုတ်ပါချေ။

သို့သော်လည်း ဤအခိုက်အတန့်တွင် ရန်ယုမန်၏ အကြည့်က ကွေ့ရှအပျက်အယွင်းဆီသို့သာ ကျရောက်နေခဲ့သည်။

သူမ၏ မျက်ဝန်းများမှာတော့ နီမြန်းနေခဲ့၏။

သူမအနေဖြင့် ကျွင်းရှောင်ယောက်ကို အနည်းငယ်မျှ ကူညီပေးနိုင်လောက်သည့်အထိ မသန်မာခဲ့ခြင်းကိုသာ နောင်တရမိနေခဲ့သည်။

ထို့ပြင် ကောင်းကင်အိပ်မက်နယ်မြေတစ်ခုလုံးသည်လည်း အိပ်မက်ဧကရာဇ်၏ စတေးမှုကြောင့် အင်မော်တယ်နယ်မြေတစ်ခုလုံး လေးစားကြည်ညိုခြင်း ခံရသော နေရာတစ်ခု ဖြစ်လာခဲ့တော့သည်။

ဤတွင်၊ ကောင်းကင်ကိုးပါး တားမြစ်နယ်မြေကို သုတ်သင်ရှင်းလင်းခြင်းမှာလည်း ပြီးဆုံးလုနီးပါး ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

ကောင်းကင်ကိုးပါး၏ တားမြစ်နယ်မြေ ဆယ်ခုအနက်သက်ရှည်ကျွန်း၊ မြင့်မြတ်ဝိညာဉ်အပျက်အယွင်း၊ ဧကရာဇ်ကြွေလွင့်တောင်၊ သားရဲဂူနှင့် အင်မော်တယ်နတ်ဆိုးကောင်းကင်ဂူ စသည်တို့မှာ အပြည့်အဝနီးပါး ရှင်းလင်းခြင်း ခံလိုက်ရပေသည်။

အလွန်တရာ နည်းပါးသော တားမြစ်နယ်မြေမှ သက်ရှိအချို့သာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြသည်။

အခြေခံအားဖြင့်တော့ ဤတားမြစ်နယ်မြေ ငါးခုမှာ အမြစ်ပြတ် ချေမှုန်းခြင်း ခံလိုက်ကြရပြီ။

ထို့ပြင် ပြန်လည်ဝင်စားခြင်းပင်လယ်အတွင်း၌လည်း အဆင့်မြင့် ဧကရာဇ်ကြီးများမှာ သတ်ဖြတ်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။

ကျန်ရှိနေသော သူများသည်လည်း အမြဲတမ်း စောင့်ကြည့်ခြင်းများနှင့် ကန့်သတ်ခြင်းများကို ခံရတော့မည်။

ရှန်းလင်အတွက်မူ ကြီးမားသော ပြဿနာများ မရှိခဲ့ပါ။

သို့သော်လည်း ဤကမောက်ကမဖြစ်ခြင်းပြီးနောက်၊ သူတို့သည် ပိုမို အေးဆေးစွာ နေထိုင်ကြတော့မည် ဖြစ်ပြီး အင်မော်တယ်နယ်မြေနှင့် ထိပ်တိုက်တွေ့ဆုံမှုများ ပြုလုပ်တော့မည် မဟုတ်ပါချေ။

ကျန်ရှိနေသော ဓားသင်္ချိုင်းနှင့် ခွန်းလွန်းတောင်တို့မှာတော့ အထိအခိုက်မရှိ တည်ရှိနေဆဲ ဖြစ်ပြီး အင်မော်တယ်နယ်မြေရှိ သက်ရှိများ၏ လေးစားမှုကိုပင် ခံခဲ့ရသည်။

ကောင်းကင်အိပ်မက်နယ်မြေကလည်း အမှတ်တရ ဂုဏ်ပြုရာနေရာနှင့် မြင့်မြတ်သော နေရာတစ်ခု ဖြစ်လာခဲ့ပေသည်။

အိပ်မက်ဧကရာဇ်သည် အတုမရှိသော စွမ်းအားများနှင့် ထူးကဲလှသော အလှအပများကို ပိုင်ဆိုင်ထားခဲ့သူ ဖြစ်သည်။

ယခုအခါ သူက အင်မော်တယ်နယ်မြေရှိ မရေတွက်နိုင်သော သက်ရှိများ၏ ကိုးကွယ်ယုံကြည်ခြင်းနှင့် အမှတ်ရခြင်းကို ခံရသော တည်ရှိမှုတစ်ခု ဖြစ်လာခဲ့၏။

သို့သော်လည်း သူတို့အားလုံး မသိသောအချက်မှာ...

အိပ်မက်ဧကရာဇ်က တကယ်တမ်းတွင်မူ အင်မော်တယ်နယ်မြေရှိ သက်ရှိအားလုံးအတွက် မိမိကိုယ်ကိုယ် စတေးရန် ဆန္ဒရှိခဲ့ခြင်း လုံးဝ မဟုတ်ပါချေ။

သူသည် ကျွင်းရှောင်ယောက် တစ်ဦးတည်းအတွက်သာ မိမိကိုယ်ကိုယ် စတေးခံခဲ့ခြင်း ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ၊ တားမြစ်နယ်မြေဆီသို့ တန်ပြန်တိုက်ခိုက်မှုကြီးက အဆုံးသတ်သို့ ရောက်ရှိသွားခဲ့ပြီ။

သို့သော်လည်း မည်သူကမျှ မရပ်နားကြသေးပေ။

ဤအမှောင်ထုနှင့် ကမောက်ကမဖြစ်ခြင်းအတွင်း၌ တားမြစ်နယ်မြေများထက် ပိုမို စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အရာအချို့ ရှိနေခဲ့သေးသည်။

၎င်းတို့မှာ ကမောက်ကမဖြစ်ခြင်းများတွင် ပါဝင်ခဲ့ကြသော အင်မော်တယ်နယ်မြေမှ အင်အားစုကြီးများ ဖြစ်သည်။

အသျှင်ဘိုးဘေး၊ ကျောက်ဧကရာဇ်၊ အင်မော်တယ် ရှေးဧကရာဇ်၊ ရှေးဟောင်းနဂါးဧကရာဇ်နှင့် အခြားသူများ ဖြစ်ကြသည်။

သူတို့အားလုံး သေဆုံးသွားခဲ့ကြပြီ ဖြစ်သော်လည်း သူတို့၏ အင်အားစုများမှာ တည်ရှိနေသေးသည်။

အင်မော်တယ်နယ်မြေရှိ သက်ရှိများ၏ ဤအင်အားစုများအပေါ် ထားရှိသော မုန်းတီးမှုမှာ ကောင်းကင်ကိုးပါး တားမြစ်နယ်မြေအပေါ် ထားရှိသော မုန်းတီးမှုထက် ပိုမို ပြင်းထန်နေခဲ့သည်ဟု ဆိုနိုင်သည်။

တစ်ခါတစ်ရံတွင်၊ အတွင်းသစ္စာဖောက်တစ်ဦးက ပြင်ပရန်သူထက် ပိုမို စက်ဆုပ်ဖွယ်ကောင်းပေသည်။

"သတ်ကြ...၊ အသျှင်ခန္ဓာရဲ့ ဘိုးဘေးခန်းမကို ဖျက်ဆီးပစ်ကြ။ အသျှင်ခန္ဓာ မျိုးရိုးတစ်ခုလုံး သေသင့်တယ်"

"မြင့်မြတ်ဝိညာဉ်ကျွန်းကို ဖျက်ဆီးပစ်ရမယ်... သူတို့က မြင့်မြတ်ဝိညာဉ်အပျက်အယွင်းက အင်မော်တယ်နယ်မြေထဲမှာ ချမှတ်ထားခဲ့တဲ့ နယ်ရုပ်သက်သက်ပဲ"

"နတ်ဆိုးဖီးနစ်ရှေးဟောင်းဂူနဲ့ နဂါးဘုရင်နန်းတော်လည်း ပါတယ်... သူတို့တွေ ဘယ်လိုပဲ ဆင်ခြေပေးပေး အင်မော်တယ် ရှေးဧကရာဇ်နဲ့ ရှေးဟောင်းနဂါးဧကရာဇ်တို့ကိုယ်တိုင်က ဒီသတ်ဖြတ်မှုကြီးတွေထဲမှာ ပါဝင်ခဲ့ကြတာပဲ"

ဒေါသထွက်နေကြသော အင်မော်တယ်နယ်မြေရှိ သက်ရှိက သူတို့၏ ဒေါသတရားများကို ဤအင်အားစုများဆီသို့ ဦးတည်လိုက်ကြတော့သည်။

သူတို့က ဤအတွင်းသစ္စာဖောက်များကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းပစ်ရမည် ဖြစ်သည်။

All Chapters